အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း (၁၂၅) လှပသည်ဟူသော စကားလုံးက ဝေးကွာသွားလေပြီ
ပြန်လည်ပေးဆပ်ရမည့်နေ့ရက် ကုန်ဆုံးသွားသည်နှင့်အမျှ လူတိုင်းသည် ထိုလအတွက် သူတို့၏ချေးငွေများကို ရှင်းလင်းပေးချေပြီးဖြစ်သည်။
မိသားစုနှစ်ရာ...ကစားသမား နှစ်ရာသည် ထူးဆန်းသော တိတ်ဆိတ်မှုထဲသို့ ကျဆင်းသွားကြ၏။
ဤသည်မှာ ငြိမ်းချမ်းမှု မဟုတ်ဘဲ အဆုံးစွန်သော ပင်ပန်းနွမ်းနယ်မှုမှ မွေးဖွားလာသည့် ထုံကျင်မှု ရက်စက်သော တိုက်ပွဲတစ်ခုအပြီး စစ်မြေပြင်ရှိ တိုတောင်းပြီး သေလုမတတ် တိတ်ဆိတ်မှုတို့ကဲ့သို့ ဖြစ်နေသည်။
သူတို့ထံ၌ စိတ်သက်သာရာရသွားသော သက်ပြင်းချသံများ မရှိ အောင်ပွဲခံသော အော်ဟစ်သံများ မရှိချေ။ သူတို့၏စွမ်းအားများကို လုံးလုံးလျားလျား အလွန်အကျွံ အသုံးပြုခံလိုက်ရပြီးနောက် သူတို့ထံတွင် ခံစားရန် ခွန်အားပင် မကျန်တော့လောက်အောင် နက်ရှိုင်းသော ထုံကျင်မှုသာ ရှိနေတော့သည်။
လမ်းမပေါ်ရှိ လျှပ်စစ်စကူတာတစ်စီးပေါ်တွင်...
လီကျဲ့ သည် စကူတာလက်ကိုင်ပေါ်တွင် လက်တင်ကာ မှီထားပြီး သူ၏ဖုန်းမျက်နှာပြင်ပေါ်ရှိ 'ငွေလွှဲခြင်း အောင်မြင်ပါသည်' ဟူသော အသိပေးချက်ကို ငေးငိုင်စွာ စိုက်ကြည့်နေလေ၏။
ယခုလေးတင် သူသည် ဘဏ်သို့ ငွေလွှဲလိုက်ခြင်းဖြစ်ကာ ယွမ်နှစ်သောင်းခွဲပြီးပြီး တစ်ပြားမှ မလျော့ချေ။
သူ၏အကောင့် လက်ကျန်ငွေကို ဖွင့်ကြည့်လိုက်ရာ ၄၇.၂ ယွမ်သာ ပြသနေသည်။
ထိုကိန်းဂဏန်းသည် အေးစက်သော သံချောင်းတစ်ချောင်းကဲ့သို့ ဖြစ်ပြီး သူ့ကို စကူတာ၏ ဟောင်းနွမ်းနေသော ထိုင်ခုံပေါ်တွင် သံမှိုရိုက်ထားသကဲ့သို့ ဖြစ်နေစေသည်။
သူသည် ခေါင်းကို နောက်သို့ လှန်ကာ သက်ပြင်းချလိုက်သည်။
"ဟူး... လေးဆယ်ကျော်လေး... ဒါက တစ်ရက်စာ စားဖို့တောင် သီသီလေးပဲ..."
