← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း (၂၂၆)

သမ္မတဟောင်း ရာထူးကနေ ဆင်းပြီး နှစ်လတောင် မပြည့်သေးခင်မှာတင် ဖမ်းဆီးခံလိုက်ရတာက လူထုကြားထဲ အတော်လေး ဂယက်ရိုက်သွားတယ်။

အများစုကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံမလို့ ဖမ်းဆီးခံရတာလို့ မြင်ကြပေမဲ့ တချို့သော ထောက်ခံသူတွေကတော့ ပတ်ဆီဟျွန်းမှာ အပြစ်မရှိဘူးဆိုပြီး နေရာအနှံ့အပြားမှာ ဆန္ဒပြပွဲတွေ လုပ်ကြတယ်။ ဂျောင်အီဘိုသတင်းစာ အပါအဝင် ကွန်ဆာဗေးတစ် မီဒီယာအချို့ကလည်း ဒါက နိုင်ငံရေးအရ လက်တုံ့ပြန်တာဆိုပြီး ဆောင်းပါးတွေ ရေးကြတော့ အင်တာနက်ပေါ်မှာ ပြန်ပြီး ဆူညံလာတာပေါ့။

– ဟားဟား... အထူးအစိုးရရှေ့နေ မဟုတ်ဘဲ ကန်ဂျင်ဟူက သမ္မတဟောင်းကို ဖမ်းလိုက်တာပဲ။

– အိုတာကူနဲ့ သမ္မတဟောင်း ပြိုင်ပွဲမှာ အိုတာကူ နိုင်သွားပြီ။

– သူသာ ကန်ဂျင်ဟူကို သွားမရှုပ်ရင် အလွဲသုံးစားလုပ်ထားတဲ့ ပိုက်ဆံတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အနားယူသွားလို့ ရနေတာကိုကွာ။

– အကျဉ်းသားတွေကို ကျွေးမွေးစောင့်ရှောက်ရတာလည်း အခွန်ပိုက်ဆံတွေပဲ။ အရင်ကလည်း အခွန်တွေကိုပဲ ဂုတ်သွေးစုပ်ခဲ့ပြီး အခု ရာထူးကဆင်းတော့လည်း အခွန်ပိုက်ဆံနဲ့ပဲ အခန်းရော၊ ထမင်းပါ အလကားရနေသေးတယ်။

–ကျောင်းမှာအခမဲ့မုန့်ကျွေးတာကို အသည်းအသန် ကန့်ကွက်ခဲ့ပြီး အခုတော့ ထောင်ထဲမှာ အခမဲ့ ထမင်းသွားစားနေရပြီ။

– သမ္မတဟောင်း အကြိုက်ဆုံး အမဲသားစွပ်ပြုတ်ထမင်း သွားပို့ပေးဦးမယ်။

– သမ္မတဟောင်းမှာ အပြစ်မရှိဘူး။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖျက်သိမ်းပြီး သမ္မတဟောင်းကို ချက်ချင်း လွှတ်ပေး။

– နိုင်ငံရေးအရ လက်တုံ့ပြန်နေတာတွေကို ချက်ချင်းရပ်။

– မြောက်ကိုရီးယားလိုလားတဲ့ လက်ဝဲသမား ကန်ဂျင်ဟူကို ဖမ်းဆီးပေး။

– ဘာလဲဟ... ကွန်မန့်ပေးတဲ့အဖွဲ့က ရှိနေတုန်းပဲလား။

– အမျိုးသားထောက်လှမ်းရေးအဖွဲ့လား၊ ကာကွယ်ရေး လုံခြုံရေးတပ်ဖွဲ့လား။

– မဟာမိတ်အဖွဲ့ဟောင်းတွေ ကျန်နေသေးတဲ့ပုံပဲ။

ဆိုးလ်အရှေ့ပိုင်း ထိန်းသိမ်းရေးစခန်း။

မကြာသေးခင်အထိ နိုင်ငံကို ဦးဆောင်ခဲ့တဲ့ သမ္မတက အခုတော့ တရားရင်ဆိုင်ဖို့ အကျဉ်းထောင်ထဲ ရောက်နေပါပြီ။

ပုံမှန်ဝတ်နေကျ ဝတ်စုံအစား နံပါတ်ပါတဲ့ အကျဉ်းသားဝတ်စုံကို ဝတ်ထားရတဲ့ ပတ်ဆီဟျွန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တယ်။ ဒါပေမဲ့ တခြားအကျဉ်းသားတွေနဲ့မတူဘဲ သူ့ရဲ့ ရာထူးအရှိန်အဝါကြောင့် ကျယ်ဝန်းတဲ့ တစ်ယောက်ခန်းကိုတော့ ပေးထားပါတယ်။

ကျယ်ဝန်းတယ်ဆိုပေမဲ့ သုံးပြုံ (စတုရန်းပေ ၁၀၀ ခန့်) လောက်ပဲ ရှိတာပါ။

အခန်းထဲမှာ ခေါက်သိမ်းလို့ရတဲ့ မွေ့ရာ၊ တီဗွီ၊ အဝတ်ဘီရိုနဲ့ ထမင်းစားပွဲအဖြစ်ပါ သုံးလို့ရတဲ့ စာရေးခုံတစ်လုံး ရှိပါတယ်။ အကာအရံနောက်မှာတော့ အိမ်သာနဲ့ လက်ဆေးကန် ရှိတာပေါ့။

