← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း (၁၂၃) ပြန်လည်ပေးဆပ်ရမည့်နေ့

ကွန်ပျူတာစက်များမှ တိုးညှင်းသော မြည်သံမှလွဲ၍ ရုံးခန်းထဲတွင် တိတ်ဆိတ်မှုက လွှမ်းခြုံထားသည်။

ဝမ်ဝမ်သည် သူမခင်ပွန်း၏လက်ဝါးမှ နွေးထွေးမှုကို ခံစားနေရသော်လည်း ထိုအပူဓာတ်လေးက သူမ၏ နှလုံးသားထဲရှိ အအေးဓာတ်ကို ဖယ်ရှားမပေးနိုင်ခဲ့ချေ။

သူမသည် မသိသာသေးသော သူမ၏ဝမ်းဗိုက်ကို ငုံ့ကြည့်လိုက်သည်။ ထိုအရာတွင် သူတို့၏ မျှော်လင့်ချက်များ ပါဝင်နေသော်လည်း ထိုအရာသည် သူတို့ကို ပြိုလဲသွားစေရန် ခြိမ်းခြောက်နေသည့် တခြားကောက်ရိုးတစ်မျှင်လည်း ဖြစ်လာခဲ့လေပြီ။

"ပြီးခဲ့တဲ့အပတ်က ဆေးစစ်တာ..."

သူမက တီးတိုးပြောလိုက်သည်။

"ငါ့ရဲ့ ပရိုဂျက်စတီရုန်းက နည်းနေလို့ အနားများများ ယူဖို့ လိုတယ်လို့ ဆရာဝန်က ပြောတယ်..."

သူမက တခဏကြာမျှ ရပ်တန့်လိုက်သည်။

"ပြီးတော့... ကုမ္ပဏီရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင်... ငါ တကယ် ကြောက်တယ်..."

ချန်အန်းသည် သူမ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။

ဝမ်ဝမ် ဆက်မပြောခဲ့သော စကားများကို သူ နားလည်သည်။

အလုပ်ဖြုတ်သည့် လှိုင်းလုံးတစ်ခုတွင် မကြာခဏ ဆေးစစ်ရန် လိုအပ်ပြီး ရှည်လျားသော မီးဖွားခွင့် လိုအပ်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် လူ့စွမ်းအားအရင်းအမြစ်ဌာန၏ အမြင်တွင် အခြေခံအားဖြင့် နံပါတ်တစ်ပစ်မှတ် ဖြစ်နေပေမည်။

"ငါ တွက်ကြည့်ပြီးပြီ..."

ချန်အန်း၏အသံ ခြောက်ကပ်နေသည်။

"တကယ်လို့ မင်း မီးဖွားခွင့် ယူလိုက်ရင်... ငါတို့ရဲ့ ဝင်ငွေက လေးဆယ်ရာခိုင်နှုန်းနီးပါး ကျသွားလိမ့်မယ်... ငါ... ငါက ညဘက် နောက်ထပ်အလုပ်တစ်ခု ထပ်လုပ်ရင်တောင် အဲ့ဒီ ကွက်လပ်ကို ဖြည့်နိုင်မှာ မဟုတ်ဘူး..."

"တကယ်လို့..."

ဝမ်ဝမ်က မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲနေလေ၏။

"ဒီကလေးကို... ငါတို့ အရင်..."

"ဟင့်အင်း..."

ချန်အန်းက သူမကို ရုတ်တရက် စကားဖြတ်ပြောလိုက်ရာ သူ၏ အသံသည် ဗလာဟင်းလင်းဖြစ်နေသော ရုံးခန်းထဲတွင် အထူးတလည် ကျယ်လောင်နေပုံရသည်။ သူ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး သူ၏အသံကို နှိမ့်လိုက်သည်။

"အဲ့ဒီလို စကားမျိုး မပြောပါနဲ့... နည်းလမ်း ရှိလာမှာပါ..."

သို့သော် နည်းလမ်းက မည်သည့်နေရာတွင် ရှိမည်နည်း....

