အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း (၂၂၉)
ဘေလီ ဟော့မန်းက ကျွန်တော့်ကို ပြောတယ်။
“ကျွန်တော်တို့ရဲ့ရှယ်ယာ၃၀ရာခိုင်နှုန်းကို CarOS ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းနဲ့ လဲလှယ်ချင်ပါတယ်”
ဒါဆို ၃ ချိုး ၁ အချိုးအစားပေါ့။
သူ့ရဲ့ကမ်းလှမ်းချက်အရဆိုရင် Iberရဲ့ ကုမ္ပဏီတန်ဖိုးက ဒေါ်လာ သန်း ၈သောင်း ဆိုရင် CarOS ရဲ့ တန်ဖိုးက ဒေါ်လာ သန်း ၂၄၀,၀၀၀ ဖြစ်နေတာပါ။ ဒါက ဆိုဆောင်း အီလက်ထရောနစ်နဲ့ ရှယ်ယာလဲလှယ်တဲ့ အချိုးထက် ၁၀ ရာခိုင်နှုန်းကျော် ပိုမြင့်ပါတယ်။
ဆိုဆောင်း အီလက်ထရောနစ်က သူတို့ရဲ့ တန်ဖိုးဖြတ်ပိုင်ခွင့်ကို ထုတ်သုံးရင်တောင် ကျွန်တော်တို့က CarOS ရှယ်ယာရဲ့ ၇၁.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတုန်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရှယ်ယာတွေ ၁၀ ရာခိုင်နှုန်း လျော့သွားရင်တောင် ကြီးကြီးမားမား ပြဿနာရှိမှာ မဟုတ်ပါဘူး။
တစ်ဖက်မှာလည်း Iberရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ရယူပြီး အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာနိုင်တာက တော်တော်လေး ဆွဲဆောင်မှု ရှိလှပါတယ်။
ဒီလို ကမ်းလှမ်းမှုမျိုး ရလာတော့မှ ကျွန်တော်တို့ဟာ ဒီစျေးကွက်ထဲမှာ ဘယ်လောက်အထိ အရေးပါတဲ့ နေရာကို ရောက်နေပြီလဲဆိုတာ သဘောပေါက်သွားတော့တယ်။
အိုတက်ဂယူက ဒါဟာ တော်တော်ကောင်းတဲ့ ကမ်းလှမ်းချက် မဟုတ်ဘူးလားလို့ မေးတဲ့အကြည့်နဲ့ ကျွန်တော့်ကို ကြည့်လာတယ်။
ကျွန်တော် အေးအေးဆေးဆေး စဉ်းစားလိုက်မိတယ်။
ကျွန်တော် ဆိုဆောင်း အီလက်ထရောနစ်နဲ့ ရှယ်ယာလဲလှယ်ဖို့ သဘောတူခဲ့တဲ့ အကြောင်းရင်းကတော့ ဆိုဆောင်း အီလက်ထရောနစ်က ထုတ်လုပ်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေဟာ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေကို အမြောက်အမြား ထုတ်လုပ်ဖို့အတွက် မရှိမဖြစ် လိုအပ်လို့ပါပဲ။
ဒါဆိုရင် Iberက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်မှာလဲ။
Iberက ဒရိုင်ဘာတွေနဲ့ ခရီးသည် အမြောက်အမြားကို ရရှိထားပြီးဖြစ်သလို ကမ္ဘာတစ်ဝှမ်းလုံးက အချက်အလက် Data အမျိုးမျိုးကိုလည်း စုဆောင်းထားပြီးသား ဖြစ်ပါတယ်။
အဲဒီ အချက်အလက်တွေကို အသုံးချပြီး သူတို့က သတ်မှတ်ထားတဲ့ အချိန်တွေမှာ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေနဲ့ လိုအပ်ချက်တွေကို ခန့်မှန်းပေးနိုင်ပြီး ဒရိုင်ဘာတွေနဲ့ ခရီးသည်တွေကို သင့်တော်သလို ချိတ်ဆက်ပေးနိုင်ပါတယ်။
ဒါက နောက်မှ ဝင်လာတဲ့သူတွေနဲ့ ယှဉ်ရင် ကြီးမားတဲ့ အားသာချက်တစ်ခုပါပဲ။
မျှဝေသုံးစွဲတဲ့ စီးပွားရေး စျေးကွက်က ဆက်ပြီး ကြီးထွားလာတာနဲ့အမျှ အနာဂတ် တိုးတက်မှုကလည်း မျှော်လင့်ချက် ရှိနေဆဲပဲ။
