အခန်း ၃၉၀
Vol. 39 Ch. 390
အပိုင်း (၃၉၀)
ထိုအချိန်တွင် လူအများစုသည် မိမိရှေ့ရှိပေါ်လာ သောပုံရိပ်ယောင် ဖန်သားပြင်များကို မည်သို့ အသုံးပြုရမည်ကို တွေးတောနေဆဲ အချိန်၌ပင်ရှိ နေ သေးသည်။ ထိုအချိန်တွင် ရုတ်တရက် သစ္စာရှိမှု ၆၀ အောက် ရောက်နေသူများအားလုံး ပေါက်ကွဲသွားသည်။ ထိုသစ္စာရှိမှု ၆၀ အောက်ရောက်ရှိနေသူ အားလုံး၏ ခန္ဓာကိုယ်တစ်ခုလုံးတစစီပေါက်ကွဲသွားခြင်း ဖြစ်ကာ ကျင့်ကြံခြင်း အဆင့်အတန်း သို့မဟုတ် ယောကျ်ား ၊မိန်းမ မရွေး အားလုံး ပေါက်ကွဲသွားခြင်းဖြစ်သည်။ ထိုသို့ဖြင့် လူပေါင်း သန်းချီသည် မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ ထိုမြင်ကွင်းကို ကျုံးရှန်သည် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ငြိမ်သက်စွာကြည့်ရှုနေခဲ့သည်။ သူသည် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေကို အမြန်ဆုံး စုစည်းရန် ဆုံးဖြတ်ချက်ချထားသဖြင့် သွေးထွက်သံယိုဖြစ်စေမည့် နည်းလမ်းများ လိုအပ်နေသည်။ သူ့၌ ဂိုဏ်းအပေါ်သစ္စာမရှိသူများကို ပျော့ပြောင်းနူးညံ့သည့် သနားကြင်နာမှုများဖြင့် ဖြည်းဖြည်းချင်း ပြောင်းလဲရန် အချိန်မရှိတော့ချေ။ ကောင်းကင်နှင့် မြေကြီး၏ ပြင်းထန်သောအပြောင်းအလဲများအတွင်း၌ သူသည် အလွန်အမင်း အလျင်လိုနေသည့် ခံစားချက်ကို ရရှိနေခဲ့ပြီးဖြစ်သည်။ ကျုံးရှန်၏လုပ်ရက်ကြောင့် ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေမှ လူအားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကာစိတ်ဓာတ်ခိုင်မာသော ကျုံးကျဲနှင့် ကျုံးထျန်းယွဲ့တို့ပင်လျှင် မျက်နှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေ တစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်း လူဦးရေ လေးပုံတစ်ပုံခန့် လျော့ကျသွားခြင်းဖြစ်သည်။ သို့သော်လည်း ကျုံးရှန်၏လုပ်ရပ်အတွက် မည်သူမျှ တစ်ခွန်းမှ မမေးရဲကြချေ။ ထိုအချိန်တွင် ကျုံးရှန်၏ အသံ ထွက်ပေါ်လာသည်။ "ဒီလူတွေက... ငါတို့ ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေနဲ့ တစ်စိတ်တစ်ဝမ်းတည်း မရှိကြဘူး" "သူတို့တွေထဲမှာ.. ကိုယ်ပိုင် အကြံအစည်တွေနဲ့ ဂိုဏ်းကိုဝင်လာသူတွေ ပါသလို... ဂိုဏ်းကို သစ္စာဖောက်မယ့် သူတွေလည်း ပါ နေတယ်" "ဒါကြောင့်... သူတို့အားလုံး သေသင့်တယ်" "မင်းတို့ ကျန်ရစ်နေနိုင်တာက... မင်းတို့ရဲ့ သစ္စာရှိမှုကြောင့်ပဲ" ကျုံးရှန်၏ အသံသည် မကျယ်လောင်သော်လည်း လူတိုင်း၏ စိတ်နှလုံးထဲတွင် အကြိမ်ကြိမ် ပဲ့တင်ထပ်သွားသည်။အစပိုင်းတွင် လူတိုင်းသည် ကျုံးရှန်ကို ကယ်တင်ရှင် တစ်ဦးအဖြစ် သတ်မှတ်ထားကြကာ သူတို့၏ စိတ်နှလုံးထဲတွင် ကိုးကွယ်ယုံကြည်မှုများနှင့် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေခဲ့သည်။ ထို့နောက် ကျုံးရှန်၏ ဆုချီးမြှင့်မှုများကြောင့် လူတိုင်းသည် အံ့အားသင့် မှင်တက်သွားခဲ့ကြရပြန်သည်။ တစ်ဖန် ယခုအခါ ကျုံးရှန်သည် မိုးကြိုးပစ်ချသကဲ့သို့ လျင်မြန်ပြီး သွေးထွက်သံယိုဖြစ်စေသော နည်းလမ်းများဖြင့် အခွင့်အရေးယူလိုသူများ အားလုံးကို ဖျက်ဆီးပစ်လိုက်ပြန်သည်။ သေဆုံးသွားခဲ့သည့် ဂိုဏ်းသား လေးပုံတစ်ပုံထဲမှ တစ်ဝက်ခန့်သည် ကျုံး မျိုးရိုးမှ တပည့်များ ဖြစ်ကြသည်ကို သိထားရမည် ဖြစ်သည်။ အများစုသည် သွေးဝေး မျိုးဆက်များ ဖြစ်ကြသော်လည်း အရင်းအမြစ်ကို ပြန်ရှာကြည့်မည်ဆိုပါက ယင်းတို့သည်လည်း ကျုံးရှန်၏ သွေးသား မျိုးဆက်များသာ ဖြစ်သည်။ သို့သော် မိမိ၏သွေးမျိုးဆက်ဖြစ်နေ၍ ပေါ့လျော့ညှင်သာစွာအပြစ်ပေးခြင်းမျိုးမရှိချေ။ ထိုအချက်မှ ထျန်းဂိုဏ်း တပည့်များအားလုံးကို ဘိုးဘေးကြီးသည် သနားကြင်နာတတ်သော အဘိုးအို တစ်ဦး မဟုတ်ကြောင်း ရှင်းလင်းစွာ နားလည်သွားစေခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျုံးရှန်သည် သံမဏိကဲ့သို့ တင်းမာသော အာဏာစက်နှင့် ပြတ်သားရက်စက်သောစိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည့် အကြွင်းမဲ့ အုပ်စိုးသူ တစ်ဦး ဖြစ်သည်။ ယခုအချိန်တွင် ဂိုဏ်းညီလာခံ၌ရှိနေသည့် လူများအားလုံး၏စိတ်ထဲ၌ ကျုံးရှန် အပေါ်ကြောက်ရွံ့မှုသည် အခြားခံစားချက်အားလုံးထက် သာလွန်သွားလေသည်။ နောက်တစ်ခဏတွင် ကျုံးရှန်သည် သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြန်သည်။ ထိုအခါလူတိုင်း၏ ပုံရိပ်ယောင် ဖန်သားပြင်များပေါ်တွင် အပြောင်းအလဲ အချို့ ဖြစ်ပေါ်လာသည်။ ယင်းအပေါ်တွင် ဂိုဏ်းသားတစ်ဦးစီ၏ သက်ဆိုင်ရာ တစ်ကိုယ်ရည် အချက်အလက်များ ထွက်ပေါ်လာကာ နျန်းဘီဒင်္ဂါး လဲလှယ်ခြင်းအတွက် ရွေးချယ်စရာများလည်း ပါဝင်နေသည်။ ထိုပုံရိပ်ယောင် ဖန်သားပြင်များသည် စိတ်နှလုံး ကွန်ရက်၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းသည် စိတ်နှလုံး ချိတ်ဆက်မှု အမှတ်များနှင့် မတူညီဘဲ ကျုံးရှန်သည် ထိုလူများ၏ စိတ်နှလုံးများကို တိုက်ရိုက် ချိတ်ဆက်ထားခြင်း