သံတံခါးကို အတွင်းကနေ ဖွင့်လို့မရသလို နေရောင်ခြည်ရနိုင်တဲ့ တစ်ခုထဲသောနေရာက သံတိုင်တွေကာထားတဲ့ ပြတင်းပေါက်ကျဉ်းကျဉ်းလေးပါပဲ။

သူက ဒါကို လက်ရှိအခြေအနေလို့ မယုံနိုင်ဘဲ ဖြစ်နေမိတယ်။

'ငါ ဘာလို့ ဒီကို ရောက်နေရတာလဲ'

သမ္မတအဖြစ် ဖြတ်သန်းခဲ့တဲ့ ငါးနှစ်တာက ပျော်စရာအိပ်မက်တစ်ခုလိုပါပဲ။ လူတိုင်းက သူ့ကို အထင်ကြီး လေးစားကြပြီး လူတိုင်းက သူ့နောက်ကို လိုက်ခဲ့ကြတာပါ။

ရာထူးသက်တမ်း ကုန်ခါနီးအချိန်မှာတောင် သူ သိပ်ပြီး မစိုးရိမ်ခဲ့ဘူး။

အဲဒီအတောအတွင်းမှာ PAS ကုမ္ပဏီက ပြည်ပစက်ရုံတွေ၊ လက်အောက်ခံကုမ္ပဏီတွေနဲ့ ကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်လာခဲ့ပြီလေ။ ပြီးတော့ ပြည်ပသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေနဲ့ အမျိုးသားစီမံကိန်း အမျိုးမျိုးကနေ အလွဲသုံးစားလုပ်ထားတဲ့ ပိုက်ဆံတွေကလည်း ပြည်ပဘဏ်အကောင့်တွေထဲမှာ ပုံနေတာပဲ။ သူ့ရဲ့ ဆက်ခံသူကလည်း သမ္မတ ဖြစ်လာဖို့ သေချာသလောက် ရှိနေခဲ့တယ်။

အရာအားလုံးက ပြည့်စုံနေပြီး သက်သောင့်သက်သာ အနားယူရုံပဲလို့ သူ ထင်ထားခဲ့တာပါ။

ဒါပေမဲ့...

အာဏာပိုင်ရှင်က ပြောင်းသွားပြီး PAS ကလည်း ဒေဝါလီခံလိုက်ရတယ်။ အခုတော့ သူက ဒီလိုထိန်းသိမ်းရေးစခန်းထဲမှာ ပိတ်မိနေပါတယ်။ ပြည်ပဘဏ်အကောင့်ထဲက ပိုက်ဆံတွေက ရှိနေတုန်းပဲဆိုပေမဲ့ ဒီလိုပိတ်လှောင်ခံထားရတဲ့အချိန်မှာ ဘာအသုံးဝင်တော့မှာလဲ။

လက်ရှိမှာ သူက စွဲချက်ပေါင်း ၂၀ ကျော် ရင်ဆိုင်နေရတယ်။ အာဏာအလွဲသုံးစားလုပ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ငွေအလွဲသုံးစားလုပ်မှု၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု စတာတွေပေါ့။ အဲဒီအထဲက အနည်းငယ်လောက်ပဲ အပြစ်ရှိတယ်လို့ စီရင်ချက်ထွက်ရင်တောင် သူ ထောင်ထဲမှာ ဆယ်နှစ်လောက် နေရပါလိမ့်မယ်။ အခြေအနေ ပိုဆိုးရင်တော့ ဘဝတစ်ခုလုံးကို ထောင်ထဲမှာပဲ ကုန်လွန်သွားလောက်ပါတယ်။

သူ့ရဲ့ တစ်ခုထဲသော မျှော်လင့်ချက်က လွတ်ငြိမ်းချမ်းသာခွင့်ပဲ။

'ဘာလို့လဲ... ဘာလို့ ငါ့ကိုမှ ဒီလိုဖြစ်ရတာလဲ... ငါ ဘာမှားသွားလို့လဲ'

ဘယ်နေရာမှာ ဘာတွေ မှားယွင်းသွားတာလဲ။

သူ အကြိမ်ကြိမ် စဉ်းစားခဲ့ပေမဲ့ အကြောင်းပြချက်က တစ်ခုထဲပဲ ရှိတယ်။

ပတ်ဆီဟျွန်း အံကြိတ်လိုက်မိတယ်။

'အဲဒီကောင်ကြောင့်ပဲ... အဲဒီကောင်သာ မရှိရင် ဒါတွေ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး'

အိပ်ချိန်ရောက်တော့ ညအတွက် မီးတွေကို ပိတ်လိုက်တယ်။

ပတ်ဆီဟျွန်း စောင်ကို ခြုံပြီး မွေ့ရာပေါ်မှာ လှဲချလိုက်တယ်။ အကျဉ်းသားတွေကို စီမံခန့်ခွဲဖို့ မီးပိတ်လိုက်တယ်ဆိုပေမဲ့ လုံးဝကြီး မှောင်မည်းမသွားပါဘူး။

