← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

📗 Chapter 171

ယဲ့ရှောင်ရှောင်တို့ မိန်းကလေးနှစ်ဦး ဘတ်စ်ကားထံ ပြန်ရောက်လာချိန်တွင် သူမတို့ရှေ့မှ လူရိပ်တစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။

“အောင်မယ်လေး!”

ရုတ်တရက်ဆန်သော အဖြစ်အပျက်ကြောင့် ကျန်းရှင်းယွင် ထိန်လန့်ကာ အော်လိုက်မိပါသည်။ ထိုလူရိပ်မှာ အလွန် လျင် မြန်သဖြင့် မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် သူမတို့ရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။

ယဲ့ရှောင်ရှောင်ကမူ ဘတ်စ်ကားကိုသာ အကဲခတ်ကြည့်လိုက်သည်။ တံခါးနှင့် ပြူတင်းပေါက်များအားလုံးကို လုံလုံခြုံခြုံ ပိတ်ထားပါသည်။

ကားတံခါးကို ခေါက်ကြည့်လိုက်ရာ အတွင်းရှိ ယာဉ်မောင်းက တံခါးဖွင့်ပေးကာ မေးမြန်းလိုက်သည်။

“ပစ္စည်းတွေကျန်ခဲ့လို့ လာယူကြတာလား”

ယဲ့ရှောင်ရှောင် သတိပေးလိုက်သည်။

“ခုနက ဘတ်စ်ကားရှေ့ကနေ လူရိပ်တစ်ခု လှစ်ခနဲ ထွက်ပြေးသွားတာ မြင်လိုက်တယ်”

ယဲ့ရှောင်ရှောင်၏ စကားကို ကြားသောအခါ အိပ်ငိုက်နေသည့် ယာဉ်မောင်း ဆတ်ခနဲ ခေါင်းထောင်သွားသည်။

“တစ်ခုခု လာခိုးတာများလား”

ကျန်းရှင်းယွင်က လက်မခံနိုင်ပေ။

“မဖြစ်နိုင်ဘူးထင်တယ်၊ ဘယ်သူက ကျွန်မတို့ကားထဲကနေ လာခိုးမှာလဲ”

သူတို့အားလုံးသည် ရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ပေးရန် အဝေးကြီးမှ လာခဲ့ကြရသူများဖြစ်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ပစ္စည်းအခိုးခံရပါက အလွန်ပင် စိတ်ဓာတ်ကျစရာ ကောင်းပါလိမ့်မည်။

ယာဉ်မောင်းက ဓာတ်မီးဖွင့်ကာ ပတ်ဝန်းကျင်ကို လှည့်လည်ထိုးကြည့်လိုက်သည်။

“လူတွေကို သိပ်ပြီး အကောင်းမမြင်နဲ့၊ တို့တွေ ဆုံခဲ့ရတဲ့ လူအများစုက လူကောင်းတွေဆိုပေမယ့် အဲ့ဒီထဲမှာ စိတ် ဓာတ်မကောင်းတဲ့လူတွေ ကြားညပ်ပါမလာနိုင်ဘူးလို့ အာမမခံနိုင်ဘူး၊ သတိဆိုတာ ပိုတယ်မရှိပါဘူး”

ယဲ့ရှောင်ရှောင်သည် ကျောပိုးအိတ်ယူဆောင်ဖို့ ဘတ်စ်ကားပေါ် တက်သွားခဲ့သည်။

ယာဉ်မောင်းက အကြံပြုသည်။

“အရမ်းအရေးကြီးတဲ့ ပစ္စည်းတွေကိုတော့ ကားပေါ်မှာပဲ ထားခဲ့သင့်တယ်၊ ငါက ဘတ်စ်ကားပေါ်မှာပဲ အိပ်မှာဆိုတော့ စိတ်ချရတယ်လေ”

ယဲ့ရှောင်ရှောင်လည်း ထိုအကြံဉာဏ်ကို လက်ခံလိုက်ပါသည်။ သူမ၏ ပစ္စည်းများကို နှစ်စုခွဲလိုက်ပြီး တစ်စုကို ကားပေါ်တွင် ထားခဲ့ကာ ကျန်တစ်စုကိုမူ သူမနှင့်အတူ ယူဆောင်သွားခဲ့သည်။

နင်အန်းကောင်တီမှ တာဝန်ရှိသူများသည် စေတနာ့ဝန်ထမ်းများကို ရေဘေးသင့်ပြည်သူများနှင့်အတူ ရွက်ဖျင်တဲများတွင် ရောနှောအိပ်စက်ခိုင်းရန် အစီအစဉ်မရှိပေ။

ထို့အစား အနီးနားရှိ ဒေသခံများ၏ အတော်အသင့် သန့်ရှင်းသပ်ရပ်သော နေအိမ်များတွင်သာ နေရာချပေးခဲ့ပါသည်။

ယဲ့ရှောင်ရှောင်နှင့် စီနီယာကျောင်းသူနှစ်ဦးသည် အခြားကျောင်းသားများနှင့် အိမ်ဝင်းတစ်ခုတည်းတွင် တည်းခိုခဲ့ကြရသည်။

