← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇) အရာအားလုံး အဆင်ပြေသွားမှာပါ

ဆေးရုံစင်္ကြန်လမ်းရှိ မီးရောင်များသည် မျက်စိကျိန်းမတတ် ဖြူဖွေးနေလေ၏။ ဝမ်ဝမ်သည် ဘီးတပ်လူနာတင်ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူနာပြုတစ်ဦးက သူမကို စစ်ဆေးရေးခန်းဆီသို့ အပြေးအလွှား တွန်းပို့နေသည်။

သူမ၏ဝမ်းဗိုက်မှ နာကျင်မှုလှိုင်းများ တစ်ခုပြီးတစ်ခု ရိုက်ခတ်လာသည်။ သူမသည် အားစိုက်ထားမှုကြောင့် လက်ဆစ်များ ဖြူရော်လာသည်အထိ ကုတင်​အခင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

"ကလေးလေး... သားလေး တောင့်ခံထားရမယ်နော်..."

သူမသည် ကလေးကို ပြောနေခြင်းလား သို့မဟုတ် သူမကိုယ်သူမ အားပေးနေခြင်းလား မသေချာဘဲ တီးတိုးရေရွတ်လိုက်သည်။

ဆရာဝန်သည် ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိသည့် အန္တရာယ်ဟူသော စကားလုံးကို ပြောလိုက်ချိန်၌ ဝမ်ဝမ်သည် ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမသည် အာထရာဆောင်းမျက်နှာပြင်ပေါ်ရှိ အရိပ်မည်းသေးသေးလေးကို စိုက်ကြည့်နေပြီး မျက်ရည်များသည် သူမ၏ပါးပြင်ပေါ်သို့ အထိန်းအကွပ်မဲ့စွာ စီးကျလာပေ၏။

ဤသည်မှာ သူမနှင့် ချန်အန်းတို့ အချိန်ကြာမြင့်စွာ မျှော်လင့်စောင့်စားနေခဲ့သော ကလေးလေးပင်။

"ကလေးကို ကယ်တင်ဖို့ သူ့ကို ချက်ချင်းဆေးရုံတင်ရမယ်... မိသားစုဝင်တွေက စာရွက်စာတမ်းတွေ သွားလုပ်ထားပါ... စပေါ်ငွေက ယွမ်ရှစ်ထောင်..."

ဆရာဝန်၏အသံမှာ တည်ငြိမ်နေသည်။

ရှစ်ထောင်...

ထိုကိန်းဂဏန်းသည် ဝမ်ဝမ်၏ နှလုံးသားကို လေးလံသော သံတူကြီးတစ်လက်ကဲ့သို့ ထုနှက်လိုက်သည်။

မနေ့က ယခုလ၏ ချေးငွေအတွက် စိုးရိမ်ပူပန်နေခဲ့သော ချန်အန်း၊ သူ၏ ညဆိုင်း လုံခြုံရေး ကင်းလှည့်ပြီးနောက် ပင်ပန်းနွမ်းနယ်နေသော ပုံရိပ်နှင့် ကုမ္ပဏီရှိ အလုပ်ဖြုတ်မည့် အခြေအနေများကြောင့် ပို၍ တင်းမာလာသော အခြေအနေများကို သူမ ပြန်လည်၍ သတိရမိလေ၏။

သူမ ဆေးရုံတက်ရသည်နှင့် တပြိုင်နက် သူမ၏ အလုပ်ကို ဆုံးရှုံးရမည်ဖြစ်ပြီး ချေးငွေကို ပေးသွင်းရန် မည်သူမျှ ရှိတော့မည် မဟုတ်ချေ။

ဟင့်အင်း... သူမ ဆေးရုံတက်၍ မဖြစ်ပေ။

"ဒေါက်တာ... ကျွန်မ ဆေးရုံမတက်ရင်ရော..."

သူမ၏အသံ တုန်ယင်နေသည်။

"မတက်ရင်တော့ ကလေးကို ကယ်နိုင်ဖို့ ဖြစ်နိုင်ချေ အရမ်းနည်းသွားလိမ့်မယ်..."

ဆရာဝန်က ပြတ်သားစွာ ပြောလိုက်သည်။

သူမ မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ သားအိမ်ထဲမှ ကလေး၏ မသက်မသာ လှုပ်ရှားမှုများကို ခံစားလိုက်ရသည်။

"ကျွန်မ တက်ပါ့မယ်..."

