အခန်း ၂၂၅
Vol. 23 Ch. 225
အခန်း (၂၂၅)
ဒီလိုတွေ ဖြစ်ပျက်နေတဲ့ ကြားထဲကတင် like အရေအတွက်က ဆက်တိုက် တိုးလို့နေတုန်းပဲ။ ဟောလိဝုဒ်စတားတွေနဲ့ နာမည်ကြီး ဆယ်လီတွေအစုံက ဒီပို့စ်ကို အုန်းအုန်းကြွနေအောင် like ပေးပြီး ပြန်မျှဝေနေကြတယ်။
ဒီလူတွေ ဒီအချိန်ကြီးအထိ အိပ်မပျော်ဘဲ ဘာတွေလုပ်နေကြတာလဲ။
အာ... အခု အမေရိကန်မှာက နေ့ဘက် ဖြစ်နေမှာပဲ။
ကျွန်တော်ကတော့ ယောက်ယက်ခတ်သွားမိပေမဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဆီအင်းတက္ကသိုလ်က လေကြောင်းလိုင်း ဝန်ဆောင်မှုဌာန ကျောင်းသူတွေကတော့ ဝမ်းသာအားရ အော်ဟစ်နေကြတယ်။
" ဒီလောက် နာမည်ကြီးတဲ့သူက like ပေးတယ်ဆိုတော့ ဘယ်လိုတောင် ကံကောင်းလိုက်တာလဲ"
"နင်တော့ ကံထူးပြီပဲ။ follower တွေ အပြတ်အသတ် တိုးလာတော့မှာ"
"အနုပညာ အေဂျင်စီတွေကများ လှမ်းဆက်သွယ်လာရင် ဘယ်လိုလုပ်မလဲ"
"……."
ဒါက ဝမ်းသာစရာ ကိစ္စမျိုးလား။
သူတို့ရဲ့ပုံတွေကို သူတို့မသိတဲ့ သူစိမ်းတွေ သန်းပေါင်းများစွာက ကြည့်နေကြတာတောင် ဒီလောက် ဝမ်းသာနေကြတာကို ကြည့်ရင် ဒီလေးယောက်လုံးက လူအများ စိတ်ဝင်စားခံချင်တဲ့ စရိုက် တော်တော်လေး ပြင်းထန်ပုံရတယ်။ လောကကြီးမှာ နာမည်ကြီးချင်လို့ ဒီလောက်တောင် အသည်းအသန် ဖြစ်နေရတဲ့သူတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ။
ကျွန်တော် အဲဒီကောင်မလေးကို ပြောလိုက်တယ်။
"နင့်ဖုန်း ခဏပေးပါဦး"
"ဟင်... ဘာလို့လဲဟင်"
ကျွန်တော် သူ့ဖုန်းကို အတင်းလုသလိုမျိုး ယူပြီး ပို့စ်ကို ဖျက်ပစ်လိုက်တယ်။
သူက အံ့ဩတကြီး အော်တယ်။
"ဘာလို့ ဖျက်လိုက်တာလဲ"
ကျွန်တော် သူ့ဖုန်းကို ပြန်ပေးရင်း ပြောလိုက်တယ်။
"တခြားလူတွေရဲ့ ပုံတွေကို ခွင့်ပြုချက်မရှိဘဲ ဒီတိုင်း လျှောက်မတင်သင့်ဘူးလေ"
မူရင်းပို့စ်ကို ဖျက်လိုက်ပြီဆိုပေမယ့် အခြေအနေကတော့ လက်လွန်သွားခဲ့ပါပြီ။ ဒီဂျစ်တယ်ခေတ်မှာ တစ်ခုခု ထွက်သွားပြီဆိုရင် အဲဒါနဲ့တင် ပြီးသွားတာပဲ။
အယ်လီ မမြင်ခဲ့ဖို့ပဲ မျှော်လင့်ရမှာပဲ။
ဒီကိုမလာခင် သူနဲ့ စကားပြောတုန်းကတော့ ပင်ပန်းလို့ စောစောအိပ်တော့မယ်လို့ အယ်လီက ပြောခဲ့တာပါ။ ဒါကြောင့် အခုအချိန်ဆို အိပ်ပျော်နေလောက်ပါပြီ... ဒါပေမယ့်လည်း နိုးလာရင်တော့ မြင်မိမှာပဲ။
အာ...ချီးပဲ။
ကျွန်တော် ဖန်ခွက်ထဲက ဆိုဂျူးကို တစ်ကျိုက်တည်း မော့ချလိုက်တယ်။
မင်ယောင်းက သိချင်စိတ်နဲ့ မေးတယ်။
"မင်း မိုက် ဂိုးဒန်းဘက် နဲ့ တွေ့ဖူးလား"
"မတွေ့ဖူးဘူး"
ကျွန်တော်တို့ရဲ့ စီးပွားရေး နယ်ပယ်ချင်းက မတူမိတော့ တွေ့စရာ အကြောင်းရင်း မရှိခဲ့ဘူးလေ။ ဒါပေမယ့် ဆက်စပ်မှု တစ်ခုတော့ ရှိခဲ့ဖူးတယ်။