သူ ဦးထုပ်ကိုချွတ်ရန် မေ့နေခဲ့လေ၏။ ချွေးများသည် အတွင်းပိုင်းအလွှာမှတစ်ဆင့် စီးကျလာပြီး သူ၏ မေးစေ့တွင် စုပုံကာ ချွေးများဖြင့် ရွှဲနစ်နေသော သူ၏ပို့ဆောင်ရေးဝတ်စုံ ရင်ဘတ်ပေါ်သို့ တစက်စက်ကျနေသည်။
ယခုလတွင် သူသည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ပို့ဆောင်ရေးအော်ဒါ နှစ်ရာကျော် လုပ်ဆောင်ခဲ့သည်။ ယွမ် တစ်သောင်းခွဲကို စုဆောင်းနိုင်ရန်အတွက် သူ အငှားယာဉ်မောင်းအလုပ် မည်မျှထိ လုပ်ခဲ့ရသည်ကို သူကိုယ်တိုင်ပင် မသိတော့ချေ။
ထိုကိန်းဂဏန်းတိုင်း၏ နောက်ကွယ်တွင် အဆုံးစွန်သော ကန့်သတ်ချက်အထိ ဖိနှိပ်ထားသော အိပ်စက်ခြင်းများ၊ အလျင်အမြန် စားသောက်လိုက်ရသော စျေးပေါသည့် ထမင်းဘူးများနှင့် မီးပွိုင့်များတွင် စက္ကန့်များကို ရေတွက်နေရသည့် နာရီမှတ်စက်ကဲ့သို့သော စိုးရိမ်ပူပန်မှုများ ရှိနေလေ၏။
ပို့ဆောင်ရေးအော်ဒါ ခြောက်ထောင်ကျော်ဆိုသည်မှာ သူသည် အနည်းဆုံး လှေကားထစ်တစ်ထောင်ကျော်ကို တက်ခဲ့ရပြီး ဓာတ်လှေကားများအတွင်း အိမ်နီးချင်းများထံမှ အထင်အမြင်သေးသော အကြည့်များကို မရေမတွက်နိုင်အောင် ခံခဲ့ရကာ ပြေးလွှားနေစဉ် မိုးထဲတွင် အကြိမ်ပေါင်းများစွာ ချော်လဲခဲ့ရကြောင်း အဓိပ္ပာယ်ရသည်။ သူ၏ ဒူးများမှ ပွန်းပဲ့ဒဏ်ရာများသည် ယခုအချိန်ထိ မပျောက်သေးချေ။
တစ်ကြိမ်က မီးနီဖြတ်မောင်းလာသော ပြိုင်ကားတစ်စီးကြောင့် သူ လွင့်စင်သွားလုနီးပါး ဖြစ်ခဲ့သည်။ ယာဉ်မောင်းသည် ကျိန်ဆဲကာ မောင်းထွက်သွားခဲ့ပြီး သူကမူ ပို့ဆောင်ရေး သေတ္တာထဲရှိ အစားအသောက်များ ဖိတ်စင်ခြင်းရှိမရှိ စစ်ဆေးရန် သူ၏ စကူတာကို ထူမနေစဉ် ညလေညှင်းထဲတွင် တုန်ယင်နေရုံသာ တတ်နိုင်ခဲ့လေ၏။
မရေမတွက်နိုင်သော အငှားယာဉ်မောင်း အလုပ်များ ဆိုသည်မှာ သူသည် လူသူကင်းမဲ့သော လမ်းများတလျှောက် အမူးသမားသူစိမ်းများကို ပို့ဆောင်ပေးရင်း ဘဝတသက်စာအတွက် လုံလောက်သော အရက်နံ့များကို ဘားတံခါးဝများတွင် ရှူရှိုက်ခဲ့ရကြောင်း အဓိပ္ပာယ်ရသည်။
ယခုအချိန်၌ ထိုအရာအားလုံးကို မျက်နှာပြင်ပေါ်ရှိ 'ငွေလွှဲခြင်း အောင်မြင်ပါသည်' ဟူသော စကားလုံးများနှင့် လက်ကျန်ငွေ ၄၇.၂ ယွမ် တို့ဖြင့် လဲလှယ်လိုက်လေပြီ။
အိမ်ပြန်ရန်အတွက် လီဗာကိုဆွဲရန် သူ ကြိုးစားလိုက်သော်လည်း သူ၏ညာလက်မှ လက်ချောင်းများသည် ကြွက်တက်ကာ ကွေးကောက်နေပြီး ထိုရိုးရှင်းသော လှုပ်ရှားမှုကိုပင် မပြီးမြောက်နိုင်ကြောင်း တွေ့ရှိလိုက်ရလေ၏။
အလွန်အကျွံ အသုံးပြုထားသော သူ၏ လက်ကောက်ဝတ်မှ စူးရှသော နာကျင်မှုတစ်ခု ထိုးတက်လာသည်။ ဤသည်မှာ အရွတ်အမြှေးပါး ရောင်ရမ်းခြင်း၏ လက္ခဏာပင်။
သူ ရိုးရိုးရှင်းရှင်းပင် လက်လျှော့လိုက်ပြီး သူ၏ခေါင်းကို ထိုင်ခုံတွင် နောက်သို့မှီကာ သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။
လမ်းပေါ်တွင် ယာဉ်ကြောအသွားအလာများ အဆုံးမရှိ စီးဆင်းနေပြီး နီယွန်မီးရောင်များ တောက်ပနေသော်လည်း ဤအသံများနှင့် အလင်းရောင်များသည် မမြင်နိုင်သော အတားအဆီးတစ်ခု၏ နောက်ကွယ်တွင် ဖယ်ကြဉ်ခံထားရပုံရသည်။
သူ၏ကမ္ဘာတွင် သူ၏စိတ်ထဲ၌ အလိုအလျောက် ရေတွက်နေသော နောက်ထပ်ကိန်းဂဏန်း တစ်ခုသာ ကျန်ရှိတော့သည်။
ယွမ် ၂၅၀၀၀...
