← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း (၁၁၈) မင်း အရူးပဲ...အိမ်ရာချေးငွေကို တကယ်ကြီး ထမ်းခဲ့တာလား

"ငါ မကြာသေးခင်က စီးပွားရေး ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ပါ..."

သူ ယခုလေးတင် ပြောလိုက်သော လိမ်လည်မှုကို ပြန်လည်အမှတ်ရမိပြီး သူ၏မျက်နှာ ပူထူလာခြင်းမှ မတားဆီးနိုင်ခဲ့ချေ။

မည်ကဲ့သို့စီးပွားရေးမျိုးက ရာသီဥတုဒဏ်ကို အလူးအလဲခံပြီး အချိန်နှင့် အပြေးအလွှား ယှဉ်ပြိုင်ကာ အော်ဒါတစ်ခုချင်းစီအတွက် ရမည့်ငွေကို တွက်ချက်နေရန် လိုအပ်မည်နည်း....

သူ၏ ထင်ရှားသော အဝါရောင် ဝတ်စုံကို သူ ငုံ့ကြည့်လိုက်ရာ ပြင်းထန်သော အရှက်ရမှု ခံစားချက်တစ်ခု ဖြစ်ပေါ်လာလေ၏။

ဤဝတ်စုံကိုဝတ်ဆင်ပြီး သူ လုံးဝသွား၍ မဖြစ်ချေ။ သူ ချက်ချင်းဆိုသလိုပင် ဆုံးဖြတ်ချက်ချလိုက်သည်။

သို့သော်...

သူသည် WeChat Accကို မသိစိတ်မှ ဖွင့်ကြည့်လိုက်ရာ လက်ကျန်ငွေတွင် ၁၃၇.၅ ယွမ်ဟု ပြသနေသည်။

ဤသည်မှာ လစာမထွက်မီ လာမည့်ရက်အနည်းငယ်အတွက် သူ၏ နေထိုင်စရိတ်ပင်။

အငှားယာဉ်ဖြင့် အသွားအပြန် သွားမည်ဆိုပါက အနည်းဆုံး ယွမ်သုံးဆယ်ကျော် ကုန်ကျမည်ဖြစ်ပြီး ထိုအရာသည် သူ့အတွက် မလိုအပ်သော အပိုအသုံးစရိတ်တစ်ခုပင်။

"ဟေး... မဖြစ်နိုင်တာ... ငါက မင်းကို တိုက်မယ်ဆိုတာတောင် မျက်နှာမရဘူးလား..."

ကျိုးယုံး၏စကားများက သူ၏စိတ်ထဲတွင် တဖန်ပြန်၍ ပဲ့တင်ထပ်သွားသည်။

အမှန်တကယ်ကိုပင် သူ၏ညီအစ်ကိုက တိုက်မည်ဖြစ်ရာ ခရီးစရိတ်လေးအတွက် သူ အမှန်တကယ်ပင် စိတ်ပူနေအုံးမည်လောဟု တွေးလိုက်မိလေ၏။

သို့သော် ငွေမရှိခြင်း၏ရှက်ရွံ့မှုသည် မမြင်နိုင်သော ကြိုးတစ်ချောင်းအလား သူ၏ လက်နှင့် ခြေထောက်များကို တင်းကြပ်စွာ ချည်နှောင်ထားသည်။

သူ ဆုံးဖြတ်ချက် တစ်ခုချလိုက်သကဲ့သို့ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။

သူ လျှပ်စစ်စကူတာဖြင့်သာ သွားပေမည်။ အနည်းငယ် ပိုနှေးသည့်အပြင် "ဘာလို့ ကားမမောင်းလာတာလဲ" ဟု ကျိုးယုံးက မေးကောင်းမေးနိုင်သည်။ သို့သော်လည်း ဤသည်သာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာပင်။

သူ ရောက်ခါနီးလျှင် စားသောက်ဆိုင်များနှင့် ဝေးသော နေရာတစ်ခုတွင် စကူတာကိုရပ်၍ လမ်းလျှောက်သွားလျှင် ရနိုင်သည်။

အင်း... ဒါက အကောင်းဆုံးပဲ...

သူ သော့ကို လှည့်လိုက်ရာ လျှပ်စစ်စကူတာမှ တိုးညှင်းသော မြည်သံလေး ထွက်ပေါ်လာလေ၏။ အဝတ်အစား သွားလဲရန် သူ အိမ်သို့ အရင်ပြန်ရပေမည်။

...

