← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း (၂၂၈)

[ကမ္ဘာ့ နံပါတ်တစ် အချမ်းသာဆုံးလူက ဘယ်သူလဲ]

မကြာခင်တုန်းက Forbes မဂ္ဂဇင်းကနေ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့ အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့တယ်။

နံပါတ်တစ်နေရာမှာ ရှိနေတဲ့ ဘီလ်ဂိတ်က ဒုတိယနေရာကို ရောက်သွားပြီး သူ့နေရာမှာ AMZ ရဲ့ စီအီးအို ဂျိတ်ဘိုင်ရွန်က အစားထိုးဝင်ရောက်လာခဲ့တယ်။ ပိုပြီးအံ့သြဖို့ကောင်းတာက ကန်ဂျင်ဟူက တတိယနေရာအထိ တက်လှမ်းလာနိုင်ခဲ့တာပါ။

ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ ထိပ်သီး ၁၀ ယောက်ထဲမှာ ကိုရီးယားလူမျိုးတစ်ယောက် ပါဝင်လာတာဟာ သမိုင်းမှာ ဒါဟာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။

ကန်ဂျင်ဟူက OTK Company ရဲ့ စီအီးအိုဖြစ်ပြီး ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ အဓိကရှယ်ယာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေဟာ OTK Company ရဲ့ ရှယ်ယာတွေကနေပဲ လာတာပါ။

(ဆောင်းပါးအဆက်)

…… ဆိုဆောင်း အီလက်ထရောနစ်ရဲ့ အခုလက်ရှိ ရှယ်ယာဈေးနှုန်းနဲ့ လဲလှယ်မယ်ဆိုရင်တောင် CarOS ရဲ့ တန်ဖိုးဟာ အနည်းဆုံး ဒေါ်လာ သန်း ၂သိန်း ရှိတယ်။ ဒါနဲ့တင် ကန်ဂျင်ဟူကို ကမ္ဘာ့အချမ်းသာဆုံးလူလို့ ပြောလို့ရနေပြီ။

ဒါ့အပြင် OTK Company ရဲ့ လက်အောက်ခံကုမ္ပဏီတွေဟာလည်း နှစ်စဉ် အရှိန်အဟုန်နဲ့ တိုးတက်နေပြီး OTK ဘတ္ထရီကို တီထွင်လိုက်နိုင်တာကြောင့် နောင်ဖြစ်ပေါ်လာမယ့် လျှပ်စစ်ကားဈေးကွက်မှာ ဦးဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

McKinsey က စီးပွားရေးပညာရှင် ဂျက်ဖရာ ဖာမာကလည်း နောက်နှစ်အနည်းငယ်အတွင်းမှာ OTK Company ဟာ Npleကို ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားတယ်။

တက်ဂယူက Financial Times ထဲက ဆောင်းပါးကို ဖတ်ပြီး ပြောတယ်။

"ဒါကို ကြည့်စမ်း။ သူတို့က မင်းကို နံပါတ်တစ်လို့ ပြောနေကြပြီ။ အဆင့် ပြောင်းပေးဖို့ Forbesကို ဖုန်းဆက်ပြီး ကန့်ကွက်လိုက်ရမလား"

"ဘာလို့ အလုပ်ရှုပ်ခံမှာလဲ။ နံပါတ်တစ်ဖြစ်လို့ ဆုပေးတာလည်း မဟုတ်ဘဲနဲ့"

"ခံစားချက်ကတော့ မိုက်တာပေါ့ဟ"

ကြည့်ရတာ လူတွေက အဆင့်သတ်မှတ်ရတာကို တကယ်သဘောကျကြပုံပဲ။

ကိုယ် ဘယ်လောက်ချမ်းသာလဲဆိုတာကို လိုက်ရှင်းပြနေ တာထက် ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ဘယ်အဆင့်ရှိလဲလို့ ပြောလိုက်တာက ပိုပြီးနားလည်ရလွယ်တာတော့ အမှန်ပဲ။

ဒါပေမဲ့ ကမ္ဘာ့အချမ်းသာဆုံးလူပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကိုယ်တကယ် သုံးလို့ရတဲ့ ငွေပမာဏကတော့ အနည်းငယ်ပဲ ရှိပါတယ်။ ရှယ်ယာတန်ဖိုးတွေကို ဖယ်လိုက်ရင် အခု ကျွန်တော့်လက်ထဲမှာရှိတဲ့ ငွေသားက ဝမ် သန်းထောင်ဂဏန်းအနည်းငယ်ပဲ ရှိတာပါ။

ဒါကတော့ တခြားချေဘောတွေလည်း ဒီအတိုင်းပဲ ဖြစ်လောက်မယ်ထင်တယ်။

OTK ဘတ္ထရီအကြောင်း ကြေညာလိုက်တာနဲ့ ဆိုဆောင်း အီလက်ထရောနစ်နဲ့ ဆိုဆောင်း SB တို့ရဲ့ ရှယ်ယာဈေးနှုန်းတွေ ထိုးတက်သွားပြီး OTK Company ရဲ့ တန်ဖိုးကလည်း အတူတူ ခုန်တက်သွားခဲ့တယ်။