နောက်ဆုံးတွင် သူမ စကားပြောလိုက်ရာ သူမ၏ အသံမှာ တိုးညှင်းလွန်းသဖြင့် ကြားရရုံလေးသာ ရှိတော့သည်။

တစ်ဖက်တွင် ချေးငွေ ပြန်ဆပ်ရန် အလုပ်လုပ်ခြင်း ရှိနေပြီး တခြားတစ်ဖက်တွင် ကလေး ရှိနေလေ၏။ မိခင်တစ်ဦးအနေဖြင့် သူမသည် ဒုတိယတစ်ချက်ကို ရွေးချယ်ခဲ့သည်။

လူနာခန်းတံခါး ရုတ်တရက် ပွင့်သွားပြီး ပုံရိပ်တစ်ခုက အပြေးအလွှား ဝင်လာကာ အပြင်ဘက်မှ လေအေးများနှင့်အတူ အမောတကော အသက်ရှူသံများကို သယ်ဆောင်လာသည်။

ဝမ်ဝမ်၏ မှိုင်းရီပြီး သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေသော မျက်လုံးများသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်၏။ ထိုသူ၏မျက်နှာကို သူမ ရှင်းလင်းစွာ မြင်လိုက်ရချိန်၌ အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့သော မျက်ရည်များသည် နောက်ဆုံးတွင် ရေကာတာကို ချိုးဖောက်သွားပြီး ကြီးမားသော ဝမ်းနည်းပူဆွေးမှုများနှင့်အတူ ရုတ်တရက် စိတ်သက်သာရာရသွားမှုတို့ ရောနှောကာ စီးကျလာတော့သည်။

"ယောက်ျား..."

သူမ၏ အသံသည် ပိုးကြိုးမျှင်လေးတစ်ခုကဲ့သို့ အားနည်းနေသော်လည်း မှီခိုအားထားလိုမှုများ ပြည့်နှက်နေသည်။

ချန်အန်းက ခြေလှမ်း အနည်းငယ်ဖြင့် ကုတင်ဘေးသို့ ရောက်ရှိလာသည်။ သူ အသက်ရှူရန်ပင် အချိန်မယူတော့ဘဲ ဖြူရော်ပြီး အလွန်အမင်း ထိခိုက်လွယ်ပုံရသော သူ၏ဇနီးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်၏။

သူ၏လက်မောင်းများသည် ခိုင်မာပြီး အစွမ်းထက်နေကာ ဤပွေ့ဖက်မှုမှတဆင့် သူ၏ ခွန်အားနှင့် ပံ့ပိုးမှု အားလုံးကို လွှဲပြောင်းပေးလိုသည့်အလားပင်။

"ကိုယ် ဒီမှာ ရှိတယ်... မကြောက်နဲ့နော်... ကိုယ် ဒီမှာ ရှိတယ်..."

ပြေးလာခဲ့ရသဖြင့် သူ၏အသံသည် အနည်းငယ် အက်ရှရှဖြစ်နေသော်လည်း မေးခွန်းထုတ်စရာမလိုသော ခိုင်မာပြတ်သားမှုတစ်ခု ပါဝင်နေလေ၏။ သူက ခေါင်းငုံ့ကာ ဝမ်ဝမ်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

"အရာအားလုံး အဆင်ပြေသွားမှာပါ... စိတ်မပူနဲ့နော်... ကလေး ဘယ်လိုနေလဲ... ဆရာဝန်က ဘာပြောလဲ... ကလေး အဆင်ပြေရဲ့လား..."

သူသည် မေးခွန်းများကို တရစပ် မေးလိုက်ပြီး သူ၏ အကြည့်များသည် ဝမ်ဝမ်၏မျက်နှာကို လျင်မြန်စွာ ဝေ့ကြည့်ပြီးနောက် စောင်ပါးလေးဖြင့် ဖုံးအုပ်ထားသော သူမ၏ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားသည်။ သူ၏မျက်လုံးများတွင် ဖုံးကွယ်ထားခြင်းမရှိသော စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေ၏။

သူသည် မန်နေဂျာနှင့် ယခုလေးတင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး သူ၏အလုပ် အန္တရာယ်ရှိနေပြီဟု ခံစားနေရသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ၏ဇနီးနှင့် ကလေးသည် သူ့ကမ္ဘာကြီးတစ်ခုလုံး၏ အဓိက အာရုံစိုက်ရာ ဖြစ်နေသည်။

အသက်ရှူကြပ်ဖွယ် ဖိအားများကို သူ၏နှလုံးသား အနက်ရှိုင်းဆုံးနေရာသို့ သူ အတင်းအကြပ် ဖိသိပ်ထားလိုက်ပြီး ဝမ်ဝမ်၏ဝန်ထုပ်ဝန်ပိုးကို ပို၍ကြီးမားသွားစေမည်အား စိုးရိမ်သဖြင့် အရိပ်အယောင်လေးတစ်ခုကိုမျှ အပြင်သို့ ထုတ်မပြရဲခဲ့ချေ။

"ယောက်ျား... အရင်ဆုံး စပေါ်ငွေ ယွမ် ရှစ်ထောင် ပေးရမယ်လို့ ဆရာဝန်က ပြောတယ်..."