မရှိပေ။ အစားထိုးအနေဖြင့် သူသည် ပုံရိပ်ယောင် ဖန်သားပြင် တစ်ခုစီဖြင့်သာ ချိတ်ဆက်ထားခြင်း ဖြစ်ကာ ယင်းတို့ကို စိတ်နှလုံး ကွန်ရက်နှင့် ချိတ်ဆက်နိုင်မည့် ကြားခံနယ်တစ်ခုအဖြစ် ပြောင်းလဲထားသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်အတွင်း၌ သူသည် စိတ်နှလုံး မျိုးစေ့များကို ကြုံသလို ဖြန့်ကြဲခြင်း မရှိဘဲ ချင်ထျန်းတောင်ထွတ် မျိုးဆက်မှ မိစ္ဆာသူတော်စင်များကိုသာ စိတ်နှလုံးမျိုးစေ့များဖြင့် ချိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင်မူ ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေ၏ကောင်းကင်ဘုံကမ္ဘာကဲ့သို့စိတ်နှလုံးမျိုးစေ့များဖြန့်ကြဲကာ စိတ်နှလုံးကွန်ရက်ကျယ်ပြန့်အောင် ပြုလုပ်ရန် အစီအစဉ် မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤကုန်းမြေတိုက်ရှိ လူများ၏ စိတ်နှလုံးများသည် အလွန် ရှုပ်ထွေးလွန်းကာ သူတို့၏ စိတ်ရင်းများသည် ဖြူစင်မှု မရှိသောကြောင့် ဖြစ်သည်။ထို့အပြင်သူတို့၏ပါရမီများသည်လည်း ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်၏ ကောင်းကင်ဘုံကမ္ဘာမှ မကျင့်ကြံနိုင်သောလူသားများကဲ့သို့ မြင့်မားသောပါရမီချည်းရှိသည်မဟုတ်ဘဲ အမျိုးအစား စုံလင်လှသောကြောင့်ဖြစ်သည်။ စိတ်နှလုံး ကွန်ရက်သည် ကျုံးရှန်၏ လျှို့ဝှက်ချက် ဖဲချပ်များထဲမှ တစ်ခု ဖြစ်သည်။ အရည်အချင်းမရှိသူများကို သူ၏ဝှက်ဖဲအတွင်းသို့ ရောနှော ထည့်သွင်းရန် သူ့၌ ရည်ရွယ်ချက်မရှိပေ။"နောင်တစ်ချိန်မှာ... မင်းတို့က ဂိုဏ်းအပေါ် သစ္စာရှိပြီး...အကျိုးပြုမှုပိုများလာရင်..." "ဒါမှမဟုတ် ဒီပုံရိပ်ယောင်ဖန်သားပြင်ကို အစွမ်းထက်တဲ့ ပစ္စည်းတချို့ ပူဇော်ရင်..မင်းတို့ရဲ့ နျန်းဘီဒင်္ဂါးတွေက ပိုများလာလိမ့်မယ်" "မင်းတို့ စိတ်ထဲကနေ ခေါ်လိုက်တာနဲ့ ဖန်သားပြင်က ထွက်လာမှာဖြစ်ပြီး..အဲ့ဒီနျန်းဘီဒင်္ဂါးတွေကို သုံးပြီး ဒီကမ္ဘာပေါ်က ဘယ်အရာကိုမဆို လဲလှယ်လို့ရတယ်" "ဒါပေမဲ့ မင်းတို့မှာ လက်ကျန်ငွေ လုံလောက်ဖို့တော့ လိုတာပေါ့..." ကျုံးရှန်၏ စကားများကြောင့် ညီလာခံအတွင်းရှိလူများအကြားတွင် အုတ်အော်သောင်းနင်း ထပ်မံဖြစ်သွားပြန်သည်။ "ဘိုးဘေး... ဘိုးဘေးပြောတာ တကယ်လား" "ငါ စမ်းကြည့်မယ်" ထျန်းဂိုဏ်း တပည့်အချို့သည် ပူဇော်အမှုအချို့ပြုကာ စတင် စမ်းသပ်ကြည့်နေကြပြီဖြစ်သည်။ ထိုအခါ သူတို့၏ နျန်းဘီဒင်္ဂါးများသည် တိုးလာသည်ကို မျက်မြင် တွေ့လိုက်ရသည်။ လူတစ်ယောက်သည်လည်း လဲလှယ်ခြင်း စာရင်းကို ဖွင့်ကြည့်လိုက်သောအခါ ချက်ချင်း မှင်တက်သွားသည်။ "ဟမ်... ရှိန်းဒန် ဆေးလုံး နဲ့ ရှိန်းရှန်ဟွားဟွမ် ဆေးလုံးတွေတောင် ရှိနေတာပါ့လား""ငါ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်" "ကောလဟာလတွေအရဆိုရင်..