လမ်းဘေးစားသောက်ဆိုင်တန်း၌...

လီကျဲ့ က ချိန်းဆိုထားသည့်အတိုင်း နေရာဟောင်းသို့ ရောက်ရှိလာသည်။ အဝေးမှနေ၍ ရင်းနှီးသော မျက်နှာတစ်ခုကို သူ မြင်လိုက်ရလေ၏။ ဤသည်မှာ သူ၏ငယ်သူငယ်ချင်း ကျိုးယုံးပင်။

လက်ရှိတွင် သူတစ်ယောက်တည်း အရက်ထိုင်သောက်နေသည်။

"ကျိုးယုံး"

လီကျဲ့ က လှမ်းခေါ်လိုက်သည်။

ကျိုးယုံး မော့ကြည့်ပြီး လှည့်ပတ်ကြည့်ကာ ရှာဖွေလေ၏။ လီကျဲ့ ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ချက်ချင်း ပွင့်အာလာပြီး သူ၏ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားကာ မှတ်ဉာဏ်ထဲမှ ရွှင်လန်းသော အမူအရာသို့ ပြန်လည်ရောက်ရှိသွားသည်။ သူ မတ်တတ်ရပ်ပြီး လီကျဲ့ ကို အားပါးတရ လက်ဝှေ့ယမ်းပြလိုက်သည်။

"လောင်လီ... ဒီမှာ... မဆိုးဘူး... မင်း မြန်မြန်ရောက်လာသားပဲ"

လီကျဲ့ က အလျှင်အမြန် လျှောက်လှမ်းသွားလိုက်သည်။ သူတို့နှစ်ဦးသည် ယခင်ကဲ့သို့ပင် ပခုံးချင်း ဖွဖွလေးတိုက်ကာ နှုတ်ဆက်လိုက်ပြီးနောက် ထိုင်လိုက်ကြ၏။ ဤရိုးရှင်းသော လုပ်ရပ်သည် အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့သော သူတို့အကြားရှိ ရင်းနှီးကျွမ်းဝင်မှုကို သယ်ဆောင်လာသည်။

"မင်း မှာပြီးပြီလား..."

လီကျဲ့ က စားပွဲပေါ်ရှိ မီနူးကို ကောက်ကိုင်လိုက်ပြီး စကူတာကို ရပ်ကာ ပြေးလာခဲ့ရသဖြင့် အနည်းငယ် မောဟိုက်နေမှုကို ဖုံးကွယ်ရန်အတွက် ကျွမ်းကျင်စွာ လှန်လှောနေဟန် ဆောင်လိုက်သ​ည်။

"ငါတို့ အရင်က ကြိုက်ခဲ့တဲ့ အကင်တွေ နည်းနည်း မှာထားတယ်... မလောက်ရင် ထပ်မှာလို့ ရတယ်..." ကျိုးယုံးသည် အမြှုပ်များ လျှံကျနေသော ရေခဲစိမ် ဘီယာတစ်ခွက်ကို အပြည့်ငှဲ့ပေးလိုက်၏။

"အရင်ဆုံး တစ်ခွက်လောက် သောက်ကြမလား... ငါတို့ ပြန်ဆုံတဲ့ အထိမ်းအမှတ်အဖြစ်ပေါ့..."

"သေချာတာပေါ့...."

လီကျဲ့ က ခွက်ကို ကိုင်လိုက်ရာ ရေခဲကဲ့သို့ အေးစက်သော အထိအတွေ့က သူ့ကို လန်းဆန်းသွားစေခဲ့သည်။

ခွက်နှစ်ခွက် ပြင်းထန်စွာ ထိတွေ့သွားပြီး ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။

ရွှေရောင်အရည်များသည် ခွက်များထဲတွင် လှုပ်ခတ်နေပြီး လမ်းဘေးစားသောက်ဆိုင်တန်း၏ မှိန်ပျပျ နွေးထွေးသော မီးရောင်များနှင့် အမျိုးသား နှစ်ဦး၏ ရှုပ်ထွေးသော အတွေးများကို ရောင်ပြန်ဟပ်နေလေ၏။

ဘီယာတစ်ခွက် သောက်ပြီးနောက် အနည်းငယ် ခါးသက်သော ဘီယာရနံ့နှင့်အတူ ရင်းနှီးသော နွေးထွေးသည့် အရည်သည် သူတို့၏လည်ချောင်းမှ အစာအိမ်သို့ စီးဆင်းသွားပြီး အချိန်ကြောင့် ဖြစ်ပေါ်လာသော စိမ်းသက်မှုတချို့ကို ဆေးကြောသွားသည့်အလားပင်။

ကျိုးယုံးက သူ၏ခွက်ကို ချလိုက်ပြီး နှုတ်ခမ်းကို သုတ်ကာ လီကျဲ့ ကို အချိန်အနည်းငယ်ကြာ အကဲခတ်ပြီး ပြုံးလိုက်သည်။

"မဆိုးပါဘူး လောင်လီ... မင်းက သိပ်ပြောင်းလဲသွားပုံ မပေါ်ဘူး... ဒါပေမဲ့... အင်း... မင်း နည်းနည်းတော့ ပိန်သွားသလိုပဲ... စီးပွားရေး ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာက တော်တော်လေးပင်ပန်းတယ် ထင်တယ်..."

လီကျဲ့ ၏ နှလုံးသား ဆတ်ခနဲ တုန်ရီသွားသော်လည်း အပြင်ပန်းတွင် တည်ငြိမ်စွာနေပြီး တုံ့ပြန်အဖြေပေးလိုက်သည်။

"အင်း... နည်းနည်းပါ... အသေးအဖွဲ ကိစ္စတွေ အများကြီးပဲ..."

သူသည် အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်ပြီး ကျိုးယုံး၏ခွက်ကို ဖြည့်ပေးရန် ပုလင်းကို ကောက်ကိုင်လိုက်၏။

"ငါ့အကြောင်းတွေ မပြောပါနဲ့တော့... မင်းရော ဘယ်လိုလဲ... မိသားစုဆီကို လာလည်တာလား...ဒါမှမဟုတ်..."

ကျိုးယုံးက ပုလင်းကို လှမ်းယူပြီး သူ့ဘာသာသူ ငှဲ့လိုက်ကာ သူ၏ မျက်နှာပေါ်ရှိ အပြုံး အနည်းငယ် မှေးမှိန်သွားသည်။ သူသည် မီးမညှိရသေးသော ဆေးလိပ်တစ်လိပ်ကို ကောက်ကိုင်ကာ လက်ထဲတွင် ကစားနေရင်း သက်ပြင်းချလိုက်သည်။

"ငါလား... ဒီတစ်ခေါက်တော့ ငါ ပြန်မသွားဖြစ်လောက်တော့ဘူး..."

သူ တခဏကြာ ရပ်လိုက်ပြီး လီကျဲ့ ကို ပွင့်လင်းရိုးသားသော အကြည့်ဖြင့် မော့ကြည့်လိုက်ကာ အနည်းငယ် ကူကယ်ရာမဲ့နေပုံပင် ရနေလေ၏။

"လောင်လီ... မင်းကို ရိုးရိုးသားသား ပြောရရင်... အဲ့ဒီ ငါ့ရဲ့ စီးပွားရေး ဆိုတာက ပြိုလဲသွားပြီ... ငါ ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံတွေ အားလုံးနီးပါး ရေစုန်မျောသွားပြီ... သောက်ကျိုးနည်း... အပြင်ပန်းမှာ ကြည့်ကောင်းနေပေမဲ့ တကယ်တော့... လုံးဝကို စုတ်ပြတ်သတ်နေတာပဲ..."

အကင်တစ်ချောင်းကို ကိုင်ထားသော လီကျဲ့ ၏လက် လေထဲတွင် ရပ်တန့်သွားသည်။ သူ လုံးလုံးလျားလျား ကြက်သေသေသွားတော့သည်။

သူသည် မြင်ကွင်းအများအပြားကို စိတ်ကူးယဉ်ထားခဲ့လေ၏။ ကျိုးယုံးသည် သူ၏ အောင်မြင်မှု ဇာတ်လမ်းများကို တက်ကြွစွာ မျှဝေနေမည် သို့မဟုတ် သူ၏ ကြွယ်ဝချမ်းသာမှုကို သိမ်မွေ့စွာ ကြွားလုံးထုတ်နေမည် စသဖြင့် သူ မျှော်လင့်ထားခဲ့သည်။ ဤအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သူ ကိုယ့်ကိုယ်ကိုယ် လေးစားမှုအား ထိန်းသိမ်းနိုင်မည့် စကားလုံးတချို့ကိုပင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

သို့သော် ဤကဲ့သို့ အဖွင့်စကားမျိုးကို သူ ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ချေ။

