အခန်း ၂၂၇
Vol. 23 Ch. 227
🍋 Chapter 227
ကျိုးထျန်းသည်လည်း အခြားသူများနည်းတူ ထိုဝတုတ်ကို အံ့အားသင့်စွာ ကြည့်နေမိပြီး သူ ဘာကို ဆိုလိုချင်မှန်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။
"ချာတိတ်ချောင်... မင်းကလည်း ငါတို့ကို ဘာလို့ ဒီလောက် ဝေခွဲမရအောင် လုပ်နေတာလဲ၊ မြန်မြန်ပြောစမ်းပါဦး၊ မင်း ဘာတွေသိလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ"
အသက်အရွယ်ရော ဂုဏ်သရေပါ အမြင့်ဆုံးဖြစ်သည့် ဥက္ကဋ္ဌဟုန်က လှမ်းမေးလိုက်သည်။
"ဟင်း... ဒါက တခြားသူတွေရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်နေလို့ ကျွန်တော်လည်း အသေးစိတ်တော့ ပြောလို့မရဘူးဗျ"
ဝတုတ်လေးက ထိုသို့ပြောပြီးနောက် မျက်နှာအမူအရာက သိသိသာသာ တည်ကြည်သွားပြီး အနည်းငယ် တုံ့ဆိုင်းနေဟန် ပြုလိုက်သည်။
"လူကြီးမင်းတို့လည်း သိကြတဲ့အတိုင်း ကျွန်တော့်မိသားစုက မြို့တော်မှာ ရှိတာလေ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် အိမ်မှာ အဘိုးနဲ့အတူ လက်ဖက်ရည်သောက်နေတုန်း... တခြားမိသားစုက အသိတစ်ယောက် ကျွန်တော့်အဘိုးဆီ ရောက်လာတယ်"
"သူတို့က သူတို့အကြီးအကဲက ကျွန်တော့်အဘိုးကို အိမ်မှာ ညစာစားဖို့ ဖိတ်တယ်လို့ ပြောတယ်"
"ပွဲတော်ရက်လည်း မဟုတ်ဘဲနဲ့ ရုတ်တရက်ကြီး ကျွန်တော့်အဘိုးကို လာဖိတ်တာဆိုတော့ ဒါက အတော်လေး ရှားမှရှားပဲ"
"ဒါ့အပြင် အဲဒီအဘိုးကြီးနဲ့ ကျွန်တော့်အဘိုးက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့ဖူးပေမဲ့ သူက ပိုပြီး အသက်ကြီးသလို ရာထူးလည်း ပိုမြင့်တော့ အကြီးအကဲတစ်ယောက်လို့ ပြောရမယ်၊ ဒါကြောင့် ငြင်းဖို့က မသင့်တော်ဘူးလေ"
ထိုအဘိုးကြီးအကြောင်းကို ပြောသည့်အခါ ဝတုတ်လေး၏ အသုံးအနှုန်းများက ပိုမိုသတိကြီးရွံ့ရိုသေလာသည်။
သူက ကျောပြင်ကို မတ်မတ်ဆန့်၍ ထိုင်လိုက်၏။
ဤသည်မှာ တမင်သက်သက် လုပ်ပြခြင်းမဟုတ်ဘဲ မသိစိတ်က ဖြစ်ပေါ်လာသည့် အပြုအမူတစ်ခုဖြစ်ရာ ထိုအဘိုးကြီး၏ အဆင့်အတန်း မည်မျှမြင့်မားကြောင်း ပြသရန် လုံလောက်လှသည်။
"ဒါပေမဲ့ အဲဒီအဘိုးကြီးရဲ့ ကျန်းမာရေးက မကောင်းတာ နှစ်အတော်ကြာပြီ၊ ပြီးတော့ သူက စားသောက်ပွဲ မလုပ်ဖြစ်တာလည်း ကြာပြီဆိုတော့ ကျွန်တော်လည်း ထူးဆန်းတယ်လို့ ထင်မိတာပေါ့"
"ဒါကြောင့် အဘိုး ပွဲကနေ ပြန်လာတဲ့အခါ ကျွန်တော် သီးသန့် သွားမေးကြည့်လိုက်တယ်"
"တကယ်တော့ သူတို့မိသားစုမှာ ဝမ်းသာစရာ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တာတဲ့၊ အဘိုးကြီးမှာ နှစ်ရှည်လများ ဖြစ်နေတဲ့ ရင်ဘတ်အောင့်ဝေဒနာက သက်သာသွားလို့ စိတ်ခံစားချက် အရမ်းကောင်းနေတာ”
