အခန်း ၂၂၄
Vol. 23 Ch. 224
အခန်း (၂၂၄)
အောင်မြင်လာရင် သူငယ်ချင်းတွေ ပေါများလာတတ်တယ် ဆိုတဲ့ စကားပုံတစ်ခု ရှိပါတယ်။
ကျွန်တော် အောင်မြင်မှုတွေ ရလာကတည်းက ကျွန်တော့်ဆီ လာရှာတဲ့သူတွေနဲ့တင် မနိုင်မနင်း ဖြစ်နေခဲ့ရတာပါ။ စီးပွားရေးသမားတွေနဲ့ နိုင်ငံရေးသမားတွေတင်မကဘူး... ကျွန်တော်တောင် မမှတ်မိတော့တဲ့ မူကြိုနဲ့ မူလတန်းက အတန်းဖော်ပါဆိုတဲ့ လူတွေအထိ ကုမ္ပဏီကို ရောက်လာကြတယ်။
ကိုရီးယားနိုင်ငံ တစ်နိုင်ငံထဲမှာတင် ကျွန်တော့်ရဲ့ ရင်နှီးတဲ့သူငယ်ချင်းပါလို့ ပြောနေကြတဲ့သူတွေ ထောင်နဲ့ချီ ရှိနေတယ်လို့ ပြောရင်လည်း မမှားပါဘူး။
ဒီလို အတွေးတွေနဲ့တင် ချိန်းထားတဲ့နေရာကို ရောက်လာပြီး ကားပေါ်က ဆင်းလိုက်တယ်။
လူတွေ မှတ်မိသွားမှာ စိုးရိမ်လို့ ဂျင်းဘောင်းဘီ၊ အနွေးထည်နဲ့အတူ ဘေ့စ်ဘောဦးထုပ်ကို ငိုက်နေအောင် ဆောင်းထားပြီး ကျောင်းသားတစ်ယောက်လို ဝတ်ဆင်ထားခဲ့တယ်။ တက္ကသိုလ်နားက ကိုရီးယား အရက်ဆိုင်ဆီ မရောက်ဖြစ်တာလည်း တော်တော်ကြာပြီဖြစ်သလို ဆိုင်ထဲမှာလည်း တိတ်ဆိတ်နေခဲ့တယ်။
ကျွန်တော် ဆိုင်ထဲ ဝင်လိုက်တာနဲ့ အရင်ရောက်နေတဲ့ မင်ယောင်းနဲ့ ကျောင်ဂီက လှမ်းလက်ပြကြတယ်။
"ဒီဘက်မှာ"
မင်ယောင်းက တက္ကသိုလ်တုန်းက ပုံစံအတိုင်းပဲ ရှိနေတုန်းဖြစ်ပြီး ကျောင်ဂီကတော့ ဆံပင်တိုကို ဖုံးချင်လို့ ထင်တယ်... ဦးထုပ်ဆောင်းထားတယ်။
"အားလုံး အဆင်ပြေကြရဲ့လား"
သူငယ်ချင်းတွေက ကျွန်တော့်ကို နွေးနွေးထွေးထွေး နှုတ်ဆက်ကြတယ်။
"မတွေ့ရတာ တော်တော်ကြာပြီနော်"
"မင်း အောင်မြင်သွားတော့ သူငယ်ချင်းတွေကို မေ့သွားပြီလို့ ထင်နေတာ"
"ဘယ်ကလာ... မမေ့ပါဘူး"
"ဒါနဲ့ မင်းကလည်း ဖုန်းနံပါတ်ကို ခဏခဏ ပြောင်းနေတာနော်"
"အာ... ဟုတ်သားပဲ"
ကျွန်တော် ဖုန်းအတော်များများ ပြောင်းခဲ့တာပါ။ စဉ်းစားကြည့်မှ တက္ကသိုလ်ကလူတွေထဲမှာ ကျွန်တော့်ဆီ ဖုန်းနံပါတ်ရှိတာ ယူရီတစ်ယောက်ပဲ ရှိပါတယ်။ သူတို့နှစ်ယောက်ကလည်း ကျွန်တော်က အဆက်အသွယ် မလုပ်ချင်ဘူးလို့ပဲ တွေးထားကြပုံရတယ်။
"မင်းဆီ ကုမ္ပဏီအထိ လာတွေ့မလို့ စဉ်းစားသေးတယ်... ဒါပေမဲ့ ဒီတိုင်းကြီး ရုတ်တရက် ရောက်သွားရင် မကောင်းဘူးလေ။ မင်းဆီမှာ အဲဒီလိုလူတွေ အများကြီး လာနေကြတာ မဟုတ်လား"
"အများကြီးပေါ့"
စကားပုံ ရှိတယ်မဟုတ်လား... စေတနာအမှန်နဲ့ လာတဲ့သူက အလကား လာမရှာဘူး... လာရှာတဲ့သူတွေမှာလည်း စေတနာအမှန် ပါလေ့မရှိတာဆိုတာလေ။
ဒါကြောင့်ပဲ ဒီအချိန်မှာ ကျွန်တော့်ဆီ ရောက်မလာခဲ့ကြတဲ့ သူငယ်ချင်းအစစ်တွေနဲ့ လာတွေ့တာပေါ့။
