← Chapters

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

Vol. 23 Ch. 223

🍋 Chapter 223

ကျိုးထျန်းမှ အလွန်တည်ငြိမ်သော လေသံဖြင့်

"မစိုးရိမ်ပါနဲ့၊ ငါတို့က မင်းကို အကူအညီတစ်ခုပဲ တောင်းချင်တာပါ”

သူ၏ လေသံတွင် မည်သည့် ခြိမ်းခြောက်မှု သို့မဟုတ် ဖိအားပေးမှုမျှ ပါဝင်မနေသော်လည်း ခြောက်ပေကျော် အရပ်အမောင်းရှိသည့် သန်မာထွားကြိုင်းသော ကျန်းတာထျယ် အား တစ်ကိုယ်လုံး တုန်ရင်သွားစေရန် ပြုလုပ်နိုင်ခဲ့ဆဲပင်။

လူသားများတွင် အလွန် ထက်မြက်သော အာရုံခံစားနိုင်စွမ်း ရှိကြရာ သူတစ်ယောက်တည်းသာမက ရှိနေကြသော အခြားလူတိုင်းကလည်း ကျိုးထျန်း၏ စကားလုံးများမှတစ်ဆင့် ချမ်းစိမ့်စိမ့် ခံစားချက်ကို ရရှိလိုက်ကြသည်။

ဥက္ကဋ္ဌဟန်နှင့် ဝတုတ်ချောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကျိုးထျန်းအပေါ် ပိုလေးစားကြောက်ရွံ့စိတ် ဖြစ်ပေါ်လာခဲ့သည်။

ဤလူငယ်လေး၏ အရှိန်အဝါမှာ အလွန်အမင်း ပြင်းထန်လှရာ အတွေ့အကြုံရင့်လှသည့် သူတို့လို လူကြီးများပင်လျှင် အနည်းငယ် စိတ်မသက်မသာ ဖြစ်ရသည်။

စက္ကန့်အနည်းငယ်ခန့် တုန်လှုပ်သွားပြီးနောက် ကျန်းတာထျယ် သည် သတိပြန်ဝင်လာခဲ့သည်။

‘'ငါ့ကို တစ်ခုခုလုပ်ဖို့ ခိုင်းတယ်ဆိုတော့ ငါ့မှာ အသုံးချလို့ရတဲ့ တန်ဖိုး ရှိသေးတာပဲ၊ ငါ့အတွက် မျှော်လင့်ချက် ရှိသေးတာပဲ၊ ဒါက ကိစ္စကောင်းတစ်ခုပဲ'’

"ဒါ... သူဌေးကြီး... ကျွန်တော့်ကို ဘာပဲလုပ်ဖို့ ခိုင်းခိုင်း၊ ကျွန်တော် အစွမ်းကုန် လုပ်ဆောင်ပါ့မယ်!"

"ကောင်းပြီ၊ မင်းက တော်တော်လေး မြင်တတ်တာပဲ၊ မဆိုးဘူး”

ကျိုးထျန်း သူ့အား ချီးကျူးလိုက်ရာ သူက ငိုမဲ့မဲ့မျက်နှာဖြင့် အတင်း ပြုံးပြလိုက်ရသည်။

"ငါ ခုနက ပြောခဲ့သလိုပဲ၊ မင်းက သူ့ဆီက ပိုက်ဆံယူထားတာဆိုတော့ အကျိုးအကြောင်း တွက်ချက်ကြည့်ရင် မင်းက သူခိုင်းတာကို လုပ်ပေးရမှာ မဟုတ်ဘူးလား”

ကျန်းတာထျယ် သဘောမပေါက်သဖြင့် ကြောင်တောင်တောင်ဖြင့်သာ မတ်တပ်ရပ်နေခဲ့သည်။

"သူက မင်းကို ငါ့ရဲ့ လက်မောင်းတွေနဲ့ ခြေထောက်တွေကို ရိုက်ချိုးခိုင်းတယ်၊ ဒါပေမဲ့ မင်း အဲဒါကို မလုပ်ခဲ့ရသေးဘူး မဟုတ်လား”