ဒါပေမဲ့ အလားအလာက တစ်ခုလုံး အကောင်းကြီးတော့ မဟုတ်ပါဘူး။ အမေရိကန်မှာ နောက်မှဝင်လာတဲ့ Lyft က အမှီလိုက်နေပြီး တရုတ်နဲ့ အရှေ့တောင်အာရှမှာတော့ Didi Chuxing နဲ့ Grab တို့လို ဒေသခံကုမ္ပဏီတွေနဲ့ ပြိုင်ဆိုင်မှုကြောင့် စျေးကွက်ကနေ Iberဟာ ဆုတ်ခွာခဲ့ရတယ်။
စျေးကွက်ပြိုင်ဆိုင်မှုက ပြင်းထန်လာပြီး ဆုံးရှုံးမှုတွေကလည်း ဆက်တိုက် တိုးလာနေတာပါ။ ဒါ့အပြင် နိုင်ငံအသီးသီးက မတော်တဆမှုတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း ခေါင်းခဲစရာပါပဲ။
မကြာသေးခင်က အမေရိကန်မှာ Iberဒရိုင်ဘာတစ်ယောက်က အမျိုးသမီးခရီးသည်တစ်ယောက်ကို လူသတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ဒါက အဓိက ပြဿနာကြီး ဖြစ်လာခဲ့လို့ စီအီးအို ဟော့မန်းက ကိုယ်တိုင် တောင်းပန်ခဲ့ရတယ်။ (တကယ်တော့ ဒီလို ရာဇဝတ်မှုမျိုးက တက္ကစီတွေမှာလည်း ခဏခဏ ဖြစ်တတ်တာပါပဲ။) ပြီးတော့ တချို့နိုင်ငံတွေမှာ အခကြေးငွေယူပြီး ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရဲ့ တရားဝင်မှုနဲ့ ပတ်သက်လို့ တရားစွဲဆိုမှုတွေလည်း ရှိနေတုန်းပဲ။
ဒီပြဿနာအားလုံးကို တစ်ပြိုင်ထဲ ဖြေရှင်းပေးနိုင်တာကတော့ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေပါ။
Iberအတွက် အကြီးမားဆုံး အသုံးစရိတ်က ဒရိုင်ဘာတွေကို ပေးရတဲ့ ပိုက်ဆံပါပဲ။ တကယ်လို့ သူတို့က အလိုအလျောက်မောင်းနှင်တဲ့ ကားတွေကိုသုံးစွဲမယ်ဆိုရင် ဒရိုင်ဘာတွေကို ပိုက်ဆံပေးစရာ မလိုတော့တဲ့အတွက် အမြတ်အစွန်းတွေကလည်း အချိုးကျ တိုးလာမှာပါ။
ဒါကြောင့် Iberက အလိုအလျောက်မောင်းနှင်နိုင်တဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ကို အလေးပေး လုပ်ဆောင်နေပြီး သုံးနှစ်အတွင်းမှာ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေနဲ့ ခရီးသည်တွေကို သယ်ယူပို့ဆောင်ပေးနိုင်ဖို့ ရည်မှန်းထား ခဲ့တယ်။ ဒါ့အပြင် Gooble၊ Tesla တို့နဲ့အတူ Silicon Valleyရဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာမှာ ထိပ်တန်း အားကိုးရတဲ့ ကုမ္ပဏီ သုံးခုထဲက တစ်ခုလို့လည်း ခေါ်တွင်ခဲ့ဖူးတယ်။ (စိတ်ဝင်စားဖို့ကောင်းတာက တစ်ခုက အိုင်တီကုမ္ပဏီ၊ တစ်ခုက ကားကုမ္ပဏီဖြစ်ပြီး နောက်တစ်ခုကတော့ ကားမျှဝေစီးနင်းတဲ့ ဝန်ဆောင်မှု ကုမ္ပဏီ ဖြစ်နေတာပါပဲ။)
ဒါပေမဲ့ အခုတော့ CarOS က ကိုယ်တိုင်မောင်းနှင်တဲ့ ကားတွေကို အောင်အောင်မြင်မြင် အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့ပြီး ရှေ့ကနေ ဦးဆောင်နေပါပြီ။ နည်းပညာ ကွာဟချက်ကို ချက်ချင်း မဖြည့်ဆည်းနိုင်တာကြောင့် မဟာမိတ် ဖွဲ့တာက ပိုကောင်းတယ်လို့ သူတို့ တွက်ဆလိုက်တာလား။
“ဒီအကြောင်းကို စဉ်းစားဖို့ အချိန်လိုမယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် အဖြေကို နောက်မှ ပေးလည်း ရပါတယ်”
“ဒီအထိ တကူးတက လာခဲ့တာဆိုတော့ ကျွန်တော် အခုပဲ အဖြေပေးလိုက်ပါ့မယ်”
ကျွန်တော် ခေါင်းခါလိုက်ပြီး ဆက်ပြောလိုက်တယ်။