"ဒါနဲ့ မင်းတို့တစ်တွေ အခုတလော ဘာတွေလုပ်ဖြစ်နေလဲ"
"ငါတို့က ဘာလုပ်နေရမှာလဲကွ... ငါက ကာကွယ်ရေး ကန်ထရိုက်တာ ကုမ္ပဏီတစ်ခုမှာ လုပ်နေပြီး သူကတော့ စစ်တပ်ထဲမှာလေ"
နိုင်ငံခြားသား ခံယူထားတာမျိုး မဟုတ်ရင် ယောကျာ်းလေးတွေက စစ်မှုထမ်းရမယ့် ကိစ္စကို လုပ်ဆောင်ရတာပါပဲ။ (ငွေနဲ့ အဆက်အသွယ် ရှိရင်တော့ လွတ်အောင် ရှောင်လို့ရတတ်ပေမယ့်ပေါ့)
မင်ယောင်းက အစားထိုး စစ်မှုထမ်းဖို့အတွက် ကာကွယ်ရေး ကန်ထရိုက်တာ ကုမ္ပဏီတစ်ခုမှာ အလုပ်ရထားပြီး ကျောင်ဂီကတော့ KATUSAs (အမေရိကန်စစ်တပ်ထဲက ကိုရီးယားစစ်သည်များ) ထဲ ဝင်ထားတယ်။
"စောစောစီးစီး စစ်မှုထမ်းပြီးသွားတဲ့ မင်းကို အားကျလိုက်တာ"
"ဘာတွေ ပြောနေတာလဲ... တိုက်ပွဲဝင်ရတဲ့တပ်ဖွဲ့ထဲ သွားရတာထက်စာရင် နောက်ကျမှသွားရတာက အဆင်ပြေတာထက် ပိုပါသေးတယ်"
"တကယ်ပြောတာ... သတင်းထဲမှာ တွေ့တုန်းက ငါ ဘယ်လောက်တောင် လန့်သွားလဲ သိလား။ Brexit တုန်းက ယူကေမှာ သောင်းကျန်းသွားတဲ့သူက ငါ့သူငယ်ချင်း ဖြစ်နေတာလေ။ ဘာလို့ ငါ့ကို စောစောစီးစီး မပြောခဲ့တာလဲ"
"ဟုတ်ပ... အခုထိ ဘာလို့ တစ်ခွန်းမှ မပြောခဲ့ရတာလဲ"
ကျွန်တော် ရယ်ပြီး တောင်းပန်လိုက်တယ်။
"ဆောရီးကွာ။ အစကတော့ တက္ကသိုလ်တက်နေတုန်းလေး လျှို့ဝှက်ထားမလို့ပဲ... ဒါပေမဲ့ အခြေအနေက ဒီလို ဖြစ်သွားတာ"
တက်ဂယူသာ အဖမ်းမခံခဲ့ရရင် ကျွန်တော်က ဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြောဖြစ်မှာ မဟုတ်ပါဘူး။ ဒါတွေအားလုံးက ပတ်ဆီဟျွန်းကြောင့်ပဲ။
"ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အတော်ဆုံး ရင်းနှီးမြှုပ်နှံသူက ငါ့သူငယ်ချင်း ဖြစ်နေတာ တကယ့်ကို အံ့ဩဖို့ကောင်းတယ်။ အိပ်မက်လိုပဲ"
"ကမ္ဘာ့အတော်ဆုံး ဟုတ်လား... ဝါရင် ဘတ်ဖတ်က အခုထိ အသက်ရှင်လျက် လှုပ်ရှားနိုင်တုန်းပဲဟ"
"အာ... ဟုတ်သားပဲ။ မင်းက ဝါရင် ဘတ်ဖတ်နဲ့တောင် လူကိုယ်တိုင် တွေ့ခဲ့တာ မဟုတ်လား။ သူက မင်းတို့အိမ်မှာ နေ့လယ်စာ စားခဲ့တာလေ"
"ဝိုး... မယုံနိုင်စရာပဲ"
ကျွန်တော်တို့ ခွက်ချင်းတိုက်ရင်း ရှေးဟောင်း နှောင်းဖြစ်တွေကို ပြောဖြစ်ကြတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ... သူငယ်ချင်းဟောင်းတွေနဲ့ စကားပြောရတာ ပေါ့ပေါ့ပါးပါး ရှိလှပါတယ်။
"မင်း ကုန်တိုက်တွေ သွားရင် လိုချင်တဲ့ ဇိမ်ခံပစ္စည်းတွေကို ဒီတိုင်းပဲ ဝယ်လိုက်တာလား။ VVIP ကတ်ကို ထုတ်ပြလို့ မန်နေဂျာကိုယ်တိုင် ဆင်းကြိုတာမျိုးရော ကြုံရလား"
"အဲဒီလိုမျိုး အနည်းငယ်တော့ ရှိခဲ့ဖူးပါတယ်"