သူ မသိခဲ့ချေ။

ဝမ်ဝမ်သည် သူမ၏နဖူးကို သူတို့၏ ပူးကပ်နေသော လက်များပေါ်တွင် အပ်လိုက်ပြီး တီးတိုးပြောလိုက်သည်။

"တစ်ခါတလေ ငါ တွေးမိတယ်... ငါတို့သာ ဒီအိမ်ကို မဝယ်ခဲ့ဘူးဆိုရင်..."

အကယ်၍ သူတို့သာ ဤအိမ်ကို မဝယ်ခဲ့ပါက ထိုတိုက်ခန်းငယ်လေးတွင် ဆက်လက်၍ ငှားရမ်းနေထိုင်ရပေမည်။ ထိုနေရာသ​ည် ကျဉ်းကျပ်သော်လည်း အနည်းဆုံးအနေဖြင့် ယခုကဲ့သို့ ဖြစ်နေမည် မဟုတ်ချေ။ ယခု၌မူ သူတို့သည် ကလေးတစ်ယောက် ယူရန်အတွက် ပြားစေ့တိုင်းကို တွက်ချက်နေရပြီး မီးဖွားခွင့် ယူရန်အတွက် အကျိုးဆက်တိုင်းကို စိုးရိမ်ပူပန်နေရသ​ည်။

ချန်အန်း ပြန်မပြောခဲ့ချေ။

ဤမြို့တွင် ကိုယ်ပိုင်အိမ် မရှိပါက ကလေး၏ အနာဂတ် ပညာရေးသည်လည်း ပြဿနာတစ်ခု ဖြစ်လာမည်ကို သူ သိထားသည်။

ဤသည်မှာ ဖြေရှင်း၍မရနိုင်သော အကျပ်အတည်း တစ်ခုပင်။

သူသည် ဝမ်ဝမ်၏လက်ကို လွှတ်လိုက်ပြီး ကွန်ပျူတာ မျက်နှာပြင်ဆီသို့ ပြန်လှည့်လိုက်၏။

"ဒီအစီရင်ခံစာကို အရင်ပြီးအောင် လုပ်ကြရအောင်..."

သူက ပြောလိုက်သည်။

"မနက်ဖြန်... မနက်ဖြန်ကျရင် ငါ တစ်ခုခု စဉ်းစားကြည့်ပါ့မယ်..."

...

တခြားနေရာတစ်ခုတွင်....

ဟုန်ချုံးသည် ဧည့်ခန်းထဲတွင် ထိုင်ကာ ကုန်ခြောက် အက်ပလီကေးရှင်းသုံးခုကြားတွင် ထပ်ခါတလဲလဲ ပြောင်းလဲကြည့်ရှုနေပြီး သူ၏လက်သည်းများသည် မျက်နှာပြင်ပေါ်တွင် တိုးညှင်းသော ပွတ်တိုက်သံကို ဖြစ်ပေါ်စေသည်။

"အဖေ... သူငယ်တန်းအတွက်က မနက်ဖြန် ပစ္စည်းဖိုး လိုတယ်တဲ့..."

သူ၏ ခြောက်နှစ်အရွယ် သမီးလေးသည် သူမ၏ ပန်းချီစာအုပ်ကို ကိုင်ကာ နံဘေးတွင် မတ်တတိရပ်နေပြီး သူမ၏အသံ တဖြည်းဖြည်း တိမ်ဝင်သွားသည်။

ဟုန်ချုံးသည် မော့မကြည့်ခဲ့ချေ။ သူသည် သူ၏ ဖုန်းကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရုံသာ ဖြစ်ပေ၏။ ဖုန်းမျက်နှာပြင်တွင် ယခုလအတွက် ကျန်ရှိသော လက်ကျန်ငွေကို ပြသထားသည်။

သူ့ဇနီးဖြစ်သူ၏ အောင့်ထားသော ချောင်းဆိုးသံက အတွင်းခန်းမှ ထွက်ပေါ်လာသည်။ လွန်ခဲ့သော လဝက်ခန့်က အအေးမိပြီးစဥ်မှစ၍ သူမသည် ဆေးရုံသွားရန် ရွှေ့ဆိုင်းထားခဲ့ပြီး ဆေးဆိုင်မှ စျေးအပေါဆုံး ကန်မြောင်လင်းကို ဝယ်ကာ တစ်ကြိမ်သောက်ရမည့် ဆေးကို သုံးကြိမ်ခွဲ၍ သောက်နေခဲ့လေ၏။

"ပစ္စည်းဖိုးက ဘယ်လောက်လဲ..."

