အခန်း ၃၈၂
Vol. 39 Ch. 382
အပိုင်း (၃၈၂)
ကျုံးရှန်၏ စိတ်နှလုံးမြားသည် ဟွာထျန်းကိုတိုက်ရိုက်ထိမှန်သွား၏။"အား..." "ငါ့ရဲ့ အသိစိတ်... ငါ့ရဲ့ စိတ်နှလုံး..." ဟွာထျန်း၏ နာကျင်စွာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သံသည် ကျယ်လောင်စွာထွက်ပေါ်လာသည်။ သူ၏အော်သံသည် ဟင်းလင်းပြင်အတွင်းပဲ့တင်ထပ်သွားကာ ငရဲကမ္ဘာအတွင်းရှိ သတ္တဝါအားလုံး၏စိတ်ဝိညာဉ်အတွင်းသို့ဝင်ရောက်သွားလေသည်။ ငရဲသက်ရှိများသည် ထိုကျယ်လောင်သောအသံကြောင့် တုန်လှုပ်ချောက်ချားသွားကြသော်လည်း မဟာကမ္ဘာအဆင့်တိုက်ပွဲ၏ အခြေအနေအစစ်အမှန်ကိုမူ လုံးဝ နားလည်နိုင်ကြခြင်းမရှိချေ။ ကျုံးရှန်သည် စိတ်နှလုံးမြှားကိုသာ ပစ်လွှတ်ခဲ့ခြင်းဖြစ်သော်လည်း ဟွာထျန်းတစ်ယောက် ဒဏ်ရာရရှိသွားပြီဖြစ်သည်။ ထိုအခါ ငရဲကမ္ဘာကြီးတစ်ခုလုံး၏ ကျုံးရှန်အပေါ် ဖိနှိပ်ထားသော စွမ်းအားများသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထိုအဖြစ်ကိုမြင်လျှင် ကျုံးရှန်သည် နှုတ်ခမ်းထောင့်ကို အသာအယာ ကွေးညွတ်ကာ လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။ သူသည် ဟွာထျန်းနှင့် ဆက်လက် တိုက်ခိုက်လိုစိတ် မရှိတော့ချေ။ ဟွာထျန်းသည် ရာဂဏန်းမျှရှိသော ငရဲမဟာကမ္ဘာကြီး၏ယွမ်စွမ်းအင်ယူနစ်များကို နောက်ခံအဖြစ် ပိုင်ဆိုင်ထားသော်လည်း ကျုံးရှန်သည်သူ့ကိုမကြောက်ပေ။ဟွာထျန်းကို အမြစ်ပြတ် သတ်ဖြတ်ရန်အတွက် စွမ်းအား အနည်းငယ် လိုအပ်နေသေးသောကြောင့်သာဖြစ်သည်။ ထို့အပြင် အကယ်၍ ဟွာထျန်းသည် အတိတ်ကာလမှ ဝမ်ရှန့်နတ်ဘုရား ကမ္ဘာ့အသိစိတ်ကဲ့သို့ သူ့ကို ကြောက်လန့်သွားကာ အတူတူ သေဆုံးမည့် နည်းလမ်းများကို အသုံးပြုလာမည်ကို ကျုံးရှန်တစ်ယောက်မလိုလားချေ။ ထိုအခြေအနေသို့အမှန်တကယ်ကျရောက်လာပါက ကျုံးရှန်အတွက် အမှန်တကယ်အနှောင့်အယှက် ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ကျုံးရှန်သည် အခြေအနေပိုပြီးမဆိုးရွားစေရန် ဆက်လက်တိုက်ခိုက်ခြင်းကိုရပ်တန့်လိုက်သည်။ သို့သော်လည်း သူသည် ဟွာထျန်းကို လုံးဝအလျော့ပေးလိုက်ခြင်းမျိုးမဟုတ်ပါချေ။ ဟွာထျန်းသည် ယွမ်စွမ်းအားယူနစ် ရာဂဏန်းမျှရှိသော မဟာကမ္ဘာတစ်ခု၏ကိုယ်ပွားသိစိတ် ဖြစ်၏။
သူ့ကိုဝါးမြိုနိုင်ပါက မြောက်မြားစွာသောယွမ်စွမ်းအားယူနစ်များရရှိလာမည်ဖြစ်သည်။ သို့ဖြင့် ယခုအချိန် အမြစ်ပြတ်မရှင်းနိုင် သေးလျှင်ပင် အနာဂတ်တွင် ဖြေရှင်းသွားရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ကျုံးရှန်သည် ဟွာထျန်းကိုချန်ထားခဲ့ကာ ငရဲကမ္ဘာ၏ဟင်းလင်းပြင်နယ်မြေအတွင်းတစ်နေရာ၌ ပြန်၍ပေါ်လာခဲ့သည်။ ငရဲကမ္ဘာ၏ကြီးမားလှသော ဖိနှိပ်မှုများကြောင့် သူ၏ စွမ်းအားများသည် အနည်းငယ် ကျဆင်းသွားရသည်။ သို့သော်လည်း ကျုံးရှန်သည် ဖိနှိပ်မှုများအောက်တွင်ပင် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် ငရဲမဟာကမ္ဘာတို့၏ ဆုံမှတ်နေရာသို့ဦးတည်လိုက်သည်။ အကြိမ်အနည်းငယ်ခန့်နေရာကူးပြောင်းပြီးနောက်တွင် သူသည် အောင်မြင်စွာ ရွှေ့ပြောင်းရောက်ရှိသွားသည်။ ထို့နောက် ကျုံးရှန်သည် သူ၏ရှေ့မှောက်ရှိနဂါးပုံသဏ္ဌာန် တံဆိပ်ခတ်နှိပ်မှုများဖြင့် ပြည့်နှက်နေသောသိပ်သည်းထူထပ်လှသည့် မဟာကမ္ဘာ့အတားအဆီးကိုကြည့်လိုက်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့သွားနိုင်မည့် အက်ကြောင်းများကို စတင်ရှာဖွေလိုက်တော့သည်။……တစ်ချိန်တည်းတွင်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်အတွင်း၌။ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေသည်ကြီးမားသော အကျပ်အတည်းတစ်ခုအတွင်းသို့ ကျရောက်နေပြီဖြစ်၏။ မြောက်ပိုင်း ဓားကုန်းမြေတိုက်တိုက်၏ ရှေ့တန်းအခြေစိုက်စခန်းနှင့် နန်ယန်စီရင်စုရှိ ဂိုဏ်း၏ဌာနချုပ်တို့သည် အစွမ်းထက်သော အင်အားစုများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရကာ ကာကွယ်ရေးအစီအရင်ကြီးသည်ပင် တုန်ခါနေပြီး အစီအရင် ပြင်ပတွင်လည်း အလောင်းများ ပြည့်နှက်နေသည်။ အလောင်းထဲမှအနည်းငယ်မျှသာ ထျန်းဂိုဏ်း၏ တပည့်များ ဖြစ်ကြပြီး အလောင်းအများစုသည် မသိရသေးသော အင်အားစုများ၏ အလောင်းများ ဖြစ်သည်။သို့သော်လည်း တစ်ဖက်ရန်သူတွင် လူအင်အား မြောက်မြားစွာ ရှိနေသဖြင့် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေမှ လူများသည် တိုက်ခိုက်ခြင်း အခြေအနေမှ ခုခံခြင်း အခြေအနေသို့ ကျရောက်နေကာ ယခုအချိန်တွင် အစီအရင်ကြီး နှစ်ခု၏ ပြင်ပတွင် အစွမ်းထက်ပုဂ္ဂိုလ် မြောက်မြားစွာ၏ ဝိုင်းရံထားခြင်းကိုခံနေကြရသည်။ ပိတ်မိခံနေရသည့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ ကျင့်ကြံသူများထဲတွင် သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များပင် ပါဝင်နေပြီးနိယာမနယ်ပယ်ကျင့်ကြံသူများမှာမူ သန်းနှင့်ချီ၍ ရှိနေသည်။ မြောက်ပိုင်းဓားကုန်းမြေတိုက်တွင် ကြယ်တာရာမြို့တော်အချို့ကို တည်ဆောက်ထားခဲ့ကာ မိစ္ဆာသူတော်စင် သိန်းချီနှင့် ဖာဟိုင်၏ ကိုယ်ပွားတို့ စောင့်ကြပ်နေကြသည်။ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ ဌာနချုပ်တွင် ရွေ့ဝူတိ၊ ကျုံးကျဲ၊ ကျုံးထျန်းယွဲ့၊ ကျုံးချီမင် စသူတို့ စောင့်ကြပ်နေကြခြင်းဖြစ်သည်။ ဂိုဏ်းကာကွယ်ရေး အစီအရင်ကြီးသည် ကျုံးရှန် ချန်ရစ်ထားခဲ့သော တောင်ပိုင်းမီးတောက် အစီအရင် ဖြစ်ကာ နန်ယန်စီရင်စုတစ်ခုလုံးကို ချိတ်ဆက်ထားသည်။ အစီအရင်သည် အနီးနားရှိ မြေကမ္ဘာမီးတောက်များကို စွမ်းအင်အဖြစ် စုပ်ယူပြီး