Facenote ရဲ့ ရုံးချုပ်က Silicon Valley က Menlo Park မှာ ရှိတာပါ။ အဆောက်အဦးအသစ်ကြီးက ဆောက်ထားတာ တစ်နှစ်ပဲ ရှိသေးတယ်။
ငလျင်ကြီး လှုပ်ခတ်နိုင်တဲ့ အန္တရာယ်ကြောင့် အမေရိကန် အစိုးရက အတင်းအကြပ် ပြောင်းရွှေ့ခိုင်းတုန်းက မိုက် ဂိုးဒန်းဘက် က အခြား စီးပွားရေး ခေါင်းဆောင်တွေနဲ့အတူ ကျွန်တော်နဲ့ ရိုနယ် ကို ဝေဖန် ပြစ်တင်ခဲ့ကြတာလေ။
အဲဒီနောက် မဟာငလျင်ကြီး တကယ်ကြီး လှုပ်ခတ်သွားတော့ ရုံးချုပ်ကြီး ပျက်စီးသွားခဲ့ရတယ်။ ဒါပေမယ့် အဲဒီမှာ အလုပ်လုပ်နေတဲ့ ထောင်ပေါင်းများစွာသော ဝန်ထမ်းတွေအားလုံးနီးပါး အသက်ရှင်ခဲ့ကြပြီး Facenote ကလည်း အခုထိ အဆင်ပြေနေတာပါ။
အဲဒီနောက်ပိုင်း မိုက် ဂိုးဒန်းဘက် နဲ့ Facenote ဝန်ထမ်းတွေက ကျွန်တော့်ကို လူသိရှင်ကြား တောင်းပန်ခဲ့ကြပြီး ကျေးဇူးတင်စကားလည်း ပြောခဲ့ကြတယ်။
အခုတော့ သူက ဒီလိုနည်းနဲ့ ကျေးဇူးဆပ်လိုက်တာပေါ့လေ။
သစ္စာဖောက်ခံလိုက်ရသလို ခံစားချက်ကြီးက အတော်လေး ပြင်းထန်လှတယ်။
အခုဆို အရက်ဆိုင်ထဲက လူတွေအားလုံးက ကျွန်တော်တို့ ဝိုင်းကိုပဲ စိုက်ကြည့်နေကြပါပြီ။
အများစုကတော့ အနီးအနားက တက္ကသိုလ်တွေက ကျောင်းသားတွေပါပဲ။ ပတ်ပတ်လည်ကနေ တီးတိုး ပြောသံတွေကို ကြားနေရတယ်။
"ဟိုလူက ကန်ဂျင်ဟူ ဖြစ်မယ်ထင်တယ်"
"ဝိုး... ချေဘော တစ်ယောက်ကို လူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးဘူး"
"အံ့ဩစရာပဲ"
"သူက ကိုရီးယားတက္ကသိုလ် တက်ခဲ့တာလို့ ကြားတယ်။ ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး"
အိုင်တီ အင်အားကြီးနိုင်ငံဆိုတဲ့ နာမည်နဲ့အညီ အားလုံးက Facenote ပေါ်က ပို့စ်ကို မြင်ပြီးနေကြပါပြီ။ ကံကောင်းသွားတာတစ်ခုက တိကျတဲ့ တည်နေရာကို ထည့်မရေးထားမိတာပဲ။
ရေးမိရင်တော့ အနီးအနားက အရက်ဆိုင်တွေက လူတွေပါ ဒီကို အလုံးအရင်းနဲ့ ရောက်လာကြမှာပါ။
နာမည်ကြီးရတာလည်း တော်တော်လေး စိတ်ရှုပ်စရာ ကောင်းတာပဲ။ ထိပ်တန်းစတားတွေဆို ဘယ်လိုများ နေထိုင်ကြပါလိမ့်။
ကျောင်ဂီက ကျွန်တော့်ပုခုံးကို ပုတ်ရင်း ပြောတယ်။
"သူက သက်တော်စောင့်တွေမပါဘဲ အပြင်ထွက်လာတာဆိုတော့ လူတွေအများကြီးက မှတ်မိသွားရင် သူ့အတွက် ခက်လိမ့်မယ်လေ"
ကောင်မလေးတွေက နားလည်တဲ့ အမူအရာနဲ့ ခေါင်းညိတ်ကြတယ်။
"အာ... ဟုတ်သားပဲ"
"သူက ဆယ်လီတစ်ယောက်ပဲဟာကို"
"နောက်မှ တူတူ ဓာတ်ပုံရိုက်လို့ ရမလားရှင်"
ကျောင်ဂီက ကျွန်တော့်ကို လေသံတိုးတိုးနဲ့ ကပ်ပြောတယ်။
"ကျေးဇူးပြုပြီး ခဏလောက်ပဲ ဆက်နေပေးပါဦး"
"……."