သူက အသည်းအသန် ခေါင်းခါပြလိုက်သည်။

"ကဲ... လူတစ်ယောက်ရဲ့ တာဝန်က တာဝန်ပဲလေ၊ အထူးသဖြင့် မင်းက ပိုက်ဆံပါ ယူထားတာဆိုတော့၊ အနည်းဆုံးတော့ ငါ့ရဲ့ လက်မောင်းတွေနဲ့ ခြေထောက်တွေကို ရိုက်ချိုးပေးမယ့် လူတစ်ယောက်ကိုတော့ မင်း ရှာရမှာပေါ့”

သူပြောနေစဉ်မှာပင် ကျိုးထျန်း၏ မျက်လုံးများက ထောင့်တစ်နေရာတွင် တုန်လှုပ်နေသော ချိုးလန်ထံသို့ ဝေ့ဝဲကြည့်လိုက်သည်။

ကျန်းတာထျယ် စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက်တွင်မူ ရုတ်တရက် သဘောပေါက်သွားပုံရသည်။

"ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကိုသာ စောင့်ကြည့်လိုက်ပါ!"

သူက ကျိုးထျန်းအား ကတိပေးလိုက်ပြီးနောက် လှည့်၍ ထိတ်လန့်နေသော ချိုးလန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

"အား... မလုပ်ပါနဲ့၊ ကယ်ကြပါဦး!"

"ရပ်လိုက်စမ်း၊ ငါ့ကိုမရိုက်နဲ့!"

"ကယ်ကြပါဦး... ကယ်ကြပါဦး!"

ဘေးမှ စောင့်ကြည့်နေခဲ့သည့် ကျိုးထျန်းသည် သူ့ဖုန်းကို ထုတ်ကာ ဖြစ်ပျက်သမျှကို ဗီဒီယိုရိုက်ကူးထားလိုက်သည်။

၎င်းမှာ ကျန်းတာထျယ်မှ ရိုက်နေခြင်းဖြစ်ရာ နောက်ပိုင်းတွင် သူ့အပေါ် လာရောက် အပြစ်ပုံချခြင်းကို သူ မလိုလားပေ။

ချိုးလန်၏ ဦးခေါင်းမှာ ကြမ်းပြင်ပေါ်သို့ နင်းခြေခြင်း ခံလိုက်ရပြီး သူ့ လက်မောင်းမှာလည်း ပုံမှန်မဟုတ်သော ထောင့်ချိုးတစ်ခုသို့ ကွေးသွားခဲ့သည်။

နားကွဲမတတ် အော်ဟစ်သံနှင့်အတူ အရိုးကျိုးသွားသည့် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် သူ့လက်မောင်းမှာ ဘေးဘက်သို့ ပျော့ခွေကျသွားတော့သည်။

အရိုးကျိုးသွားသည့် ပြင်းထန်သော နာကျင်မှုကြောင့် သူသည် ချက်ချင်းပင် သတိလစ် မေ့မြောသွားခဲ့သည်။

ကျန်းတာထျယ် သည် ပရော်ဖက်ရှင်နယ် ရွာတွင်းလူမိုက်ဟူသော နာမည်နှင့်အညီ သူ သတိလစ်သွားသည်ကို မြင်သောအခါ ချက်ချင်းပင် သူ့ခေါင်းကို ဆွဲကိုင်ကာ ပါးစပ်ကို ဖြတ်ရိုက်လိုက်တော့သည်။

"အား... အမေရေ!" ချိုးလန်သည် နာကျင်လွန်းသဖြင့် အော်ဟစ်ရင်း သတိပြန်လည်လာခဲ့သည်။

သို့သော် ၎င်းမှာ အစပဲ ရှိသေးသည်။

သူ၏ အခြားလက်မောင်းတစ်ဖက်မှာလည်း အတင်းအဓမ္မ ဆွဲကိုင်ခြင်း ခံလိုက်ရပြီးနောက် သူ၏ အဆစ်ပေါ်သို့ ပြင်းထန်သော ကန်ချက်တစ်ခု ကျရောက်လာခဲ့သည်။

"ဂျွတ်!"