“အားနာပေမဲ့ ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် ငြင်းပယ်ရပါလိမ့်မယ်”
မမျှော်လင့်ထားတဲ့ အဖြေကြောင့် အံ့သြသွားပုံရပြီး သူ့မျက်လုံးတွေ အနည်းငယ် လှုပ်ခတ်သွားတယ်။
“ကမ်းလှမ်းထားတဲ့အချက်တွေကို သဘောမကျလို့လား”
“ကမ်းလှမ်းထားတဲ့အချက်တွေက တော်တော်လေး ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် မလိုအပ်ဘူးလို့ ထင်လို့ပါ”
တကယ်လို့ သူသာ လွန်ခဲ့တဲ့ ခြောက်လလောက်က ဒီလို အဆိုပြုချက်မျိုးနဲ့ လာခဲ့ရင် ကျွန်တော် ဝမ်းသာအားရ လက်ခံမိမှာပါပဲ။ ဒါပေမဲ့ အခု အခြေအနေက နည်းနည်း ကွဲပြားသွားပါပြီ။
ကျွန်တော်တို့က အလိုအလျောက်မောင်းနှင်တဲ့ ကားတွေကို ဖန်တီးပြီး စျေးကွက်ထဲ ဖြန့်ချိထားပြီးသား ဖြစ်သလို တုံ့ပြန်မှုကလည်း ပေါက်ကွဲထွက်မတတ် အားကောင်းခဲ့တာပါ။
CarOS ရဲ့ AD1 နဲ့ AD2 တွေဟာ ထုတ်လုပ်ပြီးတာနဲ့ ချက်ချင်း ကုန်သွားခဲ့တယ်။ ကားလက်ကျန် မရခဲ့တဲ့ အရောင်းပြခန်းတွေကလည်း ရူးသွပ်မတတ် ဖြစ်နေခဲ့ပြီး တချို့သော ဝယ်ယူသူတွေဆိုရင် ကားကို အမြန်ဆုံး ရချင်တာကြောင့် ကားဖြန့်ချိတဲ့ရက်မှာ စက်ရုံကို ကိုယ်တိုင် တိုက်ရိုက် လာခဲ့ကြတယ်။
CarOS ဟာ ကားအစီးပေါင်း သိန်းချီဆီကနေ မောင်းနှင်မှု အချက်အလက်တွေကို စုဆောင်းနေပြီး အလိုအလျောက် မောင်းနှင်စဉ်အတွင်း ဖြစ်ပွားတတ်တဲ့ အမှားအယွင်း အမျိုးမျိုးကိုလည်း ပြင်ဆင်နေပါတယ်။
CarOSရည်မှန်းထားတာကတော့ ပြီးပြည့်စုံတဲ့ အလိုအလျောက်မောင်းနှင်မှုစနစ်နဲ့ အလိုအလျောက် မောင်းနှင်တဲ့ ကားတွေကို တိုးတက်အောင် လုပ်ဖို့ပါပဲ။
ကားမျှဝေစီးနင်းတဲ့ ဝန်ဆောင်မှုတွေအတွက်တော့ အဓိကသော့ချက်က ဒရိုင်ဘာတွေကို ယာဉ်တွေ၊ ခရီးသည်တွေနဲ့ သေချာ ချိတ်ဆက်ပေးဖို့ပဲလေ။
ဒါပေမဲ့ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေက စီးပွားဖြစ် အသုံးပြုနိုင်ပြီဆိုတာနဲ့ ဒရိုင်ဘာတွေကို ရှာနေစရာ မလိုတော့ပါဘူး။ ကားတွေကို လမ်းပေါ် တင်ပေးလိုက်ရုံပါပဲ။
Iberက ၁၀ နှစ်နီးပါး စုဆောင်းထားတဲ့ အချက်အလက်တွေက ကြီးမားတဲ့ ခွန်အားတစ်ခု ဖြစ်ပေမဲ့ ကျွန်တော်တို့ကလည်း လမ်းပေါ်က အလိုအလျောက်မောင်းနှင်တဲ့ ကားအစီးပေါင်း သိန်းချီကနေတစ်ဆင့် အချက်အလက် အမျိုးမျိုးကို စုဆောင်းနေပြီ ဖြစ်ပါတယ်။
ကနဦး ရင်းနှီးမြှုပ်နှံမှုကလွဲရင် ကျန်တဲ့ ကုန်ကျစရိတ်က စက်သုံးဆီပဲ ရှိတာကြောင့် ကားခကို အခုရှိနေတာထက် ထက်ဝက်ကျော်အထိ လျှော့ချနိုင်ပါတယ်။
တကယ်လို့ ကျွန်တော်တို့က စျေးနှုန်းပိုင်းမှာ အားသာချက် ရနိုင်မယ်ဆိုရင် Iberဆီကနေ စျေးကွက်ကို သေချာပေါက် လွှဲပြောင်းရယူနိုင်မှာပါပဲ။
အရာအားလုံးကို ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အခြေအနေမှာ သူတို့နဲ့ လက်တွဲဖို့အတွက် ကျွန်တော်တို့ရဲ့ ရှယ်ယာတွေကို ပေးစရာ မလိုတော့ပါဘူး။
ဟော့မန်းက ဆွဲဆောင်တဲ့ လေသံနဲ့ ပြောတယ်။
