← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

🍋 Chapter 229

"မစ္စတာကျိုး... မနေ့ညက ကျွန်တော်တို့ ဧည့်ခံကျွေးမွေးမှု အားနည်းခဲ့တဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ"

ဒါရိုက်တာကျန်းမှ ရှေ့သို့တစ်လှမ်းတိုးကာ စားပွဲဝိုင်းရှိ လူများကို ပြုံးပြလိုက်သည်။

သူသည် ဤဝိုင်းတွင် ထိုင်နေသည့် လူတိုင်းမှာ အဆင့်အတန်း မြင့်မားသူများဖြစ်ပြီး မိမိအနေဖြင့် မည်သူ့ကိုမျှ မပြစ်မှားရဲကြောင်း ကောင်းစွာ သိရှိထားသည်။

သူက ကျိုးထျန်း၏ သဘောထားကို စမ်းသပ်ရန်အတွက် တမင်သက်သက် တောင်းပန်စကား ဆိုလိုက်ခြင်း ဖြစ်သည်။

ကျိုးထျန်းက ပြုံးလိုက်ပြီး ရှေ့သို့တိုးကာ ဒါရိုက်တာကျန်း၏ လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်၏။

"ဒါရိုက်တာကျန်းကလည်း အားနာစရာကြီးဗျာ၊ ဧည့်ခံမှု အားနည်းတယ်ဆိုတာ ဘာကို ပြောတာလဲ၊ ကျွန်တော်တို့ အတော်လေး ကောင်းကောင်းမွန်မွန် စားခဲ့ရပါတယ်၊ တချို့လူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရုံပဲ ရှိတာပါ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး... အဲဒီလိုလူမျိုးတွေ အခုမရှိတော့ဘူးလေ"

ထိုစကားကို ကြားလိုက်ရသောအခါ ဒါရိုက်တာကျန်းသည် ကျောရိုးတစ်လျှောက် စိမ့်ခနဲ ချမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

‘အဲဒီလိုလူမျိုးတွေ အခုမရှိတော့ဘူးလေတဲ့’

ဤစကားလုံးများက ဝိုင်ခွက်ဖြင့် ဂါရဝပြုရန် ရောက်ရှိနေကြသည့် အမျိုးသား၊ အမျိုးသမီး အားလုံး၏ နှလုံးသားကို သံချွန်ဖြင့် ထိုးဆစ်လိုက်သကဲ့သို့ အေးစိမ့်သွားစေခဲ့သည်။

အဘိုးကြီးကျန်း၏ နဖူးပြင်ပေါ်တွင် ချက်ချင်းပင် ချွေးစေးများ ပြန်လာခဲ့ပြီး ဝိုင်ခွက်ကို ကိုင်ထားသည့် သူ့လက်များမှာလည်း အနည်းငယ် တုန်ရင်နေခဲ့သည်။

ကျိုးထျန်းက ဆက်လက်၍

"ဒါရိုက်တာကျန်း... နောက်မှ ကျွန်တော်တို့ အတူတူ ထမင်းပြန်စားကြတာပေါ့"

သူက အဘိုးကြီးကျန်း၏ ပခုံးကို ပုတ်လိုက်ပြီးနောက် မိမိထိုင်ခုံသို့ ပြန်လည်ထိုင်လိုက်သည်။

ယခုမှပင် ဒါရိုက်တာကျန်းတစ်ယောက် စိတ်အေးသွားတော့သည်။

တစ်ဖက်လူ၏ စကားအရ ဆက်ဆံရေး ပြန်လည်တည်ဆောက်လိုသည့် သဘောကို ဖော်ပြနေခြင်းဖြစ်ရာ မနေ့က ကိစ္စများ ပြီးဆုံးသွားပြီဟု ဆိုလိုခြင်း ဖြစ်သည်။

သူက လှည့်၍ လူတိုင်းကို စိတ်အေးရန် အချက်ပြလိုက်သဖြင့် အားလုံးက သက်ပြင်းချနိုင်ခဲ့ကြတော့သည်။

အမှန်စင်စစ် မနေ့က ကျိုးထျန်း၏ အစီအစဉ်အရ သူသည် ထိုအနုပညာရှင်များအပေါ် အတော်လေး စိတ်ပျက်သွားခဲ့သဖြင့် ၎င်းတို့နှင့် မည်သည့် ဆက်ဆံရေးမျိုးမျှ ဆက်လက်ထားရှိရန် ရည်ရွယ်ချက် မရှိခဲ့ချေ။