ချီးပဲ... ဒီစစ်သားကတော့ကွာ...
ကျွန်တော်ကတော့ ရည်းစားမိတော့မယ့် အခြေအနေ ရောက်နေတာပါ။
"ချေဘော တစ်ယောက်ရဲ့ ဘဝက ဘယ်လိုလဲဟင်"
"မိန်းကလေးတွေကို ဇိမ်ခံပစ္စည်းဆိုင်တွေ ခေါ်သွားပြီးတော့ 'ဒီကနေ ဟိုအထိ အကုန်လုံး ယူမယ်' လို့ ပြောတာမျိုးလား"
"ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ နိုင်ငံခြား သွားပြီးတော့ ဟိုတယ်တစ်ခုလုံး ငှားပြီး ပါတီပေးတာမျိုးကော လုပ်လားဟင်"
"အဲဒါ တကယ့်ကို မိုက်မှာပဲ။ ကျွန်မတို့ကော လိုက်လို့ရမလား"
"……."
သူတို့က ချေဘောတွေအပေါ် တော်တော်လေး အထင်လွဲနေကြပုံပဲ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်က ချေဘောလည်း မဟုတ်ပါဘူး။ ပိုက်ဆံ အများကြီးရှိရုံ သက်သက်ပါ။
ဒါတွေထက် ပိုဆိုးတာက အယ်လီ နိုးလာလို့ ဒီပုံကို မြင်သွားရင် ဘယ်လိုလုပ်မလဲ။ Gooble နဲ့ Facenote ရဲ့ စီအီးအိုဆီ ချက်ချင်း ဆက်သွယ်ပြီး တစ်ခုခု လုပ်ခိုင်းရမလား။
"ကဲ... အားလုံးပဲ ခွက်ချင်း တိုက်ကြရအောင်"
ကျွန်တော်တို့ ဆိုဂျူးခွက်ချင်း တိုက်လိုက်တဲ့ အချိန်မှာပဲ ကျွန်တော့်ဖုန်း မြည်လာတယ်။ တုန်ရင်နေတဲ့ ရင်ဘတ်နဲ့တင် ဖုန်းလက်ခံခလုတ်ကို နှိပ်လိုက်တယ်။
"ဟယ်လို"
အေးစက်စက် လေသံတစ်ခု ဖုန်းထဲကနေ ထွက်လာတယ်။
[အခု ဘယ်မှာလဲ]
"ဟိုလေ... အဲဒါက..."
[ဖြေစရာ မလိုပါဘူး။ နင်က အခု ငါမျက်စိရှေ့မှာတင် ရှိနေတာပဲ]
"ဗျာ"
ဖုန်းက ကျသွားပြီး အမျိုးသမီးတစ်ယောက် ဆိုင်ထဲကို လျှောက်ဝင်လာတယ်။
အရပ် ၁၇၀ စင်တီမီတာကျော်နဲ့ သွယ်လျတဲ့ ကိုယ်လုံးကိုယ်ပေါက်၊ အညိုရောင် ဆံပင်အရှည်၊ ဖျော့တော့တဲ့ အညိုရောင် မျက်ဝန်းတွေနဲ့ အပြစ်ပြောစရာမရှိအောင် လှပတဲ့ အသားအရေ။
ဖက်ရှင်မဂ္ဂဇင်းထဲက ထွက်လာတဲ့အတိုင်း လှပတဲ့ အနောက်တိုင်း အလှပဂေးမလေးက အဖြူရောင် စကင်နီဘောင်းဘီ၊ ပိုးထည်အင်္ကျီနဲ့ Burberry ကုတ်အင်္ကျီကို ဝတ်ဆင်ထားတာပါ။
အလှပဂေမလေးက ကျွန်တော်တို့ ဝိုင်းဆီ တန်းတန်းမတ်မတ် လျှောက်လာတယ်။
"ဟေ့….ဂျင်ဟူ။ ဒီမှာ ဘာလုပ်နေတာလဲ"
"……."