တိတ်ဆိတ်မှုကြားထဲမှာ အစောင့်တွေရဲ့ ခြေသံက တစ်ချက်တစ်ချက် မြည်ဟည်းနေတယ်။

သူ မငိုဘူးလို့ သစ္စာဆိုထားပေမဲ့ မခံမရပ်နိုင်ဖြစ်ပြီး ဝမ်းနည်းလွန်းလို့ မျက်ရည်တွေက ထိန်းမရအောင် စီးကျလာတယ်။

ပတ်ဆီဟျွန်း စောင်အောက်မှာ ရှိုက်ကြီးတငင်ငိုရင်း တိုးတိုးလေး ရေရွတ်နေမိတယ်။

"ကန်ဂျင်ဟူ... ခွေးမသား... ကမ္ဘာပေါ်မှာ အဆိုးဆုံးလူ... မင်း လုံးဝ ဒေဝါလီခံပြီး သူတောင်းစား ဖြစ်သွားပါစေလို့ ငါ ဆုတောင်းတယ်"

နာမည်ကြီး အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes က နှစ်တိုင်း အချမ်းသာဆုံးလူတွေရဲ့ စာရင်းကို ထုတ်ပြန်လေ့ရှိတယ်။

ကမ္ဘာပေါ်မှာ ဘီလီယံနာ ပေါင်း ၂,၂၀၀ ခန့် ရှိတာပါ။

ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ AMZ ရဲ့ စီအီးအို ဂျိတ်ဘိုင်ရွန်က မိုက်ခရိုဆော့ဖ်က ဘီလ်ဂိတ်ကို ကျော်ပြီး ထိပ်ဆုံးနေရာကို ရောက်သွားတာပဲ။ ပြီးတော့ ကျွန်တော့်နာမည်က တတိယနေရာကို တက်လှမ်းလာခဲ့တယ်။

တက်ဂယူက နှမြောတသသပုံစံနဲ့ ပြောတယ်။

"ဒါက ကားအသစ်မထွက်ခင်က စာရင်းပြုစုထားလို့လေ။ အဲဒီနောက်ပိုင်းသာဆိုရင် မင်းက နံပါတ်တစ် ဖြစ်မှာ သေချာတယ်"

"ဒါက သိပ်ပြီး အရေးမကြီးပါဘူးကွာ"

ပုဂ္ဂလိကပိုင် ကုမ္ပဏီဖြစ်နေတဲ့အတွက် အဆင့်သတ်မှတ်ချက်မှာ အားနည်းချက် ရှိနေတာ အမှန်ပဲ။ တကယ်တမ်း အရာအားလုံးကို ထည့်တွက်မယ်ဆိုရင် မန်ဆာက ပထမနေရာမှာ ရှိနေရမှာပါ။

ကျွန်တော် တက်ဂယူနဲ့အတူ ထိုင်ပြီး ဗီဒီယိုကော ခေါ်ဆိုမှုကို ချိတ်ဆက်လိုက်တယ်။

စခရင်ပေါ်က CarOS ရဲ့ အမှုဆောင်အရာရှိတွေ အားလုံးက တက်ကြွတဲ့ မျက်နှာထားတွေနဲ့ ဖြစ်နေကြတယ်။ ကားတွေ သိပ်ရောင်းရနေလို့ သူတို့တွေ စိတ်လှုပ်ရှားနေကြတာပါ။

လက်ရှိမှာ AD1 နဲ့ AD2 အတွက် ကြိုတင်မှာယူမှုတွေက ခြောက်လစာလောက် ကုန်နေပါပြီ။ အခု ချက်ချင်း ကြိုတင်မှာရင်တောင် ကားရဖို့ ခြောက်လလောက် စောင့်ရမှာပါ။

"ထုတ်လုပ်မှု ပမာဏထက် အရည်အသွေး ထိန်းချုပ်မှုကို ပိုပြီး ဦးစားပေးပါ"

AD1 နဲ့ AD2 က CarOS ကနေ ပထမဆုံး ထုတ်လုပ်တဲ့ ကားတွေပါ။ အစပိုင်းကတည်းက အရည်အသွေးပိုင်း ပြဿနာတက်ရင် ကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။

"နားလည်ပါပြီ"

ဒါရီလ်က လက်ရှိအခြေအနေကို အစီရင်ခံတယ်။

ဂျာမနီ အကောင်းဆုံး ကားအုပ်စုကြီး သုံးခုလို့ လူသိများတဲ့ ပရီမီယံ အမှတ်တံဆိပ်တွေကတော့ သိပ်ပြီး ထိခိုက်မှု မရှိပါဘူး။ ဒါပေမဲ့ အတန်းအစား တူညီတဲ့ Toyota၊ GM၊ Ford နဲ့ အွန်ဆောင်း မော်တာတို့ရဲ့ ပြိုင်ဘက်မော်ဒယ်တွေရဲ့ အရောင်းပမာဏကတော့ သိသိသာသာ ကျဆင်းသွားတာကို တွေ့ရတယ်။