သို့သော် ယခုမူ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ချိုးလန် မရှိတော့ရာ ဤဖြစ်ရပ်ကြောင့် ဟန်တျန်းရှိ လူတိုင်းက သူ့အမည်ကို သိရှိသွားကြပြီ ဖြစ်သည်။

ဦးနှောက်ရှိသည့် ဘယ်သူမဆို ရှန်ဟိုင်းမှ မစ္စတာကျိုးဆိုသည်မှာ လွယ်လွယ်နှင့် စနောက်၍ရသည့် လူစားမျိုးမဟုတ်ကြောင်း သိရှိသွားကြသဖြင့် သူတို့အားလုံး လာရောက်၍ သစ္စာခံကြခြင်း ဖြစ်သည်။

၎င်းတို့ဘက်မှ အညံ့ခံသည့် အရိပ်အယောင် ပြသလာပြီးဖြစ်ရာ အငြိုးအတေး ထားရှိနေရန် မလိုတော့ချေ။

မူလကပင် ကြီးမားသော ရန်ငြိုးမရှိခဲ့သဖြင့် ၎င်းတို့၏ ရိုသေမှုကို လက်ခံလိုက်ခြင်းက ပို၍ ကောင်းမွန်ပေသည်။

ထို့ပြင် သူသည် ‌ကျောက်မိသားစု၏ ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေး အတွက်လည်း ထည့်သွင်းစဉ်းစားနေခြင်း ဖြစ်သည်။

သူ့အမည်မှာ အဖွဲ့ထဲတွင် ရှိနေသရွေ့ ဟန်တျန်းရှိ မည်သူကမျှ ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေးကို ရန်စရဲကြမည် မဟုတ်တော့ချေ၊ လူများအနေဖြင့် အလွန်ဆုံး ရှိလှလျှင်မူ ကြောက်ရွံ့ရိုသေရုံသာ ရှိပေလိမ့်မည်။

သို့သော် ယခုအခါတွင်မူ သူသည် အနုပညာရှင်များ၏ ဂါရဝပြုခြင်းကို လက်ခံလိုက်ပြီဖြစ်ရာ ထိုလူများအနေဖြင့် လိုအပ်သည့်အချိန်တွင် ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေးကို မဖြစ်မနေ ကူညီပေးကြရပေလိမ့်မည်။

ဤသည်မှာ ထိုငတုံးမ ကျောက်ရှင်းကို ကူညီပေးရာလည်း ရောက်ပေသည်။

လူတစ်စုက ဂါရဝပြုပြီးသွားသည်နှင့် နောက်တစ်သုတ်က ချက်ချင်း ဝင်ရောက်လာခဲ့သည်။

ဒါရိုက်တာကျန်း တစ်ယောက်သာ အပြင်တွင် ကျန်ရစ်ခဲ့ပြီး ဘေးကနေ အစီအစဉ်တကျဖြစ်အောင် ထိန်းသိမ်းပေးနေခဲ့သည်။

ဤမြင်ကွင်းကို ကြည့်ပြီး ဥက္ကဋ္ဌဟုန်နှင့် ဥက္ကဋ္ဌဟန်တို့မှာ ဆွံ့အသွားခဲ့ကြရသည်။

သူတို့ကိုယ်တိုင်ပင် ဤကဲ့သို့သော ဧည့်ခံမှုကို တစ်ခါမျှ မကြုံတွေ့ဖူးချေ။

ဝိုင်ခွက်ဖြင့် ဂါရဝပြုရန် တန်းစီနေကြခြင်း ဖြစ်ပြီး သူတို့ ဝင်ရောက်လာသည့် အရှိန်အဟုန်အရ ကြည့်ရသည်မှာ ကြိုတင်၍ တိုကင်နံပါတ် ယူထားကြသကဲ့သို့ပင် ထင်မှတ်ရသည်။

ပဉ္စမမြောက် လူစု ရောက်ရှိလာသည့် အချိန်တွင်မူ အလွန် နေရခက်စရာကောင်းသော အသေးအဖွဲ ကိစ္စလေးတစ်ခု ဖြစ်ပွားခဲ့သည်။