နောက်ဆုံးတွင် သူ စကားပြောလိုက်ရာ သူ၏အသံမှာအက်ရှရှ ဖြစ်နေသည်။

"ဆရာမက ယွမ်ရှစ်ဆယ်တဲ့..."

ဟုန်ချုံး၏လက်ချောင်းများ အေးခဲတောင့်တင်းသွားသည်။ မနေ့က သူသည် တစ်ကျင်းလျှင် သုည ဒသမ သုံးယွမ် ပိုသက်သာသော ကြက်ဥများကို ရှာတွေ့ရန်အတွက် စူပါမားကတ်သုံးခုကို နှိုင်းယှဉ်ကာ တစ်နာရီကြာ အချိန်ယူခဲ့ရလေ၏။ ဤအခိုက်အတန့်တွင် သူ၏စိတ်သည် အထိန်းအကွပ်မဲ့စွာ စတင်၍ တွက်ချက်နေလေပြီ။ ယွမ်ရှစ်ဆယ်ဆိုသည်မှာ ယခုအပတ်အတွက် အသားနှင့်ဟင်းသီးဟင်းရွက်များကို စွန့်လွှတ်ရခြင်းနှင့် ညီမျှသည်၊ အိမ်ရာစီမံခန့်ခွဲမှုစရိတ် နောက်ကျမှုကြောင့် ပေးဆောင်ရမည့် ဒဏ်ကြေးနှင့် ညီမျှသည်... ထိုအရာသည်...

"နောက်အပတ်မှ ပေးလို့ရမလားလို့ ဆရာမကို မေးကြည့်ပေးလို့ ရမလား..."

သူ၏သမီးလေးသည် ခေါင်းငုံ့ကာ သူမ၏ ဖိနပ်ထိပ်ဖြင့် ကြမ်းပြင်ကြွေပြားရှိ အက်ကွဲကြောင်းကို ပွတ်တိုက်နေပြီး တိုးညှင်းသောအသံဖြင့် "အင်း..." ဟု ပြန်ဖြေလိုက်သည်။

ကလေး တိတ်ဆိတ်စွာ ထွက်သွားပြီးနောက် ဟုန်ချုံ သည် ရုတ်တရက် သူ၏ဖုန်းကို ဖမ်းဆွဲလိုက်ပြီး လုပ်ဖော်ကိုင်ဖက်များ၏ ညစာစားပွဲမှ အုပ်စုဓာတ်ပုံ တစ်ပုံကို တုန်ယင်စွာ နှိပ်လိုက်၏။ ဓာတ်ပုံထဲရှိ လူတိုင်းသည် ပြုံးနေကြပြီး လွန်ခဲ့သော နှစ်နာရီက သူသည် မိသားစုဝင် တစ်ယောက် နေမကောင်း၍ဟူသော အကြောင်းပြချက်ဖြင့် ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့သည်။

အစစ်အမှန် အကြောင်းရင်းမှာ ထမင်းစားပွဲ၏ တစ်ဦးစာ ကုန်ကျစရိတ်သည် သူ့သမီးလေး၏ ပစ္စည်းဖိုးနှင့် အတိအကျ တူညီနေသောကြောင့်ပင်။

အမှောင်ထုထဲတွင် သူ့ဇနီး၏ အောင့်အည်းထားသော ချောင်းဆိုးသံ ထပ်မံ၍ ထွက်ပေါ်လာပြီး သူ၏သမီးလေးသည် အခန်းကန့်လန့်ကာနောက်ကွယ်တွင် တိတ်တဆိတ် ရှိုက်ငိုနေလေ၏။

ဟုန်ချုံးသည် သူ၏ ထိုင်ခုံပေါ်တွင် ပစ်ကျသွားပြီး အရေးမပါသော ကိန်းဂဏန်းများက သူ့ကို လည်ပင်းညှစ်ထားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ပါးစပ် ပွင့်နေသော်လည်း 'တောင်းပန်ပါတယ်' ဟူသော စကားကိုပင် သူ မပြောနိုင်ခဲ့ချေ။