နောက်ထပ် ကြွပ်ဆတ်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် သူ၏ အခြားလက်မောင်းတစ်ဖက်လည်း ကျိုးသွားခဲ့ပြန်သည်။

သို့သော် ကျန်းတာထျယ် သည် ၎င်းကို အားမရသေးဘဲ သူ၏ လက်ဖဝါးများကို ဆယ်ကြိမ်ထက်မနည်း ထပ်မံနင်းခြေပစ်လိုက်သည်။

ဤတိုက်ခိုက်မှုအပြီးတွင် ချိုးလန်၏ လက်ဖဝါးများမှာ ချက်ချင်းပင် ဖူးယောင်လာခဲ့ရာ လက်ချောင်းအရိုးများ ကျိုးကြေသွားခြင်း ဖြစ်နိုင်ပေသည်။

သူ၏ လက်နှစ်ဖက်စလုံး ပျက်စီးသွားပြီးနောက် နောက်ထပ် ပစ်မှတ်မှာ သူ၏ ခြေထောက်များ ဖြစ်သည်။

ကျန်းတာထျယ်သည် ပိုဒေါသထွက်လာခဲ့သည်။

တစ်ချိန်က တန်ခိုးအာဏာကြီးမားသော ရွာတွင်းလူမိုက် ဖြစ်ခဲ့သည့် သူသည် ရွာထဲ၌ ယောက်ျား၊ မိန်းမမရွေး ဗိုလ်ကျစိုးမိုးရင်း အပူအပင်ကင်းမဲ့စွာ နေထိုင်နိုင်ခဲ့သည်။

သို့သော် ဤမိန်းမလျာကောင်ကြောင့် ယခုအခါ သူ့ဖခင်မှာ မသန်မစွမ်းဖြစ်သွားခဲ့ရပြီး သူ့မှာလည်း ကောင်းမွန်သော အဆုံးသတ်ကိုရရှိရန် မျှော်လင့်ချက် မရှိတော့ပေ။

သူက အပြစ်အားလုံးကို ချိုးလန်အပေါ်သို့သာ ပုံချလိုက်တော့သည်။

သူသာ မရှိလျှင် သူ့အနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။

ချိုးလန်၏ ညာဘက်ခြေထောက်ကို ဆွဲကိုင်ပြီးနောက် ကုလားထိုင်တစ်လုံးကို ယူကာ ချိုးလန်၏ ခြေထောက်ကို ၎င်းအပေါ်သို့ တင်လိုက်သည်။

ထို့နောက် သူ ရုန်းကန်နေသည်ကို မြင်သောအခါ သူ၏ ပေါင်ကြားသို့ အားပြင်းစွာ ကန်ထည့်လိုက်တော့သည်။

ဤကန်ချက်ကြောင့် ကျိုးထျန်းနှင့် အခြားသူဌေးကြီးများပင် တုန်လှုပ်သွားကြပြီး မိမိတို့၏ ပေါင်ကြားကို လက်ဖြင့် မသိစိတ်အလျောက် အုပ်မိသွားကြသည်။

၎င်းမှာ ရက်စက်လွန်းလှရာ ဤကန်ချက်က ချိုးလန်အား အဖိုဓာတ် လုံးဝကင်းမဲ့သွားစေမည်မှာ သေချာလှပေသည်။

မှန်ပေသည်၊ ကြမ်းပြင်ပေါ်တွင် လှဲလျော်နေသော ချိုးလန်သည် တဖြည်းဖြည်း မျက်နှာဖျော့တော့လာပြီး ပါးစပ်ထောင့်မှ တံတွေးများမှာလည်း ထိန်းချုပ်မရဘဲ စီးကျလာတော့သည်။

ကျန်းတာထျယ် ကမူ ထိုအရာများကို ဂရုမစိုက်ဘဲ ချိုးလန်၏ ဒူးခေါင်းကိုသာ ပစ်မှတ်ထားလိုက်သည်။

လူသား၏ ခြေထောက်သည် လက်မောင်းထက် များစွာ ပိုမိုသန်မာပြီး အလွန် ကြံ့ခိုင်မှုရှိရာ အထူးသဖြင့် ဒူးခေါင်းပိုင်း ဖြစ်သည်။

ကန်ချက်သည် ပစ်မှတ်ကို လွဲချော်သွားသဖြင့် ထိုထိပ်ပြောင်ကြီးသည် အပေါ်သို့ ခုန်တက်ကာ ပစ်မှတ်ကို ခြေနှစ်ဖက်စလုံးဖြင့် ဖိနင်းချလိုက်တော့သည်။