တစ်ဖက်မှာလည်း ကျွန်တော်တို့ရဲ့ အရောင်းပမာဏက တဟုန်ထိုး တိုးတက်လာပြီး အမြတ်အစွန်းတွေကလည်း ကောင်းကင်ယံအထိ မြင့်တက်သွားခဲ့တယ်။

"နိုင်ငံခြား အရောင်းကိုယ်စားလှယ်တွေဆီကနေလည်း စုံစမ်းမေးမြန်းမှုတွေ ဆက်တိုက် ရောက်နေပါတယ်"

လက်ရှိမှာ အမေရိကန် ပြည်တွင်းက ဝယ်လိုအားကိုတောင် မနည်းဖြည့်ဆည်းနေရလို့ ပြည်ပကို တင်ပို့ဖို့ ခဲယဉ်းနေသေးပေမဲ့ နောက်ပိုင်းတော့ တင်ပို့ရမှာပါပဲ။ အခုလောလောဆယ်မှာ အလိုအလျောက်မောင်းနှင်စနစ် မပါဘဲ တင်ပို့မယ်ဆိုရင် ရနိုင်ပေမဲ့ ဒီစနစ်မပါတဲ့ကားကို ဘယ်သူက အရူးထပြီး ဝယ်မှာလဲ။

CarOS က နိုင်ငံအတော်များများမှာ အလိုအလျောက် မောင်းနှင်စနစ်သုံး မော်တော်ယာဉ် စမ်းသပ်မောင်းနှင်ခွင့်ကို လျှောက်ထားပြီးပါပြီ။ နိုင်ငံတစ်ခုစီရဲ့ ယာဉ်ကြောပိတ်ဆို့မှု ဥပဒေတွေက မတူညီတဲ့အတွက် ခွင့်ပြုချက်တွေကို တစ်ခုချင်းစီ ရယူရမှာပါ။

ဥရောပမှာတော့ ခွင့်ပြုချက်တွေက ပြဿနာမရှိဘဲ ထွက်လာခဲ့တယ်။ ကိုရီးယားနဲ့ ဂျပန်တို့ကလည်း စီစစ်တဲ့ လုပ်ငန်းစဉ်တွေကို စတင်နေပြီ ဖြစ်ပေမဲ့ တရုတ်ကတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ငြင်းပယ်ထားတယ်။

အိန္ဒိယကတော့ တက္ကစီသမားတွေနဲ့ သယ်ယူပို့ဆောင်ရေး လုပ်သားတွေရဲ့ အလုပ်အကိုင်ကို ခြိမ်းခြောက်နိုင်တဲ့ နည်းပညာတွေကို အစိုးရအနေနဲ့ ခွင့်မပြုနိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။

ကိုယ်ပိုင် ပြည်တွင်းကား အမှတ်တံဆိပ်ရှိတဲ့ နိုင်ငံတွေက နည်းပညာအသစ်တွေကို ပိုပြီး သတိထား စောင့်ကြည့်ကြတာကတော့ သဘာဝပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ဒီစျေးကွက်တွေကို လက်လျှော့လို့ မရဘူးလေ။

ဒါက အလိုအလျောက်မောင်းနှင်စနစ်သုံး ကားတွေရဲ့ နောက်ဆက်တွဲ ဂယက်ကို လူတွေ ဘယ်လောက်အထိ စိုးရိမ်နေကြလဲဆိုတာကို ပြသနေတာပဲ။

"လျှပ်စစ်ကား ဖွံ့ဖြိုးတိုးတက်မှုကရော ဘယ်လိုအခြေအနေ ရှိလဲ"

"ဖွံ့ဖြိုးတိုးတက်မှုကတော့ နောက်ဆုံးအဆင့်ကို ရောက်လုနီးပါး ဖြစ်နေပါပြီ။ အဓိက သော့ချက်ကတော့ ဘတ္ထရီပါပဲ"

လျှပ်စစ်ကားတွေရဲ့ ပြဿနာအားလုံးက ဘတ္ထရီကနေ စတင်ပြီး ဘတ္ထရီမှာပဲ ဆုံးတာပါ။

လက်ရှိမှာ အွန်ဆောင်း မော်တာ အပါအဝင် ကားထုတ်လုပ်သူ အားလုံးနီးပါးက လျှပ်စစ်ကားတွေကို ရောင်းချနေကြပြီလေ။ ဒါပေမဲ့ ပမာဏကတော့ သိပ်မများသေးပါဘူး။

ပမာဏမများသေးတာက ဘတ္ထရီရဲ့ ကုန်ကျစရိတ် မြင့်မားမှုနဲ့ ထောက်ပံ့မှု ပြဿနာတွေကြောင့်ပါပဲ။

အစိုးရရဲ့ ထောက်ပံ့ကြေးတွေ ရှိနေပေမဲ့ ကုမ္ပဏီအနည်းငယ်ကလွဲလို့ အများစုက ရှုံးရင်ရှုံး၊ မရှုံးရင် အရင်းအတိုင်းပဲ ရောင်းနေကြရတာပါ။ ဒါကြောင့် ကားတွေ ဘယ်လောက်ပဲ ရောင်းကောင်းပါစေ ထုတ်လုပ်မှု ပမာဏကို အလွယ်တကူ မတိုးမြှင့်နိုင်ကြတာပေါ့။

