← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း (၂၂၂)

ဥက္ကဌ လင်ဂျင်ယုံက ပြောတယ်။

"ကိုရီးယားလုပ်ငန်းစုကြီးတွေက ထုတ်ကုန်အသစ်တွေနဲ့ နည်းပညာတွေကို အမြန်ဆုံး လိုက်လံအတုယူတဲ့ မဟာဗျူဟာနဲ့ ကြီးထွားလာခဲ့ကြတာလေ။ အခုဆိုရင် တရုတ်နိုင်ငံကလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ဒီလိုနည်းလမ်းနဲ့ပဲ ဆယ်စုနှစ်တစ်ခုလောက် အရှိန်အဟုန်မြှင့် နောက်ကနေ အမီလိုက်နေတာ "

ပြဿနာက တရုတ်က အတုခိုးတဲ့နေရာမှာ အလွန်အကျွံဖြစ်ပြီး ပုံတူကူးချတဲ့နေရာမှာ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ တရုတ်မော်တော်ကားထုတ်လုပ်သူတွေက နာမည်ကြီး ဇိမ်ခံကားတွေရဲ့ ဒီဇိုင်းနဲ့ နည်းပညာတွေကို ပေါ်ပေါ်ထင်ထင် ကူးချခဲ့ကြသလို အိုင်တီကုမ္ပဏီတွေကလည်း NPL နဲ့ ဆိုဆောင်းအီလက်ထရောနစ်တို့ကို ပုံတူကူးခဲ့ကြပါတယ်။

မူပိုင်ခွင့်တွေက ဒါတွေကို တားဆီးပေးရမှာဖြစ်ပေမဲ့ တရုတ်ကုမ္ပဏီတွေကတော့ ဂရုတောင်မစိုက်ခဲ့ကြပါဘူး။ မူပိုင်ခွင့်ချိုးဖောက်ခံရတဲ့ ကုမ္ပဏီတွေက ကန့်ကွက်ရင်တောင် တရုတ်အစိုးရက သူတို့ပြည်တွင်းကုမ္ပဏီတွေဘက်ကပဲ အမြဲရပ်တည်ပေးခဲ့တယ်။

တရုတ်နိုင်ငံက ဒီလိုလုပ်နိုင်ရတဲ့ အကြောင်းရင်းကတော့ နောက်ကွယ်မှာ ကြီးမားတဲ့ ပြည်တွင်းဈေးကွက် ရှိနေလို့ပါပဲ။

သူတို့က သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစရိတ် (R&D) ကို သက်သာစေဖို့ မူပိုင်ခွင့်တွေကို လျစ်လျူရှုပြီး ပြည်တွင်းဈေးကွက်ကို စိုးမိုးဖို့အတွက် ဈေးနှုန်းချိုသာမှုကို လက်နက်တစ်ခုလို အသုံးချကြပါတယ်။ အဲဒီနောက်မှာတော့ ကုမ္ပဏီပမာဏကို ချဲ့ထွင်ပြီး ပြည်ပဈေးကွက်တွေကို ပစ်မှတ်ထားလာကြတာက သူတို့ရဲ့ ပုံစံတစ်ခုလို ဖြစ်နေပါပြီ။ (ဒီအချိန်ရောက်ရင်တော့ သူတို့က အရင်အတွေ့အကြုံတွေအရ မူပိုင်ခွင့်တွေကို လုံလုံလောက်လောက် ရရှိထားပြီး ဖြစ်နေတတ်ပါတယ်။)

"တရုတ်က Hardwareကို အတိုင်းအတာတစ်ခုအထိ တုပနိုင်ရင်တောင် အရည်အသွေးကိုတော့ လိုက်တုနိုင်မှာ မဟုတ်ဘူး။ အတိအကျ ကူးချနိုင်ရင်တောင် ကုန်ကျစရိတ်ကို အမီလိုက်ဖို့ ရုန်းကန်ရလိမ့်မယ် "

NPL က သူတို့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဆိုဆောင်းအီလက်ထရောနစ် ဆီကနေ အစိတ်အပိုင်းတွေကို မှာယူရတဲ့ အကြောင်းရင်းကတော့ ဆိုဆောင်းအီလက်ထရောနစ်ဟာ အဲဒီလိုအရည်အသွေးမျိုးကို အဲဒီဈေးနှုန်းနဲ့ ထုတ်လုပ် ပေးနိုင်တဲ့ တစ်ခုထဲသော ကုမ္ပဏီဖြစ်လို့ပါပဲ။

"တရုတ်အစိုးရကိုယ်တိုင်က နောက်ကွယ်ကနေ ပံ့ပိုးပေးလာမယ်ဆိုရင်တော့ ဇာတ်လမ်းက တခြားစီ ဖြစ်သွားလိမ့်မယ်"

တရုတ်အစိုးရက မော်တော်ကားထုတ်လုပ်မှု အင်အားကြီးနိုင်ငံ ဖြစ်လာစေရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ကြေညာထားပြီး လျှပ်စစ်ကားတွေနဲ့ အလိုအလျောက်မောင်းနှင်မယ့်ကားတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ရက်ရက်ရောရော ပြုလုပ်ပေးနေ ပါတယ်။