ကျိုးယုံး၏ကျရှုံးမှုသည် ရုတ်တရက် ပစ်ပေါက်လိုက်သော ကျောက်ခဲတစ်လုံးအလား သူ၏ နှလုံးသားထဲရှိ "နှိုင်းယှဉ်ခြင်း" ဟု အမည်ရသော မှန်တစ်ချပ်ကို ရိုက်ခွဲပစ်လိုက်၏။ သူ သေချာစွာ ပြင်ဆင်ထားခဲ့သော ဟန်ဆောင်မှုများအားလုံးကို ဤအခိုက်အတန့်တွင် ရုတ်တရက် အဓိပ္ပာယ်မဲ့သွားစေသည်။

ညလေပြင်း တိုက်ခတ်သွားပြီး အကင်များမှ မီးခိုးနံ့များကို သယ်ဆောင်လာသည်။ ပတ်ဝန်းကျင်ရှိ သောက်စားမြူးထူးသံများနှင့် ရယ်မောသံများသည် သူတို့နှင့် ချက်ချင်းဝေးကွာသွားသကဲ့သို့ ဖြစ်နေပေ၏။

လီကျဲ့ သည် သူ၏ကျရှုံးမှုနှင့် ပတ်သက်၍ ဤမျှထိ ပွင့်လင်းရိုးသားနေသော ငယ်သူငယ်ချင်းကို ကြည့်ရင်း တခဏကြာမျှ ဘာပြောရမှန်း မသိဖြစ်သွားသည်။ သို့သော် မူလက တင်းမာနေခဲ့သော သူ၏ ပခုံးများ မသိစိတ်မှ အနည်းငယ် ပြေလျော့သွားသည်။

နောက်ဆုံးတွင် သူသည်လည်း ရိုးသားရန် ဆုံးဖြတ်လိုက်၏။

"တကယ်တော့... ငါ စီးပွားရေး လုပ်နေတာ မဟုတ်ဘူး... ချေးငွေပြန်ဆပ်ဖို့ အခု အစားအသောက်တွေ လိုက်ပို့နေတာ... တကယ်လို့ မင်းသာ ငါ့ကို ဖုန်းမဆက်ဘူးဆိုရင်... အခုအချိန်အထိ အစားအသောက်တွေ လိုက်ပို့နေတုန်းပဲ ဖြစ်မှာ..."

ဤစကားကို ကြားသောအခါ ကျိုးယုံး၏မျက်လုံးများ ပြူးကျယ်သွားပြီး လီကျဲ့ ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"မင်း ရူးနေတာလား..."

သူ မယုံနိုင်ခဲ့ချေ။ သူ၏ငယ်သူငယ်ချင်း အစားအသောက် ပို့နေသည်က တစ်ကဏ္ဍဖြစ်ပြီး ချေးငွေကို အမှန်တကယ် ထမ်းပိုးထားသည်က တစ်ကဏ္ဍ ဖြစ်နေသည်။

"အခုခေတ်မှာ ချေးငွေတွေက လူတော်တော်များများကို ဖျက်ဆီးပစ်နိုင်တယ်နော်..."

လောကဓံကို အကုန်ကြုံတွေ့ဖူးသူတစ်ဦး၏ လေးလံမှု ပါဝင်နေသော ကျိုးယုံး၏အသံက တိုးညှင်းသွားသည်။

"ချေးငွေတွေ ရှိတဲ့ လူအများကြီးကို ငါ သိတယ်... အပြင်ပန်းမှာတော့ သူတို့က အိမ်နဲ့ ကားနဲ့ ကြည့်ကောင်းနေပေမဲ့... တကယ်တော့ သူတို့က တခြားဘယ်သူ့ထက်မဆို ပင်ပန်းဆင်းရဲခံပြီး နေထိုင်နေကြရတာ... သူတို့ အလုပ်မထွက်ရဲဘူး...ပိုက်ဆံသုံးဖို့ မရဲဘူး... ပြီးတော့ ဖျားနာဖို့တောင် မရဲကြဘူး...လောင်လီ... မင်းက ဘာလို့ ဒီလမ်းကို ရွေးခဲ့တာလဲ..."