“အလိုအလျောက်မောင်းနှင်တဲ့ ကားတွေအတွက် ကျော်ဖြတ်ရမယ့် အတားအဆီးတွေ အများကြီး ရှိပါသေးတယ်။ အကြီးမားဆုံးတစ်ခုကတော့ အာမခံ ဖြစ်လိမ့်မယ်နော်”
ကားတစ်စီးက မတော်တဆမှု ဖြစ်ပွားစေတဲ့အခါ တာဝန်က ဒရိုင်ဘာပေါ် ကျရောက်ပါတယ်။ ဒါကြောင့် ဒရိုင်ဘာတွေက အာမခံ ထားရှိဖို့ လိုအပ်တာပါ။
လက်ရှိမှာ အလိုအလျောက်မောင်းနှင်တဲ့ ကားတစ်စီးက မတော်တဆမှု ဖြစ်ပွားရင်တောင် ဒရိုင်ဘာမှာပဲ တာဝန်ရှိတယ်လို့ သတ်မှတ်ထားတုန်းပဲ။
ဒါဆိုရင် ဒရိုင်ဘာမပါတဲ့ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေမှာ ဘာဖြစ်မလဲ။ ဒီလိုအခြေအနေမျိုးမှာ အာမခံ ထားရမယ့် အရာက လူကနေ ကားဆီကို ပြောင်းလဲသွားမှာပါ။
“ကျွန်တော်တို့က National Infinity နဲ့ အာမခံကိစ္စတွေကို ဆွေးနွေးနေပါပြီ”
ကျွန်တော့်စကားကြောင့် သူ သေချာပေါက် ပြာပြာသလဲ ဖြစ်သွားတာကို မြင်လိုက်ရတယ်။
National Infinityက အမေရိကန်မှာ ထိပ်တန်း အာမခံကုမ္ပဏီ သုံးခုထဲက တစ်ခုဖြစ်ပြီး ဝါရင် ဘတ်ဖတ် စီမံခန့်ခွဲတဲ့ Berkshire Hathawayရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုပါ။
အလိုအလျောက်မောင်းနှင်တဲ့ ကားတွေရဲ့ မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ အများကြီး ရှိနေပေမဲ့ အလိုအလျောက်မောင်းနှင်မှုစနစ်ရဲ့ အမှန်တကယ် မတော်တဆ ဖြစ်ပွားမှုနှုန်းက လူမောင်းတာထက် အများကြီး ပိုနည်းပါတယ်။
တကယ်လို့ လမ်းပေါ်က ကားအားလုံးက အလိုအလျောက်မောင်းနှင်တဲ့ ကားတွေသာ ဖြစ်မယ်ဆိုရင် ကားအချင်းချင်း မတော်တဆ ဖြစ်ပွားမှုက သုညနီးပါးအထိ ကျဆင်းသွားမှာပါ။
မတော်တဆ ဖြစ်ပွားမှုနှုန်း ကျဆင်းသွားရင် အာမခံကြေးတွေလည်း ကျဆင်းသွားမှာဖြစ်ပြီး အဆုံးမှာတော့ အာမခံလုပ်ငန်းရဲ့ အမြတ်အစွန်း ရရှိမှုက ပိုဆိုးလာပါလိမ့်မယ်။
ဒါကြောင့်ပဲ ဖြစ်မယ်ထင်တယ်။ ဝါရင် ဘတ်ဖတ်က မူလက အလိုအလျောက်မောင်းနှင်မှုစနစ်နဲ့ အလိုအလျောက် မောင်းနှင်တဲ့ ကားတွေအပေါ် အပျက်သဘောဆောင်တဲ့ သဘောထား ရှိခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီသဘောထားက မကြာသေးခင်က ပြောင်းလဲသွားခဲ့တယ်။
သူက ဆိုဆောင်း အီလက်ထရောနစ်နဲ့ ဆိုဆောင်း SB တို့ရဲ့ ရှယ်ယာတွေကို တက်တက်ကြွကြွ ဝယ်ယူခဲ့ပြီး အခုဆိုရင် အလိုအလျောက်မောင်းနှင်တဲ့ ကားတွေအတွက် အာမခံလုပ်ငန်းကို စတင်ဖို့ ပြင်ဆင်နေပါပြီ။
ပြောင်းလဲမှုက ရှောင်လွှဲလို့မရဘူးဆိုရင် ကြိုတင်ပြီး တုံ့ပြန်ဆောင်ရွက်မယ်ဆိုတာ သူ့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။
တချို့သူတွေက သူ့ရဲ့ စိတ်ကူးပြောင်းမှုကို ဝေဖန်ကြပေမဲ့ စျေးကွက်ပြောင်းလဲမှုတွေအရ စိတ်ကူးပြောင်းတာက သဘာဝကျပါတယ်။
အသက်ကြီးလာတဲ့အထိ လိုက်လျောညီထွေရှိတဲ့ အတွေးအခေါ် ရှိနေတာက ဝါရင် ဘတ်ဖတ်ရဲ့ ကြီးမားတဲ့ အားသာချက်တစ်ခုပါပဲ။ ဒါကြောင့်လည်း သူက နှစ်ပေါင်း ၅၀ ကျော်တိုင်အောင် ကမ္ဘာ့အကောင်းဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် နေရာကို ထိန်းသိမ်းထားနိုင်ခဲ့တာပါ။