ပြည်တွင်းကုမ္ပဏီတွေကို ပျိုးထောင်ပေးဖို့အတွက် သူတို့ဈေးကွက်ထဲ ဝင်ရောက်လာတဲ့ ပြည်ပကုမ္ပဏီတွေကို ပြည်တွင်းကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ငန်း တည်ထောင်ဖို့ ဖိအားပေးတယ်။ ဒါ့အပြင် ပြည်တွင်းကုမ္ပဏီတွေက ထုတ်တဲ့ ဘတ္ထရီတွေကိုပဲ ထောက်ပံ့ကြေးပေးပြီး ကိုရီးယား ကုမ္ပဏီတွေရဲ့ ဘတ္ထရီတွေကိုတော့ ထောက်ပံ့ကြေး အစီအစဉ်ကနေ ဖယ်ထုတ်ထားတာမျိုး စတဲ့ မရိုးသားတဲ့ နည်းလမ်းအမျိုးမျိုးကို သုံးစွဲနေတာပါ။ ဒါတောင်မှ တရုတ်ရဲ့ ပြည်တွင်းဈေးကွက်က အရမ်းကြီးမားလွန်းတာကြောင့် ကုမ္ပဏီတွေအနေနဲ့ အစိုးရရဲ့ မူဝါဒတွေကို မလွှဲမရှောင်သာ လိုက်နာနေကြရပါတယ်။

ကျွန်တော် ခပ်ပြုံးပြုံးနဲ့ ပြောလိုက်တယ်။

"အဆုံးသတ်မှာတော့ အဓိကက အချက်အလက်ပဲ မဟုတ်လား"

တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသန်းပေါင်းများစွာက နေ့တိုင်း Goobleမှာ ရှာဖွေမှုတွေ ပြုလုပ်နေကြပြီး အဲဒီအချက်အလက်တွေက Goobleရဲ့ ရပိုင်ခွင့်ပိုင်ဆိုင်မှု ဖြစ်လာပါတယ်။ PC OS ဈေးကွက်မှာ MS၊ အွန်လိုင်းစျေးဝယ်ဈေးကွက်မှာ AMZ နဲ့ လူမှုမီဒီယာဈေးကွက်မှာ FaceNoteတို့ကလည်း ဒီလိုပဲ ဖြစ်ပါတယ်။

ဈေးကွက်ကို တစ်ဦးထဲစိုးမိုးနိုင်တဲ့ အနေအထားကို ရောက်သွားတာနဲ့ ပြိုင်ဘက်တွေ အမီမလိုက်နိုင်အောင် ကွာဟချက်ကို ဆက်တိုက် ချဲ့ထွင်နိုင်မှာပါ။

တခြားကုမ္ပဏီတွေက စမ်းသပ်မောင်းနှင်မယ့် ကားအနည်းငယ်နဲ့ အချက်အလက်တွေကို စုဆောင်းနေချိန်မှာ CarOS ကတော့ ပြည်သူတွေဆီ ရောင်းချထားတဲ့ ကားအစီးရေ သိန်းချီကနေ အချက်အလက်တွေကို စုဆောင်းနိုင်ပါတယ်။ ဒါက တခြားကုမ္ပဏီတွေ ကျော်လွှားဖို့ ခက်ခဲတဲ့ တံတိုင်းတစ်ခုလို ဖြစ်နေတာပါ။

မျက်စိနဲ့မြင်ရတဲ့ နည်းပညာကို အချိန်မရွေး ကူးချနိုင်ပေမဲ့ အချက်အလက်တွေကိုတော့ အတွေ့အကြုံကနေပဲ ရယူနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် "အတုခိုးခြင်းက တီထွင်ဖန်တီးမှုရဲ့ မိခင်" ဆိုတဲ့ စကားအတိုင်း သူတို့သာ ကြိုးကြိုးစားစား ကူးချနေမယ်ဆိုရင် တစ်နေ့မှာ ကျွန်တော်တို့ ရှိတဲ့နေရာကို ရောက်လာမှာပါပဲ။

"သူတို့က ကျွန်တော်တို့ကို အမီမလိုက်နိုင်အောင် ကျွန်တော်တို့ဘက်ကလည်း အစွမ်းကုန် ဆက်ပြီး ပြေးနေရမယ်"

ဥက္ကဌ လင်ဂျင်ယုံက ခေါင်းညိတ်လိုက်တယ်။

"အဖေ ပြောဖူးတာ ရှိတယ်။ ကုမ္ပဏီတွေ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်ပြီး ကြီးထွားနေရမယ်တဲ့။ အခုမှပဲ အဲဒီစကားရဲ့ အဓိပ္ပာယ်ကို နားလည်တော့တယ်။ အရင်တုန်းကတော့ အိပ်ပျော်သွားရင် နောက်ကျကျန်ခဲ့လိမ့်မယ်လို့ ပြောလေ့ရှိကြပေမဲ့ အခုခေတ်ကတော့ ငိုက်မြည်းလိုက်တာနဲ့တင် အားလုံးပြီးဆုံးသွားပြီလို့ ပြောရမလိုပဲ"

အတိတ်ကနဲ့ နှိုင်းယှဉ်ရင် လုပ်ငန်းတွေရဲ့ ရေစီးကြောင်းက အဲဒီလောက်အထိကို မြန်ဆန်လာတာပါ။

ကျွန်တော် ပြုံးပြီး ပြောလိုက်တယ်။

"Red Queen ကလည်း ဒီလိုပဲ ပြောခဲ့တာပါပဲ"

မျှော်လင့်ထားတဲ့အတိုင်း သူက ချက်ချင်း သဘောပေါက်သွားတယ်။

"Through the Looking-Glass ဝတ္ထုထဲကမလား"

လူဝစ်ကာရောရဲ့ အဓိကအသက်မွေးဝမ်းကျောင်းက သင်္ချာပါမောက္ခနဲ့ သင်္ချာပညာရှင်တစ်ဦးပါ။ (သူက နာမည်ကြီး ဓာတ်ပုံဆရာတစ်ဦးလည်း ဖြစ်ပါသေးတယ်။) ဒါကြောင့်မလို့ ထင်ပါတယ်။ သူရေးတဲ့ စာအုပ်တွေထဲမှာ သင်္ချာနဲ့ ယုတ္တိဗေဒဆိုင်ရာ ဇာတ်လမ်းတွေ ခဏခဏ ပါလေ့ရှိတာလေ။