ဤကိန်းဂဏန်းသည် သူ၏ ဦးနှောက်ထဲတွင် ထည့်သွင်းထားသော နောက်ပြန်ရေတွက်နေသည့် ဗုံးတစ်လုံးကဲ့သို့ ဖြစ်ပြီး သူ့ကို ခြေမွှဖျက်ဆီးလုမတတ် ဖိအားအသစ်တစ်ကျော့ စတင်တော့မည်ဖြစ်ကြောင်း သူ့ကို သတိပေးနေလေ၏။ သူ နောက်ထပ် ပေးသွင်းရမည့် အချိန် ရောက်လာတော့မည်ဖြစ်ပြီး သူ့တွင် တစ်လသာ အချိန်ကျန်ရှိတော့သည်။
ပင်ပန်းနွမ်းနယ်မှုသည် နက်ရှိုင်းသော ညဉ့်ယံကဲ့သို့ အရပ်မျက်နှာအဘက်ဘက်မှ သူ့ကို လွှမ်းခြုံထားသည်။ သူ အနားယူနေခြင်း မဟုတ်ဘဲ နောက်ထပ် ရှင်သန်ရေးတိုက်ပွဲအတွက် တိုတောင်းသော အားဖြည့်မှုတစ်ခုကို ပြုလုပ်နေခြင်းသာ ဖြစ်ပေ၏။
လွန်ခဲ့သောလတွင် သူသည် လက်တွေ့ဘဝ၌ တစ်ခါမျှ မကြုံဖူးသော ပင်ပန်းနွမ်းနယ်မှု အဆင့်တစ်ခုအထိ ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သူသည် မတော်တဆမှုများကို ကြောက်ရွံကာ ဆက်လက်၍ အလုပ်မလုပ်နိုင်တော့မည်ကို ကြောက်ရွံပြီး ချေးငွေကို ပြန်မဆပ်နိုင်တော့မည်အား ကြောက်ရွံ့နေခဲ့သည်။
သူ့ထံ၌ မျှော်လင့်ချက်မဲ့မှုများ ပျံ့နှံ့နေလေပြီ။
လုံခြုံရေး ဂိတ်တဲ၌....