ဒါပေမဲ့ တက်ဂယူရော၊ ကျွန်တော်ပါ ဈေးဝယ်တာ ဒါမှမဟုတ် ဇိမ်ခံပစ္စည်းတွေအပေါ် သိပ်စိတ်မဝင်စားကြဘူး။
သူဌေးကြီးတွေထဲမှာ သာမန်လူတွေ စိတ်ကူးလို့မရတဲ့ ဘဝမျိုးနဲ့ နေထိုင်ကြသူတွေ ရှိသလို... ဝါရင် ဘတ်ဖတ်လိုမျိုး ကားဟောင်းကြီးမောင်း၊ အိမ်ဟောင်းကြီးမှာနေပြီး လှူဒါန်းရတာကို သဘောကျတဲ့သူတွေလည်း ရှိပါတယ်။
ဒါကတော့ စရိုက်ချင်း မတူလို့ပဲ ဖြစ်မှာပါ။
ကျွန်တော် ကျောင်ဂီကို မေးလိုက်တယ်။
"KATUSAsမှာ ဘယ်လိုလဲ... စစ်သားဘဝက နေပျော်ရဲ့လား"
"အဲဒီအကြောင်း မပြောနဲ့တော့... မင်းကြောင့် ငါ သေလုမတတ် ဖြစ်ခဲ့တာ"
"ဟင်"
သူ KATUSAsကို စဝင်ခါစက အထက်လူကြီး စစ်ဗိုလ်တွေက သူက ကိုရီးယားတက္ကသိုလ်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာနကမှန်း သိတော့ ကျွန်တော့်အကြောင်း မေးကြတာပါတဲ့။ အဲဒီအချိန်တုန်းက အခြေအနေက အကောင်းဘက်မှာမလို့ ကျောင်ဂီက ကျွန်တော်တို့ တွဲရိုက်ထားတဲ့ ပုံတွေကို ပြပြီး OTK Company ရဲ့ စီအီးအိုက သူ့သူငယ်ချင်းဆိုပြီး ကြွားခဲ့တာပေါ့။ အားလုံးကလည်း အထင်ကြီးသွားကြတယ်။
ဒါပေမဲ့ ကျွန်တော်က မဟာငလျင်ကြီး လာတော့မယ်လို့ ပြောပြီး ပြဿနာရှာလိုက်တဲ့အခါမှာတော့ အမေရိကန်တွေကြားမှာ ဝေဖန်မှုတွေ အတော်လေး ဆိုးဝါးသွားခဲ့တယ်။
ဒီလို ခံစားချက်က ကိုရီးယားမှာရှိတဲ့ အမေရိကန် စစ်တပ်ထဲအထိပါ ကူးစက်သွားခဲ့တာပါ။
ဒေါသမြားဦးတွေက တပ်ထဲက KATUSAs ကိုရီးယားစစ်သားတွေဆီ ဦးတည်သွားတော့တယ်။ အမေရိကန် စစ်သားတွေက ကိုရီးယားစစ်သားတွေကို ပေါ်တင် နှောင့်ယှက်ကြပြီး... ကန်ဂျင်ဟူက သူ့သူငယ်ချင်းလို့ ကြွားထားတဲ့ ကျောင်ဂီခမျာ အမေရိကန်စစ်သားတွေရော၊ ကိုရီးယား စီနီယာတွေဆီကပါ အနှောင့်အယှက် ခံရလို့ စစ်တပ်ထဲမှာ အတော်လေး ဒုက္ခရောက်ခဲ့ရတယ်။
"နေ့ဘက်ဆို အမေရိကန်စစ်သားတွေက နှိပ်စက်တယ်... ညဘက်ကျတော့ စီနီယာတွေက ဒုက္ခပေးတယ်။ တော်တော် ခံရခက်လွန်းလို့ တပ်ပြေးဘဝလုပ်ဖို့အထိတောင် စဉ်းစားမိခဲ့တာ။ တကယ်လည်း အားလပ်ရက် ထွက်သွားပြီး တပ်ထဲပြန်မလာတဲ့သူ အနည်းငယ် ရှိခဲ့လို့ တစ်တပ်လုံး ဗြောင်းဆန်သွားသေးတယ်"
ဒါပေမဲ့ အဲဒီနောက်မှာတော့ တကယ့်ငလျင်ကြီး လှုပ်ခတ်သွားပြီး အခြေအနေက ပြောင်းပြန် ဖြစ်သွားခဲ့တယ်။
အမေရိကန် စစ်သားတွေက KATUSAsတွေကို ချစ်ခင်လေးစားမှုနဲ့ ပြန်လည် ဆက်ဆံလာကြပြီး ကျောင်ဂီရဲ့ တပ်တွင်းအဆင့်အတန်းကလည်း ကျွန်တော်နဲ့ အတန်းတူ၊ သူငယ်ချင်း ဖြစ်နေရုံနဲ့တင် ထိုးတက်သွားခဲ့တယ်။
"အဲဒီအချိန်ကစပြီး စစ်တပ်ဘဝက အတော်လေးကို သက်သာသွားခဲ့တာ"
"……."