လက်ရှိ ရောင်းချနေတဲ့ CarOS ကားတွေက အလိုအလျောက်မောင်းနှင်စနစ်သုံး ကိရိယာတွေကြောင့် တခြားကားတွေထက် ဒေါ်လာ ၂၀,၀၀၀ လောက် ပိုပြီး ဈေးကြီးပါတယ်။ အဲဒါကိုမှ လျှပ်စစ်ကားအဖြစ် ပြောင်းလဲလိုက်ရင် ဈေးနှုန်းက ပိုပြီး မြင့်တက်သွားမှာ သေချာပါတယ်။

ဈေးကြီးရင်တောင် ဝယ်မယ့်သူကတော့ ရှိမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က လျှပ်စစ်မော်ဒယ် တစ်ခုအနေနဲ့ ထုတ်မှာ မဟုတ်ဘဲ လျှပ်စစ်ကားလိုင်းအဖြစ် လုံးဝ ကူးပြောင်းဖို့ စီစဉ်ထားတာကြောင့် ဈေးနှုန်းက အကဲဆတ်တဲ့ အချက် ဖြစ်နေတာပါ။

ကံကောင်းတာက OTK ကုမ္ပဏီရဲ့ လက်အောက်မှာ ဘတ္ထရီ ထုတ်လုပ်တဲ့ TS ကုမ္ပဏီ ရှိနေတာပါပဲ။ ဘတ္ထရီကို ပြည်တွင်းမှာတင် အပြန်အလှန် ရယူခြင်းအားဖြင့် ဈေးနှုန်းကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ပြီး ထောက်ပံ့မှုကိုလည်း တည်တည်ငြိမ်ငြိမ် စီမံခန့်ခွဲနိုင်မှာပါ။

ဒါရီလ်က ပြောတယ်။

"OTK သုတေသနဌာနက ဘတ္ထရီအသစ်ကို အမြန်ဆုံး တီထွင်နိုင်ရင် ပိုကောင်းမှာပါ"

သူက တော်တော်လေး မျှော်လင့်ချက် ကြီးနေတဲ့ပုံပဲ။

ဒါက တစ်နေ့နေ့မှာ ဖြစ်လာမှာ ဖြစ်ပေမဲ့ ဘယ်တော့လဲဆိုတာကတော့ မသေချာသေးပါဘူး။ ဒါက အတင်းအလောတကြီး လုပ်လို့ရတဲ့အရာ မဟုတ်ဘူးလေ။

အစည်းအဝေးအပြီး နေ့လယ်စာစားဖို့ ပြင်နေတုန်းမှာပဲ ကျွန်တော့်ဖုန်း မြည်လာခဲ့တယ်။

ပါမောက္ခ ကင်ဟိုမင် ဆီကပါ။

ကျွန်တော် ဖုန်းကို ကိုင်လိုက်တယ်။

[မတွေ့ရတာ ကြာပြီနော်]

"ဟုတ်ကဲ့။ ပါမောက္ခ။ နေကောင်းရဲ့လားခင်ဗျာ"

အမေရိကန်က ပြန်လာပြီးနောက်ပိုင်း သူ့ကို တစ်ကြိမ်ပဲ တွေ့ဖြစ်သေးတာပါ။ အဲဒီနောက်ပိုင်း မဆက်သွယ်ဖြစ်ကြလို့ စကားမပြောဖြစ်တာ လအနည်းငယ်လောက် ရှိပါပြီ။

ပါမောက္ခ ကင်ဟိုမင်က စိတ်ပျက်ချင်ယောင်ဆောင်တဲ့ လေသံနဲ့ ပြောတယ်။

[ငါတို့ရဲ့ စီအီးအိုက သုတေသနဌာနကို စိတ်ဝင်စားမှု နည်းလွန်းနေတာ မဟုတ်ဘူးလား]

"ဟားဟား။ အဲဒါက ပါမောက္ခအတွက် ပိုပြီး သက်သောင့်သက်သာ မရှိဘူးလားခင်ဗျာ"

ကျွန်တော် ပါမောက္ခ ကင်ဟိုမင်ကို သုတေသန ဒါရိုက်တာအဖြစ် ခေါ်ယူခဲ့စဉ်က ဘယ်လိုနှောင့်ယှက်မှုမှ မရှိဘဲ လွတ်လွတ်လပ်လပ် သုတေသနပြုနိုင်ရမယ်လို့ ကတိပေးခဲ့တာပါ။

ကျွန်တော့်ကတိအတိုင်းပဲ ကျွန်တော်က ရန်ပုံငွေပဲ ထောက်ပံ့ပေးခဲ့ပြီး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘာအစီရင်ခံစာမှ မတောင်းခဲ့သလို ဘာမေးခွန်းမှလည်း မမေးခဲ့ဘူး။

သူ့ကို စောင့်ကြည့်ရုံနဲ့တင် သုတေသန ရလဒ်ကောင်းတွေ ထွက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေခဲ့တာလေ။