ဂါရဝပြုနေသည့် လူတစ်ဒါဇင်ကျော်ထဲတွင် အလွန် ရင်းနှီးကျွမ်းဝင်နေသည့် မင်းသားတစ်ယောက် ပါဝင်နေခဲ့သည်။

ကျိုးထျန်းကမူ ပထမတွင် သတိမထားမိခဲ့ချေ၊ အဘယ်ကြောင့်ဆိုသော် ရောက်ရှိလာသူ အများစုမှာ တီဗီနှင့် ရုပ်ရှင်များတွင် အကြိမ်ကြိမ် မြင်တွေ့ဖူးသည့် ရင်းနှီးပြီးသား မျက်နှာများ ဖြစ်နေကြသောကြောင့် ဖြစ်သည်။

သို့သော် ဤမင်းသားကမူ အခြားသူများနှင့် မတူပေ။ သူသည် စားပွဲဝိုင်းနားသို့ ရောက်ရှိလာသည့် အခါတွင် သိသိသာသာ တုံ့ဆိုင်းသွားပြီး ကျိုးထျန်း၏ ဘေးနားသို့ လှမ်းကြည့်လိုက်သည်။

သူ့အကြည့်နောက်သို့ လိုက်၍ ကျိုးထျန်းက သူ့ဘေးတွင် ထိုင်နေသည့် ဝတုတ်လေးနှင့် သူခေါ်ဆောင်လာသည့် မင်းသမီးကို လှမ်းကြည့်လိုက်၏။

၎င်းတို့ကို မြင်လိုက်ရသောအခါမှပင် ကျိုးထျန်းမှ သတိရသွားခဲ့ပြီး သူ့ မျက်နှာအမူအရာမှာ ထူးဆန်းသွားသည်။

ဝတုတ်လေး၏ ဘေးရှိ မင်းသမီးမှာ အနေရခက်စွာဖြင့် တစ်ရှူးကို ကောက်ယူကာ ပါးစပ်သုတ်နေဟန် ပြုလုပ်လိုက်သော်လည်း အမှန်စင်စစ်မူ သူမ မျက်နှာကို ကွယ်ဝှက်ထားခြင်း ဖြစ်သည်။

ဂါရဝပြုရန် ရောက်ရှိနေသည့် မင်းသားကလည်း ခေါင်းကို ငုံ့ထားလိုက်၏။

"ဒါကတော့ တကယ့်ကို ရယ်စရာပဲ..."

ကျိုးထျန်း မချင့်မရဲဖြင့် ရေရွတ်လိုက်ပြီး ဝတုတ်လေးကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဤမင်းသားသည် ဝတုတ်လေးဘေးရှိ မင်းသမီး၏ ခင်ပွန်းဖြစ်ပြီး ၎င်းတို့ လက်ထပ်ခဲ့ကြသည်မှာ လအနည်းငယ်မျှသာ ရှိသေးခြင်း ဖြစ်သည်။

ကျိုးထျန်းသည် မင်းသား၏ ဦးခေါင်းထက်တွင် မရိတ်သိမ်းရသေးသည့် စပါးခင်းကြီးကဲ့သို့ စိမ်းလန်းစိုပြည်နေပြီ (လင်ရှိလျက် ဖောက်ပြန်ခြင်း ခံထားရသည်) ဟု ခံစားလိုက်ရသည်။

သို့သော် ထိုဇနီးမောင်နှံနှစ်ဦးမှာ အတော်လေး နားလည်မှု ရှိကြပေသည်။

နှစ်ဦးစလုံးက တစ်ယောက်ကိုတစ်ယောက် မမြင်ချင်ယောင်ဆောင်ထားကြပြီး မျက်နှာပင် နီရဲခြင်း မရှိကြချေ။

ကျိုးထျန်းကမူ အတော်လေး နေရခက်နေခဲ့သည်။

သူက ဝတုတ်လေးကို ခြေထောက်ဖြင့် တစ်ချက် လှမ်းကန်လိုက်ရာ အပြစ်ကင်းစင်ဟန်ပြသော မျက်လုံးများဖြင့်သာ ပြန်လည် အကြည့်ခံလိုက်ရသည်။

‘ကဲ... ကောင်းပါပြီ၊ မင်းတို့နှစ်ယောက်စလုံးက တကယ့် ကစားသမားတွေပဲ၊ ငါကပဲ အတွေးအခေါ် ခေတ်နောက်ကျနေတာ ဟုတ်ပြီလား’