ကျွန်တော် အရက်မူးပြီး စိတ်ကူးယဉ်နေတာသာ ဆိုရင် ကောင်းမှာပဲ။
ဒီလို အနောက်တိုင်း အလှပဂေးမလေး ရုတ်တရက် ရောက်လာတာကြောင့် ဆီအင်းတက္ကသိုလ် ကျောင်းသူတွေရဲ့ မျက်လုံးတွေ ပြူးကျယ်သွားကြတယ်။ အလှပဂေးမလေးက ခေါင်းလှည့်ပြီး ပြောလိုက်တယ်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက ရှင်တို့ရဲ့ ပျော်ရွှင်မှုကို နှောင့်ယှက်သလို ဖြစ်သွားလား"
သူ့ရဲ့ ဗြိတိသျှ လေယူလေသိမ်းနဲ့ ယဉ်ကျေးလွန်းတဲ့ အပြောအဆိုကတော့ ဆန့်ကျင်ဘက် အဓိပ္ပာယ်ကို ဆောင်နေပါတယ်။ ကောင်းမွန်တဲ့ ကိုရီးယားစကားအစား အင်္ဂလိပ်လို ပြောဖို့ ရွေးချယ်လိုက်တာကတော့ သူ အတော်လေး စိတ်ဆိုးနေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
သူတို့တွေက ထစ်ထစ်အအနဲ့ နှုတ်ဆက်ကြတယ်။
"ဟ... ဟိုင်း…ဟောင်းအာရူး"
"ဟ... ဟယ်လို…နိုက်စတူမိတယူ"
ဒါနဲ့တင် ပြီးသွားတာပဲ။ ပျော်ရွှင်မှုကို နှောင့်ယှက်သလို ဖြစ်သွားလားဆိုတဲ့ မေးခွန်းကို ဘယ်သူမှ ပြန်မဖြေရဲကြပါဘူး။ လေကြောင်းလိုင်း ဝန်ဆောင်မှုဌာနမှာ အင်္ဂလိပ်စာ မသင်ပေးကြဘူးလားမသိဘူး။
မင်ယောင်းက အံ့ဩတဲ့ မျက်နှာပေးနဲ့ အယ်လီ ကို ပြောတယ်။
"ခင်ဗျားက အရင်တုန်းက ဂျင်ဟူနဲ့အတူ တက္ကသိုလ်ကို လာခဲ့ဖူးတဲ့သူ မဟုတ်လား"
ကျောင်ဂီကလည်း အခုမှ သတိရသွားသလိုမျိုး ပြောတယ်။
"အာ... ဟုတ်သားပဲ။ Golden Gateရဲ့ ရှေ့နေမလေးပဲ"
အယ်လီက ပြုံးပြီး ပြောလိုက်တယ်။
"ဟုတ်ပါတယ်။ မတွေ့ရတာ ကြာပြီနော်"
အဲဒီအချိန်မှာ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ နာမည်ကြီး စကားတစ်ခုက ကျွန်တော့်ဦးနှောက်ထဲ ဖျတ်ခနဲ ဝင်လာတယ်။
ဒါကြောင့်ပဲ သူက လူမှုကွန်ရက်စာမျက်နှာတွေက အချိန်ဖြုန်းတာသက်သက်ပဲလို့ ပြောခဲ့တာကိုး။
အယ်လီ ရောက်လာတာကြောင့် အရက်ဝိုင်းကတော့ သဘာဝအတိုင်းပဲ ပြီးဆုံးသွားခဲ့ရတယ်။
မထခင်မှာ ကျောင်ဂီက သူသဘောကျတဲ့ ကောင်မလေးဆီက ဖုန်းနံပါတ်ကို တောင်းလိုက်သေးတယ်။ ကျွန်တော်နဲ့ ဘယ်လောက်အထိ ရင်နှီးလဲဆိုတာကို အသားပေး ပြောလိုက်တာကြောင့် ဖုန်းနံပါတ်ကို အောင်အောင်မြင်မြင် ရသွားခဲ့တာပေါ့။
ကျွန်တော် ပိုက်ဆံရှင်းပြီး အပြင်ထွက်လာခဲ့တယ်။ အယ်လီ က အိမ်သာသွားနေတုန်းမှာ သတင်းကြားထားတဲ့ သူတို့နှစ်ယောက်လုံးက အံ့ဩမှင်သက်နေကြတယ်။
"ဘာ။ မင်းတို့နှစ်ယောက်က တွဲနေကြတာလား"
"ဘယ်တုန်းကတည်းကလဲ"
"တော်တော်ကြာပါပြီ"
မင်ယောင်းနဲ့ ကျောင်ဂီက ကျွန်တော့်ကို ကြည့်ပြီး ပြောကြတယ်။
"ငါ တကယ် အားကျတယ်ကွာ"
"မင်း ပိုက်ဆံအများကြီး ရှာနိုင်တာထက် ဒါကို ပိုအားကျတယ်"
ပြီးတော့ သူတို့အချင်းချင်း ပုခုံးဖက်ပြီး ပြောကြတယ်။
"ငါတို့လည်း ပိုက်ဆံအများကြီး ရှာကြရအောင်"
"ငါ အခုကစပြီး တကယ် ကြိုးစားတော့မယ်"
"……."