တည်မြဲနေခြင်းဖြစ်သော်လည်း ရွေ့ဝူတီနှင့် အခြား အစွမ်းထက်ပုဂ္ဂိုလ်များစောင့်ကြပ်နေကြသောကြောင့်သာ ကျရှုံးခြင်းမရှိဘဲ ဆက်လက် ခုခံထားနိုင်ခြင်း ဖြစ်သည်။ ရေရှည်တွင် မည်သည့် အလှည့်အပြောင်းမျှ ရှိမလာပါက သူတို့သည်လည်း ဤနေရာတွင် ပိတ်မိကာ သေဆုံးသွားကြရပေမည်။ ယခုအချိန်တွင် မြောက်ပိုင်းဓားကုန်း မြေတိုက်၏ ကြယ်တာရာမြို့တော် ကောင်းကင်ယံထက်၌ အစစ်အမှန် နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ်အချို့သည် မြို့ကာကွယ်ရေး အစီအရင်၏ ပြင်ပတွင် ရပ်တန့်နေကြသည်။ "ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ... လက်နက်ချ အညံ့ခံပါ..." "ဒီတစ်ကြိမ်မှာ ငါတို့ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရဲ့ ထိပ်သီးဂိုဏ်းကြီး ဆယ်ခုက မင်းတို့ကို နှိမ်နင်းဖို့ ပူးပေါင်းလိုက်ပြီ..." "ဘယ်လို အပြောင်းလဲမှရှိလာမှာ မဟုတ်ဘူး..." "မင်းတို့တွေက တစ်ချိန်က မျိုးနွယ်ခြားတွေကို ခုခံဖူးတာကို ထောက်ထားလို့သာ မဟုတ်ခဲ့ရင် အလယ်အလတ်ကမ္ဘာရဲ့ စွမ်းအားကို အသုံးပြုပြီး မင်းတို့ရဲ့ ကြယ်တာရာမြို့တော်ကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်လိုက်တာကြာပြီ..." စိမ်းပြာရောင် တိမ်တိုက်ပုံစံ ဝတ်ရုံကို ဆင်မြန်းထားသော အဘိုးအိုတစ်ဦးသည် လေထဲမှ လှမ်း၍ အော်ဟစ်လိုက်သည်။အနှီအဘိုးအို၏ ကျင့်ကြံခြင်းအဆင့်သည် ကြောက်မက်ဖွယ်ကောင်းလှ၏။ သူသည် နတ်ဘုရား အဆင့် ၃ သို့ ရောက်ရှိနေပြီ ဖြစ်သည့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် အဆင့်တစ်ရှိသော ချင်းယွမ်ဂိုဏ်း ၏ လက်ရှိ ဂိုဏ်းချုပ် ဖြစ်သည်။ ရှီယွင်ထျန်း။ ထိုအချိန်တွင် ကြယ်တာရာမြို့တော်အတွင်းမှ ကြီးမားလှသော ကြောင်ကြီးတစ်ကောင်၏ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ "မြောင်..." "အဘိုးကြီးယွင်ထျန်း... စကားအပိုတွေ ပြောမနေနဲ့... တိုက်ချင်ရင် တိုက်လိုက်စမ်း..." "ငါ ကျူးကျီက မင်းကို မကြောက်ဘူး..." "အေး...သခင် ပြန်လာတဲ့အခါကျရင်... မင်း ပြာဖြစ်ပြီသာမှတ်..." ရှီယွင်ထျန်းကို ပြန်လည် ပြောဆိုလိုက်သူသည် ကျုံးရှန်၏အချစ်တော်ကြောင် ကျူးကျီပင် ဖြစ်သည်။
ကျူးကျီသည် နှစ်အနည်းငယ်အတွင်း သူတော်စင် အဆင့် ၆သို့ ရောက်ရှိသွားခဲ့ကာ အချိန်နှင့် ဟင်းလင်းပြင် အသုံးပြုမှုကို ပိုမို ကျွမ်းကျင်လာပြီဖြစ်သည်။ သို့သော်လည်း စွမ်းအားချင်း နှိုင်းယှဉ်ပါက သူသည် နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ်၏ ပြိုင်ဘက် မဟုတ်သေးပေ။ "ဟမ့်... မာနကြီးလှတဲ့ ကြောင်စုတ်..." "မင်းရဲ့ သခင်ဆိုတဲ့ကောင်က လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းက နာမည်နည်းနည်း ရှိခဲ့တဲ့ သူတော်စင်အဆင့်တစ်ယောက်ပဲ...