သူသည် အလိုလိုနေရင်း ခေါင်းကိုသာ ခါယမ်းမိပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်မိတော့သည်။

သူတို့က သရုပ်ဆောင်တွေ ဖြစ်နေတာ မဆန်းတော့ပါဘူးပဲ၊ သရုပ်ဆောင်ချက်က တကယ့်ကို အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်လွန်းလှသည်။

သူတို့ အိမ်ပြန်ရောက်သည့် အခါတွင်လည်း ဤအကြောင်းကို ထည့်ပြောကြမည်မဟုတ်ဘဲ ဤနေရာတွင် မဆုံတွေ့ခဲ့ဖူးသကဲ့သို့သာ ပြုမူကြပေလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

ဤလောကတွင် တစ်ယောက်ကိုတစ်ယောက် ဖောက်ပြန်ကြခြင်းမှာ ရိုးအီနေသည့် ကိစ္စတစ်ခုဖြစ်ပြီး သူတို့က လုံးဝ ဂရုစိုက်ကြမည်မဟုတ်ချေ။

‘ဒါကို ဖောက်ပြန်တယ်လို့ မခေါ်ပါဘူး၊ သူတို့က ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် သရုပ်ဆောင်နေကြတာ’

ဤသို့ ရှင်းပြလိုက်ခြင်းက ပိုယုတ္တိတန်နေသေးသည်။

ကျိုးထျန်းသည် မိမိ၏ အတွေးအခေါ် စံနှုန်းများမှာ ဟန်တျန်း၏မြေအောက်ရေပြင် (ပတ်ဝန်းကျင်) နှင့် ကိုက်ညီမှုမရှိဟု ခံစားရသဖြင့် အနာဂတ်တွင် ဤနေရာသို့ လာရောက်ခြင်းကို လျှော့ချရမည်ဟု တွေးတောလိုက်သည်။

အခြားတစ်ဖက်ကနေ ပြန်လည်စဉ်းစားကြည့်လျှင် ကျောက်ရှင်းသည် ဟန်တျန်းတွင် တကယ့်ကို ရှားပါးသည့် မျိုးစိတ်တစ်ခု ဖြစ်ပေလိမ့်မည်။

သူမသည် အကွက်မများသလို မိမိ၏ခံစားချက်အမှန်ကိုလည်း ဖုံးကွယ်ထားတတ်သူ မဟုတ်ချေ။

သူက ပြုံးရင်း ခေါင်းကို ခါယမ်းလိုက်သည်။

ကာယကံရှင်တွေကပင် ဂရုမစိုက်ကြသည့်အတွက် အပြင်လူဖြစ်သည့် သူက ဘာလို့ နေရခက်နေရပါမည်နည်း၊ ထိုသို့ ဖြစ်နေရန် မလိုအပ်ချေ။

လူတိုင်းကို ဂါရဝပြုပြီးနောက် လူပေါင်း တစ်ရာကျော်ရှိသည့် ထိုလူစုမှာ အတူတူ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။ အဆုံးသတ်တွင် လျှောက်လမ်း၌ လူအမြောက်အမြား စုပြုံနေခြင်းက ကြည့်ရဆိုးစေသောကြောင့် ဖြစ်သည်။

သူတို့ ထွက်ခွာခါနီး အချိန်တွင်ပင် ကျိုးထျန်း ရုတ်တရက် လှမ်းပြောလိုက်သည်။

"ခဏလောက် စောင့်ပါဦး"

ဒါရိုက်တာကျန်းက ပထမဆုံး လှည့်ကြည့်လိုက်ပြီး သူ့ကို လေးစားစွာ ကြည့်လိုက်၏။

"မစ္စတာကျိုး... ဘာများ မှာမလို့လဲခင်ဗျာ"

"နောက်ထပ် ဆယ်ရက်ကနေ နှစ်ပတ်အတွင်းမှာ ကျွန်တော့်ရဲ့ စားသောက်ဆိုင် ဖွင့်ပွဲရှိတယ်၊ ခင်များတို့ အချိန်ရရင် လာပြီးတော့ အားပေးကြပါဦး"

"အာ... ဒါကတော့ သေချာပေါက် လာရမှာပေါ့၊ ကျွန်တော် အစောဆုံး ရောက်အောင် လာခဲ့ပါ့မယ်"

ဒါရိုက်တာကျန်းသည် ဤစကားကို ကြားရသဖြင့် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။