“အရင်က အိပ်ရာထဲမှာပဲ လှဲပြီး ဆေးကုသမှု ခံယူနေရတာကနေ အခုဆို အိပ်ရာကပါ ထနိုင်နေပြီတဲ့"
ဝတုတ်လေးက ဝမ်းသာအားရသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
သူတို့၏ အကြီးအကဲဟောင်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခြင်းက သူတို့မိသားစုအတွက် အကျိုးရှိပေသည်၊ အဆုံးသတ်တွင် သူတို့နှင့် ဆက်ဆံရေး ကောင်းမွန်သည် မဟုတ်ပါလား။
ထို့ပြင် ဤကဲ့သို့ အဆင့်အတန်းနှင့် ရာထူးမျိုးရှိသည့် သက်ကြီးရွယ်အိုများမှာ ပို၍ပင် နည်းပါးလာရာ တစ်ရက်မျှ ပို၍ အသက်ရှည်နေခြင်းကပင် တစ်မိသားစုလုံးအတွက် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်သည်။
ယခုကဲ့သို့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့် အချိန်မျိုးတွင်မူ ဆိုဖွယ်ရာ မရှိတော့ပေ။
ဤအကြောင်းကြောင့်ပင် သူတို့မိသားစုက မိတ်ဆွေဟောင်း အချို့ကို ဖိတ်ကြား၍ ဧည့်ခံခဲ့ခြင်း ဖြစ်သည်။
"ဒါပေမဲ့ အဲဒါက ရှောင်ကျိုးနဲ့ ဘာဆိုင်လို့လဲ" ဥက္ကဋ္ဌဟုန်ကမူ အခုထိ နားမလည်နိုင်သေးပေ။
"ဟဲဟဲ... အဲဒီအဘိုးကြီးရဲ့ ရင်ဘတ်အောင့်ဝေဒနာကို ပျောက်ကင်းအောင် လုပ်ပေးခဲ့တာက ဥက္ကဋ္ဌကျိုး ဖြစ်နေလို့ပေါ့"
ကျိုးထျန်းသည် မိမိကိုယ်ကိုယ် ပြန်ညွှန်ပြရင်း မယုံကြည်နိုင်လောက်သော မျက်နှာအမူအရာဖြင့် ရေရွတ်လိုက်သည်။
"ငါလား"
"မင်းပဲလေ" ဝတုတ်လေးက သူ့ပခုံးကို ပုတ်လိုက်သည်။
"ဒါက ဘာလဲဆိုတာတော့ ကျွန်တော် ပြောလို့မရဘူး၊ လျှို့ဝှက်ချက်မို့လို့ပဲ၊ တစ်ယောက်ယောက်ကို သွားပြောရင် ကျွန်တော့်အဘိုးက ကျွန်တော့်နားရွက်ကို ဆွဲလိမ်ပစ်လိမ့်မယ်"
ဝတုတ်က သူ့နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ၁၉ နှစ်က... နန်ဟေပြည်နယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးထျန်းသည် မည်သို့ဖြစ်ပျက်ခဲ့သည်ကို ချက်ချင်း သဘောပေါက်သွားပြီး ယခုမှပင် အရာအားလုံးကို နားလည်သွားသည့် အမူအရာမျိုး ဖြစ်သွားခဲ့သည်။
အခြားသူများမှာမူ ဆက်လက်နားထောင်ချင်ဇောဖြင့် ယားကျိကျိ ဖြစ်နေကြသော်လည်း အချို့သောအရာများကို မသိခြင်းက ပိုကောင်းကြောင်း၊ သိရှိသွားပါက ဘေးဒုက္ခ ဖြစ်လာနိုင်ကြောင်းကို နားလည်ထားကြသည်။
သို့သော် သူတို့အားလုံး တစ်ချက်ကိုတော့ သေချာပေါက် သဘောပေါက်လိုက်ကြသည်။
ဤလူငယ်လေးသည် ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ဦးအတွက် ကြီးမားလှသော ကျေးဇူးကို ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