ဟင်... ဒါတွေအားလုံးက ကျွန်တော့်ကြောင့် ဖြစ်သွားတာပေါ့လေ။
"တစ်ရက်လောက် လာလည်ချင်လား... မင်းကို တွေ့ချင်နေတဲ့ အမေရိကန်စစ်သားတွေ အများကြီးပဲ"
"လာလည်ဖို့ ကိစ္စကတော့ စဉ်းစားရဦးမယ်"
ကျွန်တော်က စစ်တပ်နဲ့ နီးစပ်ဖို့တောင် မတွေးချင်တာပါ။
ကျွန်တော် မင်ယောင်းကို မေးလိုက်တယ်။
"မင်းကော ရှေ့ဆက်ပြီး ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ"
"ဒါတွေ ပြီးသွားမှပဲ စဉ်းစားတော့မယ်။ အလုပ်ဝင်ရမလား... ဒါမှမဟုတ် နိုင်ငံခြားမှာ ကျောင်းသွားတက်ရမလား ဆိုတာကိုပေါ့။ ကျောင်းတက်ဖြစ်ရင်တော့ MBA ပရိုဂရမ်တစ်ခု တက်ချင်တယ်"
"အခွင့်အရေး ရှိတုန်း လေ့လာထားတာ ကောင်းပါတယ်"
အလုပ်လုပ်ရင်းနဲ့မှ ကျောင်းစာကို ပိုမကြိုးစားခဲ့မိတာကို နောင်တရမိတာပါ။
မင်ယောင်းရဲ့ မိသားစုက အတော်လေး ချမ်းသာတာမလို့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့က သူ့အတွက် ပြဿနာ မရှိပါဘူး။
ကျွန်တော် အရက်ဆိုင်ကို ဝေ့ကြည့်ရင်း ပြောလိုက်တယ်။
"ဒီမှာ ဆိုဂျူးသောက်ရတာ အမှတ်တရတွေကို ပြန်သတိရစေတယ်"
ကျောင်ဂီက ခေါင်းညိတ်တယ်။
"အေးပေါ့ကွာ။ ငါတို့တွေ ကောင်မလေးတွေနဲ့ စကားပြောဖို့ ကြိုးစားတုန်းကဆို ကျောင်းသားကတ်တွေကို တမင်တကာ ထုတ်ပြထားခဲ့ကြတာလေ"
ရည်ရွယ်ချက်ကတော့ ငါတို့က နာမည်ကြီး တက္ကသိုလ်က ကျောင်းသားတွေပါဆိုတာ ပြပြီး ကောင်မလေးတွေကို ဆွဲဆောင်ချင်လို့ပါ။ ဒါပေမဲ့ အဲဒါက သိပ်တော့ မအောင်မြင်တဲ့ နည်းဗျူဟာပါပဲ။
ကိုရီးယားတက္ကသိုလ် ကျောင်းသားဖြစ်ကြောင်း ကြွားချင်ရင် ကိုရီးယားတက္ကသိုလ် ရှေ့တင်ရှိတဲ့ အရက်ဆိုင်မှာ မလုပ်သင့်ဘူးလေ။ (ဒီကိုလာတဲ့သူရဲ့ ထက်ဝက်က ကိုရီးယားတက္ကသိုလ် ကျောင်းသားတွေပဲဟာ)
"ဒါနဲ့ မင်း အခု လမ်းပေါ်မှာ ကောင်မလေးတွေ လာစကားပြောတာမျိုး ခံရဖူးလား"
ကျွန်တော် ရယ်လိုက်တယ်။
"ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ... သူတို့က ငါ့ကို မှတ်တောင် မှတ်မိကြမှာ မဟုတ်ဘူး"
ဒါပေမဲ့ ကျွန်တော် စကားပြောလို့တောင် မဆုံးသေးခင်မှာပဲ အမျိုးသမီး နှစ်ယောက် ကျွန်တော်တို့ ဝိုင်းဆီ လျှောက်လာကြတယ်။ သူတို့က အသက် ၂၀ အစောပိုင်းလောက်... ကျွန်တော်တို့ထက် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် ငယ်မယ့်ပုံပါ။
နှစ်ယောက်လုံးက အရပ်ရှည်ရှည်၊ သွယ်သွယ်လျလျနဲ့ လှကြပါတယ်။ တစ်ယောက်က ဆံပင်တိုနဲ့ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဆံပင်အရှည် ဖြောင့်ဖြောင့်လေးနဲ့ပါ။
ဆံပင်တိုနဲ့ ကောင်မလေးက အားနာတဲ့ လေသံနဲ့ မေးတယ်။
"စိတ်မရှိပါနဲ့ရှင်... ကျွန်မတို့ ဟိုဘက်ဝိုင်းကနေ လှမ်းကြည့်နေတာ... ရှင်က စီအီးအို ကန်ဂျင်ဟူ လားရှင့်"
သူ လက်ညှိုးထိုးပြတဲ့ ဝိုင်းကို ကြည့်လိုက်တော့ နောက်ထပ် အမျိုးသမီး နှစ်ယောက် ထိုင်နေတာ တွေ့ရတယ်။ သူတို့က ကျွန်တော်တို့ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေကြတာပါ။
ကျွန်တော် ငြင်းဖို့ မပြင်ရသေးခင်မှာပဲ ကျောင်ဂီက ချက်ချင်း ဖြတ်ပြောလိုက်တယ်။
"ဟုတ်ပါတယ်။ သူက ကန်ဂျင်ဟူပါ"
သူ့စကားကြောင့် အမျိုးသမီး နှစ်ယောက်လုံး အံ့ဩသွားကြပြီး...
"အမလေး... ဘယ်လိုလုပ်မလဲ"
"တကယ်ကြီး ကန်ဂျင်ဟူပဲ"
"မယုံနိုင်စရာပဲ..."
