အခန်း ၁၂၀
Vol. 12 Ch. 120
အခန်း (၁၂၀) ဒီအချိန်မှာ မိသားစုသံယောဇဉ်တွေတောင် အရေးမကြီးတော့သလိုပဲ
ခုနစ်ရက် ကုန်လွန်သွားခဲ့လေပြီ။
လူတိုင်းသည် သူတို့၏ ချေးငွေကို ပြန်ဆပ်ရန်နှင့် နယ်မြေဘဝတွင် အပြည့်အဝ ရောနှောဝင်ရောက်ရန် အသေအလဲ ကြိုးစားနေကြသည်။
ထို့ပြင် ယနေ့တွင် တစ်စုံတစ်ယောက်၏ မိသားစု ပဋိပက္ခများသည် နောက်ဆုံး၌ အပြည့်အဝ အငြင်းပွားမှု တစ်ခုအဖြစ် ပေါက်ကွဲထွက်လာတော့သည်။
"ဒီအတိုင်း နင် ဘယ်လောက်ကြာကြာ ဆက်နေဦးမှာလဲ။"
စူးရှပြီး မျက်ရည်သံ ပါနေသော အမျိုးသမီး အသံတစ်သံက အခန်း၏ တိတ်ဆိတ်မှုကို ထိုးဖောက်သွားလေ၏။
NPC ကျန်းဝေသည် သူမ၏ လက်ထဲရှိ စာရင်းစာအုပ်ကို စားပွဲပေါ်သို့ ဘန်းခနဲ ပစ်ချလိုက်ကာ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေပြီး စိတ်ခံစားမှုကြောင့် သူမ၏ခန္ဓာကိုယ် အနည်းငယ် တုန်ယင်နေသည်။
သူမ၏ ခင်ပွန်းဖြစ်သူ ကစားသမား လျှိုချန်သည် ဆိုဖာပေါ်တွင် ပင်ပန်းနွမ်းနယ်စွာ ခွေကျနေပြီး မျက်လုံးများကို မှိတ်ကာ သူ၏နားထင်များကို ပွတ်သပ်နေသည်။
သူသည် သူ၏ နေ့ဘက်အလုပ်ကို ပြီးစီးပြီးနောက် လေးနာရီ ဆက်တိုက် အငှားကားမောင်းကာ ပြန်လာခြင်းဖြစ်ပြီး ဖိနပ်ပင်မချွတ်ရသေးချေ။
"ငါ အခု ဘာလုပ်မိပြန်ပြီလဲ..."
လျှိုချန်၏အသံမှာ အက်ရှရှဖြစ်နေပြီး စိတ်မရှည်မှုများ ပြည့်နှက်နေသည်။ သူ မျက်လုံးဖွင့်ကြည့်ရန်ပင် ဂရုမစိုက်ခဲ့ချေ။
"နင် ဘာလုပ်မိလဲ ဟုတ်လား... ဒီအိမ်ကို ကြည့်စမ်း။ ဒါက အိမ်နဲ့တောင် တူသေးလို့လား..."
ကျန်းဝေက ပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြလိုက်၏။
တစ်ချိန်က သေချာဂရုတစိုက် အလှဆင်ထားခဲ့သော သူတို့၏ အသိုက်ငယ်လေးသည် ယခုအချိန်၌ အုံ့မှိုင်းမှု အလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသည်။
မခေါက်ရသေးသော အဝတ်အစားများ ဆိုဖာပေါ်တွင် ပုံနေပြီး ထမင်းစားပွဲပေါ်တွင် ညစာအဖြစ် ပြန်နွှေးစားရန် ရည်ရွယ်ထားသော နေ့လယ်စာ ဟင်းကျန်များ ရှိနေသည်။ ထောင့်တစ်နေရာတွင် လျှိုချန် ရောင်းချရန် ရည်ရွယ်ထားသည့် စွန့်ပစ်ကတ်ထူဖာ အပုံလိုက်ပင် ရှိနေလေ၏။ ထိုအရာမှာ ငွေချွေတာရန် သူ မကြာသေးမီက တွေးမိခဲ့သော နည်းလမ်းသစ်တစ်ခုပင်။
"နေ့တိုင်း အလုပ်လုပ်တာနဲ့ ကားမောင်းတာပဲ ရှိတယ်... နင် အိမ်ပြန်လာရင် ချက်ချင်း အိပ်ပျော်သွားတာပဲ... ငါတို့ သေချာ စကားမပြောဖြစ်တာ ဘယ်လောက်တောင် ကြာပြီလဲ... ကလေးရဲ့ ပညာရေးကိုရော နင် ဂရုစိုက်ဖူးလား... ပြီးခဲ့တဲ့ အခေါက်က ငါတို့ကို ပန်းခြံကို ခေါ်သွားမယ်လို့ နင် ကတိပေးခဲ့တယ်လေ...ပြီးတော့ ဘာဖြစ်သွားလဲ... ဖုန်းမြည်တာနဲ့ နင် အော်ဒါသွားပို့ဖို့ ပြေးထွက်သွားတာပဲ.."