ဤအချက်က သူတို့၏ မျက်လုံးထဲတွင် ကျိုးထျန်း၏တန်ဖိုးကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။
မူလကမူ သူသည် စီးပွားရေးလောကတွင် ထွန်းသစ်စ လူငယ်တစ်ဦးသာ ဖြစ်ပြီး အနာဂတ်တွင် အလားအလာ ရှိနိုင်သော်လည်း သူတို့၏ အဆင့်အတန်းသို့ ရောက်ရှိရန်မှာမူ မလွယ်ကူလှဟု ထင်မြင်ခဲ့ကြသည်။
ထို့ပြင် သူတို့က ကျိုးထျန်းနှင့် ဆက်ဆံရခြင်းမှာလည်း ထိုဝတုတ်လေးကြောင့်သာ ဖြစ်ပြီး၊ ထိုကောင်လေး၏ မိသားစုနောက်ခံကြောင့်သာ သူတို့က ထောက်ပံ့ပေးချင်ကြခြင်း ဖြစ်ရာ ကျိုးထျန်းမှာ ဘေးကနေ အကျိုးအမြတ် ရရှိသွားခြင်း ဖြစ်သည်။
ယခုမူ ပုံစံချင်း မတူတော့ပေ။
ကျိုးထျန်းသည် အထိပ်တန်း ပုဂ္ဂိုလ်ကြီးတစ်ဦးကို ကူညီပေးခဲ့ခြင်း ဖြစ်ရာ ဤကဲ့သို့သော ကျေးဇူးတရားမျိုးကို သာမန်လူများအနေဖြင့် ဘဝရှစ်ခုစာ ကြိုးစားလျှင်ပင် ရရှိနိုင်မည် မဟုတ်ပေ။
ဤကျေးဇူးတရား ရှိနေသရွေ့နှင့် ကျိုးထျန်းအနေဖြင့် မည်သည့်ရာဇဝတ်မှုမျှ ကျူးလွန်ခြင်း မရှိပါက အနာဂတ်တွင် သူတို့၏ အဆင့်အတန်းသို့ ရောက်ရှိရန် သို့မဟုတ် ကျော်လွန်သွားရန် အခွင့်အလမ်းက များစွာပိုမိုမြင့်မားသွားခဲ့ပြီ ဖြစ်သည်။
သူက ပိုကံကောင်းပြီး ထိုဩဇာအာဏာကြီးမားသူကို ဆက်လက် အားကိုးခွင့် ရရှိမည်ဆိုပါက အနာဂတ်တွင် သူတို့ကိုယ်တိုင်ပင် ကျိုးထျန်း၏အကူအညီကို ယူရပေလိမ့်မည်။
ဥက္ကဋ္ဌကြီးများသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး အခြေအနေကို အကဲခတ်မိသွားကြသည်။
သူတို့အားလုံး ပြုံးလိုက်ကြပြီး သူတို့၏ဝိုင်ခွက်များကို မြှောက်လိုက်ကြ၏။
"မစ္စတာကျိုးက တကယ့်ကို ကံထူးရှင်ပဲ၊ ကျွန်တော်တို့ တကယ် အားကျမိပါတယ်၊ လာ... အားလုံးပဲ မစ္စတာကျိုးကို ဂုဏ်ပြုတဲ့အနေနဲ့ အတူတူ သောက်ကြရအောင်"
ကျိုးထျန်းသည်လည်း ၎င်းတို့အား တုံ့ပြန်ရန်အတွက် သူ့ခွက်ကို ချက်ချင်း ကောက်ကိုင်လိုက်သော်လည်း စိတ်ထဲတွင်မူ တွေးတောနေမိသည်။
‘ဒီလူတွေက တကယ့် စီးပွားရေးသမားကြီးတွေပဲ၊ မျက်နှာပြောင်းတာ အတော်လေးမြန်တာပဲ၊ ခုနတင် ငါ့ကို ရှောင်ကျိုးလို့ ခေါ်နေပြီး အခုကျတော့ မစ္စတာကျိုးတဲ့’
‘ဒါပေမဲ့ ငါ တကယ်ပဲ ဘယ်သူ့ကို ကူညီခဲ့မိလဲဆိုတာ အခုထိ မသိသေးဘူး၊ ပွဲပြီးရင်တော့ အဲဒီဝတုတ်ကို မေးကြည့်ရမယ်၊ သူကတော့ သေချာပေါက် သိမှာပဲ’
ထိုဥက္ကဋ္ဌကြီးများသည် ဝိုင်ခွက်များဖြင့် ဂါရဝပြုရုံသာမက သူတို့၏ ထိုင်ခုံများကိုပါ ဖယ်ပေးကြပြီး၊ ကျိုးထျန်းနှင့် မုယန်တို့ကို ဝတုတ်လေးနှင့်အတူ ဝိုင်း၏ထိပ်ဆုံးနေရာတွင် ထိုင်ရန် စီစဉ်ပေးခဲ့ကြသည်။
