အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း (၂၂၇)
CarOS က သူ့ကုမ္ပဏီနာမည်အတိုင်းပဲ အလိုအလျောက် မောင်းနှင်တဲ့စနစ်တင်မကဘဲ ကားတစ်စီးလုံးကို ထိန်းချုပ်နိုင်မယ့် Operating System ကို ဖန်တီးနေတာပါ။
အဲဒါက အရာအားလုံးကို လျှပ်စစ်နဲ့မောင်းနှင်တဲ့ လျှပ်စစ်ကားတွေအတွက် အသင့်တော်ဆုံးပုံစံပါပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့က နောက်ဆုံးမှာ လျှပ်စစ်ကားတွေဆီ ဦးတည်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
လျှပ်စစ်ကားတွေက ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ရေပန်းစားနေခဲ့တာဖြစ်ပြီး Nikolaနဲ့ BYD တို့လို နာမည်တွေက ခဏခဏ လူတွေကြားထဲ လူပြောများလေ့ရှိပေမဲ့ တကယ်တမ်း လျှပ်စစ်ကားရောင်းအားက ကားအရောင်းရဆုံးပမာဏ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ရှိပါသေးတယ်။
စျေးကွက်ဝယ်စုနည်းနေရတာက လျှပ်စစ်ကားတွေမှာသုံးတဲ့ ဘတ္ထရီတွေရဲ့ ကန့်သတ်ချက်တွေကြောင့်ပါ။ ဒါပေမဲ့ OTK ဘတ္ထရီက လက်ရှိလျှပ်စစ်ကားတွေမှာ ရှိနေတဲ့ ပြဿနာတွေကို အကုန်လုံး ဖြေရှင်းပေးနိုင်ပါတယ်။
ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းကို ဘယ်သူ့ကို အရင်ဆုံး ပြောရမလဲ။
"မင်းအစ်မဆီ အရင် ဖုန်းဆက်လိုက်ဦး"
တက်ဂယူက အစ်မ ဟျွန်းဂျူးဆီ ဖုန်းဆက်ပြီး အခြေအနေကို ရှင်းပြတယ်။ ပြီးတော့ ကျွန်တော့်ဆီ ဖုန်းကမ်းပေးလာတယ်။
"မင်းနဲ့ စကားပြောချင်လို့တဲ့"
ကျွန်တော် ဖုန်းကိုင်လိုက်တော့ အစ်မ ဟျွန်းဂျူးက ပြောတယ်။
[အများအပြား ထုတ်လုပ်ဖို့ ဖြစ်နိုင်ပါ့မလား။ ထုတ်လုပ်မှုစရိတ်ကရော သင့်လျော်တဲ့ပမာဏရှိရဲ့လား]
"ဟုတ်ကဲ့။ လက်ရှိနည်းပညာနဲ့ဆိုရင် အများအပြား ထုတ်လုပ်ဖို့က ပြဿနာမရှိပါဘူး။ ထုတ်လုပ်မှုစရိတ်ကလည်း လျှပ်စစ်သိုလှောင်နိုင်စွမ်း ပမာဏတူညီတဲ့ လက်ရှိ NCM ဘတ္ထရီတွေနဲ့ ယှဉ်နိုင်တဲ့အပြင် ရေရှည်မှာ ဒီထက်ပိုပြီး ကုန်ကျစရိတ်ကို လျှော့ချနိုင်ဦးမှာပါ"
ကမ္ဘာပေါ်မှာ ကောင်းမွန်တဲ့ နည်းပညာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ နည်းပညာတိုင်းက စီးပွားဖြစ် ဖြစ်မလာကြပါဘူး။
တကယ်တော့ လက်ရှိဘတ္ထရီတွေထက် ပမာဏ အဆပေါင်းများစွာ ပိုများပြီး အားသွင်းနှုန်း အဆပေါင်းများစွာ ပိုမြန်တဲ့ ဘတ္ထရီတွေကို သုတေသနဌာန အမျိုးမျိုးမှာ တီထွင်ပြီးသားပါ။ သူတို့က လီသီယမ်အိုင်ယွန်အစား နာနိုမှုန်တွေနဲ့ ဂရာဖင်း တွေကို သုံးပြီး လက်ရှိဘတ္ထရီတွေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားခဲ့ကြတာလေ။