သူတို့ကို အလုပ်တစ်ခုခု ခိုင်းစေခြင်းက ကောင်းမွန်ပေသည်၊ ထိုအချက်က ဤလူကြီးမင်းက သူတို့ကို အသုံးဝင်သည်ဟု သတ်မှတ်ခြင်းကို ဖော်ပြနေသောကြောင့် ဖြစ်သည်။

တံခါးနားရှိ အခြားသူများကလည်း ဤစကားကို ထောက်ခံကြပြီး လျှောက်လမ်းရှိ အခြားလူများထံသို့ပါ သတင်းစကား လက်ဆင့်ကမ်းလိုက်ကြသည်။

"ကဲ... ဒါပါပဲ၊ မင်းတို့ သွားနိုင်ပါပြီ၊ ပြီးတော့ တံခါးကိုပါ သေချာ ပိတ်ပေးခဲ့ပါဦး"

ဒါရိုက်တာကျန်းက ရိုသေစွာဖြင့် နောက်ဆုတ်သွားပြီး၊ မည်သည့်အချိန်တွင်မဆို ပေါက်ကွဲသွားနိုင်သည့် မိုင်းဗုံးတစ်လုံးကို ကိုင်တွယ်နေရသကဲ့သို့ တံခါးကို ဖြည်းညှင်းစွာ ပိတ်ပေးခဲ့သည်။

လူတိုင်း လုံးဝ ထွက်ခွာသွားပြီးနောက်မှပင် ကျိုးထျန်းသည် သက်ပြင်းအရှည်ကြီးတစ်ချက် ချနိုင်ခဲ့တော့သည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို ရင်ဆိုင်ရခြင်းမှာ တကယ့်ကို ပင်ပန်းလှသည်၊ အထူးသဖြင့်

ဝိုင်သောက်ရသည့် ကိစ္စပင် ဖြစ်ပြီး အလှည့်အပြောင်း အမြောက်အမြားအပြီးတွင် သူ့မှာ ဝိုင်အတော်လေး သောက်ထားပြီးသား ဖြစ်နေခဲ့သည်။

သို့သော် သူသည် ဝိုင်တစ်ခွက်ကို ချက်ချင်း ပြန်လည်ဖြည့်လိုက်ပြီး၊ မတ်တပ်ရပ်၍ လူတိုင်းကို ဦးညွှတ်လိုက်သည်။

"အားလုံးပဲ... ကျွန်တော်ကြောင့် လူကြီးမင်းတို့ရဲ့ အချိန်တွေကို ဖြုန်းတီးမိသွားတဲ့အတွက် တောင်းပန်ပါတယ်၊ ကျွန်တော် ဒီဝိုင်တစ်ခွက်နဲ့ပဲ ကိုယ်တိုင် အပြစ်ပေးပြီး သောက်လိုက်ပါ့မယ်"

လူတိုင်းက လက်ကို ဝှေ့ယမ်းရင်း ရယ်မောလိုက်ကြသည်။

"မစ္စတာကျိုးကလည်း အားနာစရာကြီးဗျာ၊ မစ္စတာကျိုးက ကျွန်တော်တို့ကို တကယ့်ကို အံ့မခန်း မြင်ကွင်းကျယ်ကြီး တစ်ခုကို ပြသပေးခဲ့တာပဲဥစ္စာ"

"ဟုတ်ပါပတ်၊ နောက်တစ်ခါ ကျွန်တော် တခြားသူနဲ့ ဝိုင်သောက်လို့ သူတို့ကသာ အတင်းအဓမ္မ တိုက်ဖို့ ကြိုးစားရင် သူတို့ကို တန်းစီခိုင်းရမယ်၊ မဟုတ်ရင် သူတို့နဲ့ မသောက်ဘူး"

"ဟားဟားဟားဟား"

...