အခုဆို ဆိုဆောင်းအုပ်စုရဲ့ စုစုပေါင်း ဈေးကွက်အရင်းအနှီးက ဝမ် သိန်းပေါင်း ၅၀၀ ကုဋေ ကျော်သွားပါပြီ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ၃၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့တာဖြစ်ပြီး ဥက္ကဌ လင်ဂျင်ယုံရဲ့ ရှယ်ယာတန်ဖိုးကလည်း အဲဒီပမာဏအတိုင်း တိုးလာခဲ့တယ်။ ဒါပေမဲ့ သူတို့မိသားစုရဲ့ စုစုပေါင်းရှယ်ယာက ၅ ရာခိုင်နှုန်းအောက်ပဲ ရှိတာကြောင့် သူတို့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုက ကျွန်တော်တို့နဲ့ ယှဉ်လို့မရပါဘူး။

တက်ဂယူက ပြောတယ်။

"မင်းဟာ နှစ်နည်းနည်းအတွင်းမှာ တကယ့်ကို ငွေတွေ အပုံလိုက်ကြီး ရှာနိုင်ခဲ့တာပဲ။ ငါ့ရဲ့ အခန်းကျဉ်းလေးထဲမှာ ငါတို့နှစ်ယောက် ခေါက်ဆွဲပြုတ် အတူတူ သောက်ခဲ့ကြတာ မနေ့ကလိုပဲနော်"

"ဟုတ်ပါ့"

ဂိမ်းတွေ၊ ကာတွန်းစာအုပ်တွေနဲ့ တခြားအရာတွေ ရှုပ်ပွနေတဲ့ တက်ဂယူရဲ့ အခန်းလေးကို ကျွန်တော် ပြန်သတိရမိတယ်။ အခုတော့ သူ့အိမ်ကြီးက အရမ်းကျယ်လွန်းလို့ အဲဒီလောက် ရှုပ်ပွအောင် လုပ်ဖို့တောင် မလွယ်တော့ပါဘူး။

"အဲဒီတုန်းက တကယ်ပျော်စရာကောင်းခဲ့တာ"

"အင်း"

ပြန်တွေးကြည့်ရင် အဲဒါက အမှတ်တရကောင်းတစ်ခုပါပဲ။

ဒါကလည်း ကျွန်တော်တို့ အခု အောင်မြင်နေလို့သာ ဒီလိုပြောနိုင်တာပါ။ တကယ်လို့ အခုထိ အခန်းကျဉ်းလေးထဲမှာ ခေါက်ဆွဲပဲ ပြုတ်သောက်နေရတုန်းဆိုရင်တော့ ဇာတ်လမ်းက တစ်မျိုးဖြစ်သွားမှာလေ။

"အခုကစပြီး မင်း ဘာဆက်လုပ်မှာလဲ"

ကျွန်တော့်မှာ ငွေအပေါ် အရမ်းလောဘကြီးတာမျိုး မရှိပါဘူး။ အခုရှိတဲ့ ဝမ် သန်းထောင်ဂဏန်းအနည်းငယ်နဲ့တင် ကျွန်တော်လုပ်ချင်တာ အကုန်လုပ်လို့ရတယ်။

ဒါပေမဲ့ ကျွန်တော့်မှာ တခြားရည်မှန်းချက်တွေ ရှိသေးတယ်။

"ပထမဆုံးအနေနဲ့ ကမ္ဘာ့မော်တော်ကားဈေးကွက်ကို စိုးမိုးရမယ်"

အနာဂတ်ကားတွေရဲ့ အဓိက သော့ချက်ကတော့ အလိုအလျောက်မောင်းနှင်စနစ် နဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်စေတဲ့ စနစ်တို့ပါပဲ။ အလိုအလျောက်မောင်းနှင်စနစ်က Softwareဆိုရင် ဘတ္ထရီက Hardwareပါ။

အဲဒီနှစ်ခုလုံးက ကျွန်တော်တို့လက်ထဲမှာ ရှိနေပါပြီ။ အခု ကျန်တာကတော့ အနာဂတ်ဆီကို ဆက်လှမ်းရုံပါပဲ။

တက်ဂယူက ခေါင်းညိတ်ပြီး မေးတယ်။

"အဲဒီနောက်ကော ဘာရှိသေးလဲ"

"အင်း..."