ဒါပေမဲ့ အဲဒါကပဲ ပြဿနာဖြစ်ခဲ့တယ်။ လက်ရှိနည်းပညာနဲ့ဆိုရင် နာနိုမှုန်တွေနဲ့ ဂရာဖင်းတွေကို အများအပြား ထုတ်လုပ်ဖို့က ခက်ခဲပြီး ထုတ်လုပ်မှုစရိတ်ကို မကာမိတဲ့အတွက် စီးပွားဖြစ် ထုတ်လုပ်ဖို့ ပျက်စီးခဲ့ရတယ်။
ဒါပေမဲ့ ပါမောက္ခ ကင်ဟိုမင် တီထွင်လိုက်တဲ့ ဘတ္ထရီကတော့ မတူပါဘူး။
[တွေ့တဲ့အခါကျမှ အသေးစိတ် ဆက်ပြောကြတာပေါ့]
"ကောင်းပါပြီ။ အပြန်မှာ ဝင်ခဲ့ပါ့မယ်"
အဲဒီနောက် ကျွန်တော်က ဥက္ကဌ လင်ဂျင်ယုံဆီ ဖုန်းဆက်လိုက်တယ်။
[ဟယ်လို]
"ဟယ်လို စီနီယာ။ ကိုရီးယားမှာပဲလား ခင်ဗျာ"
[ဟုတ်တယ်။ အခု ပြုံတက်က semiconductor စက်ရုံကို လာစစ်နေတာ။ အရေးမကြီးရင် နောက်မှ ပြန်ဆက်လိုက်မယ်နော်]
"အရေးကြီးလို့ပါ။ OTK သုတေသနဌာနကို လာပေးလို့ ရမလား ခင်ဗျာ"
[အခုချက်ချင်းလား]
"ဟုတ်ကဲ့"
ကျွန်တော့်အသံထဲက တစ်ခုခုကို ရိပ်မိသွားလို့ထင်တယ်၊ ဥက္ကဌ လင်ဂျင်ယုံက ထပ်မမေးတော့ဘဲ ချက်ချင်းပဲ ပြန်ဖြေတယ်။
[အခုချက်ချင်း လာခဲ့မယ်]
ဖုန်းဆက်ပြီး တစ်နာရီတောင် မပြည့်ခင်မှာပဲ သူက OTK သုတေသနဌာနဆီ အပြေးအလွှား ရောက်လာတယ်။ သူက ပြီးခဲ့တဲ့တစ်ခေါက်ကလည်း တစ်ခါ လာဖူးပြီး ပါမောက္ခ ကင်ဟိုမင်နဲ့ တွေ့ဖူးထားတာပါ။
"ဘာကိစ္စရှိလို့လဲ"
"မလန့်သွားနဲ့နော်"
"အေးပါ"
ပါမောက္ခ ကင်ဟိုမင်က ဘတ္ထရီအသစ်... ဒါမှမဟုတ် OTK ဘတ္ထရီလို့ ခေါ်တဲ့အရာရဲ့ သဘောတရားတွေနဲ့ လုပ်ဆောင်ချက်တွေကို စောစောကအတိုင်း အသေးစိတ် ရှင်းပြတယ်။
ထုံးစံအတိုင်း ကျွန်တော် နားမလည်တဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေ စကားထဲမှာ ပါလာပြန်တယ်။
ဥက္ကဌ လင်ဂျင်ယုံကတော့ အကုန်နားလည်တဲ့ပုံစံနဲ့ မေးခွန်းတစ်ခု မေးတယ်။
" electrolyteက အခဲဖြစ်သွားပြီဆိုရင် အလွန်ပါးလွှာတဲ့ ပုံစံမျိုး ဒါမှမဟုတ် ကွေးညွတ်လို့ရတဲ့ ပုံစံမျိုးတွေအထိပါ ဖန်တီးလို့ ရနိုင်မယ် ထင်တယ်"
ပါမောက္ခ ကင်ဟိုမင်က ခေါင်းညိတ်ပြတယ်။
"ဒါပေါ့။ သေးငယ်အောင် ပြုလုပ်နိုင်စွမ်းနဲ့ ပုံစံဖော်ရတာ လွတ်လပ်မှု မြင့်မားတဲ့အတွက် ဘယ်လိုပုံသဏ္ဌာန်မဆို ဖန်တီးလို့ ရပါတယ်"
ဥက္ကဌ လင်ဂျင်ယုံက သူ့ရဲ့ အံ့ဩမှုကို မဖုံးကွယ်နိုင်တော့ဘူး။
"OTK ဘတ္ထရီက အခြေအနေအရပ်ရပ်ကို ပြောင်းလဲပစ်လိမ့်မယ်။ ဒါက မော်တော်ကားနဲ့ IT နည်းပညာလောကအတွက် တော်လှန်ရေးတစ်ရပ်ပဲ"
ကမ္ဘာတစ်ဝန်းက ဘတ္ထရီထုတ်လုပ်သူတွေအားလုံးက ပမာဏတိုးမြှင့်ဖို့နဲ့ ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် အရာအားလုံးကို ရင်းနှီးပြီး သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D) မှာ ငွေကြေးအမြောက်အမြား ပုံအောနေကြတာပါ။
ကျွန်တော်တို့ သတိမထားမိလိုက်ဘဲ ပမာဏက တဖြည်းဖြည်း တိုးတက်လာခဲ့ပေမဲ့ တကယ်တမ်းက ထူးထူးခြားခြား တိုးတက်ပြောင်းလဲမှုမျိုး မရှိခဲ့တာက လက်ရှိအခြေအနေပဲဖြစ်ပါတယ်။
လောလောဆယ်မှာ တရုတ်နိုင်ငံက ဘတ္ထရီထုတ်လုပ်မှုမှာ နံပါတ်တစ် ဖြစ်နေပါတယ်။ ပြီးတော့ တရုတ်က ကမ္ဘာပေါ်မှာ လျှပ်စစ်ကား အများဆုံး ထုတ်လုပ်ပြီး ရောင်းချတဲ့နိုင်ငံလည်း ဖြစ်တယ်။ ဒါက တရုတ်အစိုးရက လျှပ်စစ်ကားလုပ်ငန်းကို မြှင့်တင်ဖို့ ဘတ္ထရီထုတ်လုပ်သူတွေကို ထောက်ပံ့ကြေးတွေ ပုံအောပေးနေလို့ပါ။
ဆိုဆောင်း အီလက်ထရောနစ် ရဲ့ ဆိုဆောင်း SB နဲ့ CL Chemical တို့ကတော့ အဲဒီထောက်ပံ့ကြေး အစီအစဉ်ကနေ ဖယ်ထုတ်ခံခဲ့ရတယ်။ သူတို့က ဆင်ခြေအမျိုးမျိုး ပေးခဲ့ကြပေမဲ့ နောက်ဆုံးတော့ ပြည်တွင်းကုမ္ပဏီတွေကို ပံ့ပိုးပေးချင်လို့ပါပဲ။
တကယ်တော့ တရုတ်ဘတ္ထရီ ထုတ်လုပ်သူတွေက သူတို့ရဲ့ ကြီးမားတဲ့ ပြည်တွင်းစျေးကွက်ကို အသုံးချပြီး နည်းပညာကို မြှင့်တင်နေကြတာဖြစ်လို့ ကိုရီးယားကုမ္ပဏီတွေကို ကပ်လိုက်နေပြီလို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါပြီ။ OTK ဘတ္ထရီ တီထွင်နိုင်မှုနဲ့အတူ နည်းပညာကွာဟချက်က နှစ်အတော်ကြာအောင် ကွာဟသွားပြီလို့ ပြောလို့ရပါတယ်။
ဘတ္ထရီကို တီထွင်နိုင်ရုံနဲ့တင် ဇာတ်လမ်းက ပြီးသွားတာ မဟုတ်ပါဘူး။
အများအပြား ထုတ်လုပ်နိုင်မယ့် စနစ်တစ်ခုကို တည်ဆောက်ရဦးမှာပါ။ ပြီးတော့ အဲဒီဘတ္ထရီတွေကို ဘတ္ထရီဆဲလ်တွေအဖြစ် တပ်ဆင်ရပါမယ်။ အဲဒီ ဘတ္ထရီဆဲလ်တွေကို ပြန်ချိတ်ဆက်ပြီး Battery Packs တွေ ဖန်တီးပြီးမှ စမတ်ဖုန်းတွေ ဒါမှမဟုတ် လျှပ်စစ်ကားတွေထဲမှာ ထည့်သွင်းလို့ ရမှာပါ။
စီးရီးလိုက်နဲ့ ပြိုင်တူ ချိတ်ဆက်ထားတဲ့ ဘတ္ထရီထောင်ပေါင်းများစွာရဲ့ ဗို့အား၊ ပမာဏနဲ့ အားပြန်ထုတ်လွှတ်မှုနှုန်းကို တိတိကျကျ ထိန်းချုပ်ဖို့အတွက် မြင့်မားတဲ့ နည်းပညာ လိုအပ်ပါတယ်။ ဒါကြောင့်လည်း Nikolaက ၁၈၆၅၀ ဘတ္ထရီပေါင်း ၁၀,၀၀၀ ကို ချိတ်ဆက်ပြီး Battery Packsတစ်ခု ဖန်တီးနိုင်ခဲ့လို့ ချီးကျူးခံခဲ့ရတာပါ။
ဥက္ကဌ လင်ဂျင်ယုံက ယုံကြည်မှုအပြည့်နဲ့ ပြောတယ်။
"မင်းသိတဲ့အတိုင်း ဆိုဆောင်း SB က ဘတ္ထရီဆဲလ်နဲ့ Battery Packs ထုတ်လုပ်မှုမှာ ကမ္ဘာ့အဆင့်မီ နည်းပညာ ရှိပြီးသားကွ။ ဘယ်ကုမ္ပဏီမှ ငါတို့ထက် ပိုကောင်းအောင် မလုပ်နိုင်ဘူး"
တက်ဂယူက ကျွန်တော့်ဆီ အသံတိုးတိုးလေးနဲ့ ပြောလာတယ်။
"CL Chemical ကရော မကောင်းဘူးလား"
"ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့..."