အတွေးမလွန်ကြပါနဲ့။ သူငယ်ချင်းတို့ရာ။
ပိုက်ဆံအများကြီး ရှိရုံနဲ့ ဒီလိုကောင်မလေးမျိုးကို ရည်းစားအဖြစ် အလိုအလျောက် ရလာမှာ မဟုတ်ဘူးကွ။
ခဏအကြာမှာ အယ်လီ ပြန်လာပြီး သူတို့နှစ်ယောက်ကို နှုတ်ဆက်ကာ Ferrari ကားပေါ်ကို အရင်ဝင်ထိုင်လိုက်တယ်။ ကျွန်တော် မင်ယောင်းနဲ့ ကျောင်ဂီကို ပြောလိုက်တယ်။ "မကြာခင် ပြန်တွေ့ကြတာပေါ့။ နောက်ဆို ငါ ဖုန်းနံပါတ် ပြောင်းတိုင်း မင်းတို့ကို အသိပေးမယ်"
"အိုကေ။ ဂရုစိုက်သွားဦး"
"နောက်မှ ဖုန်းဆက်လိုက်ကွာ"
ကျွန်တော် ဘေးခုံမှာ ဝင်ထိုင်လိုက်ပြီး အယ်လီက ကားကို စက်နှိုးမောင်းထွက်လိုက်တယ်။
ကျွန်တော်တို့နှစ်ယောက်ထဲ ရှိနေတဲ့အချိန်မှာတော့ ကားထဲမှာ အေးစက်စက် တိတ်ဆိတ်မှုကြီးက စိုးမိုးနေခဲ့တယ်။ သီချင်းလည်း ဖွင့်မထားတာကြောင့် တိတ်ဆိတ်မှုထဲမှာ အင်ဂျင်ရဲ့ ကျယ်လောင်တဲ့ ဟိန်းသံတစ်ခုပဲ ပဲ့တင်ထပ်နေခဲ့တာလေ။
ကျွန်တော် အယ်လီရဲ့ စိတ်အခြေအနေကို ခန့်မှန်းကြည့်ရင်း ဆင်ခြေတွေ စပေးရတော့တယ်။
"နင် မြင်တဲ့အတိုင်းပဲ... ဟိုကောင်တွေက ကောင်မလေးတွေကို သဘောကျလို့ပါ။ သူတို့နှစ်ယောက်လုံးက စစ်တပ်ထဲမှာဆိုတော့... အားလပ်ရက်ထွက်လာတဲ့ စစ်သားတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမယ်ဆိုတဲ့ စည်းကမ်း ရှိတယ်မဟုတ်လား..."
"ဒါပေမယ့် ဂျင်ဟူလည်း ပျော်နေတဲ့ပုံပဲနော့"
"မပျော်ပါဘူး။ ငါက သူငယ်ချင်းတွေကို ဝန်းရံပေးရုံသက်သက် ထိုင်နေတာပါ။ စကားတောင် နည်းနည်းပဲ ပြောဖြစ်တာ"
"ဟက်... တကယ်လား"
"တကယ်ပေါ့။ သူတို့ကို မေးကြည့်လို့ရတယ်"
မီးပွိုင့်မှာ ကားရပ်ထားတုန်း အယ်လီက ကျွန်တော့်မျက်နှာကို စူးစူးစိုက်စိုက် ကြည့်လာတယ်။ ကျွန်တော်လည်း တတ်နိုင်သမျှ အပြစ်ကင်းစင်တဲ့ မျက်နှာပေးမျိုး လုပ်ထားလိုက်တယ်။
"အိုကေ... ယုံပေးလိုက်မယ်"
ကျွန်တော် သက်ပြင်းအရှည်ကြီး ချလိုက်မိတယ်။
"ဒါပေမယ့် ဒီပိတ်ရက်မှာတော့ ငါ လုပ်ချင်တာမှန်သမျှ အကုန် လိုက်လုပ်ရမယ်"
"အိုကေပါ"
ချောင်ပိတ်နေသလိုအခြေအနေကြီး ပြီးဆုံးသွားတော့မှ ကျွန်တော် သိချင်စိတ် ဖြစ်လာတယ်။
"ဒါနဲ့ နင်က ဒီကို ဘယ်လိုလုပ် ဒီလောက် အမြန်ကြီး ရောက်လာတာလဲ"
"ငါ အိပ်ရာက တစ်ရေးနိုးတော့ ရုတ်တရက် ဂျင်ဟူကို လွမ်းလာတာနဲ့ အပြင်ထွက်ဖို့ ပြင်နေတာ။ အဲဒီအချိန်မှာ တက်ဂယူက ဆက်သွယ်လာပြီး Facenote ပေါ်မှာ ပို့စ်တစ်ခု တက်နေတယ်လို့ ပြောတာလေ"
ဒါကြောင့်ပဲ အယ်လီက ဒီလောက်အထိ မြန်မြန် ရောက်လာနိုင်တာကိုး။
"ငါ ဒီမှာရှိမှန်း ဘယ်လိုသိလဲ"
"တက်ဂယူက ပြောပြတာ"
"……."