ကျွန်တော်က ပြုံးပြီး ပြောလိုက်တယ်။

"အဲဒါကိုတော့ အဲ့အချိန်ကျမှပဲ စဉ်းစားကြတာပေါ့"

OTK ဘတ္ထရီ ကြေညာချက်ရဲ့ နောက်ဆက်တွဲ ဂယက်တွေက ဆက်ရှိနေတုန်းပဲ။

တစ်ကမ္ဘာလုံးက အမြောက်အမြား ထုတ်လုပ်မယ့် လုပ်ငန်းစဉ်ကို အာရုံစိုက်နေကြပြီး Nature and Science လိုမျိုး ပညာရပ်ဆိုင်ရာ ဂျာနယ်တွေမှာလည်း အသေးစိတ် ဖော်ပြနေကြတယ်။

ပါမောက္ခ ကင်ဟိုမင်ကတော့ အင်တာဗျူးတောင်းဆိုမှုတွေ အဆမတန်များပြားနေတာကြောင့် အရမ်းအလုပ်ရှုပ်နေပြီး OTK Company ဆီကိုလည်း နေရာအနှံ့ကနေ ဖုန်းတွေ ဆက်တိုက်လာနေပါတယ်။

စီနီယာ ဆန်းယော့ကလည်း ကျွန်တော့်ကိုယ်စား နေရာအနှံ့ လျှောက်သွားနေရတာကြောင့် ကုမ္ပဏီမှာတောင် သူ့ကို မြင်ရဖို့ ခဲယဉ်းနေတယ်။

ကျွန်တော့်ဆီကို ပါမောက္ခ ကင်မြောင်ဂျွန်ဆီကနေ ဖုန်းလာတယ်။

[ဂုဏ်ယူပါတယ်။ မင်း နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီပဲ]

"ပါမောက္ခ ကင်ဟိုမင် လုပ်နိုင်ခဲ့တာပါ"

[သူ့ရဲ့ အလားအလာကို မြင်ပြီးတော့ လူခေါ်နိုင်ခဲ့တာ မင်းပဲလေ။ မင်းက စီးပွားရေးစီမံခန့်ခွဲမှုဌာနက ကျောင်းသားပီသတဲ့ အကွက်ကို ပြလိုက်တာပဲ]

ဒါတွေအကုန်လုံးက နတ်မျက်စိကြောင့်ပါ။

"ကိုရီးယားတက္ကသိုလ်ဘက်မှာ အခြေအနေ ဘယ်လိုလဲခင်ဗျာ"

[ဓာတုဗေဒဌာနကတော့ ပွက်လောရိုက်နေတာပဲ။ စီးပွားရေးစီမံခန့်ခွဲမှုဌာနက ကျောင်းသားတွေလည်း ပျော်နေကြတယ်။ ဒါကို အောင်ပွဲခံဖို့အတွက် ဓာတုဗေဒဌာနနဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာနတို့ မိတ်ဆုံပွဲလုပ်ဖို့ ပြင်နေကြတယ်လို့ ကြားတယ်]

"……."

ဒါက မိတ်ဆုံပွဲလုပ်တာနဲ့ ဘာဆိုင်လို့လဲ။

ကျောင်းသားတွေရဲ့ သဘာဝအရ အကြောင်းပြချက် တစ်ခုခုရှိရင်ပဲ မိတ်ဆုံပွဲ လုပ်ချင်ကြတာ ထင်ပါတယ်။ ဒါပေမဲ့ အဲဒီဌာနနှစ်ခုလုံးက ယောကျာ်းလေး အများစုဆိုတော့ မိန်းကလေး လိုအပ်ချက် ရှိမနေဘူးလား။

[ကိုရီးယားတက္ကသိုလ်ကိုယ်တိုင်ကတော့ ရယ်ရမလား ငိုရမလား ဖြစ်နေတဲ့ အခြေအနေပဲ]

"ဘာလို့လဲခင်ဗျာ"

ပါမောက္ခ ကင်ဟိုမင်က ကိုရီးယားတက္ကသိုလ်ဆင်းဖြစ်ပြီး မကြာခင်တုန်းအထိ အဲဒီမှာ အမြဲတမ်းပါမောက္ခအဖြစ် လုပ်ခဲ့တာပါ။ ဒါကြောင့် ဒီဖြစ်ရပ်က ကိုရီးယားတက္ကသိုလ်ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်ခဲ့တယ်။

[တကယ်လို့ သူကသာ အမြဲတမ်းပါမောက္ခအဖြစ် တက္ကသိုလ်သုတေသနခန်းမှာ ဒါကို တီထွင်ခဲ့ရင် တက္ကသိုလ်က ငွေတွေ အပုံလိုက်ကြီး ရမှာလေ။ ဒါကြောင့် ကျောင်းအုပ်ကြီးက အခု နောင်တရပြီး ရင်ဘတ်စည်တီး ဖြစ်နေတယ်]

ကျွန်တော် ရယ်မိသွားတယ်။

"ဘာလို့လဲဆိုတာ နားလည်ပါတယ်"

ကိုရီးယားတက္ကသိုလ်ဘက်က ကြည့်ရင်တော့ ဝမ် သိန်းကုဋေပေါင်းများစွာ ရှာနိုင်မယ့် အခွင့်အရေးကို လက်လွှတ်လိုက်ရတာပါ။

ဒါပေမဲ့ အဲဒီလိုသာ ဖြစ်ခဲ့ရင် ပါမောက္ခ ကင်ဟိုမင်လည်း ငွေအများကြီး ရမှာမဟုတ်ပါဘူး။ တခြား သုတေသနပညာရှင်တွေလည်း ဒီအတိုင်းပါပဲ။

