အခန်း ၃၈၆
Vol. 39 Ch. 386
အပိုင်း (၃၈၆)
ထိုအချိန်တွင် ရုတ်တရက် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာသည်။ "ငါ့လူတွေကို အနိုင်ကျင့်ရဲတဲ့ကောင်တွေ... အားလုံးကို ချေမှုန်းပစ်မယ်..." ကြည်လင်သော အသံတစ်သံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပီသရှင်းလင်းစွာ ထွက်ပေါ်လာခြင်းဖြစ်သည်။ထို့နောက်တွင် အချိန်နှင့် ဟင်းလင်းပြင်သည် ရပ်တန့်သွားကာ မူလတွင် အတားအဆီးမရှိ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကိုဖိနှိပ်ချေမှုန်းရန်ဦးတည်နေသော ဖွင့်ခြင်း စာလုံးသည် နေရာတွင်ပင် ခဲအေးသွားတော့သည်။ ထိုစာလုံးသည် ရှေ့သို့ အနည်းငယ်မျှပင် ဆက်မတိုးနိုင်တော့ချေ။ ထိုအချိန်တွင် လေပြေတစ်ချက် တိုက်ခတ်သွားကာ ဖွင့်ခြင်း စာလုံးသည် စွမ်းအားများအားလုံး ဆုံးရှုံးသွားသကဲ့သို့ အမှုန့်အဖြစ် ပြိုကွဲ ပျောက်ကွယ်သွားလေသည်။ ထိုအဖြစ်ကိုမြင်လျှင် အသက်စွန့်ရန် ပြင်ဆင်နေကြသော ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေမှ တပည့်များအားလုံး မှင်တက်သွားကြသည်။ "ဘိုးဘေး... ဒါ ဘိုးဘေးရဲ့ အသံပဲ" ကျုံးထျန်းယွဲ့သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ ယခုအချိန်တွင် သူမသည် အရွယ်ရောက်ကာ လှပကျော့ရှင်းသောအမျိုးသမီးငယ်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ သို့သော်သူမ၏ စိတ်နှလုံးထဲတွင် ကျုံးရှန်၏ ဖြစ်တည်မှုသည် အစားထိုး၍ မရနိုင်သော အနှိုင်းမဲ့ပုဂ္ဂိုလ်ဖြစ်သဖြင့် ကျုံးရှန်း၏အသံကိုကြားလျှင် စိတ်လှုပ်ရှားစွာဖြင့်တုန့်ပြန်မိသွားသည်။ အကယ်၍ ထိုအချိန်က ကျုံးရှန်သာ မရှိခဲ့ပါလျှင် သူမသည် ချန်ချန်၏လက်ချက်ဖြင့် ကောင်းကင်သန့်စင် အရိုး တူးထုတ်ခြင်းကို ခံရမည်ဖြစ်ကာ အခွင့်အရေး အားလုံး အလုခံရပေလိမ့်မည်။ ထိုသို့ဖြစ်ခဲ့ပါက သူမသည် ယခုအချိန်ထိအသက်ရှင်နေရန်မှာ မည်သို့မျှဖြစ်နိုင်မည်မဟုတ်ချေ။ ကျုံးရှန်သည် အလင်းတန်းတစ်ခုအလား သူမကို ကယ်တင်ခဲ့ပြီး ဘဝသစ် မျှော်လင့်ချက်များကို ပေးအပ်ခဲ့သူဖြစ်သည်။ "ဘိုးဘေး ပြန်လာပြီ..." "ဘိုးဘေး... ရှောင်ကျဲက ဘိုးဘေးကြီးကို အရှက်မခွဲခဲ့ပါဘူး..." ကျုံးကျဲသည် ကြောင်အမ်းအမ်းဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ "ဆရာ... ဆရာ ပြန်လာပြီ" ရွေ့ဝူတိသည်လည်း တစ်ကိုယ်လုံးရှိ အရှိန်အဝါများကို ရုပ်သိမ်းလိုက်ကာ လူအသွင်ပြန်၍ပြောင်းသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဓားအလင်းတန်းများ ပျောက်ကွယ်သွားကာဘယ်ညာ လိုက်ကြည့်ပြီး ကျုံးရှန်၏ ပုံရိပ်ကို ရှာဖွေရန် ကြိုးစားလိုက်သည်။ သို့သော် ဝမ်းနည်းစရာကောင်းစွာဖြင့် သူသည် ကျုံးရှန်၏အရိပ်အယောင်ကိုပင်မြင်တွေ့ရခြင်းမရှိပေ။ ကျုံးရှန်၏ ယခုလက်ရှိ စွမ်းအားသည် သူတို့ နားလည်နိုင်သော အဆင့်ထက် များစွာ ကျော်လွန်သွားသောကြောင့် ဖြစ်သည်။"ဘယ်သူလဲ" "ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေက အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ ဘိုးဘေး ဆိုတဲ့သူလား" "ဘာလို့ ထွက်မလာတာလဲ"ဝမ်ရှန့်သည် လက်ထဲရှိ စုတ်တံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ အေးစက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။ သူ၏ ဖွင့်ခြင်းစာလုံးသည် ရုတ်တရက် ပြိုကွဲသွားခဲ့သော်လည်း ထိုဖြစ်စဉ်သည် သူ့ကို အထိတ်လန့်ဆုံး ဖြစ်စေခဲ့သည့်အရာ မဟုတ်ချေ။ ဝမ်ရှန့်ကို အမှန်တကယ် ထိတ်လန့်စေသည့်အချက်မှာ သူသည် ထိုနေရာ၌ရပ်နေခဲ့သော်လည်း မည်သည့် ထူးခြားချက်ကိုမျှ မရိပ်မိလိုက်ခြင်း ဖြစ်သည်။ တစ်ဖက်လူသည် သူ၏ ဖွင့်ခြင်း စာလုံးကို မည်သည့် နည်းလမ်းဖြင့် အနိုင်ယူချေမှုန်းသွားသည်ကိုပင် သူ မသိခဲ့ပေ။ ထိုအဖြစ်သည် သူ၏ ကျောရိုးတစ်လျှောက်ကိုအေးစိမ့်သွားစေလေသည်။ မည်မျှအစွမ်းထက်သောပုဂ္ဂိုလ်၏ နည်းလမ်းမှသာ ကောင်းကင်အရှင် တစ်ပါးကို လှည့်စားနိုင်မည်နည်း။ ဝမ်ရှန့်တစ်ယောက် အံ့သြထိတ်လန့်နေချိန်တွင် ကျုံးရှန်သည် သူ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာ၏။
"ဖြန်း" ကျယ်လောင်သော ပါးချသံတစ်ချက်သည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ ကောင်းကင်ယံအထက်၌ပဲ့တင်ထပ်သွားသည်။ ကျုံးရှန် ပေါ်လာပြီးနောက်တွင် ပထမဆုံးလုပ်သည့် အရာမှာ လက်ကို မြှောက်၍ ဝမ်ရှန့်ကို ပါးတစ်ချက် ရိုက်ချလိုက်ခြင်း ဖြစ်သည်။
"ဖောင်း" ထိုအခါ ဝမ်ရှန့်၏ အစွမ်းထက်သော ရုပ်ခန္ဓာသည် စက္ကူနှင့် ပြုလုပ်ထားသည့်အလား ပါးတစ်ချက် ရိုက်ရုံဖြင့် သူ၏ ခေါင်းသည် ချက်ချင်း ပေါက်ကွဲသွားသည်။ အဝေးတစ်နေရာရှိ ဂိုဏ်းပေါင်းစုံ မဟာမိတ်တပ်မှ လူများသည် ထိုအဖြစ်ကိုမြင်လျှင် မည်သို့ခံစားရမည်ကိုပင် မသိကြတော့ချေ။ သို့သော် နောက်တစ်ခဏတွင် သူတို့အားလုံး မှင်တက်သွားကြသည်။ အမျိုးသားတစ်ဦး လေထဲမှ ရုတ်တရက် ထွက်ပေါ်လာကာ သာမန်ကာလျှံကာ ပါး ရိုက်ချက် တစ်ချက်ဖြင့် သူတို့၏ စိတ်နှလုံးထဲတွင် အနှိုင်းမဲ့ပုဂ္ဂိုလ်ဖြစ်သည့် ကောင်းကင်အရှင် အဆင့် ဝမ်ရှန့်၏ ခေါင်းကို ပေါက်ကွဲသွားစေခဲ့သည်။ ဝမ်ရှန့်သည် ခေါင်းတစ်လုံးကို အလျင်အမြန် ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သော်လည်း ထိုအမျိုးသားသည် ရပ်တန့်ခြင်းမရှိဘဲ အသစ်ဖွဲ့စည်းလာသည့် ဦးခေါင်းတိုင်းကို ရိုက်ခွဲပစ်နေသည်။ သူသည် ဘောလုံးတစ်လုံးကို ရိုက်နေသကဲ့သို့ ဆယ်ကြိမ် ဆက်တိုက် ရိုက်ခွဲပစ်လိုက်ခြင်းဖြစ်သည်။ထို့နောက်တွင် ကျုံးရှန်သည် ရုတ်တရက် ပါးချနေခြင်းကိုရပ်တန့်လိုက်ကာ အကြောဆန့်လိုက်သည်။ "မင်း...သေလို့ ရပြီ" "စိတ်နှလုံး ဖိနှိပ်ခြင်း" ကျုံးရှန်၏ စိတ်နှလုံးစွမ်းအားသည် တောင်ကြီးတစ်တောင်ကဲ့သို့ ဝမ်ရှန့်ဆီသို့ကျဆင်းလာကာ သူ၏ဖြစ်တည်မှုတစ်ခုလုံးကို တိုက်ရိုက် ချေမွပစ်လိုက်သည်။သို့သော် ထိုဖြစ်စဉ်ကို ဂိုဏ်းပေါင်းစုံ မဟာမိတ်တပ်၏ မျက်လုံးထဲတွင်မူ ကွဲပြားစွာတွေ့မြင်လိုက်ခြင်းမရှိပေ။ သူတို့သည် ဝမ်ရှန့်တစ်ယောက် သူစိမ်း အမျိုးသားတစ်ဦး၏ လက်ချက်ဖြင့် အသစ်ဖွဲ့စည်းလာသည့် ဦးခေါင်းမှန်သမျှ ဆက်တိုက် ရိုက်ခွဲခံရသည်ကိုသာ မြင်တွေ့ခဲ့ရသည်။ ထို့နောက်တွင် ဝမ်ရှန့်သည် ရုတ်တရက် နာကျင်စွာဖြင့် ရုန်းကန်လာပြီး တစ်စက္ကန့်အကြာတွင်မူ တစ်ကိုယ်လုံး တောင့်တင်းသွားကာ လှုပ်ရှားမှုမရှိတော့ပေ။ သူ၏ ကျင့်ကြံခြင်း အဆင့် နှင့် နတ်ဘုရား အမြုတေတို့သည် ဆက်လက်တည် ရှိနေဆဲ ဖြစ်သော်လည်း နတ်ဘုရား ဝိညာဉ် ၊ အသိစိတ်နှင့် စိတ်နှလုံးတို့သည် ကျုံးရှန်၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီဖြစ်သည်။ ကျုံးရှန်သည် သူ၏ လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်လျှင် ဝမ်ရှန့်သည် အလောင်းတစ်လောင်းကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ "မူလကတော့..ငါက လူသားမျိုးနွယ် အချင်းချင်း ထောက်ထားပြီး ငဲ့ညှာပေးမယ်စဉ်းစားထားတာ" "ဒါပေမဲ့... တကယ်တမ်းကျတော့ မင်းတို့ကောင်တွေက မျိုးနွယ်ခြားတွေနဲ့ သိပ်မကွာဘူးပဲ" "ဒါကြောင့် မင်းတို့အားလုံး သေလိုက်ကြတော့..." ကျုံးရှန်၏ အသံသည် အလွန် တည်ငြိမ်နေသော်လည်း သူ၏စကားလုံးတိုင်းသည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကိုလာရောက်တိုက်ခိုက်သော လူများ၏ ကံကြမ္မာကို ကြေညာလိုက်ခြင်းဖြစ်သည်။ ကျုံးရှန်သည် သူ၏စကားအဆုံးတွင် မျက်လုံးများကို မှေးကျဥ်းလိုက်သည်။ ထိုအခါ သူ၏ စိတ်နှလုံး