← Chapters

အခန်း ၃၈၇

Vol. 39 Ch. 387

အခန်း ၃၈၇

Vol. 39 Ch. 387

အပိုင်း (၃၈၇)

"ဒကာကြီး ပြန်လာပြီလား" "ဒကာကြီး ပိုပြီး အစွမ်းထက်လာတာပဲ.. အထူးသဖြင့် ဒကာကြီးရဲ့ စိတ်နှလုံးပဲ" ဖာဟိုင်၏ ကိုယ်ပွားသည် ကြယ်တာရာမြို့အတွင်းဆင်းသက်လာသောကျုံးရှန်ကိုမြင်လျှင် နှုတ်ဆက်စကားဆိုလိုက်သည်။ ကျုံးရှန်သည် ခေါင်းညိတ်လိုက်ပြီး လက်တစ်ဖက် ထောင်ကာ ဖာဟိုင်ကို အရိုအသေ ပေးလိုက်သည်။ "ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေက... ဆရာတော်ရဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့် ကျေးဇူးတင်ရပါတယ်" ဖာဟိုင်၏ ကိုယ်ပွားသည် လက်ယမ်းပြလိုက်သည်။ "ကိုယ်တော်လည်း ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ..." "ဒါပေမဲ့ ဒကာကြီး ကျုံး... ဒကာကြီးက လူတွေအများကြီးကို သတ်ပစ်လိုက်တာ... သတ်ဖြတ်ခြင်း အပြစ်က လေးလံလွန်းပါတယ်..."မည်သို့ပင်ဆိုစေကာမူ ဖာဟိုင်သည် ရဟန်းတစ်ပါး ဖြစ်သောကြောင့် ထိုဂိုဏ်းပေါင်းစုံ မဟာမိတ်တပ်ကို သနားကရုဏာ သက်နေလေသည်။ သို့သော် သူ၏စကားကိုကြားလျှင် ကျုံးရှန်သည် ခေါင်းယမ်းလိုက်၏။ "သူတို့ကို သတ်ပစ်တာက... ကုန်းမြေတိုက်ကြီးကို အမြန်ဆုံး တည်ငြိမ်သွားစေဖို့အတွက်ပါ" "နောက်ပြီး ပိုများတဲ့ လူတွေ အသတ်ခံရတာကနေ ကာကွယ်ပေးဖို့အတွက်လည်း ဖြစ်တယ်" ကျုံးရှန်၏ စကားကို ကြားသောအခါ ဖာဟိုင်၏ ကိုယ်ပွားသည် ပြန်လည်ငြင်းဆိုခြင်းမရှိချေ။ ဖာဟိုင်သည် ကျုံးရှန်တစ်ယောက် ပြောင်းလဲသွားပြီကို ခံစားလိုက်ရသောကြောင့်ဖြစ်သည်။တစ်ချိန်တည်း၌ပင် မိစ္ဆာသူတော်စင် သောင်းချီတို့သည် ကျုံးရှန်ကို ဒူးထောက် ဂါရဝပြုလိုက်ကြသည်။"ဝိညာဉ်သခင် ပြန်လည်ရောက်ရှိလာတာကို ကြိုဆိုပါတယ်" ထိုအသံများသည် တစ်နေရာထဲတွင်စုစည်းသွားကာ ဧရာမ ခေါင်းလောင်းကြီး တစ်ခုကိုထိုးလိုက်သကဲ့သို့ ကုန်းမြေတိုက်တစ်ခုလုံး၏ ကောင်းကင်ယံတွင် အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။ မိစ္ဆာသူတော်စင် သောင်းချီ၏ တစ်ပြိုက်နက်အရိုအသေပြုခြင်း။ ကျုံးရှန်သည် ခေါင်းညိတ်လိုက်ကာ သူ၏လက်ကို ဝှေ့ယမ်းပြီး ဝိညာဉ်အလင်းတန်းများကို ဖြန့်ကျက်လိုက်သည်။ယင်းတို့သည် စိတ်နှလုံး မျိုးစေ့များပင် ဖြစ်သည်။ "ကောင်းတယ်... မင်းတို့အားလုံး သန်မာလာကြပြီပဲ" "အခု ဒီစိတ်နှလုံး မျိုးစေ့ကို ရင်ဘတ်ထဲမှာ ထည့်ထားလိုက်ကြ" မိစ္ဆာသူတော်စင် အားလုံးသည် ကျုံးရှန်၏အမိန့်အတိုင်း ဆောင်ရွက်လိုက်လျှင်ကျုံးရှန်သည် စိတ်နှလုံး ဆက်သွယ်မှု အမှတ်များကို တည်ဆောက်လိုက်ကာ စိတ်နှလုံး ကွန်ရက်ထဲသို့ ထည့်သွင်းလိုက်သည်။ "ဒီလိုကိုး..." "ဝိညာဉ်သခင်က ဝိညာဉ်သောင်းချီရဲ့ အရှင်သခင်သာမက စိတ်နှလုံး အရှင်သခင်ပါ ဖြစ်နေတာပဲ" မိစ္ဆာသူတော်စင် တပ် အားလုံးသည် စိတ်နှလုံးကွန်ရက်မှတစ်ဆင့် မြောက်မြားစွာသောသတင်းအချက်အလက်များကို လက်ခံရရှိလိုက်ကာ ကိစ္စရပ်အများအပြားကို နားလည်သွားကြပြီး ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်းကျင့်စဉ်ကို ကျင့်ကြံနိုင်လာကြသည်။ သူတို့သည် ထိုကျင့်စဉ်ကိုလည်ပတ်လိုက်လျှင် သူတို့၏စိတ်နှလုံးအတွင်း၌ စိတ်နှလုံး စွမ်းအား အမျှင်တန်းလေးများ စတင် ပေါ်ပေါက်လာသည်။ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေမှ လူသားမျိုးနွယ် တပည့်များနှင့် ပတ်သက်၍မူ ကျုံးရှန်သည် သူတို့ကို စိတ်နှလုံး မျိုးစေ့များ ထည့်သွင်းပေးရန် အလျင်မလိုသေးချေ။ သူ့တွင် အခြားသော အစီအစဉ်များ ရှိနေသေးပြီး ဖြည်းဖြည်းချင်း အကောင်အထည်ဖော်ရန် လိုအပ် သောကြောင့်ဖြစ်သည်။ ယခုအခါ ပြင်ပအန္တရာယ်များ ငြိမ်းချမ်းသွားပြီ ဖြစ်သဖြင့် လူအားလုံး အတူတကွ တိုင်ပင်ဆွေးနွေးနိုင်မည့် အစည်းအဝေး တစ်ခု ကျင်းပရန် လိုအပ်လာလေသည်။ ကျုံးရှန်သည် ထိုသို့ တွေးမိသောအခါ လက်ဖဝါးဖြင့် လေထဲသို့တစ်ချက် ဆုပ်ကိုင်လိုက်ပြီး မြောက်ပိုင်း ဓားပြည်နယ် တစ်ခုလုံးကို ဆွဲယူလိုက်ကာ ကုန်းမြေတိုက်ကြီး၏ တောင်ဘက်သို့ တိုက်ရိုက် ပို့ဆောင်လိုက်သည်။ မြောက်ပိုင်း ဓားကုန်းမြေတိုက်ကို နန်ယန်စီရင်စု၏ အနီးသို့ရွေ့ပြောင်းလိုက်ခြင်းဖြစ်သည်။ ကျုံးရှန်သည် ကောင်းကင်တက်လှမ်းခြင်း မျှော်စင်ထဲရှိ အလွှာတစ်ထောင် ဟင်းလင်းပြင်ကိုပင် ခွဲထုတ်နိုင်သူ ဖြစ်သဖြင့် စီရင်စုတစ်ခု သို့မဟုတ် ပြည်နယ်တစ်ခုကို ခွဲထုတ်ခြင်းသည် သူ့အတွက် အလွန်တရာ လွယ်ကူလွန်းလှ၏။ ထို့နောက် သူ၏ အသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားတော့သည်။ "ဂိုဏ်းသားအားလုံး စုကြ..." "ကြေညာစရာအရေးကြီးကိစ္စ ရှိတယ်..."ကျုံးရှန်သည် ထျန်းဂိုဏ်းမြင့်မြတ်နယ် မြေ၏ ပင်မခန်းမဆောင်ထဲသို့ တိုက်ရိုက် ဆင်းသက်လိုက်ကာ ဂိုဏ်းချုပ်နေရာကို ကိုယ်စားပြုသော ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။ တစ်ချိန်တည်း၌ပင် သူ ၏ယာယီမြေမှုန်ကမ္ဘာငယ်ထဲမှ ရှန်ဝူရှန်းနှင့် မိုသိမ်ထျန်း ဟူသည့် ကလေးငယ်နှစ်ဦးကိုလည်း အပြင်သို့ ထုတ်ပေးလိုက်ကာ သူ၏ဘေးတွင် ရပ်နေစေလိုက်သည်။ ထိုအထဲတွင် မျက်လုံးသုံးလုံး ဖျံ လည်း ပါဝင်ပေသည်။ ရှီမင်နှင့် ရွှယ်ဖုန်းအာတို့သည်ကား ကျုံးရှန် မျှော်စင်ထိပ်သို့ ရောက်ရှိသွားပြီးနောက်တွင် အလိုအလျောက် ဖယ်ထုတ်ခြင်း ခံလိုက်ရသဖြင့် ယခုအခါတွင် သူတို့သည် မူလအစ ကမ္ဘာထဲသို့ ရောက်ရှိသွားကြပြီဖြစ်ကာ သစ်ပင်မိစ္ဆာလေးသည်လည်းသူတို့နှင့်အတူပါသွားသည်။ ယခုအချိန်တွင် မူလအစ ကမ္ဘာသည် တဖြည်းဖြည်းဖြင့် ကြီးထွားလာနေပြီး ငရဲကမ္ဘာငယ်ဆယ်ဂဏန်းခန့်ကိုလည်းထပ်မံစုပ်ယူပေါင်းစပ်ထားသည်။ ဟွာထျန်းသည် မူလတွင် မူလအစ ကမ္ဘာကို အသုံးပြု၍ ကျုံးရှန်ကို ချုပ်နှောင်ရန် ကြံရွယ်ခဲ့သော်လည်း ကျုံးရှန်၏ လက်ချက်ဖြင့် သူ၏ ကောင်းကင်တာအို မူလဇစ်မြစ်ပင် ဒဏ်ရာရသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ထို့ကြောင့် သူသည် ဒဏ်ရာပြန်ကုနေရသဖြင့် မူလအစ ကမ္ဘာကို ဖြေရှင်းရန် အချိန်မရဖြစ်နေလေသည်။ ထိုအချက်သည် မူလအစ ကမ္ဘာကို အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့ကာ ငရဲကမ္ဘာဆယ်ဂဏန်းခန့်ကိုဝါးမြိုပြီး ဆက်လက်ကြီးထွား လာနေသည်။ ထိုအရာအားလုံးသည် ကျုံးရှန်၏ တွက်ချက်မှုထဲတွင်သာ ရှိနေခဲ့၏။ကောင်းကင်တာအို ခန္ဓာကိုယ်ကို ရရှိခဲ့ပြီး စိတ်နှလုံး ကွန်ရက် စနစ်ကို ဖန်တီးနိုင်ခဲ့ခြင်းသည်မှာတော့ မထင်မှတ်ထားသည့် ဝမ်းမြောက်စရာ ကိစ္စတစ်ခု ဖြစ်သည်။ကျုံးရှန်သည် ဂိုဏ်းချုပ်ထိုင်ခုံ၏ လက်ရန်းကို ဖွဖွလေး ပွတ်သပ်နေသည်။ နှစ်သိန်းချီ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အနှီထိုင်ခုံကြီးသည် မည်သည့် ပြောင်းလဲမှုမျှ မရှိသေးသကဲ့သို့ပင် ဖြစ်သည်။ ထိုစဉ်အခါက ထိုင်ခုံကို သွန်းလုပ်ရန်အတွက် သူသည် ဂိုဏ်းများစွာထံမှ အဖိုးတန် ရတနာများကို အတင်းအဓမ္မ လုယူခဲ့ဖူးကာ နှစ်သန်းချီ သက်တမ်းရှိသော ခရမ်းပြာမက်မွန်သားနှင့် ဟွမ်ရှား မျိုးနွယ်စုတို့၏ သဲအဆီအနှစ်တို့ကို ပေါင်းစပ် ပြုလုပ်ထားခြင်း ဖြစ်သည်။ထိုရတနာများသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် ပထမတန်းစား ကောင်းကင်နှင့်မြေကြီး ရတနာများအဖြစ် သတ်မှတ်ခံရသော အရာများဖြစ်သည်။ သို့သော် ယခုလက်ရှိ ကျုံးရှန်အတွက်မူ ယင်းတို့သည် ကစားစရာ အသေးအဖွဲလေးများသာ ဖြစ်ချေသည်။ ကျုံးရှန်၏ လက်ရှိ စွမ်းအားသည် မဟာကမ္ဘာကြီး တစ်ခုလုံးကို မထီမဲ့မြင် ပြုလုပ်နိုင်လောက်သည်အထိ လုံလောက်နေပြီဖြစ်သည်။ ထိုအချိန်တွင် လူအများသည် ကျုံးရှန်၏ တိုက်ခိုက်မှုများကြောင့် အံ့အားသင့်မှုထဲမှပင် သတိမဝင်လာကြသေးချေ။ သူတို့သည် ဂိုဏ်း၏ နေရာအနှံ့အပြားတွင် လူစုကွဲနေကြဆဲ ဖြစ်၏။ ကျုံးရှန်၏ အမိန့်ပေးသံကို ကြားလိုက်ရသောအခါမှသာ သူတို့သည် ဂိုဏ်း၏ ပင်မခန်းမ ဆောင်ဆီသို့ စတင် စုဝေးလာကြတော့သည်။ ကျုံးချီထျန်း ၊ ကျုံးချီမင် ၊ ကျုံးကျဲ ၊ ကျုံးထျန်းယွဲ့ ၊ ရွေ့ဝူတိ ၊ ကျူးကျီ ၊ ကျွမ်းလီ ၊ တာ့ဟေး ၊ ရှုရင် ၊ ကာရီကြက် စသည့် ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာနတ်ဘုရားအုပ်စုအပါအဝင် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေမှ တိုက်ရိုက်မျိုးဆက် အကြီးအကဲများနှင့် တပည့်များအားလုံးသည် တစ်နေရာတည်းတွင် စုဝေးရောက်ရှိလာကြသည်။ ကြယ်တာရာမြို့မှ အခြားသော ဂိုဏ်းသား များသည်လည်း ဂိုဏ်းဌာနချုပ်၏ပင်မခန်း ဆောင်ထဲတွင် စုဝေးလာသည်။ ဤနှစ်များအတွင်း ဖွံ့ဖြိုးတိုးတက်လာမှုများအရ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေသည် အစပိုင်းတွင် နိယာမနယ်ပယ် တပည့် တစ်သန်းကျော် ရှိခဲ့ရာမှ ယခုအခါတွင် နိယာမနယ်ပယ် တပည့် ခြောက်သန်းခန့်အထိ ရှိလာလေသည်။ ဂိုဏ်းသားအရေအတွက်သည် ခြောက်ဆခန့် တိတိ တိုးပွားလာခြင်းဖြစ်သည်။ ကျုံးရှန် ငရဲပြည်သို့ သွားရောက်ခဲ့သည့်အချိန်မှ ကောင်းကင်တက်လှမ်းခြင်း မျှော်စင် ပွင့်လာပြီး မျှော်စင်ထိပ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်အထိ စုစုပေါင်းအချိန်ကာလအားဖြင့် နှစ်ဆယ်သုံးဆယ်ခန့်သာ ရှိသေးပေသည်။ ထိုမျှ တိုတောင်းသော အချိန်တိုလေးအတွင်း ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် ကြီးမားသော တိုးတက်မှုကို ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။ထိုသို့တိုးတက်လာရခြင်း၏ ပထမအချက်မှာ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရှိ လူအားလုံး၏ ညီညွတ်မှုနှင့် အုပ်ချုပ်မှု စနစ်တကျ ရှိခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မူ ကောင်းကင်နှင့် မြေကြီး ကမောက်ကမ ဖြစ်သွားခြင်းကြောင့် ဖြစ်သည်။ တစ်ဦးချင်း စွမ်းအားနှင့် နှိုင်းယှဉ်ပါက ကျုံးရှန် ပြန်မလာမီအချိန်အထိ ဂိုဏ်းထဲတွင် အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိသူ တစ်ယောက်မျှ မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် တစ်ပြိုက်နက်တည်း တိုးတက်သန်မာလာကြခြင်းဖြစ်ကာ တူညီသောကျင့်ကြံခြင်းအဆင့်အတွင်းမတိမ်းမယိမ်းရှိနေကြသောကြောင့်ဖြစ်သည်။ ထိုသို့သော တိုးတက်မှုကို ရရှိနိုင်ခြင်းသည် အလွန်ပင် ကြီးကျယ်ခမ်းနားလှပေသည်။ ပင်မခန်းမဆောင်ကြီးထဲတွင် လူပေါင်း သောင်းချီမျှ ပြည့်ကျပ်လာသည်။ ကျုံးရှန်သည် တစ်ချက်မျှ ဝေ့ကြည့်လိုက်ကာ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ခန်းမဆောင် တစ်ခုလုံးသည် လေထဲသို့ မြောက်တက်သွားကာ ပတ်လည်ရှိ နံရံများနှင့် ခေါင်မိုးများအားလုံး ပျောက်ကွယ်သွားပြီး ကြမ်းပြင်သာလျှင် ကျန်ရှိတော့သည်။ "ဒီမှာ လာကြိတ်ကျပ်နေကြတာ ဘာလုပ်မလို့လဲ... တိမ်တွေစီးပြီး လေထဲပျံဖို့ မေ့သွားကြပြီလား" ကျုံးရှန်သည် အေးဆေးစွာဖြင့် ပြောလိုက် သည်။ သူ၏ အကျင့်သည် ထိုသို့ပင်ဖြစ်ကာ အလျင်လိုခြင်းမရှိသကဲ့သို့ အလွယ်တကူ ဒေါသလည်း မထွက်တတ်ချေ။ လူအားလုံးသည် ဘိုးဘေး၏ စကားကို ကြားလိုက်ရသောအခါ အလျင်အမြန် လေထဲသို့ ပျံတက်သွားကြသည်။ထို့နောက် ကျုံးရှန်သည် သူ၏ ပေါင်ကို ပုတ်လိုက်သည်။ "ကျူးကျီ... ဒီကိုလာခဲ့"