ဒဏ္ဍာရီလာ ရှိန်းဒန်ဆေးကို စားလိုက်တာနဲ့ သူတော်စင်အဆင့်ကို တန်းရောက်သွားနိုင်တယ်တဲ့" "နှမြောစရာပဲ... ငါ့မှာ လုံလောက်တဲ့ နျန်းဘီဒင်္ဂါးမရှိသေးဘူး" ထိုအချိန်တွင် အခြား ထျန်းဂိုဏ်း တပည့်တစ်ယောက်သည် သူ၏ စကားကို ဖြတ်ပြောလိုက်သည်။ "ငါ... စမ်းကြည့်လိုက်မယ်"ထိုသူသည် ယခုအချိန်၌ စိတ်နှလုံးဒင်္ဂါး ရာဂဏန်းခန့် ရှိနေခဲ့သောကြောင့် ကျုံးရှန်၏စကားများ မှန်၊ မမှန်စမ်းသပ်ရန်ဆုံးဖြတ်လိုက်သည်။ သူသည် လဲလှယ်ခြင်းစာရင်းကိုဖွင့်လိုက်ကာ နျန်းဘီဒင်္ဂါး ရာဂဏန်းကို အသုံးပြု၍ နိယာမနယ်ပယ် အဆင့် နတ်ဆေးတစ်လုံးဖြစ်သည့် သူတော်စင်ခုနစ်ပါး ဆေးလုံးကို လဲလှယ်လိုက်သည်။ ထိုအခါ သူတော်စင်ခုနစ်ပါးဆေးလုံးသည် သူ၏လက်ထဲတွက် အမှန်တကယ်ပေါ်ထွက်လာသည်။ သူတော်စင်ခုနစ်ပါး ဆေးလုံးကိုနိယာမနယ်ပယ် အဆင့် ခုနစ်နှင့် အထက် ရှိသူတိုင်း သုံးဆောင်နိုင်လေသည်။ ထိုဆေးကို သုံးဆောင်လိုက်ပါက နားလည်သဘောပေါက်နိုင်စွမ်း သိသိသာသာ တိုးတက်လာပြီး ရှေးဟောင်း သူတော်စင်ကြီး ခုနစ်ပါးမှ တစ်ချိန်တည်း တရားဟောပြနေသကဲ့သို့ ဉာဏ်အလင်းများပွင့်လင်းလာရန် အခွင့်အရေးပေးစွမ်းနိုင်သည့် အာနိသင် ရှိသည်။ ထို့ကြောင့်ယင်းသည် အလွန် ရှားပါးပြီး တန်ဖိုးကြီးမားသော ဆေးတစ်မျိုး ဖြစ်၏။ ထို ထျန်းဂိုဏ်း တပည့်သည် သူ၏ လက်ထဲရှိ သူတော်စင်ခုနစ်ပါး ဆေးလုံးကို ကြည့်ကာ ပျော်ရွှင်လွန်းသဖြင့် ခုန်ပေါက်လုမတတ် ဖြစ်သွားသည်။ "ဘိုးဘေးပြောတာ.. အမှန်တွေပဲဟ" "ဘိုးဘေးက ကောင်းကင်တာအိုနဲ့တောင် ယှဉ်နိုင်စွမ်းရှိတယ်" သူသည် လေးစားကြည်ညိုစွာဖြင့် ကျုံးရှန်ရှိသည့် အရပ်ကိုဒူးထောက်ဦးညွှတ်ကာအရိုအသေ ပေးလိုက်သည်။ ထိုအချိန်တွင် သူ၏ နျန်းဘီဒင်္ဂါးများကို ဖော်ပြသည့် ကိန်းဂဏန်းများသည် ချက်ချင်းပင် ထိုးတက်သွားလေသည်။ တစ်ချိန်တည်း၌ပင် ထိုထျန်းဂိုဏ်းတပည့်ကဲ့သို့ ပုံရိပ်ယောင် ဖန်သားပြင်များ၏ အံ့မခန်းဖွယ် စွမ်းဆောင်နိုင်ရည်ကို ရှာဖွေတွေ့ရှိသွားသူ များစွာ ရှိနေခဲ့သည်။ သူတို့သည်လည်း ပုံရိပ်ယောင်ဖန်သားပြင်၏လုပ်နိုင်စွမ်းများကို