သူတို့က ကျွန်တော်တို့နဲ့ သိပ်ပြီး ရင်းနှီးတာမျိုး မရှိဘူးလေ။
ဒါပေမဲ့ ဆိုဆောင်း SB ကတော့ မတူပါဘူး။ ကျွန်တော်တို့က ဆိုဆောင်း SB ရဲ့ ရှယ်ယာ ၁၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဖက်စပ်လုပ်ငန်းတစ်ခု ဖန်တီးဖို့ ဒေါ်လာ သန်း ၃၅၀၀ ရင်းနှီးမြှုပ်နှံထားတာပါ။ ဒါကြောင့် ကျွန်တော်တို့က သူတို့နဲ့ အရင်ဆုံး ပူးပေါင်းထုတ်လုပ်ဖို့ အာရုံစိုက်ရပါမယ်။
ဥက္ကဌ လင်ဂျင်ယုံက ပါမောက္ခ ကင်ဟိုမင်ကို အားကျတုန်လှုပ်စွာနဲ့ ကြည့်ပြီး ပြောတယ်။
"ဒါက တကယ်ကို အံ့ဩဖို့ကောင်းတယ်။ အခုအချိန်ထိ ဘယ်သူမှ မလုပ်နိုင်ခဲ့တဲ့ အရာပဲ"
ပါမောက္ခ ကင်ဟိုမင်က ပြုံးပြီး ပြောတယ်။
"ငါတစ်ယောက်ထဲကြောင့် မဟုတ်ပါဘူး။ ဒီမှာရှိတဲ့သူတွေ အားလုံး မအိပ်မနေဘဲ မမောမပန်း ကြိုးစားခဲ့ကြတဲ့ ရလဒ်ပါ"
ပြီးတော့ သူက ကျွန်တော့်ကို ကြည့်ပြီး မေးတယ်။
"ဒါနဲ့... မင်းပြောသလို ငါ တကယ် ချမ်းသာလာနိုင်မှာလား"
အလုပ် အာမခံချက်ရှိတဲ့ ပါမောက္ခတစ်ယောက် ဖြစ်တဲ့ ပါမောက္ခ ကင်ဟိုမင်ကို ကျွန်တော် စည်းရုံးခေါ်ယူတုန်းက သူ့ကို ပိုက်ဆံအများကြီး ရှာပေးမယ်လို့ ကတိပေးခဲ့တာပါ။
OTK သုတေသနဌာနက တီထွင်လိုက်တဲ့ မူပိုင်ခွင့်အားလုံးကို OTK သုတေသနဌာနကပဲ ပိုင်ဆိုင်ပြီး အဲဒီကရတဲ့ အကျိုးအမြတ်အားလုံးကလည်း သုတေသနဌာနရဲ့ အပိုင်ဖြစ်ပါတယ်။
OTK Company က OTK သုတေသနဌာနရဲ့ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး သုတေသနဌာနရဲ့ အကြီးအကဲဖြစ်တဲ့ ပါမောက္ခ ကင်ဟိုမင်က ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ ပါမောက္ခ ကင်ဟိုမင်က သူ့ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို သုတေသနပညာရှင်တွေကို stock options အဖြစ် ခွဲဝေပေးထားတယ်။ ဒါကြောင့် ဒီမှာရှိတဲ့ သုတေသနပညာရှင်အားလုံးကို ရှယ်ယာရှင်တွေလို့ သတ်မှတ်နိုင်ပါတယ်။
ဝမ် သန်းထောင်ချီအနည်းငယ်လောက်ပဲ ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ထားတဲ့ OTK သုတေသနဌာနက မော်တော်ကားနဲ့ IT နည်းပညာလောကရဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင်မယ့် နည်းပညာတစ်ခုကို တီထွင်လိုက်နိုင်ပါပြီ။
ဒီနည်းပညာရဲ့ တန်ဖိုးက ဘယ်လောက်ရှိမလဲ။ ဝမ် သိန်း ၁ ကုဋေလား။ သိန်း ၁၀ ကုဋေလား။
ကျွန်တော်က ဥက္ကဌ လင်ဂျင်ယုံကို မေးလိုက်တယ်။
"တကယ်လို့ ကျွန်တော်တို့က ဒီနည်းပညာကို ဆိုဆောင်း အီလက်ထရောနစ် ဆီ ဝမ် သိန်း ၁၀ ကုဋေနဲ့ ရောင်းရင် စီနီယာ ဝယ်မှာလား"
ပါမောက္ခ ကင်ဟိုမင်က နောက်ပြောင်နေတာလို့ ထင်ပြီး ရယ်တယ်။
"ဝမ် သိန်း ၁၀ ကုဋေက များလွန်းမနေဘူးလား"