စွမ်းအားများသည် ကွန်ရက်တစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးအနှံ့ လွှမ်းခြုံသွားလေသည်။ သိန်းနှင့်ချီသော ဂိုဏ်းပေါင်းစုံ မဟာမိတ်တပ် အပါအဝင် အစစ်အမှန် နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ် ဆယ်ယောက်ကျော်တို့သည် ကျုံးရှန်၏ စိတ်နှလုံးစွမ်းအားများဖြင့် တိုက်ခိုက်မှုကို တစ်ချက်လေးမျှပင် ခုခံနိုင်စွမ်း မရှိကြချေ။ သူတို့သည် ကျုံးရှန်၏စိတ်နှလုံးစွမ်းအားများကြောင့် အချက်အလက် စီးကြောင်းများအဖြစ် ပြောင်းလဲခံလိုက်ရကာ စိတ်နှလုံး ကွန်ရက်ထဲသို့ ဝါးမြိုခြင်းခံလိုက်ရသည်။ အသက်တစ်ရှိုက်ပင်မကြာလိုက်ဘဲ လာရောက်တိုက်ခိုက်သူ ရန်သူများအားလုံး ပျက်စီးသွားသည်။ ကျုံးရှန်၏ ရှေ့တွင် အစစ်အမှန် နတ်ဘုရားများနှင့် နိယာမအဆင့် ကျင့်ကြံသူများသည် အတူတူပင် ဖြစ်ပြီး မည်သည့်ကွာခြားချက်မှ မရှိချေ။ ကျုံးရှန်အတွက်သူတို့ကို ချေမှုန်းရသည်မှာ ပုရွက်ဆိတ်များကို သတ်ဖြတ်ရသကဲ့သို့ အလွန်ပင်လွယ်ကူလွန်းလှ၏။ ယင်းသည် ကျုံးရှန်၏ ယခုလက်ရှိ စွမ်းအားပင် ဖြစ်သည်။ ဂိုဏ်းပေါင်းစုံ မဟာမိတ်တပ်ကို ဖြေရှင်းပြီးနောက်တွင် ကျုံးရှန်သည် ထျန်းဂိုဏ်းမြင့်မြတ်နယ် မြေ၏ အထက်တွင် မတ်တပ်ရပ်လိုက်သည်။ သူသည် အောက်ရှိ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေရှိ လူများကို ကြည့်ကာ ပြုံးပြလိုက်သည်။ ထိုအခါဂိုဏ်းတွင် ကျန်ရစ်နေသော ထျန်းဂိုဏ်း တပည့်အားလုံးသည် ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားကြသည်။ "ဘိုးဘေး... ဘိုးဘေး ပြန်လာပြီ" "ဟုတ်တယ်...အဲ့ဒါ...ငါတို့ဘိုးဘေးပဲ""တစ်ခါက ငါ ဂိုဏ်းဘိုးဘေးကျောင်းဆောင်မှာ ဘိုးဘေးရဲ့ ပုံတူပန်းချီကို မြင်ဖူးတယ်" "အရမ်း အစွမ်းထက်လွန်းတယ်... အရမ်း အစွမ်းထက်တာပဲ" "လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ဝမ်ရှန့်ကို ခွေးရိုက်သလိုမျိုး ခေါင်းကို ရိုက်ခွဲပစ်တာ" "စကားပြောပြီး ရယ်မောနေတဲ့ အချိန်တိုလေးအတွင်း သိန်းချီတဲ့ ဂိုဏ်းပေါင်းစုံ မဟာမိတ်တပ်ကို ပြာကျသွားစေတာ" "ဒါ ငါတို့ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေရဲ့ ဘိုးဘေးလား"