ကျိုးယုံး၏ မျက်လုံးများတွင် နားမလည်နိုင်မှုများ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

လီကျဲ့ ၏ မိသားစုအခြေအနေကို သူ သိထားပေ၏။ သူ၏မိဘများသည် သာမန်အလုပ်သမားများသာ ဖြစ်ပြီး သူ့ကို ကောလိပ်ထားပေးရန်အတွက်ပင် အတော်လေး ခက်ခဲခဲ့ကြရာ သူတို့သ​ည် သူ့ကို အထောက်အပံ့ များစွာပေးနိုင်ရန်မှာ မဖြစ်နိုင်ချေ။ ဆိုလိုသည်မှာ လီကျဲ့ သည် ဤဝန်ထုပ်ဝန်ပိုးကို လုံးလုံးလျားလျား သူတစ်ယောက်တည်း ထမ်းဆောင်နေရခြင်းပင်။

ကျိုးယုံး၏အကြည့်ကြောင့် စိတ်မသက်မသာ ဖြစ်သွားသဖြင့် လီကျဲ့ က ခါးသီးစွာ ပြုံးလိုက်ပြီး ဘီယာကို အားပါးတရ တစ်ငုံသောက်လိုက်သော်လည်း ရေခဲကဲ့သို့ အေးစက်သော အရည်သည် သူ၏ နှလုံးသားထဲတွင် မြင့်တက်လာသော ခါးသီးမှုကို ဖိနှိပ်မထားနိုင်ခဲ့ချေ။

"မဟုတ်ရင်... ငါက ဘာလုပ်ရမှာလဲ..."

သူ၏အသံသည် အနည်းငယ် အက်ရှရှ ဖြစ်နေလေ၏။

"လောင်ကျိုး....မင်း နားမလည်ပါဘူး... ဒီမြို့ကြီးမှာ အိမ်တစ်လုံး မရှိဘူးဆိုတာ... အမြစ်မရှိတဲ့ ဗေဒါပင်နဲ့ တူတယ်..."

အိမ်ထောင်ပြုရန်လော.... အငှားအိမ်တွင် မည်သူက သူ့ကို လက်ထပ်ရန် ဆန္ဒရှိမည်နည်း... ကလေးများ၏ အနာဂတ် ပညာရေးကရော မည်သို့ လုပ်မည်နည်း....

သူ့ထံ၌ ကျောင်းသို့ပို့နိုင်မည့် အိမ်မရှိလျှင် သူတို့ကို ရွာ၌သာ ကျန်ရစ်ခဲ့မည့် ကလေးများအဖြစ် ပြန်ထားခဲ့ရမည်လောဟု သူ တွေးလိုက်မိသည်။

သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ကျိုးယုံးကို ပြောနေသကဲ့သို့ သို့မဟုတ် သူ့ကိုယ်သူ ယုံကြည်အောင် ကြိုးစားနေသကဲ့သို့ ဆက်ပြောလိုက်သည်။

"ဟုတ်တယ်... ချေးငွေက လေးလံတယ်... အဲ့ဒါက လူတစ်ယောက်ကို ဖျက်ဆီးပစ်နိုင်တယ်... ဒါပေမဲ့ အနည်းဆုံး... အနည်းဆုံးတော့ အဲ့ဒါက ငါ့ကို မျှော်လင့်စရာတစ်ခု ပေးနိုင်တယ်..."

"ငါ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ.. ဘယ်လောက်ပဲ သနားစရာ ကောင်းနေပါစေ... စတုရန်းမီတာ နည်းနည်းပဲ ရှိတဲ့ အဲ့ဒီ တိုက်ခန်းလေးဆီ ပြန်သွားပြီးတော့တံခါးကို ပိတ်လိုက်တဲ့အချိန်မှာ အဲ့ဒါက ငါ့ရဲ့ကိုယ်ပိုင် နေရာပဲလေ..."

"အိမ်ရှင်ရဲ့ မျက်နှာကို ငါ ကြည့်စရာ မလိုတော့ဘူး... ပြီးတော့ တစ်နေ့နေ့ကျရင် နှင်ထုတ်ခံရမလားဆိုပြီး စိတ်ပူစရာလည်း မလိုတော့ဘူး..."

"အစားအသောက် ပို့ရတာက ပင်ပန်းပြီး မတည်ငြိမ်ပေမဲ့... အနည်းဆုံးတော့ လစဉ် ပေးသွင်းရမယ့် ငွေနဲ့ အမီလိုက်နိုင်ဖို့ ပိုက်ဆံက မြန်မြန်ဆန်ဆန် ဝင်လာတယ်... ငါ... ငါ့မှာ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး..."