ဒါပေမဲ့ ဥက္ကဌ လင်ဂျင်ယုံက ချက်ချင်းပဲ ခေါင်းညိတ်ပြတယ်။
"အများအပြား ထုတ်လုပ်ဖို့သာ ဖြစ်နိုင်မယ်ဆိုရင် ငါ ဝမ်းမြောက်ဝမ်းသာ ဝယ်မှာပေါ့"
အဲဒီစကားကြောင့် ပါမောက္ခ ကင်ဟိုမင်နဲ့ သုတေသနပညာရှင်တွေရဲ့ အမူအရာက တောင့်တင်းသွားကြတယ်။ အဲဒီတော့မှ သူတို့ တီထွင်လိုက်တဲ့ နည်းပညာရဲ့ တန်ဖိုးကို သူတို့ သဘောပေါက်သွားကြတာပါ။
နည်းပညာအသစ်တွေက ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုက်ဆံအများကြီး ရှာပေးနိုင်တယ်။ ဒါပေမဲ့ တကယ်တမ်း အဲဒါတွေကို တီထွင်တဲ့ သိပ္ပံပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေကတော့ နိမ့်ကျတဲ့ ဆက်ဆံမှုကိုပဲ ခံရလေ့ရှိတာက လက်ရှိအခြေအနေပါပဲ။
ကျွန်တော်က သူတို့ကို ကြည့်ပြီး ပြောလိုက်တယ်။
"ဒီမှာရှိတဲ့သူတွေအားလုံး ပိုက်ဆံတွေနဲ့ ပိနေတော့မှာ သေချာတယ်"
ဒါပေါ့။ ကျွန်တော်ကတော့ ပိုက်ဆံအများဆုံး ရမှာပါ။
သုံးရက်အကြာမှာတော့ ဘတ္ထရီ စမ်းသပ်ပြသပွဲနဲ့ မိတ်ဆက်ပွဲကို ပြုလုပ်ဖို့ စီစဉ်ခဲ့တယ်။ ကျင်းပမယ့်နေရာကိုတော့ နမ်ဆန်မှာရှိတဲ့ ဆီလွန်ဟိုတယ် ရဲ့ Emerald Hall လို့ ဆုံးဖြတ်ခဲ့ကြတယ်။
စီအီးအို လင်ဆိုမီက ကျွန်တော့်ကို ပြောတယ်။
"အဆင်မပြေတာမျိုး မရှိရအောင် ငါတို့ အကောင်းဆုံး ပြင်ဆင်သွားပါ့မယ်"
စီနီယာမန်နေဂျာ ကီဟုမ်က ကြော်ငြာပစ္စည်းတွေကို ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းပြည်ပက သတင်းထောက်တွေနဲ့ တာဝန်ရှိသူတွေဆီ ဖိတ်စာတွေ ပို့ခဲ့တယ်။
"...CL Chemical ရဲ့ စီအီးအို ယန်ဟိုယောင်းနဲ့ SSK Innovation ရဲ့ စီအီးအို ချဲဝမ်ထယ်တို့က တက်ရောက်ဖို့ ဆန္ဒရှိကြောင်း ပြောလာတယ်။ ပြီးတော့... RCK Bros ရဲ့ ဥက္ကဌ ရူချောဂယွန်နဲ့ ဒုတိယဥက္ကဌ ရှင်ဗြောင်ဒူတို့လည်း လာကြလိမ့်မယ်"
"လူတိုင်းက တော်တော်လေး စိတ်ဝင်စားနေကြတာပဲ"
"ပြီးတော့ သမ္မတအိမ်ပြာတော်ရဲ့ မူဝါဒရေးရာ အရာရှိချုပ် နဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့ကလည်း တက်ရောက်မယ်လို့ ပြောထားပါတယ်"
ကျွန်တော် အံ့ဩသွားပြီး မေးလိုက်တယ်။
"နိုင်ငံရေးလောကက လူတွေကိုတော့ ဖိတ်စာ မပို့ထားဘူးမလား"
စီနီယာမန်နေဂျာ ကီဟုမ်က ခေါင်းခါပြတယ်။
"ဒါပေါ့။ မပို့ပါဘူး။ သူတို့က သတင်းကြားပြီး ကျွန်တော်တို့ဆီ အရင် ဆက်သွယ်လာကြတာပါ"
အစိုးရအရာရှိတွေက စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်လို့ ပြောလာတဲ့အခါ ကျွန်တော်တို့က တားလို့မရဘူးလေ။
ကားအသစ် ထုတ်လုပ်မှုကြောင့် အလုပ်ရှုပ်နေပေမဲ့လည်း ဒါရီလ်နဲ့ ရိုင်ယန်တို့က ကိုရီးယားဆီ တိုက်ရိုက် လေယာဉ်စီးလာခဲ့ကြတယ်။ သူတို့နှစ်ယောက်က ပါမောက္ခ ကင်ဟိုမင်နဲ့ သီးသန့် တွေ့ဆုံခဲ့ကြသေးတယ်။