ကျောင်ဂီက မမေးဘဲနဲ့တင် ဝင်ရှင်းပြတယ်။
"ငါတို့က ကိုရီးယားတက္ကသိုလ် စီးပွားရေးစီမံခန့်ခွဲမှုဌာနက သူ့ရဲ့ အတန်းဖော်တွေပါ။ မတွေ့ရတာ ကြာလို့ အခုမှ ဆုံပြီး အရက်သောက်နေကြတာလေ"
"ဪ... ဟုတ်ကဲ့။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မတို့က ဆီအင်းတက္ကသိုလ်ရဲ့ လေကြောင်းလိုင်း ဝန်ဆောင်မှုဌာနကပါ"
ဆီအင်းတက္ကသိုလ်ဆိုတာ ကိုရီးယားတက္ကသိုလ် မျက်နှာချင်းဆိုင်က အသက်မွေးဝမ်းကျောင်း ကောလိပ်တစ်ခု ဖြစ်ပါတယ်။
အဲ့တက္ကသိုလ်ကကျောင်းသားတွေဟာ တစ်ခါတလေ ကိုရီးယားတက္ကသိုလ် ကျောင်းသားတွေနဲ့ ဆုံဆည်းပွဲတွေ လုပ်လေ့ရှိပြီး လေကြောင်းလိုင်း ဝန်ဆောင်မှုဌာနကတော့ ကျောင်းသားတွေကြားမှာ အထူးသဖြင့် နာမည်ကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီဌာနမှာ လှတဲ့ကောင်မလေးတွေ အများကြီး ရှိလို့ပါပဲ။
"အိုး... အနာဂတ် လေယာဉ်မယ်လောင်းလေးတွေပေါ့"
ကောင်မလေးတွေက အဲဒီစကားကို သဘောကျပြီး ရယ်ကြတယ်။
"မဟုတ်သေးပါဘူးရှင်"
"ဘာမဟုတ်သေးရမှာလဲ... ကျောင်းပြီးရင် အားလုံး လေယာဉ်မယ် ဖြစ်ကြမှာပဲလေ"
အဲဒါကတော့ အမြဲတမ်းမှန်တာတော့ မဟုတ်ပါဘူး။
စီးပွားရေးစီမံခန့်ခွဲမှုဌာနက ပြီးတိုင်း စီးပွားရေးလုပ်ငန်းထဲ မဝင်ကြသလိုပဲ... လေကြောင်းလိုင်း ဝန်ဆောင်မှုဌာနက ဘွဲ့ရတိုင်းလည်း လေယာဉ်မယ် ဖြစ်မလာကြဘူးလေ။
ဆံပင်တိုနဲ့ ကောင်မလေးက ပြောတယ်။
"ကျွန်မတို့ သူငယ်ချင်းတွေနဲ့အတူ လာပူးပေါင်းပြီး အရက်တူတူ သောက်လို့ ရမလားရှင်"
ကျောင်ဂီက ဝမ်းသာအားရ ဖြစ်သွားပြီး "ရတာပေါ့" လို့ ပြောလိုက်တယ်။
ဒီလိုမျိုးအခြေအနေကို အရင်တုန်းကသာဆိုရင် ကျွန်တော်က လက်နှစ်ဖက်ဆန့်ပြီး ကြိုဆိုမိမှာ ဖြစ်ပေမယ့် အခုက ကျွန်တော့်မှာ ရည်းစားရှိနေပြီလေ။
ကျွန်တော် မင်ယောင်းကို ကျောင်ဂီကို တားဖို့ အရိပ်အယောင် ပြလိုက်တယ်။ ဒါပေမဲ့ မင်ယောင်းက ဘေးဝိုင်းကို ဆွဲကပ်ပြီး ဇွန်း၊ ခက်ရင်းနဲ့ ခွက်တွေကို သေသေချာချာ ပြင်ဆင်ပေးနေပါပြီ။
"ဒီဘက်မှာ ထိုင်ပါ"
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်"
လာပြောတဲ့ ကောင်မလေး နှစ်ယောက်နဲ့ ဟိုဘက်ဝိုင်းက နှစ်ယောက်က သူတို့ ပစ္စည်းတွေကို ကျွန်တော်တို့ဘက် အရင်ရွှေ့ပြီးတာနဲ့ အိမ်သာထဲကို အတူတူ ထွက်သွားကြတယ်။
ကျွန်တော် ကျောင်ဂီကို ပြောလိုက်တယ်။
"ဘာလို့ ရုတ်တရက်ကြီး ဝိုင်းလာပေါင်းခိုင်းတာလဲ။ ငါ့မှာ ရည်းစားရှိတယ်လေ"
"ရည်းစားဟုတ်လား။ ဘယ်သူလဲ"
"ငါ့ရည်း..."