အဲဒီအထဲမှာ အလှဆုံးအပိုင်းကတော့ Red Queen effect (Red Queen’s Hypothesis) ပဲ ဖြစ်ပါတယ်။

Red Queen ဟာ လက်ရှိနေရာမှာတင် မြဲမြံနေဖို့အတွက်တင်ပဲ ရှိသမျှအင်အားအကုန်သုံးပြီး ပြေးနေရတာပါ။ ဘာလို့လဲဆိုတော့ သူ့ပတ်ဝန်းကျင်က အရာအားလုံးကလည်း အတူတူ ရွေ့လျားနေလို့ ဖြစ်ပါတယ်။

ဒါကြောင့် တခြားသူတွေရဲ့ ရှေ့ကို ရောက်ချင်တယ်ဆိုရင်တော့ အရူးတစ်ယောက်လို အစွမ်းကုန် ပြေးရပါလိမ့်မယ်။

စီးပွားရေးစီမံခန့်ခွဲမှုမှာတော့ ကုမ္ပဏီတစ်ခုက တိုးတက်အောင် မလုပ်ရင် ဆုတ်ယုတ်သွားမှာဖြစ်ပြီး ရှေ့ဆက်လှမ်းနိုင်ဖို့ ဆန်းသစ်တီထွင်မှုက မရှိမဖြစ် လိုအပ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။

လက်တွေ့မှာလည်း ကိုယ့်ကိုကိုယ် မသိလိုက်ဘဲ နောက်ကျကျန်ခဲ့ပြီး လူတွေမေ့ပျောက်ကာ ပျောက်ကွယ်သွားခဲ့ ရတဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။

"အစိတ်အပိုင်း ထုတ်လုပ်မှုအပိုင်းမှာရော ဘာပြဿနာရှိလဲ"

"CarOS ရဲ့ ဝယ်လိုအားကို ပြည့်မီအောင် ငါတို့ရဲ့ ဆူဝမ်စက်ရုံမှာ ကြိုးစားပမ်းစား လုပ်ဆောင်နေပါတယ်"

စီးပွားရေးမှာ အချိန်ကိုက်ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဘယ်လောက်ပဲ ကောင်းကောင်းရောင်းရပါစေဦးတော့၊ ထုတ်လုပ်မှုပမာဏက အမီမလိုက်နိုင်ရင် အလကားပါပဲ။ အဲဒီအချိန်အတွင်းမှာ တခြားပြိုင်ဘက်တွေက ကြားဖြတ်ဝင်ရောက်လာနိုင်ပါတယ်။

ကံကောင်းထောက်မစွာနဲ့ CarOS ရော၊ ဆိုဆောင်း အီလက်ထရောနစ်ပါ အချိန်ကိုက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ မဟုတ်လို့ကတော့ အခုအချိန်မှာ စက်ရုံတွေ ဆောက်လုပ်တာ၊ အဆောက်အဦးတွေ တိုးချဲ့တာတွေနဲ့ အကြီးအကျယ် ရုန်းကန်နေရလောက်ပါပြီ။

"လက်ဆောင်ပေးထားတဲ့ ကားတွေကိုရော သဘောကျရဲ့လား"

"ဒါပေါ့။ နှစ်ယောက်စလုံး အရမ်းသဘောကျကြတယ်"

အယ်လီက Ferrari ကို အရမ်းတန်ဖိုးထားလွန်းလို့ ကားကို ကိုယ်တိုင်တောင် လက်နဲ့ ဆေးတတ်ပါတယ်။

အစ်မ အိုဟျွန်းဂျူးကတော့ အများအားဖြင့် သူ့အတွင်းရေးမှူးမောင်းတဲ့ S-Class Maybach ကိုပဲ စီးလေ့ရှိပေမဲ့ တစ်ခါတလေ အလုပ်ဆင်းချိန်တွေမှာတော့ Aventador ကို ကိုယ်တိုင်မောင်းရတာကို သဘောကျပါတယ်။

ဒါကိုကြည့်ရင် ကားကောင်းတွေက လူတွေကို ပျော်ရွှင်စေတာ သေချာပါတယ်။ ကျွန်တော်တို့လည်း ဒီလိုကားမျိုးတွေကို ထုတ်လုပ်ရပါလိမ့်မယ်။

ခဏအကြာမှာတော့ လူတစ်ယောက် ဥက္ကဌရုံးခန်းထဲကို ရောက်လာတယ်။

ဥက္ကဌ လင်ဂျင်ယုံက သူ့ကို ကျွန်တော်နဲ့ မိတ်ဆက်ပေးပါတယ်။

"ဒါကတော့ အခု အီလက်ထရောနစ် အစိတ်အပိုင်း ဌာနခွဲကို တာဝန်ယူထားတဲ့ ဥက္ကဌ လီမြောင်ဟို ပါ"

သူက အသက် ၅၀ အစောပိုင်းလောက် ရှိပါပြီ။ သေးသွယ်တဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ ပြောင်စင်အောင် ရိတ်ထားတဲ့ ခေါင်းက ထင်ရှားပေါ်လွင်နေပါတယ်။ ဒါပေမဲ့ ခေါင်းဘေးဘက်က ဆံပင်တွေကတော့ တော်တော်လေး ထူထဲပါတယ်။