ဒါရီလ်ကလည်း မူလက တီထွင်သူနဲ့ သုတေသနပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူက အလိုအလျောက် မောင်းနှင်မှုSoftwareကို တီထွင်ခဲ့တာဖြစ်ပြီး ပါမောက္ခ ကင်ဟိုမင်ကတော့ OTK ဘတ္ထရီ Hardwareကို တီထွင်ခဲ့တာပါ။
ဒါက သူတို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပေမဲ့လည်း တစ်ယောက်ကိုတစ်ယောက် အပြည့်အဝ လေးစားကြောင်း ပြသခဲ့ကြပြီး အသေးစိတ် ဆွေးနွေးခဲ့ကြတယ်။
ပွဲကျင်းပတဲ့နေ့မှာတော့ လူတွေက တိမ်တိုက်တွေလိုပဲ အုန်းအုန်းကျွက်ကျွက် ရောက်လာခဲ့ကြတယ်။
ကျွန်တော်က ပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ပါမောက္ခ ကင်ဟိုမင်ကတော့ နည်းပညာကို ချပြတဲ့အပိုင်းကို တာဝန်ယူခဲ့တယ်။
သူက ထုံးစံအတိုင်း ဖရိုဖရဲပုံစံနဲ့ပဲ စင်ပေါ်တက်လာပြီး PPT နဲ့ OTK ဘတ္ထရီအကြောင်းကို ရှင်းပြတယ်။
ဒါက ပညာရှင်လောကအတွက်တင် မဟုတ်ဘဲ အများပြည်သူကို ချပြတာဖြစ်တဲ့အတွက် နည်းပညာဆိုင်ရာ ဝေါဟာရတွေကို ဖယ်ထုတ်ပြီး တတ်နိုင်သမျှ အလွယ်ကူဆုံး ဖြစ်အောင် ရှင်းပြခဲ့တယ်။
ရှုပ်ထွေးတဲ့ အသေးစိတ်အချက်အလက်တွေကို ရိုးရှင်းအောင် လုပ်ရမယ်ဆိုရင်တေ့ အဓိကအချက်တွေကတော့ ကိုဘော့ ကို မသုံးထားဘူး၊ ပမာဏက နှစ်ဆရှိတယ်၊ အားသွင်းနှုန်းက လေးဆ ပိုမြန်တယ်၊ ပြီးတော့ ပိုပြီးတော့တောင် တည်ငြိမ်မှုရှိတယ် ဆိုတာပါပဲ။
မိတ်ဆက်ပွဲ မပြီးခင်မှာတင် အင်တာနက်ပေါ်မှာ သတင်းဆောင်းပါးတွေက မယုံနိုင်စရာ အရှိန်အဟုန်နဲ့ တက်လာခဲ့တယ်။
[OTK ဘတ္ထရီက လက်ရှိ NCM ဘတ္ထရီတွေနဲ့ ယှဉ်ရင် ပမာဏ နှစ်ဆရှိပြီး အားသွင်းနှုန်း လေးဆ ပိုမြန်]
[ကမ္ဘာလုံးဆိုင်ရာ ဘတ္ထရီလုပ်ငန်းရဲ့ အခင်းအကျင်းက ပြောင်းပြန်လှန်ခံရတော့မှာလား]
[လျှပ်စစ်ကားတွေအနေနဲ့ ကီလိုမီတာ ၁,၀၀၀ အထိ မောင်းနှင်နိုင်ဖို့ ဖြစ်နိုင်ပါ့မလား]
[လျှပ်စစ်ကားခေတ် အပြည့်အဝ ရောက်ရှိလာခြင်းရဲ့ အာရုဏ်ဦး]
[OTK Company ကြောင့် လောင်စာဆီအင်ဂျင်သုံး ကားတွေရဲ့ခေတ်က ၃ နှစ်အတွင်း ကုန်ဆုံးတော့မယ်လို့ ခန့်မှန်း]
ပါမောက္ခ ကင်ဟိုမင်ရဲ့ ရှင်းလင်းတင်ပြမှုအပြီးမှာ ကျွန်တော်က သတင်းထောက်တွေကို မေးလိုက်တယ်။
"မေးစရာ မေးခွန်းများ ရှိပါသလား"
သတင်းထောက်တွေက ဒီအချိန်ကို စောင့်နေကြတဲ့အတိုင်းပဲ ထလာကြပြီး မေးခွန်းတွေ တရစပ် မေးလာကြတော့တယ်။
"ဘေးအန္တရာယ်ကင်းရှင်းမှုကို စစ်ဆေးပြီးပြီလား"
"ဘယ်အချိန်လောက်မှာ အများအပြား ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားလဲ"
"NCM ဘတ္ထရီတွေနဲ့ ယှဉ်ရင် ထုတ်လုပ်မှုစရိတ်က ဘယ်လောက်ကွာခြားလဲ"