လျိုချန်က နောက်ဆုံးတွင် သူ၏သွေးကြောများ ယှက်နွယ်နေသော မျက်လုံးများကို ဖွင့်လိုက်သည်။
"ငါ အော်ဒါတွေ လက်မခံရင် နောက်လ ချေးငွေကို မင်း ပေးမှာလား...မင်းအတွက်တော့ စကားပြောရတာ လွယ်တာပေါ့...ငါက ဒီလို ဖြစ်ချင်နေတယ်လို့ မင်း ထင်နေလား... ငါ သောက်ရမ်းကို ပင်ပန်းနေပြီ..."
"ဟုတ်တယ်....နင်တစ်ယောက်တည်း ပင်ပန်းနေတာ။ ငါရော မပင်ပန်းဘူးလား"
ကျန်းဝေ၏ မျက်ရည်များ နောက်ဆုံးတွင် ပေါက်ကွဲထွက်လာလေ၏။
"ငါ ခြိုးခြံချွေတာတယ်....ပြားစေ့တိုင်းကို နှစ်ပိုင်းခွဲပြီး သုံးတယ်... အဝတ်အစားအသစ်တွေ မဝယ်ရဲဘူး... ကလေးကို အပြင်ထွက်ပြီး ကောင်းကောင်းသွားစားဖို့ မခေါ်ရဲဘူး...စျေးအသက်သာဆုံး သစ်သီးတွေကိုပဲ ဝယ်ရဲတယ်... ငါ ဘာအတွက် ဒါတွေ လုပ်နေတာလဲ... ဒီအိမ်လေး ဆက်ပြီးလည်ပတ်နေဖို့ မဟုတ်ဘူးလား... ဒါပေမဲ့ အခု ငါတို့ ဘယ်လို ဘဝမျိုးမှာ နေထိုင်နေရတာလဲ....ဒါက အသက်ရှင်နေတာ လုံးဝမဟုတ်ဘူး...ရှင်သန်ရုံ သက်သက်ပဲ...ထောင်ထဲ ရောက်နေသလိုပဲ..."
"ဒါဆို မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ...အလုပ်ထွက်လိုက်ရမလား... အိမ်ကို စွန့်လွှတ်လိုက်ရမလား... ဟမ်..."
လျှိုချန်သည် ဝုန်းခနဲ မတ်တတ်ရပ်လိုက်ပြီး သူ၏ ဖိနှိပ်ထားသော နာကြည်းမှုများသည် နောက်ဆုံးတွင် ထွက်ပေါက်တစ်ခု ရှာတွေ့သွားသဖြင့် သူ၏အသံ မြင့်တက်လာသည်။
"အစကတည်းက ဒီအိမ်ကို ဝယ်ဖို့ မင်းသာ အတင်းအကြပ် မပြောခဲ့ရင်... ငါတို့ ဒီလို ဖြစ်နေပါ့မလား..."
ဤစကားများသည် အဆိပ်လူး ဓားမြှောင်တစ်လက်ကဲ့သို့ ကျန်းဝေကို နက်ရှိုင်းစွာ ထိုးစိုက်သွားသည်။
သူမသည် သူမ၏ ခင်ပွန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး သူမ၏မျက်နှာသည် ချက်ချင်းဖြူရော်သွားလေ၏။
"လျှိုချန်... နင်က လူယုတ်မာပဲ...အိမ်ဝယ်တာက ငါတို့ အတူတူ ချခဲ့တဲ့ ဆုံးဖြတ်ချက်လေ...အခု နင်က အရာအားလုံးကို ငါ့အပြစ်လို့ ပြောနေတာလား..."