"ကျွန်တော်က လီမြောင်ဟို ပါ။ စီအီးအို ကန်ဂျင်ဟူနဲ့ အတူတူ လက်တွဲလုပ်ဆောင်ရမှာကို ဝမ်းမြောက်မိပါတယ်" လို့ နှုတ်ဆက်ပါတယ်။

"ကျွန်တော်လည်း ဝမ်းမြောက်ပါတယ်ဗျာ"

ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

အီလက်ထရောနစ် အစိတ်အပိုင်း ဌာနခွဲက CarOS နဲ့ တိုက်ရိုက် ပူးပေါင်းဆောင်ရွက်နေတာဖြစ်လို့ နောက်ပိုင်း ခဏခဏ တွေ့ဖြစ်ကြမှာပါ။

"ထမင်းသွားစားကြမလား။ ကုမ္ပဏီရဲ့ ထမင်းစားဆောင်မှာပဲ စားရင်ရော ဘယ်လိုလဲ"

"ကောင်းတာပေါ့"

ကျွန်တော်လည်း ဘာပဲဖြစ်ဖြစ် သွားကြည့်ချင်နေတာပါ။

ဆိုဆောင်းအုပ်စုရဲ့ ထမင်းစားဆောင်က ဘယ်လိုနာမည်ကြီး စားသောက်ဆိုင်နဲ့မဆို ယှဉ်နိုင်လောက်အောင် ကောင်းမွန်တယ်လို့ လူသိများပါတယ်။ အခုခေတ်မှာ ကုမ္ပဏီတွေက သူတို့ရဲ့ ထမင်းစားဆောင်တွေကို အထူးဂရုစိုက်ကြတာက ရေပန်းစားနေတဲ့ အလေ့အထတစ်ခုဖြစ်နေပါပြီ။ ဒါက ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးအတွက် ဖြစ်သလို ဝန်ထမ်းတွေကို ကောင်းကောင်းစားပြီး ကြိုးကြိုးစားစား အလုပ်လုပ်နိုင်အောင် အားပေးတာလည်း ဖြစ်ပါတယ်။

တကယ်တော့ ထမင်းစားဆောင် ကောင်းကောင်းရှိတဲ့ ကုမ္ပဏီတွေက ကုန်ထုတ်စွမ်းအား ပိုမိုမြင့်မားတယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေလည်း ရှိပါတယ်။

ကျွန်တော်တို့ ထမင်းစားဆောင်ဆီကို အတူတူ ထွက်လာခဲ့ကြတယ်။

Seosung Townမှာ အဆောက်အဦး လေးခု ရှိပြီး အောက်ထပ်မြေအောက်ထပ်ကနေ အချင်းချင်း ချိတ်ဆက်ထားတာပါ။ အီလက်ထရောနစ်နဲ့ တခြားဆက်စပ်ကုမ္ပဏီတွေက ဝန်ထမ်းပေါင်း ၂၅၀၀၀ ကျော်လောက်က ဒီမှာ အလုပ်လုပ်ကြပါတယ်။ နေ့လယ်စာစားချိန်နဲ့ ကွက်တိဖြစ်နေတာကြောင့် ထမင်းစားဆောင်က ဝန်ထမ်းတွေနဲ့ စည်ကားနေပါပြီ။

ကျွန်တော်တို့ ပေါ်လာတဲ့အခါ ဝန်ထမ်းတွေက အံ့သြသွားကြတယ်။

ရိုးရိုးဝန်ထမ်းတွေအနေနဲ့ ဥက္ကဌကို မြင်တွေ့ရဖို့က ဘယ်လောက်တောင် ခဲယဉ်းလိုက်မလဲ။ အထူးသဖြင့် ကုမ္ပဏီရဲ့ ထမင်းစားဆောင်မှာဆိုရင်ပေါ့။

ဒါ့အပြင် ကျွန်တော့်မျက်နှာကိုလည်း သူတို့ မှတ်မိကြပါတယ်။ ဝန်ထမ်းတွေပဲ ရှိတဲ့နေရာဖြစ်လို့ ဘယ်သူမှ ဖုန်းထုတ်ပြီး ဓာတ်ပုံမရိုက်ရဲကြပါဘူး။ ဒါပေမဲ့ တချို့ကတော့ ခိုးရိုက်နေကြလောက်ပါတယ်။

Menuတွေက ကိုရီးယားစာ၊ ဂျပန်စာ၊ အနောက်တိုင်းစာနဲ့ တရုတ်စာအပါအဝင် စုံလင်လှပါတယ်။

"ဈေးနှုန်းက ဘယ်လောက်လဲ"

"ဝန်ထမ်းတွေအတွက်ကတော့ အလကားပါ။ အလုပ်ကိစ္စနဲ့ လာရောက်တဲ့ မိတ်ဖက်ကုမ္ပဏီက ဝန်ထမ်းတွေကတော့ ဝမ် ၅၀၀၀ ပေးရပါတယ်။ အနီးအနားက လုပ်ငန်းခွင်တွေကို ထိခိုက်မှုမရှိစေဖို့အတွက် ပြင်ပလူတွေကိုတော့ လက်မခံပါဘူး"

"……."