ပြောပလောက်စရာ မရှိဘူးရယ်..." "အခု... ငါက မင်းရဲ့ သခင်ကိုယ်စား မင်းကို အရင်ဆုံး ဆုံးမပေးရတာပေါ့..." ရှီယွန်းထျန်းသည် မုတ်ဆိတ်မွေးများကို လက်ဖြင့်သတ်လိုက်ပြီး ဒေါသဖြစ်စွာဖြင့် ပြောဆိုလိုက်သည်။ မိစ္ဆာသူတော်စင်တစ်ကောင်၏ အထင်သေးခြင်းကို ခံလိုက်ရသဖြင့် သူသည် အလွန်ဒေါသထွက်သွားလေသည်။ ထို့ကြောင့် သူသည် ကျူးကျီ၏ ပုံရိပ်ယောင်ဆီသို့ လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ယင်းကို ဖမ်းဆီးသတ်ဖြတ်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် မြို့အတွင်းမှ ကျယ်လောင်သော နဂါးဟောက်သံတစ်ခု ထွက်ပေါ်လာကာ ရွှေနဂါးတစ်ကောင်ကို စီးနင်းထားသော လူရိပ်တစ်ခုသည် ကောင်းကင်ယံသို့ ပျံတက်လာ၏။ရွှေနဂါး၏ ဦးခေါင်းထက်တွင် သန့်စင်သည့် ဝတ်ရုံဖြူကို ဆင်မြန်းထားသော ဘုန်းတော်ကြီးငယ်တစ်ပါး ထိုင်နေသည်။ ယင်းသည် ဖာဟိုင်၏ ရုယီကိုယ်ပွား ဖြစ်သည်။ ဖာဟိုင်၏ အနှီကိုယ်ပွားသည် မည်သို့ ကျင့်ကြံခဲ့သည်ကို မသိရသော်လည်း နတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်ထိတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရွှေရောင် တောက်ပနေသော ဗုဒ္ဓဓာတ်တော် သည် ကြီးမားသော စွမ်းအားများကို ထုတ်ဖော်နေကာ သူသည် လွတ်မြောက်ခြင်းအဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။ လွတ်မြောက်ခြင်းအဆင့်သည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်ရောက်ရှိနေသောအဆင့်သာ ဖြစ်လေသည်။ ထိုအဆင့်သို့ ရောက်ပါက ဗုဒ္ဓအရှင်မြတ်ဟူသည့် ဂုဏ်ဒြပ်ကို ရရှိကာ မဟာကမ္ဘာ၏ ကန့်သတ်ချက်များကို ကျော်လွန်သွားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေမည်။ ဖာဟိုင်ကိုယ်ပွားသည် ရွှေနဂါးကို စီးနင်းကာ ကောင်းကင်သို့ပျံသန်းလာပြီး ရှီယွင်ထျန်းဆီသို့ လက်ဝါးတစ်ချက်ကို အသာအယာ ပြန် ရိုက်ထုတ်လိုက်သည်။"မဟာနဂါးစွမ်းအား..." ရွှေရောင် နဂါးကြီးတစ်ကောင်သည် သူ၏ လက်ဝါးအတွင်းမှ ထွက်ပေါ်လာကာ ရှီယွင်ထျန်းဆီသို့ ပြင်းထန်စွာကျဆင်းသွားသည်။"ကတုံး... မင်း နောက်တစ်ခါ ပြန်လာပြန်ပြီလား..." ရှီယွင်ထျန်းသည် မကျေမနပ်ဖြင့် အော်ဟစ်လိုက်ကာ ကျူးကျီကိုရိုက်သတ်ရန်ဆန့်ထုတ်ထားခဲ့သည့် လက်ဝါးကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဖာဟိုင်းကိုယ်ပွား၏ မဟာနဂါးစွမ်းအား လက်ဝါးကို အစွမ်းကုန် ပြန်လည် ခုခံလိုက်ရသည်။ရှီယွင်ထျန်းသည် ဖာဟိုင်၏လက်ချက်ကြောင့် အကြိမ် အတော်များများအထိနာခဲ့ဖူးသဖြင့် ယခုတစ်ကြိမ်တွင် သူသည် အထူးပင် သတိထားနေခဲ့သည်။ ထို့ကြောင့်ဖာဟိုင် ရိုက်ထုတ်လိုက်သော မဟာနဂါးစွမ်းအား လက်ဝါးကို