ကမ္ဘာမြေ ဆွဲငင်အားကြောင့် ဖြစ်ပေါ်လာသော အရှိန်နှုန်းနှင့် ပေါင် ၂၀၀ ရှိသော ကိုယ်အလေးချိန်တို့ ပေါင်းစပ်သွားမှုကြောင့် ချိုးလန်၏ တိုတောင်းသော ခြေထောက်များပေါ်သို့ ဥက္ကာခဲတစ်ခု ကမ္ဘာမြေပေါ်သို့ ကျရောက်လာသကဲ့သို့ ပြင်းထန်သော သက်ရောက်မှုမျိုး ဖြစ်ပေါ်စေခဲ့သည်။

လူသား၏ ခြေထောက်များသည် ရှေ့ဘက်သို့ ကွေးညွတ်ပြီး ခွေးနှင့် မြင်းများ၏ ခြေထောက်များမှာမူ ဆန့်ကျင်ဘက်အရပ်သို့ ကွေးညွတ်လေ့ရှိသည်။

အလျင်အမြန် ပြေးလွှားနိုင်သော တိရစ္ဆာန်အများစု၏ ခြေထောက်များသည် နောက်ဘက်သို့ ကွေးညွတ်နေကြခြင်း ဖြစ်သည်။

ယခုမူ ချိုးလန်၏ ခြေထောက်များသည်လည်း နောက်ဘက်သို့ ကွေးညွတ်သွားသည့် လက္ခဏာများ ပြသနေခဲ့သည်။

ဤခြေထောက်များက ဆက်လက် ပြေးလွှားနိုင်ခြင်း ရှိ၊ မရှိကိုမူ မသေချာတော့ပေ။

ထိုနည်းလမ်းအတိုင်းပင် သူ၏ အခြားခြေထောက်တစ်ဖက်မှာလည်း လူသားတစ်ယောက်နှင့် မတူဘဲ နောက်ဘက်သို့ ကွေးညွတ်သွားခဲ့ရသည်။

ဤအခြေအနေတွင် ချိုးလန်သည် မည်သည့်နေရာကို ဖုံးကွယ်ရမည်မှန်း မသိတော့ပေ၊ သူ ဖုံးကွယ်ချင်လျှင်ပင် မဖုံးကွယ်နိုင်တော့ချေ။

သူ၏ လက်မောင်းများက ကျိုးသွားခဲ့ပြီဖြစ်ရာ လုံးဝ မမြှောက်နိုင်တော့ပေ။

ခြေထောက်နှစ်ဖက်စလုံးမှာလည်း နောက်ဘက်သို့ ကွေးညွတ်နေသဖြင့် သူသည် ကြမ်းပြင်ပေါ်တွင် ဝပ်စင်းနေသော "ခွေးသေ" တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး အသက်ရှူသံ ခပ်မျှဉ်းမျှဉ်းသာ ရှိတော့ရာ အမှန်တကယ်ပင် သေလုမြောပါး ဖြစ်နေခဲ့သည်။

ကျိုးထျန်းက လူတိုင်းကို ကြည့်လိုက်ရာ ၎င်းတို့အားလုံး၏ မျက်နှာတွင် ကျေနပ် အားရသော အမူအရာများ ရှိနေကြသည်။

ကျန်းတာထျယ် သည် ကရုဏာသက်ရန် အမြီးနံ့နေသော လေလွင့်ခွေးတစ်ကောင်ကဲ့သို့ ကျိုးထျန်း၏ခြေဖဝါးနားသို့ ဒူးထောက်၍ တိုးကပ်လာခဲ့သည်။

"သူဌေး... ကျွန်တော် လုပ်ခဲ့တာကို ကျေနပ်ရဲ့လားခင်ဗျာ”

"အရမ်းကောင်းတယ်၊ မင်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ၊ ဒါပေမဲ့ မင်းမှာ အခြားတာဝန်တွေ ရှိသေးတယ်”

ကျိုးထျန်းက အတွင်းရေးမှူးကျန်းကို ကြည့်လိုက်သည်။

"နောက်ကျရင် သူ့ကို ချိုးလန်နဲ့ အချုပ်ခန်းတစ်ခုတည်းမှာပဲ အတူတူ ထားလိုက်ရအောင်၊ ဒါမှ သူက ဒီမိတ်ဆွေဟောင်းကို ပိုပြီးဂရုစိုက်ပေးနိုင်မှာပေါ့”

အတွင်းရေးမှူးကျန်းက ခေါင်းညိတ်လိုက်ပြီး အပြင်ဘက်ရှိ ကင်းလှည့်ရဲများကို အထဲသို့ ဝင်လာရန် လှမ်းခေါ်လိုက်သည်။