ဒါဆို ကျွန်တော်ကရော ၅၀၀၀ ဝမ် ပေးရမှာလား။

ဥက္ကဌ လင်ဂျင်ယုံက သူ့ပိုက်ဆံအိတ်ကို ထုတ်ပြီး "ဒီအထိ ရောက်လာတာဆိုတော့ နေ့လယ်စာကို ကျွန်တော်ပဲ ဧည့်ခံပါရစေ" လို့ ပြောတယ်။

ကျွန်တော်တို့ လင်ဗန်းတွေကို ယူပြီး တန်းစီလိုက်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်များတဲ့ ဥက္ကဌတစ်ယောက် ဖြစ်နေပါစေဦးတော့၊ အစားအစာ ယူဖို့အတွက်တော့ အလှည့်ကျစနစ်ကို လိုက်နာရမှာပါပဲ။

ဥက္ကဌ လင်ဂျင်ယုံက ကျွန်တော်တို့ရဲ့ အရှေ့နဲ့ အနောက်မှာ တန်းစီနေတဲ့ ဝန်ထမ်းတွေကို သဘာဝကျကျ နှုတ်ဆက်စကား ဆိုတယ်။

"ကုမ္ပဏီမှာလုပ်ရတာ ဘာအခက်အခဲတွေ ရှိလဲ"

ဝန်ထမ်းတွေက တညီတညွတ်ထဲ ပြန်ဖြေကြပါတယ်။

"မရှိပါဘူး"

"အရမ်းပျော်ဖို့ကောင်းပါတယ်"

"ကျွန်တော်တို့ရဲ့ အထက်လူကြီးတွေကလည်း အားလုံး အရမ်းကောင်းကြပါတယ်"

ဒါက စစ်မှုထမ်းနေတုန်းက တပ်မမှူးက ကျွန်တော်တို့ တပ်ရင်းဆီ လာရောက်စစ်ဆေးပြီး အခြေခံစစ်သားဖြစ်တဲ့ ကျွန်တော့်ကို စစ်တပ်ဘဝမှာ အခက်အခဲ ရှိလားလို့ မေးခဲ့တာကို ချက်ချင်း သတိရသွားစေပါတယ်။

ကျွန်တော်လည်း အဲဒီတုန်းက ဒီအတိုင်းပဲ ပြန်ဖြေခဲ့တာပါ။ (တကယ်တော့ "အခုအချိန်က အခက်ခဲဆုံးအချိန်ပါပဲ" လို့ ပြောချင်ခဲ့တာ ဖြစ်ပေမဲ့ပေါ့လေ။)

ကျွန်တော် အရင်ကလည်း သတိထားမိပါတယ်။ ဥက္ကဌ လင်ဂျင်ယုံက ဒီလိုမျိုး ကြိုတင်အကြောင်းမကြားဘဲ အလည်အပတ် လာရတာကို သဘောကျပုံရပါတယ်။

တက်ဂယူကတော့ သူက လူတွေရဲ့ အာရုံစိုက်မှုကို ခံချင်တဲ့ စရိုက်ရှိတယ်လို့ ပြောဖူးတယ်... အဲဒါ တကယ်များလား။

ကျွန်တော်တို့ လိုချင်တဲ့ အစားအစာတွေကို လင်ဗန်းထဲ ထည့်ပြီး လွတ်တဲ့ စားပွဲတစ်ခုကို လိုက်ရှာကြတယ်။

"ဒီမှာ လူရှိလား"

"မရှိပါဘူး၊ ထိုင်ပါ... ဟာ"

ဘာမှမစဉ်းစားဘဲ ထမင်းစားရင်း ခေါင်းညိတ်ပြလိုက်တဲ့ ဝန်ထမ်းဟာ ဥက္ကဌ လင်ဂျင်ယုံကို မြင်လိုက်ရတဲ့အခါ ပါးစပ်ထဲက ထမင်းတွေတောင် ပြန်ထွက်မတတ် အံ့သြသွားပါတယ်။

ကျွန်တော်တို့ ထိုင်ပြီး ထမင်းစားကြတယ်။

ကျွန်တော်တို့ ပတ်ပတ်လည်က ဝန်ထမ်းတွေအားလုံးဟာ ရင်ပြည့်ရင်ကယ်ဖြစ်ပြီး အစာမကြေသလို ခံစားနေရတဲ့ ပုံစံမျိုး ဖြစ်နေကြပါတယ်။ ဒါပေမဲ့ အကုန်မစားဘဲ ထသွားပြန်ရင်လည်း ပိုပြီး ထူးဆန်းနေဦးမှာပါ။

ဒါတောင်မှ ပတ်ဝန်းကျင် အနေအထားက သိပ်တော့ မဆိုးလှပါဘူး။

လူတိုင်းက ကျွန်တော်တို့ကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ခိုးခိုးကြည့်နေကြပါတယ်။

ကျွန်တော် ထမင်းစားရင်း ဝန်ထမ်းတွေကို လေ့လာကြည့်မိတယ်။ အများစုက အသက် ၂၀ ကျော်ကနေ ၄၀ ကျော်အရွယ် လူငယ်ဝန်ထမ်းတွေဖြစ်ပြီး ကျွန်တော့်အရွယ်လောက် ရှိမယ့် ဝန်ထမ်းအသစ်တွေကိုလည်း တွေ့ရပါတယ်။

ကျွန်တော့်ရဲ့အမျိုးသားအတန်းဖော်တွေကတော့ စစ်မှုထမ်းရ တာကြောင့် အလုပ်အကိုင်ဈေးကွက်ထဲကို အခုမှ စပြီး ဝင်ရောက်ဖို့ ကြိုးစားနေကြရမယ့် အချိန်ဖြစ်ပေမဲ့ ကျွန်တော့်ရဲ့ အမျိုးသမီး အတန်းဖော် အများစုကတော့ အလုပ်အကိုင်တွေ အသီးသီး ရရှိနေကြပါပြီ။

"ဘာဖြစ်လို့လဲ"

"တက်ဂယူသာ မရှိခဲ့ရင် ကျွန်တော်လည်း တစ်နေရာရာမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်နေလောက်ပြီလို့ တွေးမိလို့ပါ"