ကိုရီးယားတက္ကသိုလ်အတွက် စိတ်မကောင်းစရာပေမဲ့ ပါမောက္ခ ကင်ဟိုမင်နဲ့ ကျွန်တော့်အတွက်တော့ ကောင်းပါတယ်။

[ကျောင်းကို တစ်ခေါက်လောက် လာလည်ဦးလေ။ ဆရာ ထမင်းကျွေးပါ့မယ်]

"ဘာတွေပြောတာလဲ။ ဆရာရယ်။ ကျွန်တော်ကပဲ ကျွေးရမှာပါ"

ပါမောက္ခ ကင်မြောင်ဂျွန်က နောက်ပြောင်တဲ့လေသံနဲ့ ပြောတယ်။

[မဖြစ်ပါဘူး။ အဂတိလိုက်စားမှုတားဆီးရေး ဥပဒေအကြောင်း မသိဘူးလား။ နောက်မှ ဆရာ ပါမောက္ခအလုပ်က ထွက်တဲ့အခါကျမှ ဈေးကြီးတာတွေ အများကြီး ဝယ်ကျွေးတော့]

"ဆရာ့ကို သေချာဧည့်ခံနိုင်ဖို့ ကျွန်တော် အခုကတည်းက ပိုက်ဆံ စုထားရတော့မယ်"

ဆိုဆောင်း SB က OTK ဘတ္ထရီအတွက် အမြောက်အမြား ထုတ်လုပ်မယ့် စနစ်ကို ပြင်ဆင်နေတုန်းမှာပဲ စိတ်ဝင်စားစရာ သတင်းတစ်ခု ရောက်လာတယ်။

အယ်လီက အနားကို လာပြီး ပြောတယ်။

"သတင်းကြားပြီးပြီလား။ ဘေလီ ဟော့မန်း ရောက်လာတော့မယ်တဲ့"

တက်ဂယူက မျက်တောင်ခတ်ရင်း မေးတယ်။

"အဲဒါ ဘယ်သူတုန်း"

" Iber ရဲ့ စီအီးအိုလေ"

လူတိုင်းသိကြတဲ့အတိုင်း Iberက ယာဉ်မောင်းနဲ့ ခရီးသည်တွေကို ချိတ်ဆက်ပေးတဲ့ ကားမျှဝေစီးနင်းမှု ဝန်ဆောင်မှု ကုမ္ပဏီဖြစ်ပြီး အခုလက်ရှိ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ လည်ပတ်နေတာပါ။

"သူ ကိုရီးယားကို လာတာ ဒါပထမဆုံးအကြိမ်လား"

"ဟုတ်တယ်။ ဒါကြောင့် အသံမျိုးစုံ ထွက်နေကြတာ"

စီအီးအိုရဲ့ ခရီးစဉ် သတင်းကြောင့် Iberက ကိုရီးယားဈေးကွက်ထဲကို တစ်ကျော့ပြန် ဝင်ရောက်ဖို့ ရည်ရွယ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာပြီး တက္ကစီသမဂ္ဂက ချက်ချင်းပဲ ရှုတ်ချတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ကာ ဆန္ဒပြမယ်လို့ ကြေညာခဲ့တယ်။

'လိုင်စင်မရှိဘဲ ခရီးသည် သယ်ယူပို့ဆောင်တာဟာ တရားမဝင်တာ ထင်ရှားပြီး ဒါဟာ တက္ကစီလုပ်ငန်းကို ဖျက်ဆီးပြီး တက္ကစီယာဉ်မောင်းတွေရဲ့ စားဝတ်နေရေးကို ထိခိုက်စေတဲ့ ပြင်းထန်တဲ့ ကိစ္စဖြစ်တယ်။ တကယ်လို့ အစိုးရက ကုမ္ပဏီတွေရဲ့ ဖိအားကို အလျှော့ပေးပြီး ကားမျှဝေစီးနင်းမှုကို တရားဝင်ဖြစ်အောင် လုပ်ပေးမယ်ဆိုရင် တက္ကစီလုပ်ငန်းခွင်က မိသားစုဝင် တစ်သန်းဟာ လမ်းပေါ်ထွက်ပြီး တိုက်ပွဲဝင်ရုံကလွဲလို့ အခြားရွေးချယ်စရာ မရှိဘူး'

ဒါကို တုံ့ပြန်တဲ့အနေနဲ့ အိုးအိမ်နဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ကွမ်မိဟျွန်က ကားမျှဝေစီးနင်းမှု ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဘာဆွေးနွေးမှုမှ မလုပ်ထားပါဘူးလို့ ပြောပြီး အခြေအနေကို ထိန်းသိမ်းခဲ့တယ်။

ဘယ်အစိုးရမှ မဲပေးတဲ့လူ တစ်သန်းရဲ့အသံကို လျစ်လျူမရှုရဲပါဘူး။

ကျွန်တော်တို့က မြစ်တစ်ဖက်ကမ်းက မီးလောင်ပြင်ကို ကြည့်နေသလိုမျိုး အခြေအနေကို စောင့်ကြည့်နေတုန်းမှာပဲ မီးပွားတွေက ကျွန်တော်တို့ဆီကို ရုတ်တရက် လွင့်စင်လာခဲ့တယ်။