[အခု သုတေသနဌာနကို လာခဲ့လို့ ရမလား။ ငါတို့တွေ ပြဿနာကို ဖြေရှင်းနိုင်ပြီ ထင်တယ်]

သူ့စကားကြောင့် ကျွန်တော် လန့်သွားရတယ်။

"ဘာပြောလိုက်တယ်ခင်ဗျာ"

NCM ဘတ္ထရီလို့ လူသိများတဲ့ သုံးမျိုးစပ် ဘတ္ထရီတွေမှာ နီကယ်၊ ကိုဘော့နဲ့ မန်ဂနိစ်တို့ ပါဝင်တယ်။ အဲဒီအထဲကမှ ကိုဘော့က ဘတ္ထရီ ကုန်ကျစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်းခန့် ရှိတာကြောင့် ဘတ္ထရီ ထုတ်လုပ်သူအားလုံးက ကိုဘော့ပါဝင်မှုကို လျှော့ချဖို့ သုတေသနတွေ လုပ်နေကြတာပါ။

ပြီးခဲ့တဲ့နှစ်က ပါမောက္ခ ကင်ဟိုမင်က ကိုဘော့မပါတဲ့ ဘတ္ထရီကို တီထွင်ပြီး ကမ္ဘာကို အံ့အားသင့်စေခဲ့တယ်။ (လောလောဆယ်မှာတော့ ကုန်ကျစရိတ်က ကိုဘော့သုံးတာထက် ပိုပြီး မြင့်မားနေသေးပေမဲ့ပေါ့လေ)။

ပိုပြီး အံ့ဩစရာကောင်းတာက အဲဒီလုပ်ငန်းစဉ်အတွင်းမှာ ဘတ္ထရီရဲ့ လျှပ်စစ်သိုလှောင်နိုင်စွမ်းပမာဏကို နှစ်ဆကျော် မြှင့်တင်နိုင်ခဲ့တာပဲ။ တကယ်လို့ ဘေးကင်းလုံခြုံမှု ပြဿနာကိုသာ ဖြေရှင်းနိုင်ရင် ဒါက လုပ်ငန်းနယ်ပယ်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ ထူးခြားတဲ့ တီထွင်မှု ဖြစ်လာမှာပါ။

ကျွန်တော်နဲ့ တက်ဂယူက ချက်ချင်းပဲ ကားပေါ်တက်ပြီး သုတေသနဌာနဆီ ဦးတည်လိုက်ကြတယ်။

ကားပါကင် ထိုးပြီး အထဲကို ဝင်သွားတော့ ပါမောက္ခ ကင်ဟိုမင်က ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်တွေ၊ မုတ်ဆိတ်မွေးတွေနဲ့ ကြိုဆိုခဲ့တယ်။

ကျွန်တော်တို့ ဓာတ်ခွဲခန်းထဲကို အတူတူ သွားခဲ့ကြတယ်။ အထဲက သုတေသီတွေက မောပန်းနွမ်းနယ်နေပုံ ရပေမဲ့ သူတို့ရဲ့ မျက်နှာအမူအရာတွေကတော့ သိပ်ကို တောက်ပနေကြပါတယ်။

"ဘေးကင်းလုံခြုံရေး ပြဿနာကို တကယ်ပဲ ဖြေရှင်းနိုင်ခဲ့တာလား"

ကျွန်တော့်မေးခွန်းကို ပါမောက္ခ ကင်ဟိုမင်က ခေါင်းညိတ်ရင်း ပြောတယ်။

"လီသီယမ်က ပေါ့ပါးပြီး လျှပ်ကူးမှု မြင့်မားပေမဲ့ သဘာဝအရ တည်ငြိမ်မှု မရှိဘူး။ ဒါကြောင့် ချို့ယွင်းချက် ဒါမှမဟုတ် ပျက်စီးမှုတွေကြောင့် အပူလွန်ကဲနိုင်တဲ့ အန္တရာယ် အမြဲရှိနေတာ။ ဘတ္ထရီတွေရဲ့ သော့ချက်က လီသီယမ်အိုင်ယွန်တွေကို ဘေးကင်းလုံခြုံစွာ သိမ်းဆည်းဖို့ပဲ။ ဒါကြောင့် ငါတို့တွေဟာ ဘေးကင်းလုံခြုံမှုကို မြှင့်တင်ဖို့ နည်းလမ်းတွေကို ဆက်တိုက် စမ်းသပ်ခဲ့ကြတယ်။ ပထမဆုံးအနေနဲ့ လီသီယမ်ကြွယ်ဝတဲ့ အလွှာလိုက် အောက်ဆိုဒ်ရဲ့ သေးငယ်တဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲခဲ့တယ်။ မူလက နီကယ်က တည်ငြိမ်မှု နည်းတာကြောင့် မြင့်မားတဲ့ အပူချိန်မှာ ပေါင်းစပ်ပြီး နီကယ်ပမာဏကို ပိုပြီး လျှော့ချခဲ့ကာ အဲဒီဖွဲ့စည်းပုံထဲမှာ ထည့်ထားခဲ့တာ။ ဒါပေမဲ့ သာမန်ဘတ္ထရီတွေမှာတော့ သိသာတဲ့ ကန့်သတ်ချက်တွေ ရှိတယ်။ ငါတို့ နောက်ဆုံး ရွေးချယ်ခဲ့တဲ့ နည်းလမ်းကတော့ အစိုင်အခဲ ဘတ္ထရီတွေပဲ။ လျှပ်လိုက်ရည်က အစိုင်အခဲ ဖြစ်သွားတဲ့အတွက် ရိုက်ခတ်မှုတွေ ရှိရင်တောင် အပူလွန်ကဲတာ ဒါမှမဟုတ် ပေါက်ကွဲတာမျိုး မရှိတော့ဘူး။ ပြီးတော့ လျှပ်လိုက်ရည်ထဲမှာ အရည်မရှိတဲ့အတွက် မြင့်မားတဲ့ ဗို့အားကို ရရှိဖို့ အဖိုတိုင်နဲ့ အမတိုင်တွေကို အလွှာလိုက် ထပ်ရတာလည်း ဖြစ်နိုင်ခြေ ရှိသွားပြီ"