ဤကဲ့သို့ ဧည့်ခံကြိုဆိုမှုမှာ ကောင်းကင်ဘုံသို့ ရောက်ရှိသွားသကဲ့သို့ပင်။
လူတိုင်းက သူ့ကို "ဥက္ကဋ္ဌကျိုး" ဟု ခေါ်ဆိုကြပြီး၊ နှစ်ပေါင်း ၄၀ သက်တမ်းရှိ ဝိုင်များကို တစ်ခွက်ပြီးတစ်ခွက် မော့ချနေကြရာ နာရီဝက်ခန့်အကြာတွင်ပင် သူ အနည်းငယ် မူးဝေလာခဲ့သည်။
ဝိုင်သောက်တာ များလို့ မဟုတ်ဘဲ မြှောက်ပင့်လွန်းလို့ မူးနောက်သွားခြင်း ဖြစ်သည်။
‘သူဌေးတွေ ဘာလို့ ဒီလောက်အထိ ဘဝင်မြင့်ပြီး မာနကြီးနေကြလဲဆိုတာ မဆန်းတော့ဘူးပဲ၊ ဘေးပတ်ဝန်းကျင်က လူတိုင်းက ဖားနေကြတာကိုး၊ ငါသာ သူတို့နေရာမှာဆိုရင်လည်း ဘဝင်မြင့်မိမှာပဲ’
သူ့မှာ အိမ်သာသွားချင်သည်ဟု အကြောင်းပြရန်ပင် အခွင့်အရေး မရခဲ့ချေ၊ ဤအဘိုးကြီးများက စကားအပြောအဆို အလွန်ကောင်းမွန်ပြီး ဝိုင်းတိုက်နေကြသဖြင့် သူ မည်သို့မျှ ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။
သူ အနည်းငယ် မူးနောက်နေစဉ်မှာပင် သီးသန့်ခန်း၏ တံခါးဝဆီမှ ခြေသံများနှင့်အတူ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လူတိုင်း ဝိုင်သောက်ခြင်းကို ရပ်တန့်လိုက်ကြသည်။
ကျိုးထျန်းသည် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ စွပ်ပြုတ်တစ်ပန်းကန်ကို ချက်ချင်း ကောက်ယူ၍ ဗိုက်ထဲမှ အယ်လ်ကိုဟောများကို လျော့ပါးသွားစေရန် အလျင်အမြန် မော့သောက်လိုက်သည်။
တံခါးခေါက်သံ ရပ်တန့်သွားပြီးနောက် တံခါးက ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည်။
အပြင်ဘက်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူဌေးကြီးများအားလုံး ထိတ်လန့်အံ့ဩသွားကြသည်။
တံခါးဝတွင် လူပေါင်း တစ်ဒါဇင်ကျော် မတ်တပ်ရပ်နေကြခြင်း ဖြစ်သည်။
ထိုအရာက သူတို့ မြင်တွေ့နိုင်သည့် အရေအတွက်သာ ဖြစ်ပြီး ၎င်းတို့၏ နောက်ကွယ်တွင်လည်း လူအများအပြား ရှိနေသေးသည်။
"မင်းတို့ ဘာလုပ်မလို့လဲ"
မနေ့က လူတစ်စု ရုတ်တရက် တိုးဝင်လာသည့် စိတ်ဒဏ်ရာကြောင့် သူတို့အားလုံးမှာ လန့်ဖျန့်နေသည့် ငှက်ငယ်လေးများကဲ့သို့ ဖြစ်နေကြသည်။
ကျိုးထျန်းသည်လည်း လန့်သွားခဲ့သည်။ အကယ်၍ လူတိုင်းတွင် ဝိုင်ခွက်ကိုယ်စီ ကိုင်ထားသည်ကို မမြင်မိပါက တစ်စုံတစ်ယောက်က ထပ်မံ၍ ပြဿနာရှာရန် ရောက်လာသည်ဟု ထင်မှတ်မိပေလိမ့်မည်။
"မင်းတို့အားလုံး ဒီကို ဘာလာလုပ်ကြတာလဲ..." သူက မတ်တပ်ရပ်လိုက်ပြီး သေချာစွာ လှည့်ပတ်ကြည့်ရှုရာ ရင်းနှီးသော မျက်နှာအချို့ကို မှတ်မိသွားခဲ့သည်။