လက်ရှိပြဿနာက အာမခံထက် ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေပိုင်းမှာ ပိုများပါတယ်။
ကံကောင်းတာက ဒီအပိုင်းကလည်း မကြာခင် ပြေလည်သွားဖို့ ရှိပါတယ်။ အိုင်တီကုမ္ပဏီတွေက အလိုအလျောက် မောင်းနှင်မှုနဲ့ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေကို တရားဝင်ဖြစ်စေဖို့ နိုင်ငံရေးသမားတွေကို အချိန်အကြာကြီး စည်းရုံးသိမ်းသွင်းခဲ့ကြတယ်။
အမေရိကန်က အလိုအလျောက်မောင်းနှင်မှုအတွက် မောင်းနှင်ခွင့် ပါမစ်တွေကို ပထမဆုံး ခွင့်ပြုပေးခဲ့ပြီး သက်ဆိုင်ရာ စည်းမျဉ်းတွေကို ဖြေလျှော့ပေးခဲ့တာက အဲဒါကြောင့်ပါပဲ။
ပြီးတော့ CarOS က အဲဒီလို ခက်ခက်ခဲခဲ ဖန်တီးထားတဲ့ စျေးကွက်ထဲမှာ အကြီးမားဆုံး အကျိုးအမြတ် ခံစားခွင့်ရှိသူ ဖြစ်လာခဲ့တယ်။ အခြားကုမ္ပဏီတွေအတွက်တော့ CarOSက သူတစ်ပါး အကျိုးအမြတ်ရဖို့အတွက် အလုပ်တွေ အကုန်လုပ်ပေးခဲ့ရသလို ဖြစ်နေတာပေါ့။
ဟော့မန်းက မချိပြုံး ပြုံးလိုက်တယ်။
“နှမြောစရာကောင်းပေမဲ့ ဒီနေ့ တွေ့ဆုံစကားပြောခွင့်ရတာကိုပဲ ကျေနပ်ရတော့မှာပေါ့”
“ကျွန်တော်လည်း ခင်ဗျားနဲ့ တွေ့ရတာ ဝမ်းသာပါတယ်”
ကျွန်တော်တို့ ထိုင်ခုံကနေ ထရပ်ပြီး လက်ဆွဲနှုတ်ဆက်လိုက် ကြတယ်။
အနာဂတ်ရဲ့ တစ်ချိန်ချိန်မှာ CarOS က အလိုအလျောက်မောင်းနှင်တဲ့ ကားတွေကို သုံးပြီး စျေးကွက်ထဲ တိုက်ရိုက် ဝင်ရောက်လာတဲ့အခါ ကျွန်တော်တို့တွေဟာ ပြိုင်ဘက်တွေ ဖြစ်လာကြမှာပါ။
အင်း… ဒါက စီးပွားရေးပဲဆိုတော့လည်း မတတ်နိုင်ဘူးလေ။
Iber စီအီးအို ဘေလီ ဟော့မန်း ထွက်ခွာသွားတာ ရက်အနည်းငယ် ကြာပြီဖြစ်ပေမဲ့ တက္ကစီသမဂ္ဂကတော့ OTK အဆောက်အဦး ရှေ့မှာ ဆန္ဒပြနေတုန်းပဲ။
သမဂ္ဂခေါင်းဆောင်က ကားမျှဝေစီးနင်းတဲ့ ဝန်ဆောင်မှုတွေကို တရားဝင်ဖြစ်စေတာနဲ့ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေ ဖြန့်ချိတာကို ဆန့်ကျင်ပြီး အော်ဟစ်နေခဲ့တယ်။
တက္ကစီလုပ်ငန်းရဲ့ အမြင်ကနေကြည့်ရင် Iberက စားကျက်တစ်ခုထဲအတွက် ပြိုင်ဆိုင်နေတဲ့ သိုးတစ်ကောင်လိုပဲ။ ဒါပေမဲ့ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေကတော့ သားရဲတိရစ္ဆာန် ဖြစ်တဲ့ ဝံပုလွေလိုဖြစ်နေတာလေ။
Iberကို ခွင့်ပြုလိုက်တာက တက္ကစီလုပ်ငန်းကို ပျက်စီးစေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေ ထွက်လာတဲ့အခါ တက္ကစီဒရိုင်ဘာ ဆိုတဲ့ အလုပ်အကိုင်ကိုယ်တိုင် ပျောက်ကွယ်သွားမှာပါ။
အလိုအလျောက်မောင်းနှင်တဲ့ ကားတွေက တက္ကစီတွေကို အစားထိုးဖို့ အချိန်အတန်ကြာ ဦးမှာဖြစ်ပေမဲ့ အလိုအလျောက်မောင်းနှင်တဲ့ ကုန်တင်ကားတွေကတော့ မကြာခင် ရောက်လာတော့မှာပါ။
အမေရိကန်မှာ ကုန်တင်ကား ဒရိုင်ဘာပေါင်း ၂ သန်းနီးပါး ရှိပါတယ်။
တကယ်လို့ အလိုအလျောက်မောင်းနှင်တဲ့ ကုန်တင်ကားတွေ ဖြန့်ချိလိုက်ရင် သူတို့အားလုံး အလုပ်လက်မဲ့ ဖြစ်သွားကြမှာပါ။
CarOSက အမေရိကန်က ပြည်နယ်အသီးသီးမှာ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေကို မောင်းနှင်ဖို့ ခွင့်ပြုချက် ရရှိထားပြီး ကုန်တင်ကား အုပ်စုလိုက် မောင်းနှင်မှုကို စမ်းသပ်နေခဲ့တယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က စမ်းသပ်မှုတစ်ခုမှာ ကုန်တင်ကား ဆယ်စီးဟာ အမှားအယွင်း တစ်ခုမှမရှိဘဲ အုပ်စုလိုက် မောင်းနှင်မှု နည်းပညာကို ပြသခဲ့ကြတယ်။
ဖြစ်နိုင်တာကတော့ ကုန်တင်ကားတွေက အချက်အလက် တွေကို အချိန်နဲ့တပြေးညီ အပြန်အလှန် လဲလှယ်ကြပြီး အရှိန်မြှင့်တာနဲ့ အရှိန်လျှော့တာတွေကို တစ်ပြိုင်ထဲ လုပ်ဆောင်နိုင်လို့ပါပဲ။
အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံလုံးက သူတို့ရဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအများစုအတွက် ကုန်တင်ကား သယ်ယူပို့ဆောင်ရေးအပေါ် အများကြီး မှီခိုနေရတယ်။ ဒါကြောင့် အလိုအလျောက်မောင်းနှင်တဲ့ ကုန်တင်ကားတွေဟာ ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေး စနစ်ကို တော်လှန် ပြောင်းလဲပစ်ပါလိမ့်မယ်။
ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံထားတဲ့ Startup တွေထဲမှာ တရုတ်နိုင်ငံက ကုန်တင်ကား သယ်ယူပို့ဆောင်ရေး အကျိုးဆောင် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Tenwayလည်း ပါဝင်ပါတယ်။ ရှောင်မင်နဲ့ ယောင်တို့ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တရုတ်စျေးကွက်အတွင်း Yunmanbangပြီးရင် ဒုတိယနေရာမှာ ရှိနေတာပါ။
အစောဆုံး ရင်းနှီးမြှုပ်နှံခဲ့တဲ့ OTK ကုမ္ပဏီက အကြီးဆုံး ရှယ်ယာရှင် ဖြစ်ပြီး Wechantကတော့ ဒုတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်ပါတယ်။ မကြာသေးခင်က SFT Bank ဆီကနေ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်ခဲ့ပြီး တန်ဖိုးက ဒေါ်လာ သန်း ၁၉၀၀အထိ ရှိခဲ့တယ်။
ရှောင်မင်က ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးဖို့ ဒါရီလ်နဲ့ တွေ့ဆုံဖို့ အမေရိကန်ကို သွားခဲ့တယ်။ တရုတ်အစိုးရက သက်ဆိုင်ရာ စည်းမျဉ်းတွေကို ဖြေလျှော့ပေးမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါပဲ။
ကိစ္စအမျိုးမျိုးနဲ့ အလုပ်ရှုပ်နေတုန်းမှာပဲ ကျွန်တော် လုံးဝ မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာတယ်။
စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အသက် နှစ်ဆယ်ကျော် အရွယ် လူငယ်တစ်ယောက်က ကျွန်တော့်ရဲ့ အိမ်ရှေ့တံခါးမှာ ရပ်နေတာပါ။
သူက ကျွန်တော့်မျက်နှာကို ကြည့်ပြီး ပျာပျာသလဲ နှုတ်ဆက်လာတယ်။
“အာ… မင်္ဂလာပါ။ စီနီယာ ကန်ဂျင်ဟူ”
“ဘာကိစ္စရှိလို့လဲ”
ကျွန်တော့်မေးခွန်းကြောင့် သူက စာရွက်တစ်ရွက် ကမ်းပေးလာတယ်။
“ဒါက အရံတပ်ဖွဲ့ လေ့ကျင့်ရေး သတိပေးချက်ပါ။ ဒီမှာ လက်မှတ်ထိုးပေးပါ”
