အခန်း ၃၈၉
Vol. 39 Ch. 389
အပိုင်း (၃၈၉)
ယခုအချိန်၌ လူအားလုံးသည် ဘိုးဘေး၏ အကျိုးပြုမှုများအတွက် ဆုချီးမြှင့်နေခြင်းကို မြင်တွေ့နေရ၏။ ဘိုးဘေးကျုံးရှန်သည် ကုန်လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်အတွင်း ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေတိုးတက်မှုတွင် ကြိုးပမ်းဆောင်ရွက်ခဲ့သူများကို အနှိုင်းမဲ့ ရတနာများ တစ်ခုပြီးတစ်ခု ပေးသနားနေခြင်းဖြစ်သည်။ ဘိုးဘေး၏ အသိအမှတ်ပြုမှုကို ရရှိခြင်းသည် အကြီးမားဆုံးသော ချီးမွမ်းမှုနှင့် အသိအမှတ်ပြုမှုကို ရရှိခြင်းဖြစ်ကာအနှိုင်းမဲ့ ဂုဏ်ကျက်သရေ တစ်ခု ဖြစ်သည်။ ရွေ့ဝူတိသည် ကျုံးရှန်၏ ခေါ်သံကိုကြားလျှင် လေထဲမှ ဝမ်းသာအားရ ပြေးလွှားလာခဲ့ကာ ကျုံးရှန်၏ ထိုင်ခုံကြီးအောက်တွင် ဒူးထောက် ဂါရဝပြုလိုက်သည်။ "ဆရာ... ဆယ်စုနှစ် အနည်းငယ်လောက် မတွေ့ရတဲ့ အချိန်အတွင်း ပိုပြီးတော့ အစွမ်းထက်လာတာပဲ" "ရွေ့ဝူတိရဲ့ ဆရာလို့ ခေါ်ဆိုထိုက်ပါပေတယ်" "ဆရာက လောကမှာပြိုင်ဘက်ကင်းပုဂ္ဂိုလ်ပါပဲ" "ဆရာကောင်း တပည့်ပန်းကောင်း ဆိုသလိုမျိုး... ကျွန်တော် လောကတစ်ခွင်လုံးကို ယှဉ်နိုင်သူမရှိ အောင်နိုင်ခဲ့တာလည်း အံ့သြစရာ မရှိပါဘူး" ရွေ့ဝူတိသည် ယခင်အတိုင်းပင် စကားများ နေဆဲ ဖြစ်ကာ မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ မြှောက်ပင့်စကားများ စတင် ပြောဆိုလာတော့သည်။ ထိုစကားများကို ကြားရသောအခါ ကျုံးရှန်သည် ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ချေ။ "တော်တော့... ကောင်စုတ်လေး" "မင်းရဲ့ ကျင့်ကြံခြင်းကလည်း... တိုးတက်တာ တော်တော်မြန်ပါ့လား" "မင်းက နတ်ဘုရား ဓားတွေကို စုဆောင်းရတာ ကြိုက်တယ်ဆိုတာ ငါသိတယ်" "ဒီမှာ နတ်ဘုရား ဓား ၉၉၉၀ ရှိတယ်... အားလုံးက ဖန်ဆင်းခြင်း နတ်ဘုရား လက်နက် အဆင့်တွေချည်းပဲ" "အားလုံး မင်းကို ပေးလိုက်မယ်" ကျုံးရှန်သည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသော နောက်ခံရှိသည့် နတ်ဘုရား ဓားများ ပျံသန်းထွက်ပေါ်လာကာ ရွေ့ဝူတိ၏ ရှေ့တွင် ကျဆင်းလာသည်။ ထိုဓားများကိုမြင်လျှင် ရွေ့ဝူတိ၏ မျက်လုံးများသည် ချက်ချင်းပင် အရောင်လက်သွား၏။ သူသည် အခြားအရာများကို သိပ်မကြိုက်သော်လည်း နတ်ဘုရား ဓားများကို စုဆောင်းရခြင်းကိုမူ အလွန်နှစ်သက်ခုံမင်သူဖြစ်သည်။ နတ်ဘုရား ဓားတစ်လက်ကို သူ၏ သူတော်စင် ကမ္ဘာထဲသို့ ပေါင်းစပ်လိုက်တိုင်းတွင်သူ၏ စွမ်းအားသည်လည်း တစ်ဆင့် မြင့်တက်လာမည် ဖြစ်၏။ ထို့ကြောင့် ကျုံးရှန် ပေးသနားသည့် နတ်ဘုရား ဓား ၉၉၉၀ သည် သူ့အတွက် မဟာတာအိုအဆင့် ရတနာတစ်ပါးထက် မလျော့နည်းပေ။ ကျုံးရှန်နှင့် ရွေ့ဝူတိတို့ ကြားတွင် နှစ်သိန်းပေါင်းများစွာကြာမြင့်လှပြီဖြစ်သည့်ဆရာတပည့်သံယောဇဉ်ရှိ နေကာ ဆုချသင့်လျှင် ဆုချမည်ဖြစ်ပြီး အပြစ်ပေးသင့်လျှင် အပြစ်ပေးမည် ဖြစ်သည်။ ဆရာတပည့်နှစ်ဦးသည် ပေါ့ပါးစွာဖြင့်သာ အမြဲတမ်းပြောဆိုဆက်ဆံလေ့ရှိကြလေသည်။ရွေ့ဝူတိကို ဆုချပြီးနောက်တွင် ကျုံးရှန်သည် ကျွမ်းလီကို ခေါ်လိုက်ပြန်သည်။ ကျွမ်းလီသည် ကျုံးရှန်အပေါ်တွင် နက်ရှိုင်းသော သံယောဇဉ် အပြင် အခြားသော ခံစားချက်များ ရှိနေသူဖြစ်သည်။ သို့သော် ကျုံးရှန်ကမူ ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့် အတွေးမှ ရှိမနေခဲ့ဘဲ ကျွမ်းလီ၏ တစ်ဖက်သတ် အချစ်သာ ဖြစ်သည်။ သို့သော်လည်း သူသည် ကျွမ်းလီ၏ မေတ္တာနှင့် အကျိုးပြုမှုများကို အမြဲ မြင်တွေ့နေခဲ့ရပေသည်။ ထို့ကြောင့် ကျုံးရှန်သည် ထို အကျိုးပြုမှုများအတွက် ဆုချီးမြှင့်ရာတွင် သဘာဝကျစွာပင် သူမကိုလည်း ချန်ထားခဲ့မည်မဟုတ်ပေ။ "ကျွမ်းလီ... မင်းလည်း တက်လာခဲ့ပါ" ကျွမ်းလီသည် ထိုစကားကို ကြားသောအခါ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အမူအရာ ပေါ်ထွက်လာသည်။ သူမသည် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး နတ်ဘုရား ယန္တရား ဥဩငှက်၏ မူလခန္ဓာကိုယ်အဖြစ် ပြောင်းလဲကာ ကျုံးရှန်၏ ပခုံးပေါ်တွင် နားလိုက်သည်။ "သခင်... ကျွန်မ သခင့်ကို အရမ်း လွမ်းနေခဲ့တာ..." ကျုံးရှန်သည် လက်လှမ်းကာ ဥဩငှက်လေး၏ မေးစေ့ကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။ "မင်းကို ပင်ပန်းစေခဲ့ပြီ" "မိစ္ဆာသူတော်စင် တပ်ကို မင်းသာ ကူညီစောင့်ရှောက်မပေးခဲ့ရင် တကယ်ကို အုပ်ချုပ်ဖို့ မလွယ်ကူလောက်ဘူး" "မင်းရဲ့ စေတနာကို ငါ သိပါတယ်" "မင်း ငါ့ကို တောင်းဆိုမှု တစ်ခု လုပ်လို့ရတယ်" "ဘာပဲဖြစ်ဖြစ် ရတယ်" ကျုံးရှန်သည် တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။ ကျွမ်းလီသည် ထိုစကားကို ကြားသောအခါ ပျံသန်း ကခုန်သွားသည်။ "တကယ် ဘာပဲဖြစ်ဖြစ် ရတာလား သခင်" "ကျွမ်းလီမှာ တခြား တောင်းဆိုစရာ ဘာမှမရှိပါဘူး... နေ့ရောညပါ သခင့်ရဲ့ ဘေးနားမှာ အမြဲတမ်း ရှိနေခွင့်ရဖို့ပဲ ဆန္ဒရှိပါတယ်" ကျုံးရှန်သည် ထိုတောင်းဆိုချက်ကို ကြားလိုက်ရသောအခါ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ထို့နောက်တွင်မှ သူသည် ခေါင်းညိတ် သဘောတူလိုက်လေသည်။ "ကောင်းပြီ... ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်း ပေးမယ်"ထိုအချိန်တွင် ကာရီကြက်သည်လည်း ဝင်ပြောလာသည်။"သခင်... ကျွန်တော်လည်း သခင့်ဘေးမှာ အမြဲတမ်း နေချင်တယ်" အခြားသော ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာနတ်ဘုရားများသည်လည်း အသီးသီး ဒူးထောက် ဂါရဝပြုလိုက်ကြသည်။ "သခင်... ကျွန်တော်တို့လည်း သခင့်ဘေးမှာ အမြဲတမ်း နေချင်ကြပါတယ်"