"CarOS ကနေ ထုတ်လုပ်မယ့် လျှပ်စစ်ကားတွေမှာ ချက်ချင်း ထည့်သွင်းအသုံးပြုလို့ ရနိုင်မလား"
"တိကျတဲ့ အစီအစဉ်ဇယားကို ပြောပြပေးပါ"
OTK ဘတ္ထရီကို ချပြလိုက်တာနဲ့ တစ်ပြိုင်ထဲ ကမ္ဘာတစ်ဝန်းက မော်တော်ကားနဲ့ IT ကုမ္ပဏီတွေဆီကနေ ဖုန်းခေါ်ဆိုမှုတွေ တရစပ် ဝင်လာခဲ့တယ်။
NPL၊ Gooble နဲ့ Iver တို့ရဲ့ စီအီးအိုတွေဆီကနေ ရရှိတဲ့ အီးမေးလ်တွေကို ကျွန်တော် ဖတ်ကြည့်လိုက်တယ်။ သူတို့က ကျွန်တော် အချိန်ရမယ်ဆိုရင် ကိုရီးယားမှာ တွေ့ချင်ကြတာပါ။
တစ်ဖက်မှာလည်း တက်ဂယူက အင်တာနက်ပေါ်က မှတ်ချက်တွေကို တိတိကျကျ စစ်ဆေးနေပါတယ်။
-NCM ဘတ္ထရီတွေနဲ့ LFP ဘတ္ထရီတွေတော့ သွားပြီ။ OTK ဘတ္ထရီခေတ်က ရောက်လာတော့မှာလား။
-ဒါက နိုင်ငံလုံးဆိုင်ရာ လိမ်လည်မှုလို့ ထင်တယ်။ သူတို့က နည်းပညာကို ဒီလိုမျိုး ချပြပြီး ရင်းနှီးမြှုပ်နှံသူတွေဆီက ပိုက်ဆံယူပြီး ထွက်ပြေးကြမှာ။
-ဟမ်။ ကန်ဂျင်ဟူ ရဲ့ အသားတင်ပိုင်ဆိုင်မှုက ဝမ် သိန်းပေါင်း ၁၀၀ ကုဋေကျော်နေတာလေ။ လိမ်ပြေးစရာလား။
-ဒါပေမဲ့ တကယ်ပဲ အများအပြား ထုတ်လုပ်ဖို့ ဖြစ်နိုင်ပါ့မလား။
-ကျွန်တော်က KAIST က ရုပ်ဝတ္ထုသိပ္ပံနှင့် အင်ဂျင်နီယာဌာနက ကျောင်းသားတစ်ယောက်ပါ။ ဒါက လီသီယမ်အိုင်ယွန် ဘတ္ထရီအမျိုးအစားပဲ ဖြစ်နေသေးတဲ့ အတွက် အများအပြား ထုတ်လုပ်မှုအပိုင်းမှာ နည်းပညာဆိုင်ရာ အခက်အခဲတော့ ရှိမှာမဟုတ်ပါဘူး။ အစားထိုးပစ္စည်းတွေရဲ့ ဈေးနှုန်းသာ အဆင်ပြေရင်တော့ သေချာပေါက် စျေးကွက်ဝင်ပါတယ်။
-ကျွန်တော်က ဆိုဆောင်း SB က ဝန်ထမ်းတစ်ယောက်ပါ။ ကျွန်တော်တို့က စမ်းသပ်ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီး ဥက္ကဌ ကိုယ်တိုင် သုတေသနပညာရှင်တွေနဲ့အတူ စက်ရုံမှာ ရှိနေပါတယ်။ ဝန်ထမ်းတွေကတော့ အိမ်မပြန်ရဘူး ဖြစ်နေတယ်။ တကယ်ပါပဲ။
-အာ။ မနေ့က ဆိုဆောင်း SB စတော့ရှယ်ယာတွေကို ဝယ်ထားလိုက်ရမှာကွာ။
OTK ဘတ္ထရီက ဆိုဆောင်း SB ရဲ့ ဆူဝမ် စက်ရုံက ထုတ်လုပ်ရေးလိုင်းအချို့မှာ အရင်ဆုံး စမ်းသပ်ထုတ်လုပ်မှုကို ပြုလုပ်မှာပါ။ သူတို့က ဘတ္ထရီဆဲလ်တွေနဲ့ Battery Packsတွေ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ ကြတယ်။
ဥက္ကဌ လင်ဂျင်ယုံက သူ့ရဲ့ တခြားအစီအစဉ်တွေအားလုံးကို ဖျက်သိမ်းပြီး ဆူဝမ် စက်ရုံဆီ တိုက်ရိုက်သွားရောက်ကာ စက်ရုံကို လှည့်လည်ကြည့်ရှုပြီး သုတေသနပညာရှင်တွေကို အားပေးခဲ့တယ်။
[ရှေ့လထဲမှာတင် ထွက်လာမယ့် NT9 မှာ ထည့်သွင်းအသုံးပြုဖို့ ဖြစ်နိုင်လောက်တယ်]
"အဲဒီအချိန်လောက်ဆိုရင်တော့ ထည့်သွင်းအသုံးပြုဖို့ ခက်လောက်မယ် မဟုတ်လား။ ကျွန်တော်တို့တွေ ထုတ်လုပ်မှုနှုန်းကိုလည်း ကြည့်ရဦးမယ်လေ"