ကျူးကျီသည် ထိုစကားကို ကြားသောအခါ မူလ နေရာမှ ပျောက်ကွယ်သွားသည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် အချိန်နှင့်ဟင်းလင်းပြင် နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ နေရာပြောင်းရွှေ့လိုက်ကာ သူ၏ ပတ်လည်ရှိ အချိန်နှင့်ဟင်းလင်းပြင်ကို ကျုံးရှန်၏ ပေါင်ပေါ်ရှိ အချိန်နှင့်ဟင်းလင်းပြင်ဖြင့် ဖလှယ်လိုက်ခြင်းဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ကျုံးရှန်၏ ပေါင်ပေါ်၌ ပေါ်လာကာ သက်တောင့်သက်သာ လှဲလျောင်းလိုက် သည်။ ကျူးကျီ၏ စွမ်းအားသည် နတ်ဘုရားအဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။ သို့သော်လည်း သူသည် လူသားပုံစံပြောင်းလဲရန် မည်သည့်အခါမျှ ရွေးချယ်ခဲ့ခြင်း မရှိသကဲ့သို့ မည်သည့် ရှေးဟောင်း သွေးကြောကိုမျှလည်း နိုးထစေခဲ့ခြင်း မရှိပေ။ သူသည် ကြောင်တစ်ကောင်၏ ပုံစံဖြင့်သာ ဆက်လက်၍ တိုက်ခိုက်ခြင်း ၊ ကျင့်ကြံခြင်းနှင့် ကြီးထွားလာခြင်းတို့ကို ပြုလုပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျူးကျီအမြဲတမ်း ဂရုစိုက်သည့် အချက်မှာ သူ့ သခင်၏ ကြောင်လေးအဖြစ်သာနေသွားလိုခြင်းဖြစ်သည်။ သူသည် မိစ္ဆာသူတော်စင် မဟုတ်သကဲ့သို့ ထိပ်သီးပုဂ္ဂိုလ်ကြီးလည်း မဟုတ်ပေ။ ထိုသည်မှာ နှစ်သိန်းချီ ကြာမြင့်ခဲ့ပြီဖြစ်သည့် သခင်နှင့်အိမ်မွေးကြောင်လေးအကြားမှ နက်ရှိုင်းသော သံယောဇဉ်ပင် ဖြစ်သည်။ကျုံးရှန်သည် ကျူးကျီ၏အပြုအမူကိုမြင်လျှင် ပြုံးလိုက်သည်။ သူသည် စိတ်နှလုံး မျိုးစေ့တစ်စေ့ကို ထုတ်လွှတ်လိုက်ပြီး ကျူးကျီနှင့် စိတ်နှလုံး ဆက်သွယ်မှု အမှတ် တည်ဆောက်လိုက်ကာ စိတ်နှလုံးကွန်ရက်နှင့်ချိတ်ဆက်ပေးလိုက်သည်။ ထို့နောက် အတိတ်အချိန်များကကဲ့သို့ပင် ကျူးကျီ၏ ခေါင်းနှင့် ကျောပြင်ရှိ အမွေးများကို ပွတ်သပ်ပေးလိုက်သည်။ ထိုအခါ ကျူးကျီထံမှ သက်တောင့်သက်သာဖြစ်သည့်အသံမျိုးထွက်ပေါ်လာသည်။ အရာအားလုံးသည် ချင်ထျန်းတောင်ထွတ်တွင် တံခါးပိတ်ကျင့်ကြံနေခဲ့သည့် အချိန်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ဖြစ်နေသည်။ ကျုံးရှန်သည် ဘေးပတ်လည်ရှိ လူများကို ဂရုမစိုက်ဘဲ ကြောင်လေးကို ခေတ္တမျှ ပွတ်သပ်ပေးနေလိုက်သည်။

All Chapters