ရင်ဆိုင်ရသောအခါတွင် မည်သည့်ပေါ့ဆမှုမျှ မပြုရဲချေ။ သူသည် ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ကမ္ဘာ၏ စွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်လိုက်ကာ မိုးကောင်းကင်ကို ပင့်မထားနိုင်သော ဧရာမလက်ဝါးကြီးတစ်ခု ဖွဲ့စည်းလိုက်ပြီး ရွှေနဂါးကို ဖမ်းဆုပ်ရန် စေလွှတ်လိုက်သည်။သူ၏ သူတော်စင်ကမ္ဘာသည် အလွန်ပင် ခိုင်မာသိပ်သည်းလှကာ ကမ္ဘာငယ် အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူထုတ်ဖော်လိုက်သည့် ယခုတိုက်ခိုက်မှုတွင် သူတော်စင်ကမ္ဘာငယ်၏ မူလဇစ်မြစ်စွမ်းအားများလည်း ပါဝင်နေသည်။ ထိုစွမ်းအားများသည် ငရဲကမ္ဘာအတွင်းရှိ ငရဲငယ်အရှင်သခင်များကဲ့သို့ ကမ္ဘာငယ်တစ်ခု၏ မူလဇစ်မြစ်ထံမှ အသိအမှတ်ပြုထားခံရခြင်းမျိုး ဖြစ်သည်။ ရှီယွင်ထျန်းသည် ကမ္ဘာငယ်တစ်ခု၏ စွမ်းအားများကို ထုတ်ဖော်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ဖာဟိုင်၏ ရွှေနဂါးနှင့် မိုးကောင်းကင်ကို ပင့်မထားနိုင်သော လက်ဝါးကြီးတို့သည် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံသွားကြသည်။ ထိုအခါ ကောင်းကင်နှင့် မြေကြီးကြားတွင် တိတ်ဆိတ်ငြိမ်သက်မှုဖြင့် လွှမ်းခြုံသွားကာ ထို့နောက်တွင် အားကောင်းလှသော တန်ပြန်ရိုက်ခတ်မှု စွမ်းအားများသည် အရပ်မျက်နှာအနှံ့သို့လွှမ်းခြုံတိုက်ခတ်သွားသည်။ တုန်ပြန်ရိုက်ခတ်အားသည် အလွန်ပြင်းထန်လွန်းလှပြီး မြောက်ပိုင်းဓားကုန်းမြေတိုက်ရှိ တောင်ထွတ်များစွာကို ဖြိုချပစ်လိုက်ကာရေကန်များကို ချိုင့်ဝှမ်းများအဖြစ်သို့ ပြောင်းလဲသွားစေသည်။ နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ၏ တိုက်ပွဲဂယက်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို ပြင်းထန်သော ပျက်စီးမှုများ ဖြစ်ပေါ်လာစေခြင်းပင်ဖြစ်သည်။ နတ်ဘုရားအဆင့်များ၏ ပေါ့ပါးသော တိုက်ခိုက်မှုတစ်ခုသည် ပြည်နယ်တစ်ခုလုံးကို ထိခိုက်စေခြင်းမှာ သာမန်ကိစ္စတစ်ရပ်သာ ဖြစ်သည်။ မြောက်ပိုင်းဓားကုန်းမြေတိုက်တွင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ ကြယ်တာရာမြို့တော်ကြီး ငါးမြို့မှလွဲ၍ လူသူကင်းမဲ့နေပြီဖြစ်သည်။ မြောက်ပိုင်းဒေသ၏ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ရက်ပေါင်းများစွာကြာမြင့်လှပြီဖြစ်ကာ ပြည်နယ်တစ်ခု နီးပါးရှိသော မိုင်သန်းချီ ကျယ်ဝန်းသည့် ဧရိယာသည် ပြင်းထန်သော တိုက်ခိုက်မှုများကြောင့်လယ်ထွန်သကဲ့သို့ဖျက်ဆီးရှင်းလင်းခံထားရသည်။ ကြယ်တာရာမြို့တော်၏ အစီအရင်သည် နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ၏ တိုက်ပွဲဂယက်ကို ခုခံနိုင်စွမ်း ရှိနေခြင်းကြောင့်သာ ကြယ်တာရာမြို့ကြီးများကျန်ရှိနေခြင်းဖြစ် လေသည်။