ကျုံးရှန်သည် ထိုပြောဆိုသံများကို အရေးမစိုက်ဘဲ မြောက်ဘက်သို့ လှည့်ကာ ပေါ့ပါးစွာ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက်တစ်ခဏတွင် ကျုံးရှန်သည်မြောက်ပိုင်း၏ ကောင်းကင်ယံသို့ ရောက်ရှိသွားလေတော့သည်။....မြောက်ပိုင်း ဓားကုန်းမြေတိုက်။ တာ့လီဆန်းစွန်းသည် ကြယ်တာရာ အစီအရင်ကို မကြာခင်တွင် ချိုးဖျက်နိုင်တော့မည် ဖြစ်သည်။ ကြယ်တာရာမြို့အတွင်း၌ ဖာဟိုင်၏ ကိုယ်ပွားအပါအဝင် မိစ္ဆာသူတော်စင် သောင်းချီနှင့် အစွမ်းထက်ပုဂ္ဂိုလ်များစွာရှိနေသော်လည်း ကောင်းကင်အရှင် အဆင့်၏ တိုက်ခိုက်မှုကို လုံးဝ ဟန့်တားနိုင်ကြခြင်းမရှိချေ။ သို့သော် အစီအရင်ကြီး ပြိုကွဲတော့မည့် အချိန်တွင်။ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး၏ ပုံရိပ်သည် ကြယ်တာရာမြို့၏ကောင်းကင်ယံတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် တာ့လီဆန်းစွန်း၏ လက်သီးကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်လိုက်ကာ လိမ်ချိုးပစ်လိုက်သည်။ ထို့နောက် ကျုံးရှန်သည် စကားတစ်ခွန်းမျှ မဆိုဘဲ တာ့လီဆန်းစွန်း၏ လိမ်ကောက်နေသော လက်မောင်းကို ဆွဲကိုင်လျက် မဟာမိတ်တပ်၏ ကောင်းကင်ယံအထက်သို့ ပျံသန်းသွားသည်။ဂိုဏ်းပေါင်းစုံ မဟာမိတ်တပ် အားလုံး၏ ရှေ့မှောက်သို့ရောက်လျှင် ကျုံးရှန်သည် တာ့လီဆန်းစွန်း၏ လက်မောင်းကို တိုက်ရိုက် ဆွဲဖြဲပစ်လိုက်သည်။ ထို့သို့ဖြင့် ဆယ်ကြိမ်မျှဆွဲဖြဲပြီးနောက်တွင်ကျုံးရှန်သည် သူ၏ ရင်ဘတ်ထဲသို့ ထိုးသွင်းလိုက်ကာ နတ်ဘုရားအမြုတေကို ဆွဲထုတ်လိုက်သည်။ လက်ဖဝါးထဲတွင် ဆုပ်ကိုင်ပြီး အားအနည်းငယ်အသုံးပြုလိုက်လျှင် တာ့လီဆန်းစွန်း၏ နတ်ဘုရားအမြုတေသည် တစစီကြေမွပျက်စီးသွားသည်။တာ့လီဆန်းစွန်းသည် ခွန်အားကြီး နတ်ဘုရားဖြစ်သော်လည်း ကျုံးရှန်၏ တိုက်ခိုက်မှုကို လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ချေ။ ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် တည်ရှိမနေသော သက်ရှိတစ်ဦးကဲ့သို့ပင်ဖြစ်နေကာ သူ၏ စွမ်းအား အားလုံးသည် ကျုံးရှန်ကိုအနည်းငယ်မျှပင် လွှမ်းမိုးနိုင်စွမ်းမရှိပေ။ထိုသို့ဖြစ်ရခြင်းမှာ စိတ်နှလုံး စွမ်းအားနှင့် အဆုံးမဲ့ ကမ္ဘာ၏ စွမ်းအားများမှလွဲ၍ မဟာကမ္ဘာထဲတွင် ကျုံးရှန်ကို လွှမ်းမိုးနိုင်သော စွမ်းအားသည် အလွန် နည်းပါးသွားပြီဖြစ်သောကြောင့်ဖြစ်သည်။ မဟာကမ္ဘာအတွင်းတွင် ကျုံးရှန်သည် ထာဝရဖြစ်တည်မှုအဆင့်သို့ရောက်ရှိနေပြီဟုပင် ဆိုရပေမည်။ ကောင်းကင်အရှင် အဆင့်ထက် ပိုမြင့်သော ထာဝရအရှင် အဆင့် မိစ္ဆာအိုကြီး ဆိုလျှင်ပင် သူ့ကို အန္တရာယ်ပြုနိုင်စွမ်းမရှိတော့ချေ။ကျုံးရှန်သည် ထျန်းယွမ်အဆင့်ရှိ ဟွာထျန်းဖြင့်ပင် ရင်ဆိုင်ဝံ့သူမဟုတ်ပါလော။"စီနီယာ... အသက်ချမ်းသာပေးပါ" "ကျွန်တော် ကျွန်ခံပါ့မယ်" "ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေကို ကာကွယ်ပေးပါ့မယ်" တာ့လီဆန်းစွန်းသည် ဝမ်ရှန့်ထက် အခြေအနေအပြောင်းအလဲကို ပိုသိသူဖြစ်သည်။ ထို့ကြောင့် သူသည် မိမိအတွက်အခြေအနေ မကောင်းသည်ကို မြင်လျှင် အလျင်အမြန် အသက်ချမ်းသာပေးရန် တောင်းပန်တော့သည်။ သို့သော် ကျုံးရှန်၏ လှောင်ပြုံးကိုသာ မြင်တွေ့လိုက်ရသည်။ "ငါ့ဂိုဏ်းကို မင်း လာကာကွယ်ပေးဖို့ လိုလို့လား" "မင်း...အေးဆေးသာသေလိုက်တော့" ကျုံးရှန်၏စကားအဆုံးတွင် စိတ်နှလုံး စွမ်းအားများသည် တာ့လီဆန်းစွန်းကို လုံးဝ ချေမွပစ်လိုက်ကာအကြွင်းအကျန် အနည်းငယ်မျှပင် ချန်ထားရစ်ခဲ့ခြင်းမရှိချေ။ ထို့နောက် ကျုံးရှန်သည် ထိုဂိုဏ်းပေါင်းစုံ မဟာမိတ်တပ်ကို မျက်နှာမူလိုက်ကာသွားများ ပေါ်လာသည်အထိ ပြုံးပြလိုက်သည်။ သူသည် လက်ဆန့်တန်းကာ လေထဲသို့လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။ "ဝုန်း" သိန်းချီသော မဟာမိတ်တပ်သည် ကျုံးရှန်၏လက်ဝါးချက်အောက်တွင် တပ်ပျက်သွားကာ လုံးဝ ပျောက်ကွယ်သွားလေသည်။ ကျုံးရှန်သည် ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် မြို့ထဲသို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ သူသည် အရေးမပါသော ကိစ္စလေးတစ်ခုကို လုပ်လိုက်သကဲ့သို့ပင် ပေါ့ပါးစွာဖြင့်ရှိနေ၏။ ယခုတစ်ကြိမ် ကျုံးရှန်၏ ပြန်လည်ရောက်ရှိလာမှုသည် သူ၏အစွမ်းအစများကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။ ထျန်းဂိုဏ်မြင့်မြတ်နယ်မြေသည် မည်သည့်အရာကိုမျှ ထပ်မံ စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ပေ။ နန်ယန်ပြည်နယ်နှင့် ဓားကုန်းမြေတိုက် နှစ်ခုလုံးရှိ သန်းနှင့်ချီသော နိယာမ မဟာမိတ်တပ်၊ အစစ်အမှန် နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ် ဆယ်ချီနှင့် လွတ်မြောက်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦးတို့သည် ကျုံးရှန်၏လက်ချက်ဖြုင့် ပုရွက်ဆိတ်အုပ် တစ်အုပ်ကဲ့သို့ အလွယ်တကူ သုတ်သင်ခံလိုက်ရပြီဖြစ်သည်။ ကျုံးရှန်သည် မိုးကြိုးကဲ့သို့ ပြင်းထန်သော နည်းလမ်းများကို အသုံးပြုကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို စတင် ရှင်းလင်းရန် ရည်ရွယ်ထားသည်။ သူသည် အညံ့မခံသော အင်အားစု အားလုံးကို တိုက်ရိုက်ချေမှုန်းပစ်မည်သာ ဖြစ်လေတော့သည်။