ပြင်းထန်သော အငြင်းပွားသံသည် အခန်းတွင်း၌ ပဲ့တင်ထပ်သွားပြီး စင်္ကြန်အထိပင် ရောက်ရှိသွားသည်။
သူတို့၏ ကလေးငယ်လေးသည် အိပ်ခန်းထဲတွင် ပုန်းနေပြီး ကြောက်လန့်တကြားဖြင့် သူ၏နားများကို ပိတ်ထားသည်။
ဤသည်မှာ ရိုးရှင်းသော အငြင်းပွားမှုလေး တစ်ခု မဟုတ်ချေ။ ဤသည်မှာ ဧရာမ အကြွေးများ၊ အလွန်အကျွံ အလုပ်လုပ်ရမှုနှင့် စိတ်ပိုင်းဆိုင်ရာ လျစ်လျူရှုခံရမှုတို့၏ ရေရှည်ဖိအားအောက်တွင် တင်းကြပ်စွာ ဆွဲဆန့်ခံထားရသော အာရုံကြောများ နောက်ဆုံး၌ ပြတ်တောက်သွားခြင်း၏ ရလဒ်ပင်။
အချစ်နှင့်နွေးထွေးမှုသည် ရှင်သန်ရေး၏ ရက်စက်မှုရှေ့တွင် အလွန်ပျက်စီးလွယ်နေပုံ ရလေ၏။
အလားတူ မြင်ကွင်းများသည် တခြားရပ်ကွက်များရှိ တခြားမိသားစုများတွင် ပြင်းထန်သော အငြင်းပွားမှုများမှတစ်ဆင့် သို့မဟုတ် စစ်အေးတိုက်ပွဲများမှတစ်ဆင့် တိတ်တဆိတ် ဖြစ်ပေါ်နေသည်။
...
မြို့၏တခြားတစ်ဖက်ရှိ သပ်ရပ်သော လူနေရပ်ကွက် တစ်ခုတွင် ပြတင်းပေါက်များမှတစ်ဆင့် မီးရောင်များ တောက်ပနေပြီး နေ့စဉ်ဘဝ၏ ရှုပ်ယှက်ခတ်မှုများကို ပုံဖော်ပေးနေကာ ထိုပြတင်းပေါက်များထဲမှ တစ်ခုအတွင်းရှိ အက်ကွဲကြောင်းများကိုလည်း ဖော်ပြနေသည်။
"ဘာလို့... ဘာလို့ နင့်အမေကို ပိုက်ဆံထပ်ပေးရပြန်တာလဲ... ပြီးခဲ့တဲ့ အခေါက်ကတင် ယွမ်နှစ်ထောင် ပေးခဲ့တယ် မဟုတ်ဘူးလား..."
လီလင်း၏အသံသည် မီးဖိုချောင်ထဲမှ ထွက်ပေါ်လာပြီး သတိမပြုမိနိုင်လောက်သော တုန်ယင်မှုလေးတစ်ခု ပါဝင်နေကာ သူမ အစွမ်းကုန် ဖိနှိပ်ရန် ကြိုးစားနေသော်လည်း နောက်ဆုံးတွင် ကျရှုံးသွားသည့်အလားပင်။
သူမသည် တစ်ဝက်တစ်ပျက် ဆေးကြောထားသော ဟင်းသီးဟင်းရွက်များကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ရေပေါက်များသည် အစက်အပြောက်များရှိသော ကြမ်းပြင်ပေါ်သို့ ကျဆင်းနေလေ၏။
ဝမ်ဟိုင်ထောင်က အနည်းငယ် ဟောင်းနွမ်းနေသော ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေသည်။ ဤစကားကို ကြားသောအခါ သူသည် အနည်းငယ် ပါးနေပြီဖြစ်သော သူ၏ ဆံပင်များကို စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် လက်ဖြင့် ထိုးဖွလိုက်ရာ စိုးရိမ်ပူပန်မှု အမျှင်အနည်းငယ်ကို သူ၏ လက်ချောင်းများကြားမှ ဆွဲနှုတ်နိုင်မည့်အလားပင်။
"ငါ့အမေရဲ့ သွေးကျဆေးက ဖြတ်လို့မရဘူးလေ... အဲ့ဒီ နိုင်ငံခြားဖြစ်ဆေးတွေက အလုပ်ကောင်းကောင်း လုပ်တယ်....ပြီးတော့ ဘေးထွက်ဆိုးကျိုးလည်း နည်းတယ်... ဆရာဝန်က ရပ်လို့မရဘူးလို့ ပြောတယ်... ပြီးတော့ မင်းရဲ့အဖေဘက်ကရော... ပြီးခဲ့တဲ့လက အပူပေးစနစ်အတွက် သုံးထောင်တောင် ပို့ပေးခဲ့တာ မဟုတ်ဘူးလား..."
သူ၏အသံမှာ အက်ရှရှဖြစ်နေပြီး နက်ရှိုင်းသော အကူအညီမဲ့မှု ခံစားချက်ကို ဖော်ပြနေလေ၏။
ဒီကျောင်းနယ်မြေက အိမ်လေးအတွက်...