ရှင်းပြချက်အပြီးမှာ ကျွန်တော် အားတက်သရော ခေါင်းညိတ်လိုက်တယ်။

"အာ... နားလည်ပြီ"

"ဝိုး... သိပ်ကို အံ့ဩဖို့ကောင်းတဲ့ နည်းလမ်းပဲ"

တက်ဂယူရဲ့ အံ့ဩချီးမွမ်းမှုကို မြင်ရတော့ ကျွန်တော်တစ်ယောက်ထဲ နားမလည်တာ မဟုတ်ဘူးဆိုပြီး စိတ်သက်သာရာ ရသွားတယ်။

ကျွန်တော် အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးလိုက်တယ်။

"ဒါဆိုရင် အမြောက်အမြား ထုတ်လုပ်ဖို့ ဖြစ်နိုင်ပါ့မလား"

"ပေါင်းစပ်ထားတဲ့ အဖိုတိုင်ပစ္စည်းကို မျက်နှာပြင် ပြုပြင်ထိန်းသိမ်းမှု လုပ်စရာမလိုတဲ့အတွက် နောက်ဆက်တွဲ လုပ်ငန်းစဉ်က ပိုပြီး ရိုးရှင်းသွားပါတယ်"

"ဒါဆိုရင် ဖြစ်နိုင်တယ်လို့ ပြောတာပေါ့"

"ဟုတ်ပါတယ်"

ကျွန်တော် ဝမ်းသာအားရ အော်ဟစ်တော့မယ့်အချိန်မှာပဲ ပါမောက္ခ ကင်ဟိုမင်က ရှက်ကိုးရှက်ကန်း ပြုံးရင်း ပြောတယ်။

"ဒါပေမဲ့ ထုတ်လုပ်မှု စရိတ်စကကတော့ အနည်းငယ် ပြဿနာရှိတယ်"

နည်းပညာက ဘယ်လောက်ပဲ ကောင်းပါစေ၊ ဈေးနှုန်းက သိပ်ပြီး ကြီးမြင့်နေရင် ကူးသန်းရောင်းဝယ်ရေးအတွက် အသုံးချဖို့ မဖြစ်နိုင်ဘူးလေ။

"ဘယ်လောက်လောက် ရှိလဲခင်ဗျာ"

"ဒါက ငါတို့ ထုတ်လုပ်မှုစနစ်ကို ဘယ်လို သတ်မှတ်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါပေမဲ့ ပမာဏတူညီတဲ့ တခြားဘတ္ထရီတွေထက်တော့ သိသိသာသာ ပိုပြီး ဈေးကြီးမှာ မဟုတ်ပါဘူး"

"ဒါဆိုရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး"

လက်ရှိမှာ ဘတ္ထရီ ထုတ်လုပ်သူတွေက ပြဿနာနှစ်ခုဖြစ်တဲ့ ထုတ်လုပ်မှုစရိတ်နဲ့ ပမာဏတို့အပေါ်မှာ စစ်ပွဲဆင်နွှဲနေကြတာပါ။

6000mAh က ကုန်ကျစရိတ်အားဖြင့် 3000mAh ဘတ္ထရီ နှစ်လုံးစာလောက်ပဲ ရှိမယ်ဆိုရင် အဲဒါကတင် အားသာချက် ဖြစ်နေပါပြီ။

တူညီတဲ့ ထုထည်ထဲမှာ နှစ်ဆ ပမာဏ ဆံ့ဝင်သွားတာကြောင့် ဘတ္ထရီဆဲလ်တွေနဲ့ Battery Packတွေကို ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချနိုင်မှာလေ။

တက်ဂယူက မေးတယ်။

"ဒီဘတ္ထရီနဲ့ဆိုရင် လျှပ်စစ်ကားတစ်စီးကို ဘယ်လောက်အထိ မောင်းလို့ရမလဲ"

"ကီလိုမီတာ ၁,၀၀၀ ကျော်အထိ သွားနိုင်ဖို့ ဖြစ်နိုင်ပါတယ်"