ကျွန်တော် မဖြေရသေးခင်မှာပဲ မင်ယောင်းက ဝင်ပြောတယ်။
"ဒါဆိုလည်း မင်းက ငြိမ်ငြိမ်လေးပဲ ထိုင်နေပေါ့။ ကျန်တာ ငါတို့ အားလုံး ရှင်းမယ်"
"ဟင်"
"ငါလည်း ရည်းစားထားရမယ့် အချိန်ရောက်ပြီလေ"
သူက ဘာဖြစ်နေတာလဲ။
မင်ယောင်းက ကျောင်းက စီနီယာမလေးနဲ့ လမ်းခွဲပြီးကတည်းက တင်းကြပ်တဲ့ ရည်းစားထားမှု စည်းကမ်းတစ်ခု ချမှတ်ခဲ့တယ်... အဲဒါကတော့ တစ်ကျောင်းထဲကလူနဲ့ ဘယ်တော့မှ တွဲမှာမဟုတ်ဘူးဆိုတာပဲ။ ဒါကြောင့် ဆီအင်းတက္ကသိုလ် ကျောင်းသူနဲ့ တွဲတာကတော့ သူ့အတွက် အဆင်ပြေတယ်လေ။
"ငါ ပိုက်ဆံရှင်းပြီး ပြန်လိုက်မယ်... မင်းတို့ဘာသာမင်းတို့ သောက်ကြတော့"
ကျောင်ဂီက ကျွန်တော့်လက်မောင်းကို လှမ်းဆွဲပြီး ထခွင့်မပေးဘူး။
"စဉ်းစားကြည့်ဦး။ သူငယ်ချင်းရာ။ မင်း ထွက်သွားရင် သူတို့က ဒီမှာ ဆက်ရှိနေပါ့မလား။ ဟို ဆံပင်အရှည် ဖြောင့်ဖြောင့်လေးနဲ့ ကောင်မလေးက ငါ့ရဲ့ အကြိုက်အစစ်ပဲ။ ငါ ဆံပင်အရှည် ဖြောင့်ဖြောင့်လေးတွေကို သဘောကျတာ မင်း သိသားပဲ မဟုတ်လား"
"……."
ယောကျာ်းလေးတိုင်းက အဲဒီလိုပဲ သဘောကျတာ မဟုတ်ဘူးလား။ ပြီးတော့ သူ့အတွက်ကတော့ လှတဲ့ကောင်မလေးမှန်သမျှ သူ့အကြိုက်ချည်းပါပဲ။ (ဒါပေမဲ့ ဘယ်ယောကျာ်းလေးကကော မကြိုက်လို့လဲ)
"ငါ သူတို့ ဖုန်းနံပါတ် ရတဲ့အထိပဲ နေပေးပါဦး"
"ငါ ပြန်တော့မယ်။ နောက်မှ အဆက်အသွယ် လုပ်လိုက်မယ်"
နောက်ဆုံးတော့ ကျောင်ဂီက သူ့ရဲ့ နောက်ဆုံးလက်နက်ကို သုံးတော့တယ်။
"မင်း တကယ်ကြီး ဒီလို လုပ်မှာလား။ ငါက အားလပ်ရက် ထွက်လာတဲ့ စစ်သားတစ်ယောက်နော်။ ပိတ်ရက် ပြီးတာနဲ့ တပ်ထဲ ပြန်ရတော့မှာ"
ကျွန်တော် ဆွံ့အသွားတယ်။
"မင်းက KATUSAs ထဲမှာလေ"
"KATUSAs က စစ်တပ်မဟုတ်လို့လား။ တပ်ထဲ ပြန်သွားရင် ငါ မြင်ရမှာက ဗလကြီးကြီးနဲ့ ဘာဂါစားတဲ့ လူကြီးတွေပဲ။ သူငယ်ချင်းဆိုတာ ဘာအတွက်လဲ။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်ပဲ ကူညီပါကွာ။ ငါလည်း အိမ်ထောင်ပြုချင်နေပြီ"
"……."
သူက အခုကတည်းက အဲဒီကောင်မလေးနဲ့ အိမ်ထောင်ပြုဖို့အထိ တွေးနေပြီလား။
ယောကျာ်းလေးတွေကြားထဲမှာ မရေးထားတဲ့ စည်းကမ်းတစ်ခု ရှိပါတယ်... သေခါနီးလူရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ရင်တောင် အားလပ်ရက်ထွက်လာတဲ့ စစ်သားရဲ့ ဆန္ဒကိုတော့ ဖြည့်ဆည်းပေးရမယ်ဆိုတာပါပဲ။
ကျွန်တော်လည်း ပြန်ထိုင်လိုက်ရုံကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ပါဘူး။
"ဖုန်းနံပါတ် ရတဲ့အထိပဲနော်"
"ကျေးဇူးပဲ။ သူငယ်ချင်း။ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"
ကျွန်တော်တို့ စကားပြောနေတုန်းမှာပဲ ဆီအင်းတက္ကသိုလ် ကျောင်းသူတွေ အိမ်သာက ပြန်လာပြီး ကျွန်တော်တို့ ဝိုင်းဆီ လျှောက်လာကြတယ်။ သူတို့အားလုံးက အရင်ကထက် ပိုပြီး လှလာသလိုပဲ။ ဒီအချိန်တိုလေးအတွင်းမှာ မိတ်ကပ်တွေ ပြန်ပြင်ခဲ့ကြတာလား။
မင်ယောင်းက လေသံတိုးတိုးနဲ့ ပြောတယ်။
"ဆီအင်းတက္ကသိုလ် လေကြောင်းလိုင်း ဝန်ဆောင်မှုဌာနက အမှတ်တွေကို မကြည့်ဘူး... မျက်နှာပဲ ကြည့်တယ်လို့ ကြားဖူးတာ... နောက်နေတာ မဟုတ်ဘူးပဲ"