[ထုတ်ကုန်အားလုံးမှာ ထည့်သွင်းအသုံးပြုဖို့ကတော့ လွယ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မြန်မြန်လုပ်ရင်တော့ special edition ပုံစံမျိုးမှာ ထည့်သွင်းနိုင်လိမ့်မယ်။ တုံ့ပြန်မှုကို ကြည့်ဖို့အတွက် ဈေးအကြီးဆုံး မော်ဒယ်မှာပဲ အရင်ဆုံး ထည့်သွင်းဖို့ စီစဉ်ထားတယ်]
သူတို့က ထုတ်လုပ်မှုတောင် မစရသေးဘူး၊ အောင်မြင်မှုအတွက် ကြိုတင်ပြီး တွက်ချက်နေကြပါပြီ။
ရိုးရိုးဖုန်းတွေကနေ စမတ်ဖုန်းတွေအဖြစ် ပြောင်းလဲလာတဲ့ အခါမှာ ခဏခဏ အားသွင်းရတဲ့ အဆင်မပြေမှုတွေ ရှိလာခဲ့တယ်။ ဖုန်းခေါ်ဆိုရုံနဲ့ စာတိုပို့ရုံပဲ လုပ်တဲ့ ရိုးရိုးဖုန်းတွေနဲ့မတူဘဲ စမတ်ဖုန်းတွေကိုတော့ အင်တာနက်သုံးဖို့၊ ဗီဒီယိုကြည့်ဖို့၊ ဂိမ်းဆော့ဖို့ စတာတွေအတွက် သုံးကြတာလေ။
ဒါကြောင့်ပဲ လူတိုင်းက အပြင်သွားတဲ့အခါ အားသွင်းကြိုးတွေ ဒါမှမဟုတ် portable batteries တွေကို ယူသွားကြတာပါ။
ဒါပေမဲ့ OTK ဘတ္ထရီနဲ့ဆိုရင်တော့ လက်ရှိထက် အသုံးပြုနိုင်မယ့်အချိန် နှစ်ဆ ပိုမိုရရှိမှာပါ။ ဖုန်းအသုံးအများဆုံးလူတွေတောင်မှ တစ်ရက်လောက်အထိ အသုံးခံနိုင်လောက်မယ်။
ဒါက သိပ်ပြီး ထူးခြားတာမျိုး မဟုတ်ဘူးလို့ ထင်ရပေမဲ့လည်း စမတ်ဖုန်းနည်းပညာတွေက တစ်ပြေးညီ စံနှုန်းဖြစ်လာတဲ့ အခြေအနေမှာတော့ ဒါကတင် တခြားပြိုင်ဘက် ထုတ်ကုန်တွေနဲ့ ကွဲပြားခြားနားသွားစေနိုင်ပါတယ်။
တရားဝင် မထုတ်ရသေးပေမဲ့လည်း စျေးကွက်က အရင်ဆုံး တုံ့ပြန်ခဲ့တယ်။
ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် (IBs) တွေနဲ့ hedge fundsတွေက ဘတ္ထရီနဲ့ လျှပ်စစ်ကားကုမ္ပဏီတွေအပေါ် တပြိုင်ထဲ short positions (ဈေးကျရင် မြတ်မယ်) တွေ ယူခဲ့ကြပြီး short sales (အဝယ်မရှိဘဲ ရောင်းချခြင်း) တွေကို ပုံအောလုပ်ခဲ့ကြသလို အကျိုးအမြတ်ရမယ့် ကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာတွေကိုတော့ ဝယ်ယူခဲ့ကြတယ်။
ဆိုဆောင်း အီလက်ထရောနစ် နဲ့ ဆိုဆောင်း SB တို့ရဲ့ စတော့ရှယ်ယာတွေက အတူတူ မြင့်တက်လာခဲ့ပြီး Nikolaရဲ့ စတော့ရှယ်ယာကတော့ ပြန်ပြီး ထိုးဆင်းသွားခဲ့ကာ short အရောင်းသမားတွေရဲ့ သားကောင် ဖြစ်သွားခဲ့ရတယ်။
အယ်လန် အဲဗာဟတ်က short sales တွေကြောင့် အိပ်တောင် မအိပ်ရဘူးလို့ ညည်းတွားခဲ့ပြီး Nikola စတော့ရှယ်ယာတွေကို လူသိရှင်ကြား ဝယ်ယူပြီး ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။
ဒါကို ကြည့်ရတာ ကိုရီးယားနဲ့ အမေရိကန် စတော့စျေးကွက် နှစ်ခုလုံးမှာ short အရောင်းသမားတွေက အင်မတန် သောင်းကျန်းနေကြတဲ့ ပုံပါပဲ။