အခန်း ၃၈၃
Vol. 39 Ch. 383
အပိုင်း (၃၈၃)
မဟာနဂါးစွမ်းအား လက်ဝါးနှင့် မိုးကောင်းကင်ကို ပင့် မထားနိုင်သော လက်ဝါးကြီးတို့၏ ထိပ်တိုက်တွေ့ဆုံမှုသည် နောက်ဆုံးတွင် အချင်းချင်း ချေဖျက်သွားကြ၏။ ဖာဟိုင်သည် ရွှေနဂါးပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် မလှုပ်မယှက် ဆက်လက် ရှိနေဆဲ ဖြစ်သော်လည်း တစ်ဖက်ရှိ ရှီယွင်ထျန်း၏ မျက်နှာသည် ဖြူရော်သွားကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။ ထိပ်တိုက်ရင်ဆိုင်မှုတွင် သူသည် မိမိ၏ သူတော်စင်ကမ္ဘာ စွမ်းအားကို အသုံးပြုခဲ့ခြင်းဖြစ်သည်။သို့သော် ယခုအချိန်တွင် သူ၏ သူတော်စင်ကမ္ဘာသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေကာ ပြင်းထန်သော ဒဏ်ရာ ရရှိသွားခဲ့သည်။ ထိုကြောင့် သူတော်စင်ကမ္ဘာ၏ မူလဇစ်မြစ်နှင့် ဆက်စပ်နေသည့် ရှီယွင်ထျန်းသည်လည်း သဘာဝကျစွာပင် အတွင်းဒဏ်ရာ ရရှိသွားလေသည်။ "မဖြစ်နိုင်ဘူး... မင်းက နတ်ဘုရားအဆင့် အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်ပဲ ရှိတာကို... ဘာလို့ တိုက်ခိုက်မှု တစ်ချက်တည်းနဲ့ ငါ့ရဲ့ကမ္ဘာငယ်ကို ဒဏ်ရာရစေနိုင်တာလဲ..."ဖာဟိုင်းသည် ရှီယွင်ထျန်း၏အမေးစကားကိုကြားသော်လည်း ပြုံးရုံသာပြုံးနေခဲ့ပြီး စကားတစ်ခွန်းမျှ မဆိုချေ။ ထို့နောက် သူသည် ရုတ်တရက် လေထဲသို့ ပျံတက်သွားကာ ရွှေနဂါး၏ ခေါင်းပေါ်တွင် ခြေတစ်ဖက်တည်းဖြင့် ရပ်တန့်လိုက်သည်။"ဒကာကြီးက အစွဲအလမ်း ကြီးလွန်းတော့ အမှန်တရားကို နားမလည်နိုင်ဘူး ဖြစ်နေတယ်..." "ကိုယ်တော်ကပဲ ဒကာကြီးကို လွတ်မြောက်ခြင်းရှိရာကို ပို့ပေးရမလား..." ဖာဟိုင်သည် လွတ်လပ်ပေါ့ပါးစွာဖြင့်မေးမြန်းလိုက်၏။ ဖာဟိုင်သည် ချောမောလွန်းလှသော အကျင့်ပျက်နေသည့် ဘုန်းကြီးတစ်ပါးနှင့် တူနေကာ နတ်ဘုရားအဆင့် ရဟန်းမြတ်တစ်ပါး၏ ခန့်ညားထည်ဝါသော အသွင်အပြင်မျိုး လုံးဝ မရှိပါချေ။ စကားသံအဆုံးတွင် ဖာဟိုင်၏တစ်ကိုယ်လုံးသည် ရွှေနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ သူစီးနင်းထားသော ရွှေနဂါးနှင့် တစ်သားတည်း ပေါင်းစပ်သွားပြီး ဟိန်းဟောက်လျက် ကောင်းကင်ယံရှိ ရှီယွင်ထျန်းဆီသို့ ပြင်းထန်စွာ တိုးဝင်တိုက်ခိုက်လိုက်တော့သည်။ ဖာဟိုင်၏ စိတ်နှလုံးအတွင်းရှိ မဟာနဂါး ဗုဒ္ဓအသိသည် ဆွဲထုတ်ခံလိုက်ရကာ တစ်စုံတစ်ရာသော စိတ်နှလုံးစွမ်းအားအဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။"မဟာနဂါးမဲ့ ဗုဒ္ဓတရားတော်..." "ဗုဒ္ဓနှလုံးသား လျှို့ဝှက်သိုင်း..." ဖာဟိုင်၏ ရုယီကိုယ်ပွားသည် နဂါးမဲ့ နှလုံးသားကျင့်စဉ်နှင့် တာ့ဝေထျန်းလုံကျင့်စဉ်၏ ဗုဒ္ဓတရားတော်တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်သွားပြီဖြစ်သည်။ ဗုဒ္ဓသဘာဝနှင့် စိတ်နှလုံးစွမ်းအားတို့ကို တစ်သားတည်း ပေါင်းစပ်လိုက်ခြင်း။ ဖာဟိုင်၏ တိုက်ခိုက်မှုသည် ပေါင်းစပ်မှုမှတစ်ဆင့် အနှိုင်းမဲ့ ပြင်းထန်သော တိုက်ခိုက်မှုတစ်ချက်ကို ထုတ်ဖော်လိုက်ခြင်းဖြစ်သဖြင့် ထိုတိုက်ခိုက်မှုမှထွက်ပေါ်လာသော ပြင်းအားသည် နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ကျော်လွန်သွားလေသည်။ အကျဉ်းချုပ်ရသော် ဖာဟိုင်၏ တိုက်ခိုက်မှုသည် လွတ်မြောက်ခြင်းအဆင့်တိုက်ခိုက်မှုတစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိနေခြင်းဖြစ်သည်။ တစ်ဖက်ရှိ ရှီယွင်ထျန်းသည် မိမိထံသို့ တိုးဝင်လာသော ရွှေနဂါးကြီးကိုမြင်လျှင် တိုက်ခိုက်မှု၏ နောက်ကွယ်မှစွမ်းအားကို ခံစားလိုက်မိသည်။ သူသည် ဘေးပတ်လည်ရှိ ဟင်းလင်းပြင် တစ်ခုလုံးမှာ ဖာဟိုင်ဆီမှ တိုးဝင်လာသောတိုက်ခိုက်မှုကြောင့် အေးခဲသွားသဖြင့် ခန္ဓာကိုယ်ပင် လှုပ်ရှား၍မရတော့ဘဲ ထွက်ပြေးရန် မတတ်နိုင်တော့ချေ။ ရှီယွင်ထျန်းတစ်ယောက် အလွန်အမင်း ထိတ်လန့်သွားလေသည်။ သူသည်လည်း ခက်ခဲပင်ပန်းစွာကြိုးစားအားထုတ်ပြီးမှ အစစ်အမှန် နတ်ဘုရားအဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။ နတ်ဘုရားအဆင့် ၃ အထွတ်အထိပ်သို့ ရောက်ရှိရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူ ကျင့်ကြံခဲ့ရကာ သူ၏ စိတ်နှလုံးထဲတွင် လွတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိလိုသော အိပ်မက်များ ရှိနေဆဲ ဖြစ်သည်။ "မလုပ်နဲ့... အားလုံးပဲ... ဘိုးဘေးကြီး... ကျွန်တော့်ကို ကယ်ပါဦး..." "ကျွန်တော် သေသွားရင် ခင်ဗျားတို့လည်း တစ်ယောက်ချင်းစီ လိုက်သတ်ခံရလိမ့်မယ်..." ရှီယွင်ထျန်းသည် ထိတ်လန့်တကြား ဖြင့် အော်ဟစ်လိုက်၏။ "ဘာကို လန့်နေတာလဲ..." ရှီယွင်ထျန်း၏အော်သံအဆုံးတွင် သူနှင့် ဆင်တူသော ဝတ်ရုံကို ဆင်မြန်းထားသည့် အသက်ပိုကြီးပုံရသော တာအိုဘုန်းကြီးအိုတစ်ပါး ကောင်းကင်ယံရှိ မိုးတိမ်မည်းများကြားမှ ဆင်းသက်လာသည်။ တာအိုဘုန်းကြီးသည် သူ၏လက်ထဲရှိ ယပ်တောင်ကို တစ်ချက် ဝှေ့ယမ်းလိုက်ကာ ဖာဟိုင်၏ အနှိုင်းမဲ့ တိုက်ခိုက်မှုဆီသို့ ရိုက်ချက်တစ်ခုထုတ်လွှတ်လိုက်သည်။ ထိုသူသည်လည်း နတ်ဘုရားအဆင့် အထွတ်အထိပ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည်။ သို့သော်လည်း သူ၏ စွမ်းအားသည် ရှီယွင်ထျန်းထက် အနည်းငယ် ပို၍ အစွမ်းထက်နေသည်မှာ သိသာထင်ရှားလှသည်။ထိုသူသည် ချင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းများအနက်မှ တစ်ဦး ဖြစ်သည့်ဂိုဏ်းချုပ်အိုကြီးပင် ဖြစ်သည်။ "ဝင်မတိုက်ကြသေးဘူးလား..." ဂိုဏ်းချုပ်အိုကြီးသည် တိုက်ခိုက်မှုကို ဟန့်တားလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူ၏အသံသည် အားပါလှကာ နားကွဲမတတ် ကျယ်လောင်လှသဖြင့် လေထဲ၌ ရပ်တန့်နေသော နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ် အနည်းငယ်သည် နောက်ဆုံးတွင် သူ၏အသံကြောင့် သတိဝင်လာကာ အသီးသီး ဝင်ရောက် တိုက်ခိုက်ကြ တော့သည်။ သူတို့အားလုံးသည် မိမိတို့၏ အစွမ်းထက်ဆုံးသော နည်းလမ်းများကို အသုံးပြုလိုက်ကြကာ စွမ်းအားများအားလုံးကို တစ်နေရာထဲတွင် စုစည်းသွားစေပြီး ဖာဟိုင်၏ အနှိုင်းမဲ့ တိုက်ခိုက်မှုကို ပူးပေါင်းခုခံလိုက်ကြသည်။ နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုများ ထိပ်တိုက် တွေ့ဆုံသွားလျှင် ကောင်းကင်နှင့် မြေကြီးသည် ငြိမ်သက်သွားကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံး လည်းငြိမ်သက်သွားသည်။ ထို့နောက်တွင် ကမ္ဘာမြေတစ်ခုသည် အသံတိတ် လှုပ်ခတ်သွားပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံး တုန်ခါသွားသည်။ "ဝုန်း... ဒိုင်း..." ပြင်းထန်လှသော ပေါက်ကွဲမှုတစ်ခုသည် မြောက်ပိုင်းဓားကုန်းမြေတိုက်အတွင်း၌ ကျယ်လောင်စွာထွက်ပေါ်လာပြီး ပေတစ်သောင်းမျှ မြင့်မားသော လေပြင်းမုန်တိုင်း မြောက်မြားစွာ ဖြစ်ပေါ်လာသည်။ ထိုလေပြင်းမုန်တိုင်းများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပြင်းထန်စွာ တိုက်ခတ်သွားလျှင် ကြယ်တာရာမြို့တော် အပြင်ဘက်ရှိ မြူခိုးများအားလုံး လုံးဝ ပျောက်ကွယ်သွားကာ ဝိုင်းရံတိုက်ခိုက်နေကြသော အင်အားစုများ၏ ယာယီစခန်းများ ထွက်ပေါ်လာသည်။ သူတို့သည် ကြယ်တာရာမြို့အပြင်ဘက်တွင် အစီအရင်ကြီးများကို တည်ဆောက်ထားပြီး ယာယီစခန်းများကို ကာကွယ်ရန် မြူခိုးအစီအရင်များကိုအသုံးပြုထားကြသည်။သို့သော်လည်း သူတို့၏ အစီအရင်များသည် ကြယ်တာရာ အစီအရင်ကြီးကို မယှဉ်နိုင်သည်မှာ ထင်ရှားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုထွက်ပေါ်လာသောလေပြင်းမုန်တိုင်းအောက်တွင် ထိုအစီအရင်များသည် ဖရိုဖရဲ ဖြစ်သွားကြသောကြောင့်ဖြစ်သည်။ နတ်ဘုရားအဆင့် သိုင်းပညာရှင်များသာ ဝင်ရောက် မကာကွယ်ပေးခဲ့လျှင် ဝိုင်းရံတိုက်ခိုက်နေသော အင်အားစုများ၏ ဆယ်ပုံ ရှစ်ပုံခန့်ပင် ပျက်စီးသွားနိုင်လေသည်။ သို့သည်ပင်လျှင် ဖာဟိုင်၏တိုက်ခိုက်မှုကိုဝင်ရောက် ဟန့်တားခဲ့ကြသော အထွတ်အထိပ် နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ် အချို့သည် ထိပ်တိုက်တွေ့ဆုံမှုမှထွက်ပေါ်လာသော တွန်းကန်အားများကြောင့် တစ်ပြိုင်နက်တည်း နောက်သို့ လွင့်စဉ်သွားကြရသည်။ တိုက်ခိုက်မှုများ ထိပ်တိုက်တွေ့ဆုံရာဖြစ်သည့် ဗဟိုချက်တွင် ရှိနေသော ရှီယွင်ထျန်းသည်မူ ခန္ဓာကိုယ် တစ်ဝက် ပျက်စီးသွားကာ နတ်ဘုရားအမြုတေသည်ပင်လျှင် ပျက်စီးမှုအချို့ ဖြစ်ပေါ်သွားသည်။ ထိုအချိန်တွင် ဖာဟိုင်သည်လည်း လူသားအသွင်သို့ပြန်လည်ပြောင်းလဲသွားပြီဖြစ်သည်။ သူ၏နှုတ်ခမ်းထောင့်တွင် သွေးများ စီးကျလာသော်လည်း ခန့်ညား ချောမောနေဆဲဖြစ်ကာ သူ၏အကြည့်များသည် ကြည်လင်တောက်ပနေ၏။ ဖာဟိုင်သည် အန္တရာယ်နှင့် ကြုံတွေ့ နေရသော်လည်း ကြောက်လန့်ခြင်း မရှိချေ။တစ်ဖက်ရန်သူသည် လူအင်အား များပြားမှုကို အားကိုးမနေခဲ့ပါက ရှီယွင်ထျန်းသည် ဖာဟိုင်၏ တိုက်ခိုက်မှု တစ်ချက်တည်းအောက်တွင်ပင် သေဆုံးသွားပေလိမ့်မည်။ ဖာဟိုင်သည် တစ်ဖက်ရှိရုတ်ရုတ်သဲသဲဖြစ်သွားသောအခြေအနေကိုကြည့်ကာ အသာအယာ ပြုံးလိုက်သည်။ ထို့ကြောင့် အသေအလဲ ဆက်လက် မတိုက်ခိုက်တော့ဘဲ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာကြယ်တာရာ မြို့တော်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။ ဤ ရက်များအတွင်း သူတို့သည် အလှည့်ကျ တိုက်ခိုက်သည့် နည်းဗျူဟာကို အသုံးပြုကာ ရန်သူဂိုဏ်းများကို အပြည့်အဝ တိုက်ခိုက်မှု မပြုလုပ်နိုင်ရန် တားဆီးထားခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က မိစ္ဆာသူတော်စင် တပ်သည် မြို့ပြင် ထွက်၍ တိုက်ခိုက်ခဲ့ကာတစ်ဖက်မှ အစစ်အမှန် နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ သို့သော်လည်း မိစ္ဆာသူတော်စင် တစ်ရာကျော်ခန့်လည်း ကျဆုံးခဲ့ရလေသည်။ယနေ့တွင် ဖာဟိုင်သည် တိုက်ခိုက်မှုအတွင်း မူလစွမ်းအင်အချို့ကို ထိခိုက်နစ်နာခဲ့ရသကဲ့သို့ ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော နည်းဗျူဟာ၏ ရည်ရွယ်ချက်သည် အချိန်ဆွဲရန်အတွက်သာ ဖြစ်ကာ ရေရှည် တိုက်ခိုက်ခြင်းအတွက် အဆင်ပြေမည်မဟုတ်ချေ။ ထို့ပြင် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ရန်သူဂိုဏ်းအင်အားစုများ၏ စစ်ကူများသည်လည်း အဆက်မပြတ် ရောက်ရှိလာနေကာ ဂိုဏ်းအချို့မှ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့သော မိစ္ဆာအိုကြီးများပင်လျှင် စတင် ထွက်ပေါ်လာကြပြီဖြစ်သည်။ ယင်းတို့အထဲတွင် ပိုင်ရွှီနယ်မြေသို့ မဝင်ရောက်ရသေးသော လွတ်မြောက်ခြင်းအဆင့် ကောင်းကင်အရှင် အစွမ်းထက်ပုဂ္ဂိုလ်များပင် ပါဝင်နေ၏။ ဥပမာအားဖြင့် ယခုအချိန်တွင် အရပ်ရှည်ရှည်နှင့် တောင့်တင်းခိုင်မာသော ကတုံး လူသန်ကြီးတစ်ဦးသည် လေထဲတွင် အသံတိတ် ထွက်ပေါ်လာခြင်းမျိုးဖြစ်သည်။ သူ၏ မျက်နှာအမူအရာသည် အလွန် အေးစက် တည်ငြိမ်နေသော်လည်း ခန္ဓာကိုယ်တစ်ကိုယ်လုံးမှ မည်သည့်အရှိန်အဝါမျှ ထွက်ပေါ်နေခြင်းမရှိပေ။
သူသည် သာမန်လူတစ်ဦးနှင့်ပင် တူနေပြီး တိတ်တဆိတ်ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် ထိုပုဂ္ဂိုလ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဂိုဏ်းပေါင်းစုံ မဟာမိတ်တပ်ကြီးတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် အနှီပုဂ္ဂိုလ်သည် ဂိုဏ်းပေါင်းစုံ မဟာမိတ်တပ်အတွင်းရှိ တာ့လီရွှမ်ဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေးကြီး ဖြစ် သောကြောင့်ဖြစ်သည်။ရှေးဟောင်းခေတ်မှ အသက်ရှင် ကျန်ရစ်ခဲ့သော မိစ္ဆာအိုကြီး ဖြစ်သည့်လွတ်မြောက်ခြင်းအဆင့်ရှိ ကောင်းကင်အရှင် အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်သည်။ တာ့လီဆန်းစွန်း။ "အသုံးမကျတဲ့ကောင်တွေ..." "အစစ်အမှန် နတ်ဘုရားအဆင့်တွေ ဒီလောက်များတာတောင်..အချိန်တွေအကြာကြီးယူပြီး ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေရဲ့ မြောက်ပိုင်း ဌာနခွဲကို မချေမှုန်းနိုင်သေးဘူး..." "မင်းတို့တွေ ဘာသုံးစားလို့မှာလဲ..." ထို ကတုံး အစွမ်းထက်ပုဂ္ဂိုလ်ကြီးသည် ကျယ်လောင်စွာ အော်ဟစ် ဆူပူလိုက်လျှင် ဂိုဏ်းပေါင်းစုံ မဟာမိတ်တပ်မှ မည်သူမျှ ပြန်လည် ချေပဝံ့ခြင်းမရှိကြချေ။လွတ်မြောက်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ဆိုသည်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင်ပင် အများအပြားမရှိလှသောကြောင့်ဖြစ်သည်။ ထိပ်သီးဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေးကြီးများသာ လွတ်မြောက်ခြင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကာ အများစုသည် ပိုင်ရွှီနယ်မြေသို့ ဝင်ရောက်ကာ အဆုံးမဲ့ ကမ္ဘာများကို စူးစမ်းရှာဖွေရန် ရွေးချယ်သွားကြပြီဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် နေထိုင်ရန် ဆန္ဒရှိသော ကောင်းကင်အရှင် အစွမ်းထက်ပုဂ္ဂိုလ်များမူ ပို၍ပင် ရှားပါးလှသည်။ထို့ကြောင့် မျက်မှောက်ရှိ အနှီကတုံးကြီးသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေတော့သည်။