“……ဟင်”
“ကျွန်တော်တို့ ပုံမှန်ဆို အီးမေးလ် ဒါမှမဟုတ် ဖုန်းနဲ့ ဆက်သွယ်တာပါ။ ဒါပေမဲ့ နှစ်ခုလုံး ဆက်သွယ်လို့မရလို့ ကိုယ်တိုင် လာခဲ့ရတာပါ။ ဒုတိယအကြိမ်မှာလည်း တက်ရောက်ဖို့ ပျက်ကွက်ရင် အစီရင်ခံတာကို ခံရမှာမလို့ ဒီတစ်ခါတော့ သေချာပေါက် တက်ရောက်ပေးပါ”
ကျွန်တော် ဟိုးအရင်က သုံးခဲ့တဲ့ အီးမေးလ်က အခု အသုံးမပြုတော့ပါဘူး။ ကျွန်တော့်ရဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကလည်း အကြိမ်အနည်းငယ် ပြောင်းလဲသွားခဲ့တယ်။
ဒါပေမဲ့ အရံတပ်ဖွဲ့ လေ့ကျင့်ရေး ဟုတ်လား။ ကျွန်တော် ဒါကို သွားရမှာလား။
အိုတက်ဂယူက ကျွန်တော့်ပုခုံးကို ပုတ်ပြီး ပြောလာတယ်။
“နိုင်ငံနဲ့ ပြည်သူက မင်းကို လိုအပ်နေတာပဲလေ။ ဒါကြောင့် သေချာပေါက် သွားရမှာပေါ့။ လူမှုအဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့ လူမှုရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို ကျေပွန်ရမယ်ဆိုတာ မင်းမသိဘူးလား”
ကျွန်တော်က ဘယ်တုန်းက လူမှုအဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဖြစ်သွားတာလဲ။ ဒဏ်ငွေပဲ ဆောင်ပြီး မသွားဘဲ နေလို့မရဘူးလား။
ကျွန်တော် အဲဒီလို တွေးနေတုန်းမှာပဲ တာဝန်ကျ စစ်သည်က နောက်ထပ် စာရွက်တစ်ရွက် ကမ်းပေးပြန်တယ်။
“သူငယ်ချင်းဖြစ်သူ အိုတက်ဂယူ အတွက်လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်”
အဲဒီစကားကြောင့် အိုတက်ဂယူ လန့်ဖျတ်သွားတယ်။
“ဘာလဲဟ… ငါ့အတွက်လည်း ပါတာလား”
ကျွန်တော် သူ့ပုခုံးကို ပြန်ပုတ်ပြီး ပြောလိုက်တယ်။
“နိုင်ငံတော်က မင်းကိုလည်း လိုအပ်နေတာပဲ။ လူမှုအဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေက တာဝန်ကျေရမယ်လို့ မင်းပဲ ပြောတာမလား။ မြန်မြန် လက်မှတ်ထိုးလိုက်”
နိဂုံးချုပ်ကတော့ ကျွန်တော် ဒဏ်ငွေဆောင်ရင်တောင် လေ့ကျင့်ရေး နာရီတွေကို ပြီးအောင် ဖြည့်ရဦးမှာပါ။
အစိုးရရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ အချိန်တုန်းကတောင် ကျွန်တော် နိုင်ငံသား ပြောင်းလဲဖို့ မတွေးခဲ့မိဘူး။ ဒါပေမဲ့ အရံတပ်ဖွဲ့ လေ့ကျင့်ရေး သွားရမယ်ဆိုတာကို တွေးမိတော့ ရိုနယ်ဆီကို ဖုန်းဆက်ပြီး အထူးနိုင်ငံသားအဖြစ် ပြောင်းလဲခြင်းအကြောင်း စုံစမ်းချင်စိတ် ချက်ချင်း ပေါက်လာတော့တယ်။
နိုင်ငံသားပြောင်းတာကက နှစ်ညအိပ် သုံးရက် အရံတပ်ဖွဲ့ လေ့ကျင့်ရေး ဆင်းရတာထက် ပိုကောင်းတယ်လေ။
အိုတက်ဂယူက ပြောတယ်။
“မဖြစ်နိုင်တာ။ မင်းက အရံတပ်ဖွဲ့ လေ့ကျင့်ရေး သွားမယ့်အကြောင်း သတင်းတောင် ထွက်နေပြီ”
“ဟင်… ဘာလို့လဲ”
ဒါက ဘယ်လို သတင်းမျိုးမလို့လဲ။
“ဒီရက်ပိုင်း သတင်းထောက်တွေ အလုပ်မရှိ ဖြစ်နေကြလို့ ထင်တယ်”
ကျွန်တော် Portal Siteကို ဖွင့်ကြည့်လိုက်တော့ သတင်းတစ်ပုဒ် ရှိနေတာ အမှန်ပါပဲ။
[OTK Company စီအီးအို အရံတပ်ဖွဲ့ လေ့ကျင့်ရေးစခန်းသို့ ဝင်ရောက်ရန် စီစဉ်ထား]