မျက်မြင်စမ်းသပ်ပြီးသောအခါ ရိုသေလေးစားစွာဖြင့် ကျုံးရှန်ရှိသည့်အရပ်ကိုဦးတည်ကာ အဆက်မပြတ် ဒူးထောက် အရိုအသေပေးလိုက်ကြသည်။ ပုံရိပ်ယောင် ဖန်သားပြင်သည် အမှန်စင်စစ်တွင် စိတ်နှလုံး ကွန်ရက် ကြီးထွားလာပြီးနောက် ဖွင့်လှစ်နိုင်ခဲ့သည့် လုပ်ဆောင်ချက်သစ် တစ်ခု ဖြစ်သည်။ သို့သော်လည်း ကျုံးရှန်သည် သူ၏ ရင်နှစ်သည်းချာ တပည့် မျိုးဆက်များကိုမူ ထိုပုံရိပ်ယောင် ဖန်သားပြင်များဖြင့်ချိတ်ဆက်ပေးခြင်းမရှိခဲ့ပေ။အဘယ်ကြောင့်ဆိုသော် ပုံရိပ်ယောင် ဖန်သားပြင်ဖြစ်စေ၊ စိတ်နှလုံး ကွန်ရက်ဖြစ်စေ ကျုံးရှန်သည် ပြည့်စုံမှု မရှိသေးဟု ယူဆထားသောကြောင့် ဖြစ်သည်။ ပုံရိပ်ယောင် ဖန်သားပြင်သည် မည်သူ့အတွက်မဆို ကြီးမားလှသော ကံကြမ္မာ အခွင့်အရေး တစ်ခု ဖြစ်သည်။ သို့သော်လည်း သူ၏ ယုံကြည်ရသော မျိုးဆက်များအတွက်မူ ယင်းသည် အဟန့်အတား တစ်ခုသာဖြစ်သည်။သူတို့သည် ကျုံးရှန်ကိုယ်တိုင် သေချာပြုစုပျိုးထောင်ပေးထားသူများဖြစ်သဖြင့် ထိုအရာများဖြင့် ချုပ်နှောင်ရန်မလိုအပ်ချေ။ထိုတပည့်များသည် ပုံရိပ်ယောင် ဖန်သားပြင်ကဲ့သို့ အရာမျိုးမရှိလျှင်ပင် ကျုံးရှန်အပေါ် အပြည့်အဝ သစ္စာရှိကြသောကြောင့်ဖြစ်သည်။ ထိုသူများထဲတွင် ရွေ့ဝူတိ၊ ကျုံးကျဲ၊ ကျုံးချီထျန်း၊ ကျုံးချီမင်၊ ကျုံးထျန်းယွဲ့၊ ကျူးကျီ၊ ကျွမ်းလီ၊ တာ့ဟေး၊ ကာရီကြက်အုပ်စု၊ ပန်းဆွဲယုန်ငယ်၊ ရှုရင် စသည့် သူများအားလုံး ပါဝင်လေသည်။ထိုသူများသည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ဂိုဏ်းသားတပည့်များ ပုံရိပ်ယောင် ဖန်သားပြင်များရရှိသွားသည်ကို လုံးဝ ဂရုစိုက်ကြခြင်းမရှိချေ။ သူတို့ ဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ ကျုံးရှန် တစ်ဦးတည်းသာ ဖြစ်သည်။ ထိုသည်က အကြွင်းမဲ့ ယုံကြည်မှုနှင့် သစ္စာရှိမှုပင် ဖြစ်၏။ ထို့ကြောင့် ကျုံးရှန်သည်လည်း သူတို့ကို မျက်ကွယ်ပြုမည် မဟုတ်ပေ။ အကယ်၍ အနာဂတ်တွင် ကျုံးရှန်သည် အမြင့်ဆုံးသော နေရာသို့ တက်လှမ်းနိုင်ခဲ့မည်ဆိုပါက သူတို့သည်လည်း ထိုကဲ့သို့သော ဂုဏ်ကျက်သရေမျိုးကို အတူတကွ ရရှိမည်ဖြစ်သည်။ ကျုံးရှန်သည် နောက်ထပ် စကားဆက်ပြောခြင်းမရှိတော့ပေ။ သူသည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ဂိုဏ်းသားများကို ပုံရိပ်ယောင် ဖန်သားပြင်အကြောင်း သေချာလေ့လာရန်သာ ခွင့်ပြုထားလိုက်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
Book 39 end.