ဥက္ကဌ လင်ဂျင်ယုံက ပြုံးလိုက်တယ်။

"ဒါပေမဲ့ အခုတော့ မင်းက ဧရာမ ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ စီအီးအို ဖြစ်နေပြီလေ"

ထမင်းစားဆောင်ထဲမှာ ပြည့်နှက်နေတဲ့ ဝန်ထမ်းတွေကို ကြည့်ရင်း ကုမ္ပဏီတစ်ခုက အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်လောက်တောင် ဖန်တီးပေးနိုင်လဲဆိုတာ ပြန်တွေးမိတယ်။

လုပ်ငန်းကဏ္ဍက ဘဏ္ဍာရေးကဏ္ဍထက် အလုပ်အကိုင် ဖန်တီးပေးနိုင်စွမ်း ပိုရှိပါတယ်။

OTK Company မှာ အမြဲတမ်း ဝန်ထမ်းက ဆယ်ဂဏန်းလောက်ပဲ ရှိပေမဲ့ သူ့ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေကတစ်ဆင့် လူပေါင်း သောင်းနဲ့ချီကို အလုပ်အကိုင် ပေးထားတာပါ။

ကျွန်တော် တစ်ခါမှ မမြင်ဖူး၊ မဆုံဖူးတဲ့ လူတွေရဲ့ စားဝတ်နေရေးက ကျွန်တော့်အပေါ်မှာ မူတည်နေတယ်လို့ တွေးလိုက်မိတော့ ကျွန်တော်လည်း နည်းနည်း ရင်ပြည့်သလို ခံစားလိုက်ရတယ်။

ကျွန်တော်တို့တွေ ဂရန်းဒေတန် ဟိုတယ်ရဲ့ Royal Suiteအခန်းကို ငှားရမ်းပြီး သေးငယ်တဲ့ ပါတီပွဲလေးတစ်ခု ကျင်းပခဲ့ကြတယ်။

တစ်ည တည်းခိုခတင်ကို ဝမ် ၁၅ သန်းလောက် ကုန်ကျတာပါ။ ဒါပေမဲ့ Golden Gate ကတစ်ဆင့် ဘွတ်ကင်လုပ်ခဲ့တာကြောင့် ၃၀ ရာခိုင်နှုန်း လျှော့စျေး ရခဲ့ပါတယ်။

ကျွန်တော် အာမန်ဒီဘရစ်ညက် စပျစ်ရည်ပုလင်းကို ဖွင့်လိုက်တဲ့အခါ လူတွေက လက်ခုပ်တီးကြပါတယ်။ ကျွန်တော်တို့ ရှန်ပိန်ဖန်ခွက်တွေကို ဖြည့်ပြီး ထောင်ကာ ဂုဏ်ပြုလိုက်ကြတယ်။

ဟိုတယ်ကနေ မှာယူထားတဲ့ ရိုးရှင်းတဲ့ သရေစာမုန့်တချို့ကို တစ်ဖက်မှာ ပြင်ဆင်ထားပြီး တက်ဂယူကတော့ ပီဇာနဲ့ ကြက်ကြော်ကို သီးသန့် ထပ်မှာထားပါတယ်။

အစ်မ အိုဟျွန်းဂျူးက စီးကရက်သောက်ရင်း မေးပါတယ်။

"နေရာတော်တော်များများမှာ အိုင်ပီအို (IPO - အများပိုင် ကုမ္ပဏီအဖြစ် ရှယ်ယာထုတ်ရောင်းခြင်း) လုပ်ဖို့ မျှော်လင့်နေကြတဲ့ ပုံပဲ။ အဲလုပ်ထုတ်ရောင်းဖို့အတွက် စိတ်ကူးမရှိဘူးလား"

Startup အများစုက အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ အိပ်မက်မက်ကြပါတယ်။ တစ်ချိန်က သေးငယ်တဲ့ Startup လေးတွေဖြစ်ခဲ့တဲ့ NPL၊ Goobleနဲ့ FaceNoteတို့ဟာ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲပြီးနောက်မှာ ဧရာမ ကော်ပိုရေးရှင်းကြီးတွေအဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့ကြ တာပါ။

အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရတဲ့ အကြောင်းရင်း ကတော့ ကုမ္ပဏီရဲ့ တန်ဖိုးကို စနစ်တကျ အကဲဖြတ်ခံရဖို့နဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုအဖြစ် ရှိနေတာထက်စာရင် အရင်းအနှီးကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်ဖို့အတွက် ဖြစ်ပါတယ်။

ဒါပေမဲ့ အားသာချက်တွေပဲ ရှိတာတော့ မဟုတ်ပါဘူး။ ကုမ္ပဏီတစ်ခုက အများပိုင်ဖြစ်သွားတာနဲ့ ရင်းနှီးမြှုပ်နှံသူ တွေကို ကာကွယ်ဖို့အတွက် ဘဏ္ဍာရေးရှင်းတမ်းတွေ၊ သုံးလပတ်အမြတ်အစွန်းတွေ၊ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေ စတာတွေကို ပွင့်လင်းမြင်သာစွာ ချပြရတော့မှာပါ။

"တကယ်ပဲ အဲဒါကို လုပ်ဖို့ လိုအပ်လို့လား"

ကားအသစ်ရဲ့ အောင်မြင်မှုကြောင့် ငွေကြေးစီးဆင်းမှုက ချောမွေ့နေသလို ဖွံ့ဖြိုးတိုးတက်ရေးစရိတ်ကလည်း လုံလောက်မှု ရှိနေပါတယ်။ တကယ်လို့ ငွေကြေး ထပ်လိုတယ်ဆိုရင်လည်း ငွေတိုက်စာချုပ်တွေ ထုတ်ဝေလို့ရတာပဲဖြစ်လို့ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ကို ရွေးချယ်စရာ မလိုပါဘူး။