သူတို့အားလုံး တကယ်ကို လှကြပါတယ်။
ကောင်မလေးတွေ ထိုင်လိုက်ကြတယ်။ ကျောင်ဂီနဲ့ မင်ယောင်းက အရင်ဆုံး မိတ်ဆက်ကြပြီး ကောင်မလေးတွေကလည်း တစ်ယောက်ချင်းစီ နာမည်ပြောကြတယ်။
သူတို့အားလုံးက ဆီအင်းတက္ကသိုလ် လေကြောင်းလိုင်း ဝန်ဆောင်မှုဌာနက ဒုတိယနှစ် ကျောင်းသူတွေဖြစ်ပြီး အသက် ၂၁ နှစ်တွေချည်းပါပဲ။
ကျောင်ဂီနဲ့ မင်ယောင်းက ကောင်မလေးတွေရဲ့ ဖန်ခွက်ထဲ ဆိုဂျူးတွေ ချက်ချင်း ဖြည့်ပေးလိုက်ကြတယ်။
"ကဲ... ဒီလို ဆုံရတာ ကံပါလို့ပဲ... ခွက်ချင်း တိုက်ကြရအောင်"
"တွေ့ရတာ ဝမ်းသာပါတယ်"
ကျွန်တော်တို့ ခွက်ချင်း တိုက်လိုက်ကြတယ်။
စဉ်းစားကြည့်ရင် ကျွန်တော်က စနစ်တကျ ဒိတ်တာမျိုး ဒါမှမဟုတ် လမ်းမှာ ကောင်မလေး လိုက်တာမျိုး တစ်ခါမှ မလုပ်ဖူးခဲ့ဘူး။
တက္ကသိုလ် စတက်ကတည်းက ယွန်ဆွန်းအာ နဲ့ တွဲခဲ့တာမလို့ ဒီလို ပွဲမျိုးတွေကို သွားဖို့ အခွင့်အရေး မရှိခဲ့သလို... အဲဒီနောက်မှာလည်း စစ်တပ်ထဲ သွားခဲ့ရတယ်... ပြီးတော့ အခြား အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့တာလေ။
မင်ယောင်းက မေးတယ်။
"စနေညကြီး ဘာကိစ္စ ရှိလို့ အပြင်ထွက်လာကြတာလဲ"
အဲဒီအခါ သူတို့အားလုံးက ဆံပင်အရှည် ဖြောင့်ဖြောင့်လေးနဲ့ သူငယ်ချင်းကို လက်ညှိုးထိုးပြကြတယ်။
"ဒီနေ့ သူရဲ့ မွေးနေ့လေ။ ဒါကြောင့် မတွေ့ရတာ ကြာလို့ ဆုံဖြစ်ကြတာ"
မင်ယောင်းက လက်ခုပ်တီးပြီး ပြောတယ်။
"ဝိုး... ဒီနေ့ နင့်မွေးနေ့လား။ ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ"
သူ ဒီနေ့ ထူးထူးခြားခြား တက်ကြွနေတာပါလား။
စစ်မှုထမ်းရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကာကွယ်ရေး ကန်ထရိုက်တာမှာ အလုပ်လုပ်နေရလို့ စစ်သားစိတ်ဓာတ်တွေ ပြည့်ဝနေတာကြောင့်များလား။
ရုတ်တရက် ကျွန်တော့်ရဲ့ စစ်တပ်တုန်းက အချိန်တွေကို သတိရသွားပြီး စာနာစိတ် ဝင်လာမိတယ်။ ဟုတ်ပါတယ်လေ... ဒီလိုအချိန်မျိုးမှ မပံ့ပိုးရင် သူငယ်ချင်းကို ဘယ်အချိန်မှာ ပံ့ပိုးပေးတော့မှာလဲ။
ကျောင်ဂီက မေးတယ်။
"နင်တို့အားလုံးမှာ ရည်းစားတွေ ရှိကြလား"
"မရှိကြပါဘူး"
ဆံပင်တိုနဲ့ ကောင်မလေးက ဘေးက သူငယ်ချင်းကို လက်ညှိုးထိုးပြတယ်။
"အာ... သူ့မှာတော့ ရှိတယ်"
လက်ညှိုးထိုးခံရတဲ့ အမျိုးသမီးက မဟုတ်ဘူးဆိုတဲ့ အမူအရာနဲ့ လက်ခါငြင်းတယ်။
"အာ... မဟုတ်ဘူး။ ရည်းစားမရှိပါဘူးနော်"
"ဟင်... ဒါပေမဲ့ နင် ဟိုလူနဲ့ တွဲနေတာ မဟုတ်ဘူးလား"
နောက်ထပ် သူငယ်ချင်းတစ်ယောက်က ဝင်ပြောတယ်။
"ဟုတ်ပ... ပြီးခဲ့တဲ့ ရက်ပိုင်းကတင် နင့်လူက ကျောင်းရှေ့မှာ Benz ကားကြီးနဲ့ လာကြိုတာလေ"
"ငါတို့က နည်းနည်းလောက်ပဲ တွေ့ဖူးတာပါ။ သူက ငါ့ရည်းစား မဟုတ်ပါဘူး"
"ကျောင်းပိတ်ရက်တုန်းက Cebu ကို တူတူသွားခဲ့ကြသေးတာ မဟုတ်ဘူးလား"
"အဲ... အဲဒါက ငါတို့ အားလပ်ရက် အချိန်ချင်း တိုက်ဆိုင်သွားလို့ပါ"
သူက ကျွန်တော့်ကို ကြည့်ပြီး ဆင်ခြေပေးသလိုမျိုး ပြောတယ်။
"သူက တကယ် ကျွန်မရည်းစား မဟုတ်ပါဘူးရှင်။ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့"
"……."