မိဘနှစ်ဖက်လုံးက သူတို့၏ တစ်သက်တာ ပင်စင် စုဆောင်းငွေများကို အကုန်အစင် ထုတ်ပေးခဲ့ရသည်။
ယခုအချိန်၌ သူတို့ နှစ်ဦးသည် ထမ်းပိုးနှစ်ခုအောက်ရှိ လားများကဲ့သို့ ဖြစ်နေသည်။ အရှေ့တွင် မြင့်မားပြီး အဆုံးမရှိပုံရသော လစဉ်ပေးသွင်းငွေများ ရှိနေပြီး အနောက်တွင် သက်ကြီးရွယ်အိုလေးဦး၏ ရုတ်တရက် ပျက်စီးလွယ်လာသော ဘဏ္ဍာရေးနှင့် ကျန်းမာရေး အခြေအနေများ ရှိနေလေ၏။
ကလေး၏ကျူရှင်ခများ၊ သက်ကြီးရွယ်အိုများ ရံဖန်ရံခါ တောင်းလေ့ရှိသော ဆေးဖိုးဝါးခများနှင့် သေဒဏ်ပေးစာများကဲ့သို့ လစဉ် တုန်လှုပ်ဖွယ်ရာ ချေးငွေစာတိုများ....
ထိုအရာများသည် တိတ်ဆိတ်သောတောင်များနှင့် မတူညီဘဲ ပို၍တင်းကျပ်လာသော ကြိုးကွင်းတစ်ခုနှင့် ပို၍တူနေသည်။ ဤသည်က တစ်ချိန်က ရယ်မောသံများ ပြည့်နှက်နေခဲ့သော အိမ်လေးကို တစ်နေ့ထက်တစ်နေ့ ပို၍အသက်ရှူကျပ်လာစေသည်။
အချစ်လား.....
အတိတ်က နူးညံ့ကြင်နာမှုများသည် နေ့စဉ်ဘဝ၏ အသေးအဖွဲ ကိစ္စများနှင့် ဘယ်တော့မှ မပြီးဆုံးနိုင်သော တွက်ချက်မှုများကြောင့် အချိန်ကြာမြင့်စွာကတည်းက စုတ်ပြဲသွားခဲ့လေပြီ။
ပြားစေ့တိုင်း ဘယ်ကို သွားသင့်သည်အား တွက်ချက်ခြင်း၊ နောက်ထပ် မတော်တဆမှု ဘယ်အချိန် ရောက်လာမည်အား တွက်ချက်ခြင်း၊ နောက်လ၌ ဘယ်လို အသက်ရှူရမည်ကို တွက်ချက်ခြင်းများသာ ရှိတော့သည်။
အငြင်းပွားခြင်းသည် ဤအိမ်တွင် အကြိမ်အများဆုံး လုပ်ဆောင်ရပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်စေသော ပြဇာတ်တစ်ခု ဖြစ်လာခဲ့လေ၏။
သူတို့သည် တခြားသူများက သန်းနှင့်ချီ တန်ကြေးရှိသည်ဟု မြင်သော ဤမြေယာအဆောက်အအုံကို စောင့်ရှောက်နေကြသော်လည်း ထိုအရာကို စောင့်ရှောက်ရင်း သူတို့၏ကလေး ကာယအချိန်တွင် အရှက်မကွဲစေရန်အတွက် ကောင်းမွန်သော အားကစားဖိနပ်တစ်ရံ ဝယ်ပေးရန်ပင် အကြိမ်ကြိမ် ချိန်ဆနေရသည်။ စျေးနှုန်းကို သူတို့ မြင်လိုက်ရချိန်၌ သူတို့၏ နှလုံးသားများ တင်းကျပ်သွားပြီး ဖော်ပြ၍မရနိုင်သော ရှက်ရွံ့မှုနှင့် နက်ရှိုင်းသော ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုတို့က လိုက်ပါလာလေ့ရှိသည်။
လေထုသည် အေးခဲတောင့်တင်းသွားပြီး သေချာမပိတ်ထားသော ရေပိုက်ခေါင်းမှ ရေစက်ကျသံသာ ကျန်ရှိတော့ကာ သူတို့၏ နှလုံးသားများကို ထုနှက်နေသည့် နောက်ပြန်ရေတွက်ခြင်းတစ်ခုနှင့် တူနေပေ၏။
ဤအချိန်အခိုက်အတန့်တွင် ကစားသမားလီလင်းက အနီးနားတွင် တိတ်ဆိတ်စွာ ဆေးလိပ်သောက်နေသော သူမ၏ ခင်ပွန်း ဝမ်ဟိုင်ထောင်ကို ကြည့်လိုက်သည်။