ကင်းလှည့်ရဲ နှစ်ယောက်သည် တံခါးအပြင်ဘက်မှ နားထောင်နေခဲ့ကြခြင်း ဖြစ်သည်။

အထဲမှ အော်ဟစ်သံများကြောင့် နှစ်ပေါင်း ဆယ်ဂဏန်းထက်မနည်း ဤအလုပ်ကို လုပ်ကိုင်လာခဲ့သည့် ထိုလူကြီးများပင်လျှင် သနားစိတ် ဖြစ်ပေါ်မိစေသည်။

အလွန်အမင်း ထိတ်လန့်စရာကောင်းလှရာ ကျေးလက်ဒေသများတွင် နှစ်သစ်ကူး၌ ဝက်သတ်သည့် အော်သံများပင်လျှင် ဤမျှ သနားစရာ မကောင်းခဲ့ပေ။

သို့သော် သူက ဤအရာနှင့် ထိုက်တန်ပေသည်၊ အကယ်၍ လွန်ခဲ့သော နှစ်ပေါင်းရာချီက ဖြစ်ပွားခဲ့လျှင် သေဒဏ်ပေးရမည့် ပြစ်မှုမျိုးဖြစ်ပေလိမ့်မည်။

ချိုးလန်အား အမှိုက်အိတ်တစ်အိတ်ကဲ့သို့ ဆေးပေးခန်းသို့ ဆွဲခေါ်သွားကြသည်။ သူ့အတွက် ကုသမှု ခံယူရန် လိုအပ်ပေသည်။ ပေါင်ကြားသို့ ကန်လိုက်သည့် ကန်ချက်က အနည်းငယ် ပြင်းထန်သွားခဲ့ပုံရရာ ယခုအခါ သူ၏ ပေါင်ကြားနေရာမှ သွေးများ အမြောက်အမြား စိမ့်ထွက်နေတော့သည်။

ကျန်းတာထျယ်သည် အကြိမ်အနည်းငယ်ခန့် ထပ်မံ အလေးပြုပြီးနောက် မျက်နှာတွင် ဖော်ရွေသော အမူအရာကို ဆက်လက် ဆင်လျက် ကင်းလှည့်ရဲများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

"လူကြီးမင်းတို့... အမှုကိစ္စတွေကတော့ ပြီးဆုံးလုနီးပါး ဖြစ်သွားပါပြီ၊ ငါတို့ အရင်ပြန်ပြီး အနားယူကြတာပေါ့၊ ပြီးမှ မနက်ဖြန်ကျမှ ပြန်ဆုံကြမလား”

လူတိုင်း တိတ်ဆိတ်နေချိန်တွင် ကျိုးထျန်းက အကြံပြုလိုက်သည်။

"ကောင်းပြီ၊ ငါတို့ အားလုံး ပြန်ပြီး အနားယူကြတာပေါ့။ ရှောင်ကျိုး... မနက်ဖြန်ကျရင် ပြန်ဆုံကြမယ်၊ ငါတို့ ဝဝလင်လင် သောက်ကြရမယ်”

"ဟုတ်တယ်၊ မနက်ဖြန်ကျရင် ဂုဏ်သရေရှိလူကြီးမင်း ဖြစ်တဲ့ အတွင်းရေးမှူးကျန်းလည်း ရှိနေမှာ မဟုတ်တော့ဘူးဆိုတော့ ငါတို့ ပိုပြီးတော့တောင် သောက်လို့ရသေးတယ်”

ငွေကြေး အချမ်းသာဆုံး ဖြစ်သည့် သူဌေးကြီး မစ္စတာဟုန်က နောက်ပြောင်လိုက်ရာ အတွင်းရေးမှူးကျန်းကလည်း ပြုံး၍တုံ့ပြန်လိုက်သည်။

"မင်းတို့လို စီးပွားရေးသမားတွေ... ကောင်းမှုကုသိုလ်တစ်ခုခုတော့ လုပ်ကြပါဦး!"

"ဟားဟားဟား!"