အိုတက်ဂယူ... မအေဘေး။
ကျွန်တော် ကြိုတင် မျှော်လင့်ထားသင့်တာပါ။ တက်ဂယူက တက္ကသိုလ်နားမှာ လာလည်ရင် အမြဲတမ်း သောက်လေ့ရှိတာ ဒီဆိုင်ပဲဆိုတော့ ပုံကို မြင်ရုံနဲ့တင် တည်နေရာကို မှတ်မိသွားတာ ဖြစ်ပါလိမ့်မယ်။
ဒါဆိုလည်း အဲဒီကောင်က ကျွန်တော့်ကို အနည်းဆုံးတော့ ဖုန်းလှမ်းဆက်ပြီး သတိပေးသင့်တာပေါ့။
ဒါတွေကို ထည့်တွက်ရင်တောင် အယ်လီက အတော်လေးကို မြန်မြန် ရောက်လာတာပဲ။ ကားကို တစ်နာရီ ကီလိုမီတာ ၂၀၀ လောက်နဲ့ မောင်းလာတာတော့ မဟုတ်ပါဘူးနော်။
"အရက် အများကြီး သောက်လိုက်မိလား"
"သောက်မိတယ်လို့ ထင်တာပဲ"
မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေနဲ့ ဆုံရတာမလို့ ဘာကိုမှ သိပ်စိတ်မပူဘဲ သောက်လိုက်မိတာပါ။
အယ်လီက ပေါ့ပေါ့ပါးပါးပဲ ပြောတယ်။
"အဲဒီ ကောင်မလေးတွေက အသက်လည်း ငယ်ပြီး လှကြတယ်နော်"
ဒီလို မှတ်ချက်မျိုးကိုတော့ ဒီတိုင်းပဲ လွှတ်မထားသင့်ဘူး။
ကျွန်တော် ခေါင်းကို အပြတ်အသတ် ခါယမ်းလိုက်တယ်။
"ဘာတွေ ပြောတာလဲ။ အယ်လီက မိုင်ပေါင်းများစွာကနေကြည့်ရင်တောင် ပိုလှပြီး ပိုလည်း နုပျိုပါသေးတယ်"
အယ်လီက နှုတ်ခမ်းလေးဆူပြီး ပါးလေးကို အနည်းငယ် ဖောင်းလိုက်တယ်။
"ချီးထုတ်... လူလိမ်ကောင်"
"တကယ်ပြောတာပါ။ မင်ယောင်းနဲ့ ကျောင်ဂီတို့ ဘယ်လောက်တောင် အားကျသွားလဲ နင် မြင်တယ်မဟုတ်လား။ ဘယ်သူကြည့်ကြည့် အယ်လီက အလှဆုံးပဲ"
"တော်ပါ"
အယ်လီက အဲလိုပြောပေမယ့် နှုတ်ခမ်းထောင့်လေးတွေ အနည်းငယ် တက်သွားတာကို ကျွန်တော် မြင်လိုက်ရတယ်။
"ဒါနဲ့ ငါတို့ အခု ဘယ်သွားနေတာလဲ"
ကျွန်တော်ကတော့ ဂန်နမ်ဘက်ကို သွားနေတာလို့ ထင်ထားပေမယ့် ကားက ဂန်ဗြွန်ဘွတ်ရို အဝေးပြေးလမ်းအတိုင်း အရှိန်ပြင်းပြင်း မောင်းနှင်နေခဲ့တယ်။
အယ်လီက ကားမောင်းရင်း ပြောတယ်။
"အရှေ့ဘက် ပင်လယ်ဆီကိုသွားနေတာ"
"ဟမ်"
" ဂျင်ဟူနဲ့အတူ ပင်လယ်ကို ရုတ်တရက် သွားကြည့်ချင်လာလို့။ ဟောင်ကောင်မှာတုန်းကဆို ခေါင်းလှည့်လိုက်ရုံနဲ့တင် ပင်လယ်က ရှိနေတာလေ"
Golden Gateရဲ့ အာရှဘဏ်ခွဲ ရှိတဲ့ ဟောင်ကောင်ရဲ့ ဘဏ္ဍာရေးဗဟိုချက်ဖြစ်တဲ့ Centralက ဝိတိုရိယဆိပ်ကမ်းရဲ့ ဘေးတင် ရှိတာပါ။ အဲဒီက မြင်ကွင်းက တကယ့်ကို အံ့ဩစရာ ကောင်းလှပါတယ်။
"မသွားချင်ဘူးလား"
"သွားချင်တာပေါ့။ ပင်လယ်မမြင်ရတာလည်း ကြာပြီဆိုတော့ သွားချင်နေတာ"
မနက်ဖြန်ကလည်း ရုံးပိတ်ရက်ပဲလေ။ အပြင်ကို ခဏလောက် ထွက်ပြီး စိတ်အပန်းဖြေတာကလည်း ကောင်းပါတယ်။
Ferari ကားကြီးကတော့ ကျယ်ပြန့်တဲ့ လမ်းမကြီးအတိုင်း အရှိန်ပြင်းပြင်း မောင်းနှင်သွားတော့တယ်။
သမ္မတ ဟိုချန်မင်း နဲ့ နိုင်ငံရေးသစ်ပါတီ ကတော့ ပတ်ဆီဟျွန်းကို အထူးအစိုးရရှေ့နေနဲ့ စုံစမ်းစစ်ဆေးဖို့အတွက် ဆက်တိုက် တင်းတင်းကြပ်ကြပ် တွန်းအားပေးနေခဲ့တယ်။ လေဘာပါတီက အပြင်းအထန် ကန့်ကွက်ခဲ့ပေမယ့် ပြည်သူ့ဆန္ဒရဲ့ ဖိအားကြောင့် နောက်ဆုတ်ပေးလိုက်ရုံကလွဲလို့ အခြားရွေးချယ်စရာ မရှိခဲ့ဘူး။