[စီအီးအို ကန်ဂျင်ဟူသည် ပထမအကြိမ် တက်ရောက်ခြင်း မရှိသော်လည်း ဒုတိယအကြိမ်တွင် တက်ရောက်မည်]
[အရံတပ်ဖွဲ့ လေ့ကျင့်ရေးစခန်း၊ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သေချာပေါက် ပြင်ဆင်ထား]
[ကမ္ဘာ့အချမ်းသာဆုံး လူသားပင်လျှင် အရံတပ်ဖွဲ့ လေ့ကျင့်ရေးကို မရှောင်လွှဲနိုင်……]
Commentsတွေကတော့ မလိုအပ်ဘဲ စိတ်အားထက်သန်စွာနဲ့ ဆွေးနွေးနေကြပါတယ်။
-ဟားဟား။ အရံတပ်ဖွဲ့ လေ့ကျင့်ရေးစခန်းတစ်ခုလုံး ပြောင်းဆန်သွားတော့မှာပဲ။
-လေ့ကျင့်ရေးလုပ်နေတုန်း ကန်ဂျင်ဟူသာ တစ်ခုခုဖြစ်ရင် အမေရိကန်တော့ ပွက်ပွက်ရိုက်သွားလိမ့်မယ်။
-လေ့ကျင့်ရေးဆရာတွေ ဘာအပြစ်လုပ်ခဲ့လို့ ဒီလို ကြုံရတာလဲ။
-ကန်ဂျင်ဟူက စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့် ရထားတာ မဟုတ်ဘူးလား။ သူ လွတ်သွားပြီလို့ပဲ ငါ ထင်နေတာ။
-ဘာတွေ ပြောနေတာလဲ။ သူက စစ်တပ်ကနေ ဂုဏ်ထူးဆောင်အဖြစ် စစ်မှုထမ်းပြီးခဲ့တာ။
-သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိတာကို စစ်မှုထမ်းတာကို ဘာလို့ မရှောင်ခဲ့တာလဲ။
-ဒါက အဲဒီတုန်းက သူ့မှာ ပိုက်ဆံမရှိသေးလို့ တာဝန်ကျစစ်သည်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာလေ။ အခုမှ သွားရမယ်ဆိုရင်တော့ သူလည်း လင်ဂျင်ယုံလိုမျိုး ပိုက်ဆံပေးပြီး ကင်းလွတ်ခွင့် ယူမှာပဲ။
-ဒါက စစ်ဆင်ရေး လေ့ကျင့်ရေးလား ဒါမှမဟုတ် ဒေသခံအရံတပ်ဖွဲ့ လေ့ကျင့်ရေးလား။
-ပထမအကြိမ် မတက်ခဲ့ဘူးဆိုတော့ ဒေသခံအရံတပ်ဖွဲ့ လေ့ကျင့်ရေး ဖြစ်ဖို့များတယ်။
-သူ့မှာ ဝမ် သိန်းပေါင်း ၁ ကုဋေကျော် ပိုင်ဆိုင်မှုတွေ ရှိနေတာတောင် အရံတပ်ဖွဲ့ လေ့ကျင့်ရေး သွားရသေးတယ်ဟ။
-ဟားဟား။ သူက တစ်ရက်ကို ဝမ် သန်း ၁သောင်းလောက် ရှာနိုင်တာလေ။
-ဟာသပဲ။ ကန်ဂျင်ဟူ ဖြစ်နေရင်တောင် တစ်ရက်ကို ဝမ် သန်း ၁သောင်း ရှာတယ်ဆိုတာ မဖြစ်နိုင်ဘူး။
-မဟုတ်ဘူး။ ဖြစ်နိုင်တယ်ကွ။ ကန်ဂျင်ဟူရဲ့ ပိုင်ဆိုင်မှုက နှစ်တိုင်း အနည်းဆုံး ဝမ် သန်း ၁သောင်းကျော် တိုးနေတာ။ တွက်ကြည့်ရင် သူက တစ်ရက်ကို ဝမ် သန်း ၃သောင်း ရှာနေတာလေ။
-တကယ် အားကျစရာပဲနော်။
-ဒါပေမဲ့ သူလည်း အရံတပ်ဖွဲ့ လေ့ကျင့်ရေးတော့ သွားရတာပဲ။
-သူ လူစားထိုး ငှားမလားမသိဘူး။ သူသာ ဝမ် ၁ သန်းပေးရင် ငါ သူ့ကိုယ်စား သွားပေးမယ်။
-စီအီးအို ကန်ဂျင်ဟူ ခင်ဗျာ။ ကျွန်တော် ဝမ် ၅ သိန်းတည်းနဲ့ သွားပေးပါ့မယ်။
-ဒါဆို ကျွန်တော် ဝမ် ၄ သိန်း ၅ သောင်းနဲ့ လုပ်မယ်။
-ကဲ… အရံတပ်ဖွဲ့ လေ့ကျင့်ရေးကို ၃ နှစ်လောက် လူစားထိုး သွားပေးခဲ့တဲ့ ကျွမ်းကျင်သူတစ်ယောက် အနေနဲ့ ပြောရရင်တော့ ပေါက်စျေးက ဝမ် ၃ သိန်းပါ။ အောက်က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
-တော်ကြစမ်းပါ။ သောက်ရူးတွေ။
-မင်းတို့တွေက လေ့ကျင့်ရေးစခန်းကို သွားပြီး ငါက ကန်ဂျင်ဟူပါလို့ ပြောရင် လေ့ကျင့်ရေးစခန်းက ယုံမယ်လို့ ထင်နေတာလား။