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်။

ကစားသမား နှစ်ရာအတွက် နေ့စဉ်နေ့တိုင်းသည် သေလောက်အောင် ရုန်းကန်နေရသော နေ့ရက်များ ဖြစ်ပေ၏။

ထို့ပြင် ယနေ့သည် လူတိုင်း ပြန်လည်ပေးဆပ်ရမည့်နေ့ပင်။ ဘဏ်မှ စာတိုသည် အချိန်မှန် ရောက်ရှိလာပြီး သူတို့၏ ယွမ် ၂၅၀၀၀ ချေးငွေကို ပေးသွင်းရန် သတိပေးနေသည်။

"လေးစားရပါသော ဖောက်သည်... သင်၏လက်ရှိ အိမ်ရာချေးငွေ ပြန်လည်ပေးဆပ်ရမည့် ပမာဏမှာ ယွမ် ၂၅၀၀၀ ဖြစ်ပါသည်... ယနေ့ည ၁၂နာရီမတိုင်မီ သင် ပြန်လည်ပေးဆပ်မည့် အကောင့်တွင် လက်ကျန်ငွေ လုံလောက်စွာ ရှိစေရန် ကျေးဇူးပြု၍ သေချာစစ်ဆေးပေးပါ.. နောက်ကျမှ ပေးသွင်းပါက ဒဏ်ကြေး အတိုးပေးဆောင်ရမည်ဖြစ်ပြီး သင့်ခရက်ဒစ်ကို ထိခိုက်စေပေမည်... ကျေးဇူးပြု၍ သတိပြုပါ..."

ဤကိန်းဂဏန်းတန်းသည် မမြင်နိုင်သော လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ရုန်းကန်နေရသော စိတ်ဝိညာဉ်နှစ်ရာကို တပြိုင်နက်တည်း ထိမှန်သွားလေ၏။

လီကျဲ့ သည် မနက်စာအော်ဒါတစ်ခုကို ပို့ပြီးခါစဖြစ်ပြီး သူ၏လျှပ်စစ်စကူတာကို မှီကာ အမောတကော အသက်ရှူနေသည်။ သူ၏ ဦးထုပ်အတွင်းပိုင်းမှ ချွေးများ စီးကျနေလေ၏။

အသိပေးသံကို ကြားလိုက်ရချိန်၌ သူ၏ခန္ဓာကိုယ် သိသိသာသာ တောင့်တင်းသွားသည်။

သူသည် သူ၏ဖုန်းကို ချက်ချင်းမကြည့်ခဲ့ချေ။ အကောင်အထည်ဖော်နေသော ပရိုဂရမ်တစ်ခုကဲ့သို့ မက်ဆေ့ချ်ကို မဖွင့်မီ သူ ညစ်ညမ်းသော လေကို အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။

ထိုရင်းနှီးသော ကိန်းဂဏန်းကို အတည်ပြုပြီးနောက် သူသည် ဖုန်းမျက်နှာပြင်ကို တိတ်တဆိတ် ပြန်ပိတ်လိုက်၏။ ထို့နောက် သူ လီဗာကို ပြင်းပြင်းထန်ထန်ဆွဲကာ နောက်ထပ် ပို့ဆောင်ရမည့် နေရာဆီသို့ အပြေးအလွှား သွားလေသည်။ သူ၏ကျောပြင်သည် ထုံကျင်နေသော စိတ်ပိုင်းဖြတ်မှုတစ်ခုကို သယ်ဆောင်ထားလေ၏။

ချန်အန်းသည် ကုမ္ပဏီတွင် အစည်းအဝေး လုပ်နေစဉ် သူ၏အိတ်ကပ်ထဲမှ ဖုန်း တုန်ခါသွားသည်။

စားပွဲအောက်မှ နေ၍ သူ အလျင်အမြန် ကြည့်လိုက်ရာ ထိုကိန်းဂဏန်းတန်းက ဒူးပေါ်ရှိ သူ၏လက်ကို ချက်ချင်းတင်းကြပ်သွားစေခဲ့သည်။