[ဘေလီ ဟော့မန်း က OTK Company ဆီ လာလည်ဖို့ မျှော်လင့်နေ]

[ဘေလီ ဟော့မန်း နဲ့ ကန်ဂျင်ဟူတို့ တွေ့ဆုံဖို့ အလားအလာ ရှိမလား]

[OTK Company က Iberနဲ့ ပူးပေါင်းပြီး ကားမျှဝေစီးနင်းမှု ဈေးကွက်ထဲ ဝင်ရောက်မှာလား]

[မဟာဗျူဟာမြောက် ပူးပေါင်းမှုက လုပ်ငန်းအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲ]

ပထမတော့ ကောလာဟလလို့ပဲ ထင်ခဲ့တာပါ။ ဒါပေမဲ့ Iberဘက်ကနေ တွေ့ဆုံခွင့်တောင်းဆိုလွှာကို တရားဝင် ပို့လာခဲ့တယ်။

ဆောင်းပါးတွေ ထွက်လာတာနဲ့ တပြိုင်နက် တက္ကစီယာဉ်မောင်းတွေက OTK အဆောက်အဦးရှေ့မှာ စုရုံးပြီး ဆန္ဒပြကြတော့တယ်။

"OTK Company ။ ကြပ်ကြပ်သတိထား"

"ကုမ္ပဏီကြီးတွေရဲ့ အနိုင်ကျင့်မှုကို ရပ်တန့်ပါ"

"Iberနဲ့ တွေ့ဆုံမှုကို ရုပ်သိမ်းပေး"

"တက္ကစီလုပ်ငန်းရဲ့ ရပ်တည်ပိုင်ခွင့်ကို အာမခံပေး"

ပိုပြီး ရယ်ရတာက ပတ်ဆီဟျွန်းကို ထောက်ခံသူတွေကလည်း တက္ကစီသမဂ္ဂရဲ့ အကြီးအကျယ် ဆန္ဒပြပွဲမှာ လာရောက်ပူးပေါင်းပြီး လိုက်လံရှုတ်ချနေကြတာပဲ။

ရန်သူရဲ့ရန်သူက မိတ်ဆွေ... ဆိုတာမျိုးပေါ့။

"သမ္မတ ပတ်ဆီဟျွန်းကို လွှတ်ပေး"

"ကန်ဂျင်ဟူကို ဖမ်းဆီးပေး"

"OTK Company ကို ဖျက်သိမ်းပေး"

နှစ်ဖက်စလုံးက ကြွေးကြော်သံတွေကို တစ်ပြိုင်ထဲ အော်ဟစ်နေကြတာကြောင့် သူတို့ ဘာပြောနေမှန်း နားလည်ဖို့တောင် ခက်နေပါတယ်။

တစ်ခါတလေကျရင် ဆန္ဒပြသူတွေကိုယ်တိုင်လည်း ဇဝေဇဝါဖြစ်ပြီး "ကန်ဂျင်ဟူရဲ့ ရပ်တည်ပိုင်ခွင့်ကို အာမခံပေး"၊ "သမ္မတ ပတ်ဆီဟျွန်း၊ ကြပ်ကြပ်သတိထား"၊ "တက္ကစီလုပ်ငန်းကို ဖျက်သိမ်းပေး" ဆိုပြီး ကြွေးကြော်သံတွေကို မှားယွင်းအော်ဟစ်မိနေကြသေးတယ်။

တစ်ရက်မှ အေးအေးဆေးဆေး နေရမယ့်နေ့ မရှိဘူး ထင်ပါရဲ့။ ရုန်းရင်းဆန်ခတ် ဖြစ်မှာစိုးတာကြောင့် အရှေ့ဘက် တံခါးမကြီးကို ပိတ်ထားလိုက်ရပြီး ဝန်ထမ်းတွေကတော့ အနောက်ပေါက်ကနေ ခိုးဝင်နေကြရတယ်။

တက်ဂယူက မကျေမနပ်နဲ့ ပြောတယ်။

"မဟုတ်ဘူးလေ။ ငါတို့က ဘာလုပ်လို့လဲ။ ငါတို့ ဘာမှ မလုပ်ရသေးဘူးလေ"

ကျွန်တော်က နှစ်ဖက်စလုံးက ထွက်ပေါ်လာတဲ့ အော်ဟစ်သံတွေကို နားထောင်ရင်း သက်ပြင်းချလိုက်မိတယ်။

"ဒါကတော့ တကယ် ရူးချင်စရာပဲ"

Iberရဲ့ ခန့်မှန်းတန်ဖိုးက ဒေါ်လာ သန်း ၈သောင်းလောက် ရှိတယ်။ မကြာခင်တုန်းအထိတော့ ဒါက စတော့ဈေးကွက်ထဲ မဝင်ရသေးတဲ့ အကြီးဆုံးကုမ္ပဏီ ဖြစ်ခဲ့တာပေါ့။ (အခုတော့ CarOS က ကျော်တက်သွားပါပြီ)