ကျုံးရှန်သည် မိမိကိုယ်တိုင် အားသွန်ခွန်စိုက်ပြုစုပျိုးထောင်ခဲ့သော အနှီသက်ရှိများကို ကြည့်ပြီး နားလည်သဘောပေါက်သည့် အပြုံးလေးတစ်ခုကို ဖော်ပြလိုက်မိသည်။ မိစ္ဆာသူတော်စင်များနှင့် မိစ္ဆာနတ်ဘုရားများသည် သာမန် တိရစ္ဆာန်လေးများ ဘဝမှစ၍ သူ ကိုယ်တိုင် တစ်ဆင့်ပြီးတစ်ဆင့် စွမ်းအားဖြည့်တင်း ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ သူတို့သည် ယနေ့အချိန်တွင် ကောင်းကင်အလား ကြီးမားလှသော ကံကြမ္မာ အခွင့်အရေးများကို ရရှိခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် ကျုံးရှန်၏ ကလေးများကဲ့သို့ပင် ဖြစ်သည်။ သူ့အတွက် အနှီမိစ္ဆာများ၏ ခံစားချက်သည် လူသားများစွာ၏ ခံစားချက်များထက် များစွာ ပို၍ ဖြူစင်လှလေသည်။ "ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ" သူသည် ကောင်းပြီ ဟူသော စကားကို သုံးခွန်း ဆက်တိုက် ပြောလိုက်သည်။ "မင်းတို့ အားလုံးမှာလည်း ကြီးမားတဲ့ အကျိုးပြုမှုတွေ ရှိကြတယ်" "ငါ့ရဲ့ပုံစံကို မင်းတို့အားလုံး သိကြတဲ့အတိုင်းပဲ... အကျိုးပြုမှုရှိရင် ဆုချရမယ်" "ဒါကြောင့် မင်းတို့ တစ်ယောက်ချင်းစီတိုင်းမှာ မင်းတို့ရသင့်တဲ့ဆုလာဒ်အတွက် စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ အခွင့်အရေးတွေ ရှိတယ်" "ဒီတစ်ကြိမ် ငါ ပြန်လာတာက မင်းတို့ကို ခေါ်ဆောင်ပြီး အထွတ်အထိပ်ကို တက်လှမ်းဖို့အတွက်ပဲ"ကျုံးရှန်သည် တက်ကြွမှု အပြည့်ဖြင့် ပြောလိုက်သည်။ကျုံးရှန်၏စကားကို ကြားသောအခါ ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာနတ်ဘုရားများ အားလုံး စိတ်လှုပ်ရှား တက်ကြွသွားကြသည်။ သူတို့သည် ကျုံးရှန်၏ ဘေးတွင် နှစ်ပေါင်းသိန်းချီကြာအောင် အဖော်ပြုခဲ့သူများဖြစ်သည်။ ကျုံးရှန်နှင့်အတူ အချိန်ကာလများစွာကို ဖြတ်သန်းခဲ့ကြသူများ ဖြစ်သည့်အားလျော်စွာ သဘာဝကျစွာပင် အခြားသော ထျန်းဂိုဏ်း တပည့်များနှင့် မတူညီသော သာလွန်သည့် ခံစားချက်မျိုး သူတို့တွင် ရှိနေခဲ့သည်။ သူတို့၏ စိတ်နှလုံးထဲတွင် ကျုံးရှန်အပေါ် ကိုးကွယ်ယုံကြည်မှုသည် အရှင်သခင်နှင့် မိဘတစ်ပါးကဲ့သို့ သဘောထား ကိုးကွယ်ခြင်းမျိုး ဖြစ်သည်။ မိစ္ဆာနတ်ဘုရားများ၏ မျက်လုံးထဲတွင် ချင်ထျန်းတောင်ထွတ် အုပ်စုသည်သာလျှင် ကျုံးရှန်၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ကျုံးရှန်၏ အသိအမှတ်ပြုမှုကို အနှိုင်းမဲ့ တောင့်တနေခဲ့ကြခြင်းဖြစ်သည်။ယခုအချိန်တွင်ပြောဆိုလိုက်သော ကျုံးရှန်၏ စကားများသည် သူတို့အတွက်တော့ အကောင်းဆုံးသော ဆုချီးမြှင့်မှုသာ ဖြစ်တော့သည်။ ချင်ထျန်းတောင်ထွတ်မှ မိစ္ဆာသားရဲများကို နှစ်သိမ့်ပေးပြီးနောက် ကျုံးရှန်သည် ကုန်လွန်ခဲ့သည့်နှစ်ပေါင်း၃၀အတွင်း ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေအတွက်အကျိုးပြုသူများကို ဆုချီးမြှင့်ခြင်း ကိစ္စကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ ထိုသို့ ဆုချီးမြှင့်ခြင်းသည် သုံးရက်နှင့် သုံးညတိုင်တိုင် ကြာမြင့်သွားလေသည်။ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အကျိုးပြုမှုများ လုပ်ဆောင်ခဲ့သည့် အဓိက တပည့်များအားလုံး ဆုချီးမြှင့်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။ ယခုအချိန်တွင် သူတို့၏ မျက်လုံးထဲ၌ ဘိုးဘေးကျုံးရှန်သည် ကောင်းကင်နှင့် မြေကြီးကြား၌ အချမ်းသာဆုံးသော ရတနာသိုက်ကြီးကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေပေသည်။ သုံးရက်တာ ကာလအတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိချေ။ အချိန်များသည် အလွန် ငြိမ်းချမ်းစွာ ကုန်ဆုံးသွားခဲ့သည်။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကိုတိုက်ခိုက်ခြင်းကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်အတွင်းရှိ လူသားမျိုးနွယ်၏ ထိပ်သီး ဂိုဏ်းကြီးဆယ်ခုမှ မဟာမိတ်တပ်ဖွဲ့ကြီး တစ်ခုလုံး ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။ ထို့အပြင် လွတ်မြောက်ခြင်းအဆင့် ဘိုးဘေးကြီး နှစ်ပါးလည်း ကျဆုံးသွားခဲ့ရသည်။ သို့သော်လည်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် မည်သည့် တုံ့ပြန်မှုမျှ မရှိသေးသကဲ့သို့ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ကျုံးရှန်၏ လက်ချက်သည် အလွန်မြန်ဆန်ပြီး ပြတ်သား ရက်စက်လွန်းလှသောကြောင့် ဖြစ်ကာ မဟာမိတ်တပ်ဖွဲ့တစ်ခုလုံးပျက်စီးသွားသည့်သတင်းသည် အပြင်ဘက်သို့ ပြန့်နှံ့သွားရန် အချိန်ပင် မရလိုက်ချေ။ ထိပ်သီး ဂိုဏ်းကြီးဆယ်ခုမှ လူများသာလျှင် ဂိုဏ်းအတွင်းရှိ ရုတ်တရက် ငြိမ်းသက်သွားသော မရေမတွက်နိုင်သည့် ဝိညာဉ်မီးအိမ်များကြောင့် သူတို့၏ဆောင်ရွက်ချက်များကျရှုံးသွားကြောင်းသတိထားမိကြခြင်းဖြစ်သည်။ သူတို့သည် ဝိညာဉ်မီးအိမ်များငြိမ်းသက်သွားခြင်းသည် မည်သည့် အဓိပ္ပာယ်ကို ဖော်ဆောင်နေသနည်း ဆိုသည်ကို ကောင်းစွာ သိရှိကြပေသည်။ သို့သော်လည်း သူတို့တွင် လက်စားချေရန်အတွက် အရည်အချင်းနှင့် စွမ်းအား လုံးဝ ရှိမနေခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းအသီးသီးသည် မတည်ငြိမ်မှုများထဲသို့ စတင် ကျဆင်းသွားခဲ့ရလေသည်။ ကျုံးရှန်၏ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအတွက် အစွမ်းကုန် ကြိုးစားပေးခဲ့ကြသော ဂိုဏ်းမှ အထက်ပိုင်း ခေါင်းဆောင်များကို ဆုချီးမြှင့်မှုများ ပြီးစီးသွားလေသည်။