အာဏာရပါတီနဲ့ အတိုက်အခံပါတီတို့ရဲ့ သဘောတူညီချက်အရ အထူးအစိုးရရှေ့နေအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ ပတ်ဆီဟျွန်းကတော့ ဒါက နိုင်ငံရေးအရ လက်စားချေမှုသက်သက်သာ ဖြစ်တယ်လို့ ပြောပြီး စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့တယ်။
ပတ်ဆီဟျွန်းက နိုင်ငံမှာ အကြီးဆုံး ဥပဒေရေးရာအဖွဲ့ဖြစ်တဲ့ Jung & Kimကို ငှားရမ်းခဲ့ပြီး နာမည်ကြီး တရားသူကြီးဟောင်းတွေ၊ အစိုးရရှေ့နေဟောင်းတွေနဲ့ တုံ့ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။
အထူးအစိုးရရှေ့နေကတော့ စွပ်စွဲချက်တွေကို သက်သေပြနိုင်ဖို့ ယုံကြည်ချက် အပြည့် ရှိနေခဲ့တာပါ။
သမ္မတဟောင်းတစ်ယောက်ကို အကြိမ်ကြိမ် စုံစမ်းစစ်ဆေးရတာက နိုင်ငံရေးအရ အလေးသာမှု ရှိတာကြောင့် စုံစမ်းစစ်ဆေးမှုကို သူ့ရဲ့ ရင်နှီးတဲ့ လက်ပါးစေတွေဆီ အရင် အာရုံစိုက်ခဲ့တယ်။
ပတ်ဆီဟျွန်းရဲ့ ဘက်ကတော့ သူ့ရဲ့ လက်ပါးစေတွေကို နှုတ်ပိတ်ထားဖို့ အာရုံစိုက်ခဲ့ကြတယ်။ ဒါပေမယ့် တစ်ခုခုကြောင့် အထူးအစိုးရရှေ့နေရဲ့ ခေါ်ယူခြင်း ခံရတဲ့သူမှန်သမျှက အဲဒီနောက်ပိုင်းမှာ ပျောက်ကွယ်သွားကြတာချည်းပဲ။
ထွက်ဆိုချက်တွေနဲ့ သက်သေအထောက်အထားတွေက လုံလုံလောက်လောက် ရရှိထားပြီးဖြစ်တာကြောင့် စွပ်စွဲချက်တွေကို ငြင်းဆိုဖို့က ခက်ခဲလှပါတယ်။ တစ်ယောက်ယောက်ကတော့ တာဝန်ယူရမှာဖြစ်ပြီး အဲဒါက သမ္မတရဲ့ အမိန့်မဟုတ်တာကြောင့် အခြားတစ်ယောက်ယောက်က အပြစ်ကို ခေါင်းခံရမှာပါ။ ပတ်ဆီဟျွန်းအတွက် ကံမကောင်းတာကတော့ သူ့အတွက်ကြောင့်နဲ့ ထောင်ကျခံချင်တဲ့သူက သိပ်မရှိတာပါပဲ။
ရှေ့နေတွေကြားထဲမှာတောင် စွပ်စွဲချက်တချို့ကို ဝန်ခံပြီး ကျန်တာတွေကို တရားရုံးမှာ ဆက်တိုက်ပွဲဝင်ဖို့ ပြောဆိုသံတွေ ရှိခဲ့ပေမယ့် ပတ်ဆီဟျွန်းကတော့ နောက်ဆုံးအထိ အားလုံးကို ငြင်းဆိုဖို့ နည်းဗျူဟာကိုပဲ ရွေးချယ်ခဲ့တယ်။
စကားပုံ ရှိတယ်မဟုတ်လား... လိမ်ညာမှုတစ်ခုက နောက်ထပ် လိမ်ညာမှုတစ်ခုကို မွေးဖွားစေတယ်ဆိုတာလေ။
အခုအချိန်အထိ အစဉ်တစိုက် ငြင်းဆိုလာခဲ့တာမလို့ ဒီအချိန်ကျမှ တစ်ခုခုကို ဝန်ခံဖို့က ခက်ခဲသွားခဲ့ပါပြီ။
အခြေအနေက ပိုပြီး အားမသာဖြစ်လာတာနဲ့အမျှ ပတ်ဆီဟျွန်းက စုံစမ်းစစ်ဆေးမှုကို အချိန်ဆွဲပြီး သူ့ရဲ့ ထောက်ခံသူတွေကို စုစည်းဖို့ အွန်လိုင်းပေါ်မှာ စာတွေ တင်ခဲ့တယ်။
ပတ်ဆီဟျွန်းရဲ့ ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေကို နေရာအနှံ့အပြားမှာ ပြုလုပ်ခဲ့ကြတယ်။
ဒါပေမယ့် ဆန္ဒပြပွဲရဲ့ အတိုင်းအတာက အရင်တုန်းကနဲ့ ယှဉ်ရင်တော့ သနားစရာ ကောင်းလောက်အောင် နည်းပါးလှပါတယ်။ မိဘများအဖွဲ့ချုပ် နဲ့ အမျိုးသားကယ်တင်ရေး စစ်သည်တော်များအသင်းလိုမျိုး ပတ်ဆီဟျွန်းလိုလားတဲ့ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်ပိုင်းတွေက ပိုက်ဆံပေးပြီး ဆန္ဒပြခိုင်းတဲ့ ပြဿနာကြောင့် ဖျက်သိမ်းခံထားရလို့လေ။