ဒါရိုက်တာကျန်းလည်း ရှိနေသလို မနေ့က အတူတူ ထမင်းစားခဲ့သည့် အနုပညာရှင်များလည်း ပါဝင်နေသည်။
"ဥက္ကဋ္ဌကျိုး... ကျွန်တော်တို့ ဥက္ကဋ္ဌကျိုး ဒီမှာ ညစာစားနေတယ်လို့ ကြားလို့၊ အားလုံးပဲ ဝိုင်ခွက်နဲ့ ဂါရဝပြုဖို့ လာခဲ့ကြတာပါ"
ဒါရိုက်တာကျန်းက အသက်အရွယ် ပိုကြီးသူဖြစ်ရာ လူတိုင်းအတွက် ကိုယ်စားပြု၍ စကားပြောလိုက်သည်။
"ဪ... ဂါရဝပြုမလို့လား၊ ကောင်းပါပြီ၊ ဒါပေမဲ့ ဒီလောက် လူအများကြီးနဲ့တော့ ငါ တစ်ယောက်ချင်းစီ မသောက်နိုင်ဘူး၊ အားလုံးပဲ အတူတူ သောက်ကြတာပေါ့၊ ဒါနဲ့ မင်းတို့ စုစုပေါင်း ဘယ်နှယောက်တောင် ရှိလဲ"
ဒါရိုက်တာကျန်းက သူ့နောက်ကွယ်ရှိ လျှောက်လမ်းဆီသို့ လှည့်ကြည့်လိုက်ပြီး အကြမ်းဖျင်း ရေတွက်လိုက်သည်။
"သိပ်မများပါဘူး၊ ရာဂဏန်းလောက်ပါပဲ"
ကျိုးထျန်း၏ မျက်နှာကြွက်သားများ တွန့်ရှုံ့သွားခဲ့သည်။
တစ်ရာကျော်တာကို မများဘူးတဲ့လား။
"ကောင်းပြီ... ကောင်းပြီ၊ မင်းတို့ အသုတ်လိုက် ခွဲဝင်ခဲ့ကြပါ၊ ဒီသီးသန့်ခန်းက အားလုံးကို ဆံ့မှာ မဟုတ်ဘူး"
"ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ အသုတ်လိုက် ခွဲဝင်ပါ့မယ်၊ နောက်ကလူတွေ တန်းစီထားကြ၊ မတိုးကြနဲ့ဦး"
ဒါရိုက်တာကျန်းက လက်မှတ်ရောင်းသူတစ်ဦးကဲ့သို့ လူဦးရေကို ရေတွက်ကာ အထဲသို့ ပေးဝင်နေတော့သည်။
"၁၀... ၁၁... ၁၂... ၁၃... ၁၄... ၁၅... တော်ပြီ၊ ကျန်တဲ့လူတွေ နောက်တစ်သုတ်မှ ဝင်" ဒါရိုက်တာကျန်းက ဆက်လက်ဝင်ရောက်ချင်နေသည့် လူများကို တားဆီးလိုက်သည်။
ကျိုးထျန်းသည် သူ၏ အမူအရာကို ကြည့်ပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့သည်။ သူ ချန်ဒူးရှိ ပန်ဒါဝက်ဝံဂေဟာသို့ သွားခဲ့စဉ်က မြင်ကွင်းကို ပြန်လည်အမှတ်ရမိသွားသည်။
ယခုမူ သူကိုယ်တိုင်က ပန်ဒါဝက်ဝံ ဖြစ်နေပြီး လူတိုင်း၏ အလှည့်ကျ ကြည့်ရှုခြင်းကို ခံနေရခြင်း ဖြစ်သည်။
‘ကဲ... ကောင်းပြီ၊ လူ ၁၅ ယောက် အတူတူ ဂါရဝပြုတာက တကယ့်ကို မြင်ကွင်းကျယ်ကြီးပဲ၊ ဒီကောင်တွေ နှစ်သစ်ကူး နှုတ်ခွန်းဆက်သဖို့ လာကြတာနဲ့တောင် တူနေပြီ’
ထိုလူ ၁၅ ယောက်က ဦးညွှတ်လိုက်ကြပြီးနောက် တပြိုင်နက်တည်း ဆိုလိုက်ကြသည်။
"ဥက္ကဋ္ဌကျိုး... စီးပွားရေးတွေ ဒီထက်မက အောင်မြင်ဖြစ်ထွန်းပြီး ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်"
သူတို့၏ အသံများက ကောင်းမွန်စွာ ညီညာနေကြရာ သေချာပေါက် ဇာတ်တိုက်ထားခြင်း ဖြစ်ပေလိမ့်မည်။
ကျိုးထျန်းသည် ဘာပြောရမှန်း မသိတော့သဖြင့် လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။
"ထကြပါ"