ဤမျက်နှာ ဤခန္ဓာကိုယ် ပုံသဏ္ဍာန်သည် သူမ၏ အနက်ရှိုင်းဆုံး လိုလားတောင့်တမှုများအပေါ် အခြေခံ၍ စနစ်က ပုံဖော်ပေးထားသော စံပြပုံစံ ဖြစ်နေဆဲပင်။
ထောက်ထားစာနာတတ်ကာ မိသားစုကို ဦးစားပေးပြီး ရုပ်ရည်ကြည့်ကောင်းသည်။ သူသည် "ပြီးပြည့်စုံသော ခင်ပွန်း" နှင့် ပတ်သက်သည့် သူမ၏ စိတ်ကူးယဉ်မှုများ အားလုံးနီးပါးကို ဖြည့်ဆည်းပေးထားလေ၏။
နယ်မြေထဲသို့ ဝင်ရောက်ပြီး ပထမ ရက်အနည်းငယ်တွင် သူမသည် စိတ်ကျေနပ်မှု၏ ကြီးမားသော ပျော်ရွှင်မှုထဲတွင် အမှန်တကယ်ပင် နစ်မြုပ်နေခဲ့သည်။
သို့သော် ယခုအချိန်၌ ဤ "ပြီးပြည့်စုံမှု" သည် သူမကို အသက်ရှူမွန်းကြပ်စေလေပြီ။ ဧရာမ လစဉ်ချေးငွေ သက်သက်သာ မဟုတ်ဘဲ နေ့စဉ် အသုံးစရိတ်များနှင့် ကလေးကျောင်းအတွက် လိုအပ်သောအရာများစသဖြင့် အရာအားလုံးအတွက် ပိုက်ဆံလိုအပ်သည်။
အရေးအကြီးဆုံးမှာ မိဘများ၏ အိုမင်းရင့်ရော်လာသော ခန္ဓာကိုယ်များတွင် ရံဖန်ရံခါ ပြဿနာများ ရှိလာတတ်ပြီး ဤအရာအားလုံးအတွက် ပိုက်ဆံ လိုအပ်လေ၏။
သူမ ချစ်မြတ်နိုးရသော "ပြီးပြည့်စုံသော ခင်ပွန်း" သည် ယခုအချိန်၌ အကြွေးရွှံ့ညွန်ထဲတွင် သူမနှင့်အတူ ပိတ်မိနေသော ပင်ပန်းနွမ်းနယ်နေသည့် ဆင်းရဲဒုက္ခဖော်တစ်ဦးနှင့် ပို၍တူညီနေသည်။
သူတို့၏ အချစ်နှင့် နွေးထွေးမှုသည် အဆုံးမရှိသော ငွေတောင်းခံလွှာများနှင့် အသေးစိတ် တွက်ချက်မှုများကြောင့် တိုက်စားခံရကာ စိုးရိမ်ပူပန်မှု သက်ပြင်းချသံများနှင့် ဖိအားများကြောင့် ဖြစ်ပေါ်လာသည့် အဆက်မပြတ် အငြင်းပွားမှုများသာ ကျန်ရှိတော့သည်။
"သက်ကြီးရွယ်အိုတွေကို စွန့်လွှတ်ပြီး သူတို့ဘာသာ သူတို့ နေပါစေလို့ လွှတ်ထားလိုက်ရင်ရော ဘယ်လိုလဲ..."
အချိန်အတော်ကြာ အေးအေးဆေးဆေး နေပြီးနောက် လီလင်းက ဤစကားများကို ပြောလိုက်ရာ ဝမ်ဟိုင်ထောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"မင်း ရူးနေတာလား... အဲ့ဒီအထဲမှာ မင်းမိဘတွေလည်း ပါတယ်လေ... အဲ့ဒီလိုလုပ်တာနဲ့ လူသတ်သမား ဖြစ်တာနဲ့ ဘာကွာလို့လဲ..."
"ဒါပေမဲ့ သူတို့ကို ငါတို့ ဂရုစိုက်ရင်... ငါတို့ရဲ့ ချေးငွေက ဘယ်လိုလုပ်မလဲ... ငါတို့ကိုယ်ငါတို့တောင် မထောက်ပံ့နိုင်တော့တာကို ဘာလို့ အဲ့ဒီအဘိုးကြီး အဘွားကြီးတွေကို ဘာလို့ ထောက်ပံ့နေရမှာလဲ..."
ဤအခိုက်အတန့်တွင် မိသားစု သံယောဇဉ်များသည်ပင် အရေးမကြီးတော့သကဲ့သို့ ဖြစ်နေတော့သည်။
Book 12 end.