ဝမ်ဝမ်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏ အသံသည် ခြင်တစ်ကောင် ညည်းသံကဲ့သို့ တိုးညှင်းနေကာ ငွေအများကြီး သုံးရခြင်းမှာ သူမ၏ အပြစ်ဖြစ်နေသကဲ့သို့ သတိမပြုမိနိုင်လောက်သော ရှက်ရွံ့မှု အရိပ်အယောင်လေးတစ်ခု ပါဝင်နေသည်။

ဤစကားကို ကြားသောအခါ ချန်အန်း၏နှလုံးသားသည် မမြင်နိုင်သော လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ခံလိုက်ရသကဲ့သို့ ရုတ်တရက် လေးလံသွားသည်။

သူတို့ထံတွင် တစ်ပြားတစ်ချပ်မှ မရှိသည်တော့ မဟုတ်ချေ။ သူတို့၏အကောင့်ထဲတွင် စုဆောင်းငွေ တချို့ ကျန်ရှိနေပေ၏။

ထိုအရာမှာ နောက်လ ချေးငွေအတွက် သို့မဟုတ် ပို၍ အရေးပေါ်ဖြစ်သော အသက်ကယ် အခြေအနေများအတွက် ခြိုးခြံချွေတာ၍ သူတို့ စုဆောင်းထားခဲ့သော ငွေများပင်။

ယွမ်ရှစ်ထောင်...

ထိုကိန်းဂဏန်းက သူ၏စိတ်ထဲတွင် ရူးသွပ်စွာ ပဲ့တင်ထပ်နေသည်။

ထိုပမာဏမှာ ဇနီးမောင်နှံ နှစ်ဦး၏ ကျပ်တည်းသော နေထိုင်စရိတ် နှစ်လစာနှင့် ညီမျှပေ၏။

အကယ်၍ သူတို့သည် ဟုန်ချုံး၏ အလွန်အမင်း ခြိုးခြံချွေတာသော စံနှုန်းကို လိုက်နာပြီး ခါးပတ်ကို ပို၍တင်းကျပ်စွာ စည်းမည်ဆိုပါက သုံးလအထိပင် တောင့်ခံနိုင်ပေလိမ့်မည်။

ဆိုလိုသည်မှာ ဤငွေကို ပေးသွင်းလိုက်သည်နှင့် တပြိုင်နက် သူတို့သည် တခြားမတော်တဆမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ချက်ချင်းလုံးပါးပါးသွားမည်သာမက ယခုလ၏ ချေးငွေပြန်ဆပ်ရန်သည်လည်း ချက်ချင်း အန္တရာယ်ရှိလာပေမည်။

"ယောက်ျား..."

သူ ငေးငိုင်နေသည်ကို မြင်သောအခါ ဝမ်ဝမ်က စိုးရိမ်တကြီး လှမ်းခေါ်လိုက်ပြီး သူမ၏လက်သည် သူတို့ နှစ်ဦးလုံး မျှော်လင့်စောင့်စားနေသော ကလေးလေး ကြီးထွားနေသည့် သူမ၏ဝမ်းဗိုက်အောက်ပိုင်းကို ခပ်ဖွဖွ ပွတ်သပ်လိုက်၏။

ချန်အန်းသည် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာပြီး စိုးရိမ်ပူပန်မှုနှင့် မှီခိုအားထားလိုမှုများ ပြည့်နှက်နေသော သူ့ဇနီး၏ မျက်လုံးများနှင့် ဆုံတွေ့လိုက်ရသည်။ ထို့ပြင် အနာဂတ်အတွက် သူတို့၏ မျှော်လင့်ချက်ကို သယ်ဆောင်ထားသည့် အနည်းငယ် ဖောင်းမို့နေသော သူမ၏ဝမ်းဗိုက်ပေါ်မှ လက်ကို သူ မြင်လိုက်ရသည်။

တွက်ချက်မှုများနှင့် ချိန်ဆမှုများ အားလုံးသည် ဤအခိုက်အတန့်တွင် အလွန်ဖြူရော်ပြီး အေးစက်နေပုံ ရလေ၏။