လက်ရှိ စျေးကွက်ထဲမှာရှိတဲ့ လျှပ်စစ်ကားတွေရဲ့ အမြင့်ဆုံး မောင်းနှင်နိုင်မှု အကွာအဝေးက ကီလိုမီတာ ၅၀၀ ဝန်းကျင်ပဲ ရှိတာပါ။ ဒါပေမဲ့ ဒီဘတ္ထရီနဲ့ဆိုရင် သွားနိုင်တဲ့အကွာအဝေးကို နှစ်ဆ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

ဒါက ဒီဇယ်ကားတွေထက်တောင် မောင်းနှင်နိုင်တဲ့ အကွာအဝေး ပိုပြီး ရှည်သွားတာကို ဆိုလိုတာပဲ။

"နောက်ထပ် အားသာချက်တစ်ခုကတော့ အားသွင်းချိန်က လက်ရှိဘတ္ထရီတွေရဲ့ တစ်ဝက်ပဲ ရှိတယ်။ အမြန်အားသွင်းစနစ်နဲ့ဆိုရင် ၁၀ မိနစ်အတွင်းမှာ ကီလိုမီတာ ၂၀၀ စာလောက် အားသွင်းနိုင်တယ်"

"ဒါက အံ့ဩစရာပဲ"

ပါမောက္ခ ကင်ဟိုမင်က ယုံကြည်မှုအပြည့်နဲ့ ပြောတယ်။

"ဒါက အစပဲ ရှိပါသေးတယ်။ ငါတို့ ဒီနည်းပညာကို ပိုပြီး မြှင့်တင်နိုင်ရင် ပမာဏကို ဒီထက်မက ပိုပြီး တိုးမြှင့်ဖို့ ဖြစ်နိုင်ပါတယ်"

ကျွန်တော် တံတွေးကို အသာမျိုချလိုက်မိတယ်။

ဒါက အနာဂတ်မှာ ဘယ်လို ဂယက်ရိုက်ခတ်မှုမျိုးကို ဖြစ်စေမှာလဲ။

ဒါက လျှပ်စစ်ကားတွေအပြင် အိတ်ဆောင် အီလက်ထရောနစ် ကိရိယာတွေအားလုံးအတွက်ပါ အကျုံးဝင်တာပါ။ ဘတ္ထရီမပါဘဲ လည်ပတ်နိုင်တဲ့ ကြိုးမဲ့ အီလက်ထရောနစ် ကိရိယာဆိုတာ မရှိဘူးလေ။ ဒါကြောင့် ဘတ္ထရီက အီလက်ထရောနစ် ကိရိယာအားလုံးရဲ့ အဓိက သော့ချက်ပါပဲ။

မကြာသေးခင်က အီလက်ထရောနစ် ကိရိယာတွေက သေးငယ်ပြီး ကြိုးမဲ့ဖြစ်လာတဲ့ လမ်းကြောင်း ရှိနေပေမဲ့ ဘတ္ထရီ ဖွံ့ဖြိုးတိုးတက်မှုကတော့ နည်းပညာ တိုးတက်မှုနှုန်းနဲ့ ယှဉ်ရင် နှေးကွေးနေခဲ့တာပါ။

လျှပ်စစ်ကားတွေက ကီလိုမီတာ ၅၀၀ ထက် ပိုမသွားနိုင်ဘူး၊ စမတ်ဖုန်းတွေက တစ်ရက်ထက် ပိုမခံဘူး၊ ဒရုန်းတွေကလည်း နာရီပိုင်းလောက်ပဲ ပျံသန်းနိုင်ကြတယ်။

ဒါတွေ အားလုံးက ဘတ္ထရီရဲ့ ကန့်သတ်ချက်တွေကြောင့်ပါပဲ။

ဒါပေမဲ့ အခုတော့ ကျွန်တော်တို့က အဲဒီကန့်သတ်ချက်တွေကို ကျော်လွန်နိုင်မယ့် နည်းပညာကို ရရှိခဲ့ပါပြီ။

တက်ဂယူက လက်ထောင်ပြီး မေးတယ်။

"ဒါနဲ့... ဘတ္ထရီရဲ့ နာမည်က ဘာလဲ"

ကိုဘော့မပါတဲ့ ဘတ္ထရီကို NCM ဘတ္ထရီလို့ ခေါ်လို့မရဘူးလေ။

ဘယ်လို ခေါ်ရမလဲ။

ကျွန်တော် ပါမောက္ခ ကင်ဟိုမင်ကို ပြောလိုက်တယ်။

"ပါမောက္ခပဲ တီထွင်ခဲ့တာဆိုတော့ ပါမောက္ခပဲ နာမည်ပေးလိုက်ပါလား"

"ဟင်... နာမည်လား..."

ခဏလောက် စဉ်းစားပြီးနောက် ပါမောက္ခ ကင်ဟိုမင်က ခေါင်းကို ကုတ်ရင်း ပြောတယ်။

"ငါတို့ အချင်းချင်းကတော့ OTK ဘတ္ထရီလို့ပဲ ခေါ်နေကြတာ။ အဲဒီအတိုင်းပဲ ဆက်ခေါ်ရင် မကောင်းဘူးလား"

"……"

အာ... အဲဒီ ချီးထုတ်OTK ဆိုတဲ့ နာမည်ကိုပဲ သုံးရမှာလား...

All Chapters