ပတ်ဆီဟျွန်းက ထပ်မံ စုံစမ်းစစ်ဆေးခံရဖို့ ငြင်းဆိုလိုက်ပြီး မီဒီယာတွေရဲ့ အရှေ့မှာ ရှားရှားပါးပါး ထွက်ပေါ်လာခဲ့တယ်။
"အထူးအစိုးရရှေ့နေက လုပ်ကြံဖန်တီးထားတဲ့ ဇာတ်ညွှန်း တစ်ခုနဲ့ တရားမဝင် ကိုယ်ရေးကိုယ်တာ စစ်ဆေးမှုတွေနဲ့ အတင်းအကြပ် စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေတာပါ။ ဒါက နိုင်ငံရေးအရ လက်စားချေမှုဖြစ်ပြီး တောင်ကိုရီးယားရဲ့ ကွန်ဆာဗေးတစ် အင်အားစုတွေကို ဖျက်ဆီးဖို့ ကြံစည်မှုသက်သက်သာ ဖြစ်ပါတယ်။ ကိုရီးယားသမ္မတနိုင်ငံရဲ့ သမ္မတတစ်ယောက်အနေနဲ့ ကျွန်တော်က နိုင်ငံတော်နဲ့ ပြည်သူတွေအတွက်ပဲ အစဉ်တစိုက် ပေးဆပ်ခဲ့တာဖြစ်ပြီး ရှက်စရာကောင်းတဲ့ အလုပ်မျိုးကို ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ သေချာတာကတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ပြည့်မီဖို့အတွက် လိုအပ်ချက်တွေ ရှိခဲ့ကောင်း ရှိခဲ့နိုင်ပေမယ့် ကျွန်တော့်ရဲ့ အစိုးရအဖွဲ့က ကိုယ်ကျင့်တရားပိုင်းမှာ အပြစ်ပြောစရာမရှိဘူးဆိုတာ ယုံကြည်ချက် အပြည့်ရှိပါတယ်။ ဒါကြောင့် ဒီလို အတင်းအကြပ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ကျွန်တော့်ဘေးနားက လူတွေကို ဒုက္ခပေးနေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုချင်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ စီးပွားရေးက တကယ့်ကို အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်နေပါတယ်။ ကိုရီးယားပြည်သူ ပြည်သားတွေအနေနဲ့ နိုင်ငံတော်အတွက် စည်းလုံးကြဖို့ တောင်းဆိုချင်ပါတယ်"
အတိုချုပ်ပြောရရင်တော့ သူက ဥပဒေအရ ရင်ဆိုင်တာထက် နိုင်ငံရေးအရ တိုက်ပွဲဝင်ဖို့ကို ရွေးချယ်လိုက်တာပါပဲ။
ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်လိုက်ရတဲ့အတွက် သမ္မတဟောင်းတစ်ယောက်အပေါ် ငဲ့ညာပြီး ထိန်းသိမ်းခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတဲ့ အထူးအစိုးရရှေ့နေခမျာ အကြပ်ရိုက်သွားရတယ်။ သံသယရှိသူက စွပ်စွဲချက်တွေကို ငြင်းဆိုပြီး စုံစမ်းစစ်ဆေးခံရဖို့ ငြင်းဆန်နေတဲ့ အခြေအနေမျိုးမှာတော့ ဖမ်းဆီးထိန်းသိမ်းဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ပါဘူး။
တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပြီး ပတ်ဆီဟျွန်းက ဆိုးလ်အရှေ့ပိုင်း ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခြင်း ခံလိုက်ရတော့တယ်။
တီဗီမှာ ဒီမြင်ကွင်းကို ကြည့်ရင်း တက်ဂယူက ကျွန်တော့်ကို ပြောတယ်။
"နောက်ဆုံးတော့ သမ္မတဟောင်း အဖမ်းခံလိုက်ရပြီ။ မင်းရဲ့ အပြစ်ပေါ့ကွာ"
"……."
ဒါက ဘာလို့ ကျွန်တော့်အပြစ် ဖြစ်ရမှာလဲ။