ထိုကလေးသည် သူ၏သွေးသားအရင်းအချာပင်။

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး သူ၏နှလုံးသားထဲတွင် ဖြစ်ပေါ်လာသော ခါးသက်သက်ခံစားချက်နှင့် ထိတ်လန့်မှုတို့ကို ဖိနှိပ်ထားလိုက်သည်။ သူသည် ဝမ်ဝမ်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ၏အသံကို တည်ငြိမ်ကာ အားထားရလောက်အောင် ဖြစ်စေရန် ကြိုးစားလေသည်။

"စိတ်မပူပါနဲ့... ပိုက်ဆံကိစ္စ ကိုယ် ဖြေရှင်းလိုက်မယ်... မင်းနဲ့ ကလေးက အရေးအကြီးဆုံးပဲ... ကိုယ် အခု သွားရှင်းလိုက်မယ်..."

သူက စိတ်အေးစေမည့် အပြုံးတစ်ခုကို အတင်းအကြပ် ဖန်တီးလိုက်၏။

သူ မတ်တတ်ရပ်လိုက်ပြီး သူ၏ လှုပ်ရှားမှုများကိုပင် ပေါ့ပါးနေပုံပေါ်အောင် တမင်သက်သက် ပြုလုပ်လိုက်သည်။

သို့သော် ငွေသွင်းကောင်တာဆီသို့ လှည့်လိုက်ချိန်၌ သူ၏ ခြေလှမ်းများသည် မယုံနိုင်လောက်အောင် လေးလံနေပြီး ခြေလှမ်းတိုင်းသည် ဓားသွားပေါ်တွင် နင်းရသကဲ့သို့ ခံစားရသည်။

ထိုယွမ်ရှစ်ထောင်သည် ပိုက်ဆံသက်သက် မဟုတ်ချေ။ ဤသည်က ဤထူးဆန်းသော နယ်မြေထဲရှိ သူ၏ နည်းပါးသော လုံခြုံမှုခံစားချက်လေးပင်။

ယခု၌မူ ထိုငွေကို သူကိုယ်တိုင် ပေးအပ်ရတော့ပေမည်။

ထိုငွေများ ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် ယခုလ၏ ချေးငွေကို မည်သို့ ပြန်ဆပ်ရမည်မှန်း သူ မသိတော့ချေ။

မည်သို့ လုပ်ရမည်နည်း...

အမှန်တကယ်ပင် မည်သို့ ဆက်လုပ်ရမည်ကို သူ စဉ်းစား၍ မရတော့ပေ။

သူ၏လက်ချောင်းသည် ဖုန်းမျက်နှာပြင်ပေါ်ရှိ "ငွေပေးချေမှုကို အတည်ပြုပါ" ဟူသော ခလုတ်ပေါ်တွင် ရစ်ဝဲနေပြီး အနည်းငယ် တုန်ယင်နေကာ အချိန်အတော်ကြာသည်အထိ မနှိပ်နိုင်ခဲ့ချေ။

ချွေးစေးများသည် သူ၏နဖူးမှ စီးကျလာပြီး နားသယ်စပ်တလျှောက် တစက်စက်ကျနေသည်။ တစ်ဖက်တွင် ကုသမှုလိုအပ်နေသော သူ၏ဇနီးနှင့်ကလေးသည် ဆေးရုံကုတင်ပေါ်တွင် ရှိနေပြီး တခြားတစ်ဖက်တွင် သူ၏ ခေါင်းပေါ်တွင် ချိတ်ဆွဲထားကာ ပြုတ်ကျလုနီးပါး ဖြစ်နေသည့် ချေးငွေခေါင်းဖြတ်စက်ကြီး ရှိနေလေ၏။

ပစ္စုပ္ပန်ကို ကယ်တင်မလား... ဒါမှမဟုတ် အနာဂတ်ကို ကာကွယ်မလား...

ထိုသို့မဟုတ်ပါက ပို၍မှန်ကန်အောင် ပြောရလျှင် ဤမျှော်လင့်ချက်မဲ့နေသော နယ်မြေထဲတွင် သူတို့အတွက် အနာဂတ် ဆိုသည်မှာ ရှိပါ့သေးသလော...

"လူကြီးမင်း... ရှင်းမှာလား... မရှင်းဘူးလား... အနောက်မှာ စောင့်နေတဲ့သူတွေ ရှိသေးတယ်..." ကောင်တာအတွင်းရှိ ဝန်ထမ်းက စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက်ရာ သူမ၏အသံမှာ မှန်မှတဆင့် အနည်းငယ်တိုးညှင်းနေသည်။

ဤတိုက်တွန်းမှုသည် အပ်တစ်ချောင်းအလား သူ၏ နောက်ဆုံးတွေဝေနေမှုကို ဖောက်ထွက်သွားလေ၏။

သူ မျက်လုံးများကို မှိတ်လိုက်ရာ သူ၏ စိတ်ထဲတွင် ဝမ်ဝမ်၏ ဖြူရော်ပြီး ထိခိုက်လွယ်သော မျက်နှာနှင့် သူမ၏ဝမ်းဗိုက်ကို ကာကွယ်ထားသည့် မသိစိတ်မှ အကြည့်များ ဖြတ်ပြေးသွားသည်။

သူ ဆက်လက်၍ စိတ်ပူနေ၍ မရတော့ချေ။ ဤအခက်အခဲကို သူ အရင်​ဆုံး ကျော်ဖြတ်ရပေမည်။

သူ မျက်လုံးများကို ပြတ်သားစွာ ဖွင့်လိုက်ရာ သူ၏ မျက်လုံးများ သွေးရောင်လွှမ်းနေပြီး မျှော်လင့်ချက်မဲ့သော စိတ်ပိုင်းဖြတ်မှုတစ်ခုဖြင့် သူ၏ နှလုံးသားကို ထိတ်လန့်စွာ ခုန်ပေါက်သွားစေသည့် ခလုတ်ကို ပြင်းပြင်းထန်ထန် နှိပ်လိုက်၏။

【ငွေလွှဲခြင်း အောင်မြင်ပါသည်...၈၀၀၀ ယွမ်】

အသိပေးသံ ထွက်ပေါ်လာကာ ကြည်လင်ပြတ်သားသော်လည်း သေမင်းခေါ်သံတစ်ခုနှင့် တူညီနေသည်။

ဖုန်းမျက်နှာပြင်ပေါ်တွင် ချက်ချင်းနည်းပါးသွားသော လက်ကျန်ငွေကို သူ ကြည့်လိုက်ကာ သူ၏ ကိုယ်ပိုင် အသက်စွမ်းအင် အများအပြား ထိုအရာနှင့်အတူ စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ယခုလ၏ချေးငွေ... သူ ဆက်မတွေးရဲတော့ချေ။

ထုံထိုင်းသွားပုံရသော သူ၏ ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ လူနာခန်းဆီသို့ ပြန်လှည့်ရုံသာ တတ်နိုင်တော့သည်။

ချန်အန်း ဤမျှထိ ပင်ပန်းနွမ်းနယ်နေသည်ကို မြင်သောအခါ ဝမ်ဝမ်သည် သူ၏ မျက်နှာကို နာကျင်ကြေကွဲသောအမူအရာဖြင့် ပွတ်သပ်လိုက်၏။ ချန်အန်းသည်လည်း ဝင်ဝမ်၏မျက်နှာကို ထပ်တူနာကျင်ကြေကွဲသောအမူအရာဖြင့် ပြန်လည်၍ ပွတ်သပ်လိုက်၏။

"အဆင်ပြေပါတယ်... ငါတို့ ဒါကို ကျော်ဖြတ်နိုင်မှာပါ..."

သူ ဤစကားများကို ပြောလိုက်သော်လည်း သူ၏စိတ်နှလုံးသားထဲတွင် မည်သည့်ယုံကြည်မှုမျှ မရှိချေ။ သို့သော် သူ မပြောလျှင် တခြား မည်သို့လုပ်နိုင်မည်နည်း။

ယခုလ၏ချေးငွေအား မည်သို့ ဖြေရှင်းရမည်ကိုလည်း သူ မသိသလို အလုပ်ဖြုတ်ခံရရန်ပင် ဖြစ်နိုင်ချေ ရှိနေသည်။ အလုပ်ထုတ်သည့် နစ်နာကြေးကို အသုံးပြု၍ ချေးငွေကို ပြန်ဆပ်၍ ရကောင်း ရနိုင်ပေမည်။ သို့သော် သူတို့ နှစ်ယောက်လုံးအတွက် လျော်ကြေးငွေက လုံလောက်မည်လားဆိုသည်ကိုမူ သူ မသိချေ။

အနာဂတ်က အလွန်အမင်း မှောင်မိုက်နေပြီး မည်သည့်လမ်းကို သွားရမှန်း သူ မသိတော့ချေ။ အကယ်၍ သူ အလုပ်ဖြုတ်ခံရပါက လီကျဲ့ ၏လမ်းကြောင်းကို လိုက်နာ၍ အစားအသောက် သွားပို့ရန်သာ ရှိတော့သည်။

အနည်းဆုံးအနေဖြင့် ထိုအလုပ်တွင် အလုပ်ဖြုတ်ခြင်းများ မရှိနိုင်ပေ။

All Chapters