ကျိုးယုံး တိတ်ဆိတ်သွားလေ၏။ လီကျဲ့ ၏စကားများထဲမှ အကူအညီမဲ့မှုနှင့် ခေါင်းမာသော ဆုပ်ကိုင်ထားမှု အနည်းငယ်ကို သူ ကြားလိုက်ရသည်။

လက်တွေ့ဘဝကြောင့် ထောင့်တစ်နေရာသို့ တွန်းပို့ခံရပြီး တစ်ခုတည်းသော အသက်ကယ် ကောက်ရိုးမျှင်လေးကို မလွှတ်တမ်း ဆုပ်ကိုင်ထားရသည့် ခံစားချက်ကို သူ နားလည်သည်။

သူ့မိတ်ဆွေဟောင်း၏ ပင်ပန်းနွမ်းနယ်သော်လည်း ခေါင်းမာသော ဘေးတိုက်မျက်နှာကို သူ ကြည့်လိုက်ပြီး လွန်ခဲ့သော နှစ်များစွာက ဘောလုံးကွင်းထဲမှ တက်ကြွသော လူငယ်လေးကို ပြန်လည်သတိရမိကာ သူ၏နှလုံးသားထဲတွင် ဝမ်းနည်းမှုကို ခံစားလိုက်ရသသည်။

မူလက....

"အခြေအနေတွေ ပိုကောင်းလာတဲ့အထိ ဘာလို့ မစောင့်တာလဲ"ဟု သူ မေးချင်ခဲ့သည်။ ထို့ပြင် "အိမ်ကို ရောင်းလိုက်ပြီး ပိုသက်တောင့်သက်သာနေတာက ပိုကောင်းတယ်"ဟု အကြံပေးချင်ခဲ့သော်လည်း ထိုစကားလုံးများသည် သူ၏ နှုတ်ခမ်းဖျားသို့ ရောက်လာပြီးမှ ပြန်လည်၍မျိုချလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိ လီကျဲ့ အတွက် ထိုအိမ်သည် နေထိုင်ရာ နေရာတစ်ခု သက်သက် မဟုတ်ဘဲ ဤမြို့တွင် သူ ဆက်လက် ရပ်တည်နေရသည့် တစ်ခုတည်းသော အကြောင်းပြချက်နှင့် သူ၏ နောက်ဆုံးကျန်ရှိနေသော ဂုဏ်သိက္ခာ ဖြစ်နိုင်ကြောင်းကို သိထားသောကြောင့်ပင်။

လမ်းဘေးစားသောက်ဆိုင်တန်း၏ ဆူညံသံများသည် နံရံတစ်ခုဖြင့် ကာရံခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူတို့နှစ်ဦးကြားတွင် လေးလံသော တိတ်ဆိတ်မှုတစ်ခု ကျဆင်းလာလေ၏။

အချိန်အတော်ကြာပြီးနောက် ကျိုးယုံးက နောက်ဆုံးတွင် လေးလံသော သက်ပြင်းတစ်ချက်ချလိုက်ပြီး ဘီယာပုလင်းကို ကောက်ကိုင်ကာ လီကျဲ့ ၏ ခွက်ကိုရော သူ၏ ခွက်ကိုပါ ဖြည့်ပေးလိုက်သည်။

"ကောင်းပြီ... ဒီကိစ္စတွေအကြောင်း ဆက်မပြောကြတော့ဘူး..."

သူသည် ခွက်ကို မြှောက်လိုက်ပြီး သူ၏လေသံမှာ ခိုင်မာပြီး နွေးထွေးလာလေ၏။

"မင်းက ဒါကို တာဝန်ယူထားပြီးပြီ ဆိုတော့လည်း... စိတ်ဓာတ်ကျစရာ စကားတွေ ငါ မပြောတော့ဘူး... ရှေ့လျှောက် အခက်အခဲတွေ ရှိရင်သာ ငါ့ကိုပြော... မင်းတစ်ယောက်တည်း အကုန်ထမ်းမထားနဲ့..."

လီကျဲ့ က ခေါင်းညိတ်လိုက်ပြီး သူ၏နှလုံးသားတွင် နောင်တရမှု အရိပ်အယောင်လေး တစ်ခု ဖြစ်ပေါ်လာသည်။ အကယ်၍ သူသာ ထိုချေးငွေကို မယူခဲ့မိလျှင် သူ အနည်းငယ်မျှ ပို၍လွတ်လွတ်လပ်လပ် နေနိုင်မည်လောဟု သူ တွေးလိုက်မိသ​ည်။

All Chapters