ဤသူဌေးကြီးများသည် ပွင့်လင်းရိုးသားကြပြီး ဤအသေးအဖွဲ ကိစ္စလေးကို ဂရုမစိုက်ကြချေ။

သို့သော် သူတို့က ဂရုမစိုက်သော်လည်း ကျိုးထျန်းဘက်မှမူ သဘောထားတစ်ခု ပြသရန် လိုအပ်ပေသည်။

သူက သူ့ခွက်ကို ထပ်မံကောက်ယူလိုက်ပြီး ဟန်လီကျွင်းအား ဂါရဝပြုလိုက်၏။

"မစ္စတာဟန်... ကျွန်တော် ဒီနေ့ မစ္စတာဟန်ရဲ့ အရှိန်အဝါကို ငှားရမ်းပြီးတော့ အထက်လူကြီး ပုံစံမျိုး လုပ်လိုက်မိပြီ"

မစ္စတာဟန်က ပြုံးလိုက်ပြီး သူ့ခွက်ကို ကျိုးထျန်း၏ ခွက်နှင့် ချိတ်ဆက်လိုက်ရာ ခွက်နှုတ်ခမ်းချင်းကို တမင်သက်သက် ညီတူညီမျှ ထားရှိလိုက်သည်။

ဤသည်မှာ ကျိုးထျန်း၏ အဆင့်အတန်းကို အသိအမှတ်ပြုသည့် သဘောပင် ဖြစ်သည်။

"မစ္စတာကျိုးက ဘာတွေ ပြောနေတာလဲဗျာ၊ ဒါက ကျွန်တော်တို့ အားလုံး လုပ်သင့်လုပ်ထိုက်တဲ့ အရာပဲ မဟုတ်ဘူးလား၊ ကျွန်တော်တို့အားလုံးက မိသားစုတွေပဲဥစ္စာ၊ သူခိုးအသေးလေး တစ်ချို့ကို ဖမ်းဆီးတာက ဘာမှမဟုတ်ပါဘူး"

ထိုဂါရဝပြုရန် ရောက်လာသည့် လူများမှာ ချိုးလန် အဖမ်းခံလိုက်ရခြင်းကြောင့် ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိသော်လည်း သူက ဂရုမစိုက်ချေ။

မနေ့က ဖြစ်ရပ်ကြောင့် သူ့မှာ မျက်နှာပျက်ခဲ့ရသော်လည်း ယခုမူ ကျိုးထျန်းက ထိုတာဝန်ကို အပြည့်အဝ ယူပေးလိုက်ခြင်းက နှစ်ဦးနှစ်ဖက် အမြတ်ထွက်သည့် အခြေအနေမျိုး ဖြစ်သွားခဲ့သည်။

သူသည် မိတ်ဆွေတစ်ဦးအတွက် ကူညီပေးခြင်းဖြင့် မိမိမျက်နှာကို ကယ်တင်နိုင်ခဲ့သလို၊ ကျိုးထျန်းကို ကူညီပေးခြင်းဖြင့်လည်း တစ်ကိုယ်ရေ အကျိုးအမြတ်အချို့ကို ရရှိခဲ့သည်၊ တစ်နေ့နေ့တွင် ဤအကူအညီကို လိုအပ်လာနိုင်သည် မဟုတ်ပါလား။

"ဒါနဲ့ မစ္စတာကျိုး... ခုနက စားသောက်ဆိုင် ဖွင့်ပွဲရှိတယ်လို့ ပြောတာ၊ အဲဒါ ရှန်ဟိုင်းမှာလား"

"ဟုတ်ပါတယ်... ရှန်ဟိုင်းမှာပါ၊ မကြာခင်မှာ တရားဝင် ဖွင့်လှစ်တော့မှာပါ၊ လူကြီးမင်းတို့ အချိန်ရရင် လာပြီးတော့ အားပေးကြပါဦး"

"သေချာပေါက် လာခဲ့မှာပေါ့"

"ပြဿနာမရှိပါဘူး"

"ကျွန်တော် အကြီးဆုံး ပန်းခြင်းကို ပို့ပေးပါ့မယ်"

"ကျွန်တော်ကတော့ မင်းအတွက် ယမ်းပုလင်း ၈၈ လုံး ဝယ်ပေးမယ်၊ မင်းရဲ့ စီးပွားရေးတွေ ဒီထက်မက အောင်မြင် ဖြစ်ထွန်းစေရမယ်လို့ အာမခံတယ်"

"လောင်ဟုန်... အဲဒါတွေ သွားမဝယ်နဲ့၊ ရှန်ဟိုင်းမှာ ယမ်းပုလင်း ဖောက်တာကို ပိတ်ပင်ထားတာ မင်းမသိဘူးလား"

သူဌေးကြီးတစ်စုမှာ မည်သို့ လက်ဆောင်ပေးရမည်ကို အားရပါးရ ဆွေးနွေးနေကြသည်။

All Chapters