ကြီးကြပ်ရေးမှူးသည် စင်မြင့်ပေါ်တွင် ကုမ္ပဏီ၏ အနာဂတ်အကြောင်း စိတ်အားထက်သန်စွာ ဟောပြောနေသော်လည်း ထိုစကားလုံးများသည် ဝေးကွာပြီး ဝိုးတဝါးဖြစ်နေသည်ဟုသာ သူ ခံစားလိုက်ရသည်။

သူ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသောအရာမှာ အကယ်၍ သူနှင့်သူ၏ဇနီးတို့ အလုပ်ပြုတ်သွားပါက ဤဧရာမချေးငွေကြီးကို သူတို့ မည်သို့ ပြန်ဆပ်ကြမည်နည်း ဟူ၍ပင်။

ဟုန်ချုံးသည် အလုပ်တွင် ခိုးနားနေသော အချိန်ကို အသုံးပြု၍ ဖုံးကွယ်ထားသော Excel စာရင်းဇယားတစ်ခုတွင် နောက်ဆုံးအဆင့် အသေးစိတ် တွက်ချက်မှုများကို ပြုလုပ်နေသည်။

မက်ဆေ့ချ်အသိပေးချက် ထွက်ပေါ်လာလေ၏။ သူသည် ယွမ်၂၅၀၀၀ကို စိုက်ကြည့်လိုက်ပြီးနောက် စာရင်းဇယားထဲရှိ လစဉ်အစီအစဉ်ကို စိုက်ကြည့်လိုက်သည်။ သူ ပြားစေ့အထိ တွက်ချက်ထားသော်လည်း အလွန်ကျပ်တည်းနေပုံရဆဲပင်။ ကြီးမားသော စွမ်းအားမဲ့မှု ခံစားချက်တစ်ခုက သူ့ကို အသက်ရှူရန်ပင် မဖြစ်နိုင်လုနီးပါး ဖြစ်သွားစေခဲ့သည်။

သူ ငွေထုတ်ယူနိုင်သော ခရက်ဒစ်ကတ်များ အားလုံးကို စာရင်းပြုစုထားသည့် အိတ်ကပ်ထဲမှ စာရွက်ပိုင်းလေးကို သူ၏မသိစိတ်မှ ထိကိုင်လိုက်သည်။

ချေးငွေ ပေးသွင်းပြီးသွားသည့် အခိုက်အတန့်တွင် လူတိုင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသော်လည်း သူတို့၏နှလုံးသားများ ချက်ချင်းဆိုသလိုပင် ပြန်လည်၍ တင်းကြပ်သွားလေ၏။

အဘယ်ကြောင့်ဆိုသော် နောက်လအတွက် ပြန်လည်ပေးဆပ်ရမည့် အချက်အလက်များကို ချက်ချင်း ပေးပို့လာသောကြောင့်ပင်။ ထိုအရာမှာလည်း ယွမ်နှစ်သောင်းခွဲသာ ဖြစ်နေဆဲပင်။

ဤနှစ်သောင်းခွဲကိုကြည့်ရင်း သူတို့ ပေးနိုင်မည် မပေးနိုင်မည်ကို သူတို့ မသိကြချေ။ အဘယ်ကြောင့်ဆိုသော် မတော်တဆမှုတစ်ခု မည်သည့်အချိန်တွင် ရုတ်တရက် ရောက်လာမည်ကို မည်သူမျှ မသိနိုင်သောကြောင့်ပင်။

...

တစ်ချိန်တည်းတွင် ဆေးရုံတစ်ခုအတွင်း၌...

ဆေးရုံ၏ ငွေသွင်းကောင်တာရှေ့တွင် ထူးခြားသော အနံ့တစ်ခု အမြဲတစေ ရှိနေတတ်သည်။ ဤသည်မှာ ပိုးသတ်ဆေးနှင့် စိုးရိမ်ပူပန်မှုတို့ ရောနှောနေသော အနံ့ပင်။

လီလင်းသည် ယခုလေးတင် ထုတ်ပေးလိုက်သော ငွေသွင်းပြေစာကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရာ အားစိုက်ထားမှုကြောင့် သူမ၏လက်ချောင်းထိပ်များ ဖြူရော်နေသည်။