ချန်အန်း သည် ဖုန်းပေါ်ရှိ ပြန်လည်ပေးဆပ်မှု အချက်အလက်များကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး ယနေ့ သူဝယ်ထားသော စီးကရက်များကို ထုတ်ယူလိုက်သည်။
ယခင်က သူ ဆေးလိပ် မသောက်တတ်သော်လည်း ဤနယ်မြေသို့ ရောက်လာပြီးနောက် အကြောင်းပြချက်တစ်ခုခုကြောင့် တဖြည်းဖြည်း စွဲလမ်းလာခဲ့ပြီး ပို၍ပို၍ ပြင်းထန်လာခဲ့လေ၏။
မကြာသေးမီက သူ၏ လုံခြုံရေး အလုပ်သည် တည်ငြိမ်လာခဲ့သဖြင့် သူ ကားကို ဝမ်ဝမ်အား မောင်းခိုင်းလိုက်သည်။ သူသည် အလုပ်စတင်ရန် တိုက်ခန်အိမ်ယာသို့ ဘတ်စ်ကားဖြင့် စောစောစီးစီး လာလေ့ရှိပြီး ဝမ်ဝမ်ကမူ ကုမ္ပဏီတွင် အချိန်ပိုဆက်လုပ်ရန် ကျန်ရစ်ခဲ့ကာ အပိုအချိန်များကို အသုံးပြု၍ ဆက်နေခွင့်ရရန်အတွက် အခွင့်အရေးတစ်ခုကို ရယူနိုင်ရန် မျှော်လင့်နေသည်။
ကုမ္ပဏီ၌ အလုပ်ဖြုတ်မှုများ မကြာခဏ ပို၍ဖြစ်လာခဲ့လေ၏။ လွန်ခဲ့သောလအတွင်း လူငယ်၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး စသဖြင့် ဝါရင့် လုပ်ဖော်ကိုင်ဖက်ခုနစ်ဦး ထွက်ခွာသွားခဲ့လေပြီ။ ထိုလူများအနက် လူတချို့မှာ အလုပ်ကြိုးစားကြပြီး တချို့ကမူ ပျင်းရိကြသည်။ အလုပ်ဖြုတ်ခြင်းအတွက် ကုမ္ပဏီ၏စံသတ်မှတ်ချက်များမှာ မည်သည့်အရာဖြစ်သည်ကို ခန့်မှန်း၍ မရနိုင်ချေ။
သို့သော် သိသာရှင်းလင်းသော စံသတ်မှတ်ချက်များ မရှိခြင်းနှင့် ခွဲခြားမှုမရှိသော အလုပ်ဖြုတ်ခြင်းများကသာ ကျယ်ပြန့်သော ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့သည်။
လူအများအပြားသည် တခြားအလုပ်များကို ရှာဖွေတွေ့ရှိပြီးသားဖြစ်ရာ အလုပ်ဖြုတ်ခံရသည့် အခိုက်အတန့်တွင် ကုမ္ပဏီအသစ်တစ်ခုသို့ ချက်ချင်းပြောင်းရွှေ့သွားနိုင်ကြောင်း သူ ကြားခဲ့ရသည်။
သူနှင့် ဝမ်ဝမ်တို့သည်လည်း ရှာဖွေနေကြကာ အကယ်၍ အလုပ်ဖြုတ်ခံရပါက ကုမ္ပဏီအသစ် တစ်ခုသို့ ချက်ချင်းဝင်ရောက်ကာ ချောမွေ့သော အကူးအပြောင်း တစ်ခုကို ရရှိနိုင်မည်ဟု မျှော်လင့်နေကြ၏။
သို့သော် ယခုအချိန်အထိ ကုမ္ပဏီအသစ်တစ်ခုကို သူတို့ ရှာမတွေ့သေးချေ။
"ရှောင်ချန်... အလုပ်စဖို့ အချိန်ရောက်ပြီ... မန်နေဂျာက ငါတို့ကို ကင်းလှည့်သွားဖို့ မက်ဆေ့ချ် ပို့ထားတယ်..."
ထိုအချိန်၌ လုံခြုံရေး အစောင့်အိုကြီးတစ်ဦးက ဂိတ်တဲ၏ပြတင်းပေါက်ကို ခေါက်လိုက်သည်။ ချန်အန်း သတိပြန်ဝင်လာပြီး လျင်မြန်စွာ နှစ်ဖွာသုံးဖွာခန့် ဖွာလိုက်ပြီးနောက် စီးကရက်ကို ငြိမ်းသတ်လိုက်ကာ အပြင်သို့ ထွက်လာခဲ့သည်။ သူသည် သူ၏လုံခြုံရေး ဦးထုပ်ကို ဆောင်းလိုက်ပြီး လက်နှိပ်ဓာတ်မီးကို ကောက်ကိုင်လိုက်၏။
"သွားကြစို့..."