"CarOS သာ NASDAQ မှာ ရှယ်ယာထုတ်ရောင်းရင် ဘယ်လောက်အထိ ရနိုင်မလဲ"

ကျွန်တော့်ရဲ့ မေးခွန်းကို အစ်မ အိုဟျွန်းဂျူးက ပြန်ဖြေတယ်။

"လက်ရှိ အခြေအနေအရဆိုရင်တော့ ဒေါ်လာ သန်း ၂သိန်းလောက်အထိ ရနိုင်ပါတယ်"

ဒေါ်လာ ၈၈ သန်းနဲ့ ဝယ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဟာ နှစ်အနည်းငယ်အတွင်းမှာတင် ဒေါ်လာ သန်း ၂သိန်း အထိ တန်ဖိုးရှိလာခဲ့တာပါ။ ဒါပေမဲ့ ဒီအတောအတွင်းမှာ ကျွန်တော်တို့ဘက်ကလည်း ဒေါ်လာ သန်းထောင်ပေါင်း များစွာကို သွန်းလောင်း ရင်းနှီးမြှုပ်နှံခဲ့ရတာပါ။

ကျွန်တော် ထပ်မေးလိုက်တယ်။

"တကယ်လို့ OTK သုတေသနဌာနက နောက်မျိုးဆက်သစ် ဘတ္ထရီကို စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ အောင်မြင်သွားရင်ကော"

အစ်မ အိုဟျွန်းဂျူးက သူ့နဖူးကို လက်ညှိုးနဲ့ တို့ရင်း ပြောတယ်။

"အဲဒါကတော့ စဉ်းစားစရာပဲ။ ဒါပေမဲ့ ဒေါ်လာ သန်း ၃သိန်းကျော်ကတော့ သေချာပေါက်ရလောက်တယ်"

တစ်နှစ်ကို ကားအစီးရေ ၁ သိန်းတောင် မရောင်းရသေးတဲ့ Nikolaဟာ ကားအစီးရေ သန်းနဲ့ချီ ရောင်းချနေရတဲ့ GM ရဲ့ ဈေးကွက်တန်ဖိုးကို ကျော်လွန်သွားနိုင်ခဲ့တာက အနာဂတ် လျှပ်စစ်ကားဈေးကွက်ကို သူတို့တွေဟာ စိုးမိုးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။

လျှပ်စစ်ကားဈေးကွက်က အဲဒီလောက်အထိ အလားအလာ ကြီးမားတာပါ။

လက်ရှိမှာ လျှပ်စစ်ကား ရောင်းအားက လောင်စာဆီအင်ဂျင်သုံးကား ရောင်းအားရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိသေးပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရာစုနှစ်ကို ဦးဆောင်ခဲ့တဲ့ လောင်စာဆီအင်ဂျင်သုံးကားတွေ ပျောက်ကွယ်သွားဖို့ကတော့ အချိန်တစ်ခုပဲ လိုပါတော့တယ်။ ပြီးတော့ အဲဒီအချိန်က လူတိုင်း မျှော်လင့်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ရောက်ရှိလို့ လာနေပါတယ်။

ပြိုင်ပွဲက ကုမ္ပဏီတစ်ခု ဒါမှမဟုတ် နှစ်ခုထဲနဲ့ ပြိုင်နေတာ မဟုတ်ပါဘူး။ အခုအချိန်အထိတော့ ကားကုမ္ပဏီတွေက CarOS ကို သိပ်ပြီး ဂရုမစိုက်ခဲ့ကြပေမဲ့ အခုအချိန်ကစပြီးတော့ တားဆီးပိတ်ဆို့မှုတွေက ပိုမိုပြင်းထန်လာတော့မှာပါ။

ကျွန်တော် ရှန်ပိန်ကို တစ်ငုံသောက်ရင်း ပြောလိုက်တယ်။

"ဘယ်သူက အောင်နိုင်သူ ဖြစ်မလဲဆိုတဲ့ တိုက်ပွဲက အခုမှ စတင်တာပါ"

အလုပ်ရှုပ်နေတဲ့ ကြားထဲကပဲ ဝမ်းမြောက်စရာကောင်းတဲ့ မျက်နှာတချို့ OTK Company ဌာနချုပ်ဆီကို ရောက်ရှိလာကြပါတယ်။

သူတို့ကတော့ Faceit ရဲ့ စီအီးအို ဖြစ်တဲ့ တိုဘီ စထရောင်းနဲ့ စီအိုအို ဂျရက် ဘေကွန် တို့ပဲ ဖြစ်ပါတယ်။

"ကြိုဆိုပါတယ်"

ကျွန်တော်တို့ မတွေ့ဖြစ်တာ ကြာပြီဖြစ်တဲ့အတွက် နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်ကြတယ်။

တိုဘီက ငါးခူပြုံး ပြုံးရင်း ပြောတယ်။

"ဒီကို လမ်းလျှောက်လာရင်း ကြည့်ခဲ့တာ။ ကိုရီးယားမှာ လှတဲ့ အမျိုးသမီးတွေ အများကြီးပဲ။ အံ့သြဖို့ကောင်းတယ်"

ဒါက သူတို့နှစ်ယောက် ဌာနချုပ်ဆီကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။