အများပြည်သူထံ ရှယ်ယာထုတ်ရောင်းပြီးတဲ့နောက်မှာ တန်ဖိုးက ဒေါ်လာ သန်း ၁သိန်းကျော်သွားလိမ့်မယ်လို့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ ကုမ္ပဏီက အမြတ်အများကြီး ထွက်နေတာမျိုး မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေနဲ့ အရှုံးပေါ်နေတာပါ။ ချက်ချင်း အမြတ်ရဖို့ထက် ရင်းနှီးမြှုပ်နှံမှု ငွေတွေကို သုံးပြီး ဈေးကွက်ချဲ့ထွင်ဖို့ကိုပဲ အဓိက အာရုံစိုက်တာက Startup တွေရဲ့ အစဉ်အလာပဲလေ။ ပြီးတော့ ပိုက်ဆံကုန်သွားရင် တခြား ရင်းနှီးမြှုပ်နှံမှုကို ထပ်ပြီး ဆွဲဆောင်ကြတယ်။

ဒါက ကျွန်တော်တို့ဆီမှာလည်း ဒီအတိုင်းပဲ။

အမြတ်ထွက်နေတဲ့ Faceit တောင်မှ ရလာတဲ့ ပိုက်ဆံတွေကို ဝန်ဆောင်မှုချဲ့ထွင်ဖို့နဲ့ VR နည်းပညာ ဖွံ့ဖြိုးဖို့အတွက် အကုန်သုံးပစ်ခဲ့ပြီး အရွယ်ရောက်ပြီးသူတွေအတွက် အရုပ်ကုမ္ပဏီကို ဝယ်ယူဖို့အထိ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ပြီး လက်ခံခဲ့သေးတယ်။

စိတ်ကူးကတော့ ဈေးကွက်ကို တစ်ခါထဲ စိုးမိုးလိုက်နိုင်ရင် အဲဒီနောက်ပိုင်းကျမှ ကြိုက်သလောက် ငွေရှာလို့ရတယ် ဆိုတာပါပဲ။ ဒါကြောင့် လူတိုင်းက ရင်းနှီးမြှုပ်နှံမှုမှာ တွန့်ဆုတ်မနေကြတာပါ။

Iberရဲ့ ကုမ္ပဏီတည်ထောင်ပုံ သမိုင်းကြောင်းက တော်တော်လေး လူသိများပါတယ်။

နယူးယောက်မှာ တက္ကစီငှားဖို့ ကြိုးစားတုန်းက ဘေလီ ဟော့မန်း က ငြင်းပယ်ခံရတာတွေ ဆက်တိုက်ကြုံခဲ့ရပြီး ပူအိုက်တဲ့ ရာသီဥတုထဲမှာ မိနစ် ၃၀ လောက် မတ်တပ်ရပ် စောင့်ခဲ့ရတယ်။

ဒေါသထွက်ထွက်နဲ့ လမ်းပေါ်မှာ ပြည့်နေတဲ့ ကားအမြောက်အမြားကို ကြည့်ပြီး သူက စဉ်းစားခဲ့တယ်။

'တကယ်လို့ လမ်းကြုံကားတစ်စီးရှိရင် ပိုက်ဆံပေးပြီး လိုက်စီးရရင်တောင် ငါ ဝမ်းသာမှာပဲ'

ဒါနဲ့ပဲ သူက စမတ်ဖုန်းမှာ ကလစ်တစ်ချက် နှိပ်ရုံနဲ့ ကားခေါ်လို့ရမယ့် ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ယာဉ်မောင်းအားလုံးကလည်း ကိုယ်ပိုင်ကားတွေနဲ့ တက္ကစီလိုမျိုး မောင်းနှင်နိုင်အောင် လုပ်ဆောင်ခဲ့တယ်။

ကျွန်တော့်ရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် တက်ဂယူက ပြောတယ်။

"တက္ကစီသမားတွေ ငြင်းတာကို ဒေါသထွက်လို့ ကုမ္ပဏီ ထောင်လိုက်တာပေါ့လေ"

"ဟုတ်တယ်"

"ဒါဆိုရင်တော့ ကုမ္ပဏီထောင်တာ အကြောင်းရှိတာပဲ"

မိုးရွာတဲ့နေ့ ရုံးဆင်းချိန်တွေမှာ တက္ကစီငှားဖို့ ကြိုးစားဖူးတဲ့သူတိုင်း ဒါကို ကိုယ်ချင်းစာနိုင်မှာပါ။

Iberဟာ စတင်တည်ထောင်ပြီးနောက် ဈေးကွက်ကို လျင်လျင်မြန်မြန် စိုးမိုးနိုင်ခဲ့တယ်။

ခရီးသည်တွေဘက်က ကြည့်ရင်လည်း တက္ကစီထက် ဈေးသက်သာပြီး ပိုအဆင်ပြေလို့ သဘောကျကြသလို ကိုယ်ပိုင်ကားရှိတဲ့ ယာဉ်မောင်းတွေဘက်ကလည်း ပိုက်ဆံရှာလို့ရလို့ သဘောကျကြတယ်။ Iberကတော့ နှစ်ဖက်ကြားထဲကနေ ကြားခံချိတ်ဆက်ပေးခ ယူတာပေါ့။