အခြေတကျ ဖြစ်သွားပြီးနောက် ဤလုံခြုံရေး အလုပ်မှာ အမှန်အားဖြင့် သိပ်မခက်ခဲကြောင်း သူ တွေ့ရှိခဲ့သည်။ ရံဖန်ရံခါ အလုပ်များတတ်သော်လည်း တခြားအချိန်များတွင် လုပ်စရာ ဘာမှမရှိသဖြင့် သူ ခိုးပြီး အနားယူရန် အခွင့်အရေး ရခဲ့သည်။ အထူးသဖြင့် နေထိုင်သူများအားလုံးနီးပါး အိပ်ပျော်နေကြသည့် သန်းခေါင်ယံ အချိန်များတွင် ဖြစ်ပေ၏။ အချိန်ဇယားဆွဲထားသော ကင်းလှည့်မှုများမှလွဲ၍ သူသည် အနားယူရန် အခွင့်အရေးကို ရယူနိုင်သည်။
ထိုကြောင့် နောက်တစ်နေ့တွင် အလုပ်ကို မည်သည့်ပြဿနာမှမရှိဘဲ သူ ကိုင်တွယ်နိုင်ပေမည်။
ဆေးရုံ လူနာခန်းရှေ့၌...
လီလင်းနှင့်ဝမ်ဟိုင်ထောင်တို့သည် ရှည်လျားသော စင်္ကြန်လမ်းရှိ ပလတ်စတစ်ခုံတန်းလျားပေါ်တွင် ယှဉ်တွဲ၍ ထိုင်နေကြ၏။
သူတို့မိခင်၏ ရုတ်တရက် ဖျားနာမှုသည် အချိန်အကြာကြီး ပုန်းအောင်းနေပြီးမှ ရုတ်တရက် တိုက်ခိုက်လာသော လောဘကြီးသည့် သားရဲတစ်ကောင်နှင့် တူညီနေသည်။ ထိုအရာသည် သူမ၏ကျန်းမာရေးကို ဝါးမျိုသွားရုံသာမက သူတို့၏ နည်းပါးလှပြီဖြစ်သော မိသားစု စုဆောင်းငွေများကိုလည်း ထိတ်လန့်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ဝါးမျိုသွားခဲ့သည်။
အရေးပေါ် အခြေအနေများအတွက် သူတို့ မူလက ဖယ်ထားခဲ့သော စုဆောင်းငွေများသည် ရက်အနည်းငယ်အတွင်း သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ကျုံ့ဝင်သွားခဲ့ပြီး နေ့စဉ်လိုအပ်ချက်များကို ထိန်းသိမ်းရန် နေထိုင်စရိတ် လုံလောက်ရုံသာ ကျန်ရှိတော့သည်။
ထို့ပြင် ယခုလေးတင် ပေးသွင်းလိုက်ရသော ယွမ်နှစ်သောင်းခွဲချေးငွေသည် ကုလားအုတ်၏ ကျောကို ကျိုးစေသော နောက်ဆုံးကောက်ရိုးတစ်မျှင် ဖြစ်လာခဲ့လေပြီ။
ယခုလအတွက် ချေးငွေကိုမူ သူတို့ ပြန်ဆပ်ပြီးသွားလေပြီ။
အရေးပေါ်ကုသမှုနှင့် ဆေးဝါးများ ပေးပြီးနောက် သူတို့မိခင်၏ အခြေအနေသည်လည်း ယာယီ တည်ငြိမ်သွားခဲ့ပြီး အန္တရာယ်အများဆုံးအဆင့်မှ လွတ်ကင်းသွားခဲ့သည်။
သဘောတရားအရ သူတို့ စိတ်သက်သာရာရစွာ သက်ပြင်းချသင့်သော်လည်း သူတို့ ထိုသို့ မလုပ်ခဲ့ကြချေ။
လီလင်းသည် ခေါင်းငုံ့ထားပြီး သူမ၏ အကြည့်များသည် သူမ၏ဒူးပေါ်တွင် ယှက်ထားသော လက်များပေါ်သို့ ကျရောက်နေလေ၏။
ဤလက်များသည် တစ်ချိန်က သူမ သေချာစွာ ထိန်းသိမ်းထားခဲ့သောအရာများပင်။ သူမ၏ လက်သည်းများကို အဝိုင်းပုံစံ သပ်ရပ်စွာ ညှပ်ထားလေ့ရှိပြီး ရံဖန်ရံခါ အရောင်နုသော လက်သည်းဆိုးဆေးလေးများ ဆိုးလေ့ရှိသည်။