သူတို့က ဂျပန်နိုင်ငံကို စီးပွားရေးခရီးစဉ် သွားရောက်ပြီးအပြန်မှာ ခဏ ဝင်လည်တာပါ။ ခရီးစဉ်ရဲ့ အကြောင်းရင်းကတော့ ဂျပန် AV ကုမ္ပဏီတွေနဲ့ တွေ့ဆုံဖို့ ဖြစ်ပါတယ်။

သူတို့က content တင်ပေးမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ J1၊ SOB၊ ECC၊ Modys စတဲ့ ကုမ္ပဏီတွေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ ပြောတယ်။

Faceit ဟာ အမေရိကန်မှာတင်မကဘဲ တစ်ကမ္ဘာလုံးက အပြာရုပ်ရှင်ဈေးကွက်မှာ ဦးဆောင်သူအဖြစ် ပေါ်ထွက် လာခဲ့တာပါ။ ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဟိုမှာ သူတို့ကို ကြိုဆိုဖို့အတွက် ကြီးကျယ်ခမ်းနားတဲ့ ပါတီပွဲကြီးတစ်ခု ကျင်းပပေးခဲ့ကြတယ်။

ရိုးရိုးပါတီတင် မဟုတ်ဘဲ ရေကူးကန်တစ်ခုလုံးကို ငှားရမ်းပြီး ဘီကီနီဝတ်ထားတဲ့ AV မင်းသမီး ဒါဇင်ပေါင်းများစွာနဲ့ ဂိမ်းအမျိုးမျိုး ဆော့ကစားခဲ့ကြတဲ့ Pool Party ပွဲကြီး ဖြစ်ပါတယ်။

သူတို့နှစ်ယောက်လုံး အရမ်းပျော်နေပုံရတာက အဲဒီအကြောင်းကြောင့်ပဲ ထင်တယ်။

ဒီအချက်ကို လူအများသိရှိသွားကြတဲ့အခါ သူတို့ဟာ အနောက်တိုင်း အိုတာကူတွေကြားထဲမှာ အိုင်ဒေါအဆင့်ကို တစ်ကျော့ပြန် ရောက်ရှိသွားခဲ့ပါတယ်။

အိုတာကူတွေထဲမှာ အနောက်တိုင်း အိုတာကူတွေက အကြမ်းဆုံးပဲလို့ ပြောကြတာလေ။

ကျွန်တော် သူတို့ကို မေးလိုက်တယ်။

"Car Infotainment အခြေအနေ ဘယ်လိုရှိလဲ"

အလိုအလျောက်မောင်းနှင်မှုစနစ်က လူတွေကို မောင်းနှင်ခြင်းကနေ လွတ်မြောက်စေပါတယ်။ ယာဉ်မောင်းတွေအနေနဲ့ ခရီးသွားနေတဲ့ အချိန်အတွင်းမှာ ဖျော်ဖြေရေး လိုအပ်ပြီး အဲဒါကတော့ Car Infotainment ပဲ ဖြစ်ပါတယ်။

လက်ရှိမှာ Faceit ဟာ အပြာရုပ်ရှင်လုပ်ငန်းမှာ သူတို့ စုဆောင်းထားတဲ့ နည်းပညာတွေကို အသုံးပြုပြီး Car Infotainment ကဏ္ဍထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေတာပါ။

တိုဘီက ခေါင်းညိတ်ပြတယ်။

"content တင်သူတွေနဲ့ တိုင်ပင်ပြီး တဖြည်းဖြည်းချင်း အကောင်အထည်ဖော်နေပါတယ်။ အဲဒါထက် ပိုအရေးကြီးတာက ငါတို့တွေ ရန်ပုံငွေ ရချင်လို့ပါ"

"ဘာအတွက်လဲ"

Faceit ရဲ့ ဝင်ငွေနဲ့ အမြတ်အစွန်းတွေက ဆက်တိုက် တိုးတက်နေပါတယ်။ ဒါပေမဲ့ ရရှိတဲ့ ပိုက်ဆံတွေကို သူတို့ကိုယ်ပိုင် အပြာရုပ်ရှင်တွေနဲ့ VR အပြာရုပ်ရှင်တွေ ထုတ်လုပ်တဲ့နေရာမှာ ပြန်လည်ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် ကုမ္ပဏီမှာ ကျန်ရှိတဲ့ အမြတ်ငွေက သိပ်ပြီး မများလှပါဘူး။

"ငါတို့တွေ Dancing Rabbit ကုမ္ပဏီကို ဝယ်ယူဖို့ ကြိုးစားနေတာပါ"

"အဲဒါက ဘယ်လိုကုမ္ပဏီမျိုးလဲ"

ကျွန်တော့်ရဲ့ မေးခွန်းကြောင့် တိုဘီနဲ့ ဂျရက်တို့ ကြောင်အမ်းအမ်း ဖြစ်သွားကြတယ်။

"မင်းတို့နှစ်ယောက်လုံးက အဲဒီနာမည်ကြီးကုမ္ပဏီကို မသိဘူးလား"

"သူတို့ရဲ့ ထုတ်ကုန်တွေကို တစ်ခါမှတောင် မသုံးဖူးဘူးလား။ သူတို့ပစ္စည်းတွေက တော်တော်ကောင်းတာ"

"ဒါနဲ့ အဲဒါက ဘယ်လိုကုမ္ပဏီလဲဆိုတာ ပြောပါဦး။"

တိုဘီက ပြောတယ်။

"အမေရိကန်မှာ ဒုတိယအကြီးဆုံး လူကြီးသုံး ကစားစရာ (ညစ်ညမ်းအရုပ်) ကုမ္ပဏီလေ"

"အာ……"

သူတို့က ကစားစရာကုမ္ပဏီတစ်ခုကို ဝယ်ယူမလို့ပေါ့လေ။

All Chapters