ပြေစာပေါ်ရှိ ရှင်းလင်းသော ၃၈၅၀ သည် မီးဖုတ်ထားသော သံတုံးတစ်တုံးကဲ့သို့ သူမ၏လက်ဝါးကို လောင်ကျွမ်းနေစေသည်။

သူမ၏နံဘေးတွင် ဝမ်ဟိုင်ထောင်သည် ဆောင့်ကြောင့်ထိုင်ပြီး သူ၏ မိခင်ကို ဂရုတစိုက် ထိန်းကိုင်ပေးထားလေ၏။

အဘွားအိုသည် ရုတ်တရက် ခေါင်းမူးလာသဖြင့် အရေးပေါ်သို့ ရောက်ရှိလာခဲ့ခြင်းပင်။ စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် သူမထံတွင် သွေးတိုးကြောင့်ဖြစ်သော ရောဂါလက္ခဏာများ ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဆေးကုသမှုနှင့် စောင့်ကြည့်လေ့လာမှုများ ချက်ချင်းပြုလုပ်ရန် လိုအပ်နေသည်။

'အချိန်မီ ခေါ်လာတာ ကံကောင်းသွားတယ်'ဟူသော ဆေးခန်းထဲမှ ဆရာဝန်၏ စကားကြောင့် ရရှိခဲ့သည့် တိုတောင်းသော စိတ်သက်သာရာရမှုသည် ယခုအချိန်၌ ငွေသွင်းပြေစာ၏ရှေ့တွင် ပျောက်ကွယ်သွားခဲ့လေပြီ။

"ဘယ်... ဘယ်လောက်လဲ..."

ဝမ်ဟိုင်ထောင်၏အသံ ခြောက်ကပ်နေသည်။

သူသည် ပြေစာကို ကြည့်ရန် ငုံ့လိုက်ပြီး သူ၏လည်ဇလုတ်များ ခက်ခက်ခဲခဲ လှုပ်ရှားသွားလေ၏။

"စစ်ဆေးခတွေ... ဆေးဖိုးတွေ... ပြီးတော့ ဒီနေ့အတွက် ဆေးရုံကုတင်ခနဲ့ သူနာပြုခတွေ..."

လီလင်း၏အသံ အလွန်တိုးညှင်းနေပြီး သတိမပြုမိနိုင်လောက်သော တုန်ယင်မှု အရိပ်အယောင်လေးတစ်ခု ပါဝင်နေသည်။

ထိုအချိန်၌....

"လေးစားရပါသော ဖောက်သည်... သင်၏လက်ရှိ အိမ်ရာချေးငွေ ပြန်လည်ပေးဆပ်ရမည့် ပမာဏမှာ ယွမ် ၂၅၀၀၀ ဖြစ်ပါသည်... ယနေ့ည ၁၂နာရီမတိုင်မီ သင် ပြန်လည်ပေးဆပ်မည့် အကောင့်တွင် လက်ကျန်ငွေ လုံလောက်စွာ ရှိစေရန် ကျေးဇူးပြု၍ သေချာစစ်ဆေးပေးပါ.. နောက်ကျမှ ပေးသွင်းပါက ဒဏ်ကြေး အတိုးပေးဆောင်ရမည်ဖြစ်ပြီး သင့်ခရက်ဒစ်ကို ထိခိုက်စေပေမည်... ကျေးဇူးပြု၍ သတိပြုပါ..."

ဖုန်းနှစ်လုံး၏အသိပေးသံများသည် တိတ်ဆိတ်နေသော ငွေသွင်းဧရိယာတွင် ရုတ်တရက် မြည်ဟီးလာပြီး တပြိုင်နက်တည်းနီးပါး ဖြစ်နေသည်။

ထိုအသံမှာ မကျယ်လောင်သော်လည်း လီလင်းနှင့် ဝမ်ဟိုင်ထောင်တို့၏ နားထဲတွင် မိုးခြိမ်းသံတစ်ခုကဲ့သို့ ပေါက်ကွဲသွားလေ၏။

သူတို့နှစ်ဦးလုံး၏ခန္ဓာကိုယ်များ တစ်ချိန်တည်းမှာပင် တောင့်တင်းသွားတော့သည်။

All Chapters