…

အခန်းပြင်သို့ ထွက်လာသောအခါ ကျိုးထျန်းသည် မလှမ်းမကမ်းရှိ ခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်နေကြသော အမျိုးသမီး သုံးယောက်ကို မြင်လိုက်ရသည်။

လျိုမုယန်၊ ကျောက်ရှင်းနှင့် ကျောက်ဖန် စသည့် အမျိုးသမီး သုံးယောက်စလုံးမှာ မပြန်ကြသေးဘဲ တံခါးအပြင်ဘက်တွင် သူ့ကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။

ကျောက်ရှင်းသည် နေ့ခင်းဘက်က ရိုက်ကူးရေးအတွက် မနက်စောစော ထခဲ့ရပုံရရာ ယခုအခါ လျိုမုယန်၏ပုခုံးပေါ်သို့ ခေါင်းတင်၍ အိပ်ပျော်နေခဲ့ပြီ ဖြစ်သည်။

အခြားသူဌေးကြီးများ အားလုံးက သူ့ထံသို့ အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

"ငယ်ရွယ်ရတာ တော်တော်ကောင်းတာပဲ၊ ကျန်းမာရေးကလည်း ကောင်းချက်ပဲ၊ လူ သုံးယောက်ကို တာဝန်ယူရတာတောင် မပင်ပန်းဘူးပဲ” မစ္စတာဟုန်က သူ့အား နောက်ပြောင်သော အပြုံးဖြင့် ကြည့်လိုက်သည်။

"မစ္စတာဟုန်... ခင်ဗျားက သူဌေးကြီးတစ်ယောက်ပဲလေ၊ အဓိပ္ပာယ်သက်ရောက်စေမယ့် စကားလုံးမျိုးတွေကို ရှောင်ပြီး စကားကို ပိုပြီးသတိထားပြောသင့်တာပေါ့”

ဤဖြစ်ရပ်အပြီးတွင် လူစုမှာ အချင်းချင်း ပိုမို ရင်းနှီးသွားကြသဖြင့် ကျိုးထျန်းကလည်း စနောက် လိုက်သည်။

"ငါ ဘာပြောလို့လဲ၊ မင်းလို လူငယ်တစ်ယောက်က ဘာဖြစ်လို့ ဒီလောက်တောင် ညစ်ပတ်တဲ့ အတွေးတွေ ရှိနေရတာလဲ၊ တစ်ယောက်နဲ့ သုံးယောက်ဆိုတာ ဒိုဒီကျူး (ဖဲကစားနည်း) ကစားသလိုမျိုးကို ပြောတာပါ၊ မင်းက ဘာကို ထင်နေတာလဲ”

မစ္စတာဟုန်က ရယ်မောလိုက်ရာ မစ္စတာဟန်လည်း ဝင်ရောက် ပြောဆိုလိုက်သည်။

"ဟုတ်တယ်၊ အဲဒါ ဒိုဒီကျူး ကစားတာပဲ၊ ဒါပေမဲ့ မစ္စတာဟုန်ကတော့ ဆော့နိုင်တော့မယ် မထင်ဘူး၊ သူက အလွန်ဆုံးရှိမှ တက္ကဆက် ဟိုးလ်ဒမ်ပဲ ဆော့နိုင်တော့မှာ၊ အဲဒါက တစ်မိနစ်ပဲ ကြာတာလေ... အရမ်းမြန်တယ်”

သူဌေးကြီးများသည် ပေါ့ပေါ့ပါးပါး နောက်ပြောင်စကားများ ပြောဆိုနေကြရာ ၎င်းက သူတို့ကို ပို၍ ရင်းနှီးသွားစေသကဲ့သို့ ဖြစ်စေသည်။

ကျိုးထျန်း ထွက်လာသည်ကို မြင်သောအခါ လျိုမုယန်သည် သူ့ထံသို့ လာရန် ချက်ချင်း ထရပ်လိုက်သော်လည်း သူမ၏ပုခုံးပေါ်တွင် လူတစ်ယောက် အိပ်ပျော်နေသည်ကို မေ့လျော့သွားခဲ့သည်။

သူမ ထရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်ရှင်း၏ ခေါင်းမှာ ကုလားထိုင်နှင့် စောင့်မိသွားတော့သည်။

"အား... မုယန်... နင်ကတော့ သူငယ်ချင်းထက် ရည်းစားကိုပိုပြီး ဦးစားပေးတာပဲ”

သူမက သူမ၏ ခေါင်းကို ကိုင်ရင်း မကျေနပ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

All Chapters