ယခုအချိန်၌ ထိုလက်သည်းဆိုးဆေးများသည် အချိန်ကြာမြင့်စွာကတည်းက ကွာကျပြီး ပျောက်ကွယ်သွားခဲ့လေပြီ။ မကြာခဏ အလုပ်လုပ်ရခြင်း၊ သန့်ရှင်းရေး လုပ်ရခြင်းနှင့် အမျိုးမျိုးသော ဆပ်ပြာရည်များနှင့် ထိတွေ့ရခြင်းတို့ကြောင့် သူမ၏လက်သည်းစွန်းများသည် ကြမ်းတမ်းလာပြီး အက်ကွဲနေသည်။
သူမ၏လက်များတွင် ပါးလွှာပြီး မာကျောသော အသားမာအလွှာတစ်ခုလည်း ဖြစ်ပေါ်နေလေပြီ။
အကယ်၍ မှန်တစ်ချပ်သာ ရှိပါက သူမ၏ ဖြူရော်နေသော မျက်နှာကို သူမ ကြည့်ရဲမည် မဟုတ်ချေ။
လက်တွေ့ကမ္ဘာတွင် သူမသည် အလှအပကို နှစ်သက်သူတစ်ဦးပင်။ အကယ်၍ သူမထံတွင် ပိုက်ဆံရှိပါက လှပသော အဝတ်အစား အမျိုးမျိုးကို ဝတ်ဆင်ကာ သူမကိုယ်သူမ အလှဆင်လေ့ရှိပေ၏။
သို့သော် ဤနေရာသို့ ရောက်လာပြီးနောက် 'လှပသည်' ဟူသော စကားလုံးသည် သူမထံမှ တဖြည်းဖြည်း ဝေးကွာသွားခဲ့လေပြီ။
သူမသည် စျေးဝယ်စင်တာတွင် အထူးလျှော့စျေးဖြင့် ဝယ်ယူထားသော စျေးပေါသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး တစ်ချိန်က သူမ ဝတ်ဆင်ခဲ့သော ဒီဇိုင်နာ အမှတ်တံဆိပ်များနှင့် လုံးလုံးလျားလျား ကွာခြားနေသည်။ မူလက သူမ ပိုင်ဆိုင်ခဲ့သော အဝတ်အစားများအားလုံးကို တစ်ပတ်ရစ် ပစ္စည်းရောင်းချသည့် အွန်လိုင်းပလက်ဖောင်းများတွင် သူမ ရောင်းချခဲ့ပြီး ဖြစ်ပေ၏။
ရောင်းချရသော ငွေများအားလုံးကို ဤအိမ်လေးဟုခေါ်သောအရာကို ဖာထေးရန် အသုံးပြုခဲ့ကာ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုနှင့် တူညီသည့် ထိုချေးငွေကို ပြန်ဆပ်ရန် အသုံးပြုခဲ့သည်။
ဤအိမ်နှင့် ဤလေးလံသော အကြွေးကြောင့် သူမသည် တစတစ တိုက်စားခံနေရပြီး သူမ တစ်ချိန်က တန်ဖိုးထားခဲ့သော အရောင်အသွေးနှင့် တောက်ပမှုများကို ဆုံးရှုံးသွားကာ ဤစင်္ကြနါလမ်း၏ နံရံများကဲ့သို့ ဖြူရော်ကြမ်းတမ်းပြီး အသက်ကင်းမဲ့နေသည်ဟု သူမ ခံစားရသည်။
သူမ၏ ဘဏ္ဍာရေး လွတ်လပ်ခွင့်ကို ဆုံးရှုံးခဲ့ရရုံသာမက သူမကိုယ်သူမ ထိန်းသိမ်းရန်နှင့် ပျော်ရွှင်စေရန်အတွက် သေးငယ်သော အခွင့်အရေးလေးပင်လျှင် ရက်ရက်စက်စက် ဆွဲခွာခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။
ဤခံစားချက်မှာ အလွန်နာကျင်ရလွန်းသဖြင့် ချေးငွေကို မြန်မြန်ပြန်ဆပ်ပြီး ဤနေရာမှ သူမ ထွက်သွားချင်ရုံသာ ရှိတော့သည်။