ကားမျှဝေစီးနင်းမှု ဝန်ဆောင်မှုတွေ ပေါ်ပေါက်လာတာဟာ တက္ကစီလုပ်ငန်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ပြီး ဥပဒေကြောင်းအရလည်း ပြဿနာရှိနိုင်ပါတယ်။ ဒါပေမဲ့ Iberရဲ့ အဆင်ပြေမှုနဲ့ သက်သာတဲ့ ဈေးနှုန်းကတော့ အကြီးမားဆုံး လက်နက်ပါ။

နိုင်ငံအများစုကတော့ လူထုရဲ့ဆန္ဒကြောင့် Iberအပါအဝင် ကားမျှဝေစီးနင်းမှု ဝန်ဆောင်မှုတွေကို ခွင့်ပြုပေးခဲ့ကြတယ်။

ဒါပေမဲ့ ကိုရီးယားကတော့ ဆန့်ကျင်ခဲ့တယ်။ အစိုးရက တက္ကစီလုပ်ငန်းရဲ့ မဲတွေကို ငဲ့ကွက်ပြီး နှိမ်နင်း အရေးယူခဲ့တာကြောင့် Iberက ကိုရီးယားဈေးကွက်ကနေ ဆုတ်ခွာသွားခဲ့ရတယ်။

"တစ်ကမ္ဘာလုံး သုံးနေတဲ့ ဝန်ဆောင်မှုကို ကိုရီးယားမှာပဲ ပိတ်ပင်ထားတာပေါ့လေ"

"Iber တစ်ခုထဲမှ မဟုတ်တာ"

ကမ္ဘာ့ထိပ်သီး Startup အယောက် ၁၀၀ ထဲက ၇၅ ရာခိုင်နှုန်းက ကိုရီးယားမှာဆိုရင် တရားမဝင်ပါဘူး။ အဲ့လိုပိတ်နေမယ်ဆိုရင် စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးနဲ့ လူငယ်စွန့်ဦးတီထွင်မှုတွေအကြောင်းပဲ အပြောကြီးနေပြီး ဘာထူးမှာလဲ။

ဒါက ခြေတွေလက်တွေကို ချည်နှောင်ထားပြီးမှ စိတ်ကြိုက်တိုက်ခိုက်ကြပါလို့ ပြောနေသလိုပဲလေ။

သူတို့ ရောက်လာပြီဆိုတဲ့ ဖုန်းရလို့ ကျွန်တော်တို့ ပထမထပ်ကို ဆင်းခဲ့ကြတယ်။ အဲဒီမှာ အသက် ၄၀ ကျော်ဝန်းကျင်၊ မျက်မှန်တပ်ထားတဲ့ လူဖြူတစ်ယောက် ရပ်နေပါတယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ဘေလီ ဟော့မန်း ပါ"

"ဒီအထိ အဝေးကြီး လာပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ကန်ဂျင်ဟူ ပါ"

"မင်္ဂလာပါ၊ ကျွန်တော်က အိုတက်ဂယူ ပါ"

ဘေလီ ဟော့မန်း က ပြုံးပြီး ပြောတယ်။

"ခင်ဗျားတို့ကြောင့် ကျွန်တော်တို့ကုမ္ပဏီလည်း အကြပ်အတည်းကနေ အဆင်ပြေပြေ ကျော်လွှားနိုင်ခဲ့တာပါ။ စောစောစီးစီး လာပြီး ကျေးဇူးတင်ရမှာကို အခုမှပဲ လာလည်ဖြစ်တော့တယ်"

Iberရဲ့ ရုံးချုပ်ကလည်း ဆန်ဖရန်စစ္စကိုမှာ ရှိခဲ့တာပါ။ တခြားကုမ္ပဏီတွေလိုပဲ ဝန်ထမ်းတွေက ငလျင်ကြီးမတိုင်ခင် ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခဲ့ကြပြီး အခုတော့ ရုံးချုပ်ကို Orange Countyဆီ ပြောင်းရွှေ့ထားပြီးပါပြီ။

ကျွန်တော့်ကြောင့် ကုမ္ပဏီအများကြီး အသက်ဆက်နိုင်ခဲ့ တာပေါ့လေ။

ကျွန်တော်တို့တွေ အစည်းအဝေးခန်းထဲကို တက်လာခဲ့ကြတယ်။

"အံ့သြဖို့ကောင်းလိုက်တာ။ ကျွန်တော် တက္ကသိုလ်တုန်းက Iberအကြောင်းကို စီးပွားရေးစီမံခန့်ခွဲမှုရဲ့ အောင်မြင်မှု သမိုင်းကြောင်းတစ်ခုအနေနဲ့ လေ့လာခဲ့ဖူးတယ်"

ဘေလီ ဟော့မန်း က ကျွန်တော့်စကားကြောင့် သဘောကျသွားတဲ့ မျက်နှာနဲ့ မေးတယ်။

"တကယ်လား"