ထိုအထဲတွင် ဂိုဏ်းသားဦးရေရုတ်တရက်မတိုပွားလာခင် မူလကတည်းက ရှိနေခဲ့သော တာဝန်ခံ အကြီးအကဲ အများစုလည်း ဆုချီးမြှင့်ခြင်းကို ရရှိခဲ့ကြသည်။ သို့သော် အနည်းစုမှာမူ ကျုံးရှန်၏ ဆုချီးမြှင့်ခြင်းကို မရရှိခဲ့ကြချေ။ ထိုလူများသည် ကိုယ်ပိုင် အကြံအစည်များ ရှိနေကြသူများဖြစ်ကာ ယခုအချိန်တွင်သူတို့၏ စိတ်နှလုံးထဲတွင် အလွန် ထိတ်လန့် တုန်လှုပ်နေကြ၏။ ဂိုဏ်းတစ်ခုအတွင်း၌ မည်မျှပင် ကောင်းမွန်သော ပတ်ဝန်းကျင် ရှိနေပါစေ၊ မည်မျှပင် အင်အားကြီးမားနေပါစေ တစ်သားတည်း ဖြစ်နေရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ အထူးသဖြင့် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေကဲ့သို့ နေရာမျိုးတွင် ဖြစ်သည်။ အခြားသော အင်အားစုများ၏ သွေးဆောင်ဖြားယောင်းမှုများကို ခံရပြီး ဂိုဏ်း၏ သတင်းအချက်အလက်များကို ရောင်းစားနေသည့် လူ မည်မျှလောက် ရှိနေမည်ကို မည်သူမျှ မသိနိုင်ပေ။ ထို့အပြင် အရေးကြီးသော အချိန်များတွင် ဂိုဏ်းကိုသစ္စာဖောက်မည့်သူများလည်း ရှိနေလေသည်။ ကျုံးရှန်သည် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အဆုံးသတ်လိုက်သည်။ ထို့နောက် သူသည် ဂိုဏ်းချုပ်ထိုင်ခုံမှနေ၍ လေထဲသို့ မြင့်တက်သွားကာ သူ၏ နတ်ဘုရားအာရုံသည် ဒီရေလှိုင်းများကဲ့သို့ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ၏ တပည့်များအားလုံးထံသို့ ဖြတ်သန်းသွားသည်။ထိုအခါ တစ်ချိန်တည်း၌ပင် လူတိုင်း၏ မျက်စိရှေ့၌ ပုံရိပ်ယောင် ဖန်သားပြင် တစ်ခုစီ ထွက်ပေါ်လာသည်။ ထို ပုံရိပ်ယောင် ဖန်သားပြင်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယင်းတို့၏ အပေါ်တွင် ခေါင်းစဉ်တစ်ခုနှင့် ကိန်းဂဏန်းပြသည့် စာတန်းတစ်ခု စတင် ပေါ်လာသည်။ "သစ္စာရှိမှု" လူတိုင်း၏ ကိန်းဂဏန်းများသည် တူညီမှုမရှိဘဲ အချို့သည် ဂဏန်းအနည်းငယ်သာ ရှိပြီး အများဆုံးမှာ ၁၀၀ အထိ ရှိနေသည်။ ရမှတ် ၆၀ သည် အောင်မှတ်အဖြစ် သတ်မှတ်ထားသော နယ်နိမိတ်မျဉ်း တစ်ခု ဖြစ်သည်။ သို့သော် လူဦးရေ၏ လေးပုံတစ်ပုံခန့်သည် ထိုရမှတ်အောက်သို့ ရောက်ရှိနေခဲ့၏။ ထိုအချက်သည်ယင်းလူများသည် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေထဲသို့ စိတ်ရင်းမှန်ဖြင့် ဝင်ရောက်လာကြသူများ မဟုတ်ကြောင်းဖော်ပြနေသည်။ သူတို့ထဲတွင် အခွင့်အရေးကောင်းရရန်အတွက် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအတွင်းသို့ဝင်ရောက် လာသူများ ပါဝင်သကဲ့သို့ ဂိုဏ်းကို အတွင်းပိုင်းမှ သွေးခွဲဖျက်ဆီးရန်ကြံရွယ်နေသူများလည်း ပါဝင်နေကာ အခြားသော ဂိုဏ်းများနှင့် အင်အားစုများမှ စေလွှတ်ထားသော သူလျှိုများလည်း ပါရှိနေသည်။ ကျုံးရှန်သည် သူ၏နတ်ဘုရားအာရုံကိုအသုံးပြုကာ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအပေါ် သစ္စာမရှိသူများအား ခွဲထုတ်လိုက်ခြင်းသာဖြစ်တော့သည်။