ဒီအခြေအနေမျိုးမှာ ဘယ်သူမဆို သူ့မှာ ရည်းစားရှိမှန်း ဘယ်လောက်ငြင်းငြင်း သိနိုင်တာပဲလေ။
ကျွန်တော်တို့ ဆက်ပြီး ခွက်ချင်း တိုက်ဖြစ်ကြတယ်။
ဒီလို နေရတာက တက္ကသိုလ်ကျောင်းသား ဘဝကို ပြန်ရောက်သွားသလို ခံစားရစေတယ်။ ကျွန်တော်သာ ကျောင်းမှာပဲ ဆက်ရှိနေခဲ့ရင် ဒီလိုမျိုးပဲ အချိန်ကုန်ဆုံးနေမလား။ (ဒါပေမဲ့ အဲဒီလိုသာဆိုရင် ကောင်မလေးတွေက ကျွန်တော်တို့ဆီ အရင် လာစကားပြောကြမှာ မဟုတ်ပါဘူး)
ဒီလို စဉ်းစားနေတုန်းမှာပဲ ဖုန်းကို ခဏခဏ စစ်နေတဲ့ ဆံပင်အရှည် ဖြောင့်ဖြောင့်လေးနဲ့ ကောင်မလေးက ရုတ်တရက် အော်လိုက်တယ်။
"ဟာ..."
ကျောင်ဂီက မေးတယ်။
"ဘာဖြစ်လို့လဲ"
"ကျွန်မတို့ တူတူရိုက်ထားတဲ့ ပုံတွေကို Facenote ပေါ် တင်လိုက်တာ အခုတင် like ၃ သိန်းကျော်သွားပြီ"
"ဘာ"
ကျွန်တော်တို့ ဘယ်တုန်းက ပုံရိုက်လိုက်မိလို့လဲ။
ကျွန်တော် လန့်သွားပြီး ဖုန်းကို ထုတ်လိုက်တယ်။ Facenote appကို ဖွင့်လိုက်တာနဲ့ ရှာစရာတောင် မလိုဘဲ အရှေ့မှာတင် ပေါ်လာတော့တယ်။
ဆံပင်အရှည် ဖြောင့်ဖြောင့်လေးနဲ့ ကောင်မလေးက သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ဆဲလ်ဖီရိုက်ထားတာဖြစ်ပြီး ကျွန်တော်ကတော့ နောက်ခံမှာ သေးသေးလေး ပါနေတာပါ။
ပုံကြည့်ရုံနဲ့တင် ကျွန်တော်မှန်း မသိမှာစိုးလို့လားမသိဘူး... လူတိုင်း သိအောင် အောက်မှာ ကျွန်တော့်ကို သေသေချာချာ tag တွဲပေးထားသေးတယ်။
#ကန်ဂျင်ဟူ #ဂျင်ဟူကန် #OTKCompany #စီအီးအို #ဥက္ကဌ #သူဌေးကြီး #ရင်းနှီးမြှုပ်နှံသူ #ဆယ်လီ #Celeb #နာမည်ကြီးပုဂ္ဂိုလ် #ကိုရီးယားတက္ကသိုလ် #ကိုရီးယားအရက်ဆိုင် #အရက်ဝိုင်း #ဆုံဆည်းခြင်း #တောက်လောင်နေတဲ့စနေနေ့ #စနေည #Superhot #လျှို့ဝှက်ချက်အနေနဲ့တူတူသောက်နေကြတာ #ဒီနေ့ငါ့မွေးနေ့လျှို့ဝှက်ချက်မဟုတ်ပါဘူး
"……."
ဒီ hashtag တွေက အဆုံးမရှိတော့ဘူးလားဟ။
မင်ယောင်းက ပျာပျာသလဲနဲ့ ပြောတယ်။
"ခဏ... ခဏလေး။ မိုက် ဂိုးဒန်းဘက် က like ပေးထားတယ်"
ဒီစကားကြောင့် ကျွန်တော် ဆွံ့အသွားရတယ်။
"ဘာ"
ဆံပင်အရှည်နဲ့ကောင်မလေးက မျက်တောင်ခတ်ရင်း မေးတယ်။
"မိုက် ဂိုးဒန်းဘက် က ဘယ်သူလဲဟင်။ သူက နာမည်ကြီးလို့လား"
သူတို့ထဲက ဘယ်သူမှ သိပုံမရဘူး။
ကျောင်ဂီက ရှင်းပြတယ်။
"သူက Facenote ရဲ့ တည်ထောင်သူလည်းဖြစ်သလို စီအီးအိုလည်း ဖြစ်တဲ့လူလေ"
မိုက် ဂိုးဒန်းဘက် ရဲ့ လွှမ်းမိုးမှုက အရှိန်အဟုန်ပြင်းလှပါတယ်။ like အရေအတွက်က ချက်ချင်းဆိုသလို ၁ သန်းကို ကျော်လွန်ပြီး ၁၀ သန်းဆီ ဦးတည်နေပါပြီ။
ကျွန်တော် ကောင်မလေးတွေနဲ့ အပြင်မှာ အရက်သောက်နေတဲ့ အချက်က တစ်ကမ္ဘာလုံးဆီကို တိုက်ရိုက်ထုတ်လွှင့်ပြသခြင်း ခံလိုက်ရပြီလေ။