"တကယ်ပေါ့ဗျာ။ အတိအကျပြောရရင် ပထမနှစ်က ပထမနှစ်ဝက်ရဲ့ နောက်ဆုံးစာမေးပွဲအစား လုပ်ရတဲ့ Group Project တစ်ခုမှာ ကျွန်တော်က အဖွဲ့ခေါင်းဆောင်အနေနဲ့ လုပ်ခဲ့တုန်းက လေ့လာခဲ့တာလေ"

"အဲဒါ ဘယ်လိုဖြစ်သွားလဲ"

"အဖွဲ့ဝင်အများစုက A ရကြတယ်။ ကျွန်တော်ကတော့ A+ ရခဲ့တယ်"

အဖွဲ့စာရင်းထဲမှာ နာမည်မပါဘဲ ကျန်ခဲ့တဲ့ လူတစ်ယောက်ကတော့ F ရခဲ့ပေမဲ့ အဲဒါကိုတော့ အခု ထည့်ပြောနေစရာ မလိုတော့ဘူးထင်ပါတယ်။

ကျွန်တော်တို့ ကော်ဖီသောက်ရင်း စကားစမြည် ပြောဖြစ်ကြတယ်။

သူက တဖြည်းဖြည်းနဲ့ အဓိကအချက်ဆီကို ပြောလာတယ်။

" Iberနဲ့ CarOS တို့ကို မဟာမိတ် ဖွဲ့စေချင်ပါတယ်"

ဒီစကားတွေကို ကျွန်တော် မျှော်လင့်ထားပြီးသားပါ။ သူက ကျေးဇူးတင်စကား ပြောဖို့သက်သက်နဲ့ ကိုရီးယားအထိ ဒီလောက်အဝေးကြီး လာမှာမဟုတ်ဘူးလေ။

ကျွန်တော်က အံ့သြသွားတဲ့ မျက်နှာပေးနဲ့ မေးလိုက်တယ်။

"မဟာမိတ် ဟုတ်လား"

"CarOS က ကားတွေကို ထုတ်လုပ်ပြီး ကျွန်တော်တို့က ကားမျှဝေစီးနင်းမှု ဝန်ဆောင်မှုကို ပေးတယ်။ ကျွန်တော်တို့ လက်တွဲလိုက်ရင် တစ်ယောက်နဲ့တစ်ယောက် အများကြီး အထောက်အကူပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်"

"ဘယ်လိုနည်းနဲ့လဲ ခင်ဗျာ"

"ကျွန်တော်က Iberရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို CarOS ရဲ့ ရှယ်ယာတွေနဲ့ လဲလှယ်ချင်ပါတယ်"

ကျွန်တော် ခေါင်းစောင်းပြီး စဉ်းစားလိုက်တယ်။

"စီအီးအိုဆီမှာ အဲဒီလောက်အထိ ထုတ်သုံးဖို့ ရှယ်ယာအများကြီး ရှိနေလိမ့်မယ်လို့ မထင်ဘူး"

ဘေလီ ဟော့မန်း က စောင့်နေခဲ့သလိုမျိုးပဲ ပြောတယ်။

"ကျွန်တော်တို့ အရင်းအနှီး တိုးမြှင့်ဖို့ အစီအစဉ် ရှိပါတယ်"

ဒါဆို သူတို့က တတိယလူကို ခွဲတမ်းချပေးတဲ့စနစ်နဲ့ ရှယ်ယာအသစ်တွေ ထုတ်ဝေဖို့ ပြင်နေတာပေါ့လေ။

"ရှယ်ယာရှင်တွေဘက်က ကန့်ကွက်ကြမယ်ထင်တယ်နော်"

ရှယ်ယာအသစ်တွေ ထုတ်ဝေတဲ့အခါ ရှိရင်းစွဲ ရှယ်ယာရှင်တွေရဲ့ ပိုင်ဆိုင်မှု ရာခိုင်နှုန်းက ကျသွားတတ်ပါတယ်။ ဒါကြောင့် အရင်းအနှီး တိုးမြှင့်တာကို ယေဘုယျအားဖြင့် လက်မခံချင်ကြပါဘူး။

"ကျွန်တော်တို့ အဓိကရှယ်ယာရှင်တွေနဲ့ ဆွေးနွေးနေပါတယ်"

သူ ဒီလိုပြောတယ်ဆိုကတည်းက အတိုင်းအတာတစ်ခုအထိ သဘောတူညီချက် ရထားပြီးပြီလို့ ဆိုရမယ်။

သူတို့ရဲ့ ရှယ်ယာပိုင်ဆိုင်မှု ရာခိုင်နှုန်း လျော့နည်းသွားမယ့်အရေးကို စွန့်စားပြီးတော့တောင် CarOS ရဲ့ ရှယ်ယာတွေကို ရအောင်ယူဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့လေ။

ကျွန်တော်က ဘေလီ ဟော့မန်း ကို ကြည့်ပြီး မေးလိုက်တယ်။

"တောင်းဆိုချက်တွေကကော ဘာတွေလဲ ခင်ဗျာ"

All Chapters