အစားအသောက်များကိုလည်း ပူပူနွေးနွေးဖြစ်အောင် မီးဖိုပေါ်တွင် နွှေးထားကြသည်။ ယဲ့ရှောင်ရှောင်တို့ အဖွဲ့သားများ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြပြီးနောက် ညစာစားသောက်ပြီးချိန်တွင် စကားပြောဆိုဖို့ပင် အားမရှိတော့ဘဲ အိပ်စက်အနားယူဖို့သာ ပြင်လိုက်ကြတော့သည်။

စွန့်ကျန့်ယောင်သည် အခန်းထဲသို့ ခဏဝင်လာပြီး တပည့်များကို သတိပေးလိုက်သည်။

“မအိပ်ခင် တံခါးတွေကို သေသေချာချာ လော့ခ်ချထားကြနော်၊ ယွင်ရှောင်းနဲ့ ချောင်းချွမ်တို့က တခြားအတန်းဖော်တွေကို စောင့်ကြည့်ပေးထား၊ အထူးသဖြင့် မိန်းကလေးအတန်းဖော်တွေကို သေချာစောင့်ရှောက်ပေးကြ”

ချူးယွင်ရှောင်: “ဟုတ်ကဲ့ပါဆရာ၊ ဆရာလည်း စောစောနားတော့လေ”

ယနေ့ အားလုံးပင်ပန်းခဲ့ကြရပြီး ဆရာဆရာမများသည်လည်း ခြွင်းချက်မရှိပေ။

အိမ်ဝင်းထဲတွင် ရေနွေးအိုးတည်နိုင်သည့် မီးဖိုရှိသော်လည်း ရေကြီးပြီးနောက်ပိုင်း ထင်းခြောက်များ ရှာဖွေဖို့ ခက်ခဲလွန်းသဖြင့် ရေနွေးတည်ဖို့ အလွန်အဆင်မပြေလှပေ။

ထို့ကြောင့် ယဲ့ရှောင်ရှောင်တို့အဖွဲ့ ရေအေးများကိုသာ အသုံး ပြုကာ ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ခဲ့ကြတော့သည်။

ယဲ့ရှောင်ရှောင်သည် စီနီယာအစ်မနှစ်ဦးနှင့်အတူ တစ်ခန်းတည်းအိပ်ခဲ့ပါသည်။ အခြားသူများ မရှိသဖြင့် အခန်းမှာ အတော်လေး ကျယ်ကျယ်ဝန်းဝန်းရှိပါသည်။

ညပိုင်းတွင် အနည်းငယ် အေးစိမ့်လာသော်လည်း ရွက်ဖျင်တဲထဲတွင် အိပ်စက်ရခြင်းထက်တော့ ပိုမိုသာလွန်ပါသေးသည်။

ထိုနေ့ညက ယဲ့ရှောင်ရှောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။ သန်းခေါင်ယံအချိန်တွင် မိုးအနည်းငယ် ပြန်ရွာလာသည်ဟု ထင်မှတ်မိသော်လည်း အလွန်အိပ်ငိုက်နေသဖြင့် ချက်ချင်း ပြန်အိပ်ပျော်သွားခဲ့ပါသည်။

နောက်တစ်နေ့ မနက်မိုးလင်းသောအခါ ကျောင်းသားကျောင်းသူများ အိပ်ရာစောစောထကာ မနက်စာစားပြီးနောက် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ အသစ်ရောက်ရှိလာသော ဒုက္ခသည်များကို ကူညီပေးခဲ့ကြသည်။

ကယ်ဆယ်ရေးစခန်းတစ်ခုလုံးကို တပ်သားများက ဝန်းရံထားပြီး ကယ်ဆယ်ရေး ရိက္ခာပစ္စည်းများလည်း အဆက်မပြတ် ဝင်ရောက်နေပါသည်။

ဒုက္ခသည်များကို ပုံမှန်ချက်ပြုတ်ကျွေးမွေးနိုင်ရန်အတွက် အိုးကြီးအိုးငယ်ပေါင်းစုံကိုလည်း စီစဉ်ပေးထားပြီးပါပြီ။

ကယ်ဆယ်ရေးစခန်းတွင် ဒုက္ခသည်များအပြင် ပရမ်းပတာဖြစ်နေသော အသုံးအဆောင်ပစ္စည်းမျိုးစုံ တောင်လို ပုံနေသည်။

အချို့သော ဒုက္ခသည်များကို ရေထဲမှ ခက်ခက်ခဲခဲ ကယ်တင်ခေါ်ဆောင်လာရခြင်းဖြစ်သော်လည်း အချို့မှာမူ အရေးပေါ် ကြေညာချက် ထုတ်ပြန်စဉ်ကတည်းက ကြိုတင်ပြောင်းရွှေ့လာကြသူများ ဖြစ်သည်။

ထိုသို့ ကြိုတင်ပြောင်းရွှေ့လာသူများမှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြသော်လည်း ရုပ်ပိုင်းဆိုင်ရာအခြေအနေ ကောင်းမွန်လျက် ရှိပါသည်။

ယဲ့ရှောင်ရှောင်နှင့် စီနီယာနှစ်ဦးတို့သည် မိမိတို့ ကူညီပေးနိုင်သည့် ကဏ္ဍများတွင် တက်ကြွစွာ ဝင်ရောက်ကူညီပေးခဲ့ကြသည်။

တာဝန်များနှင့် အသားကျလာခြင်းကြောင့်လား မသိနိုင်သော်လည်း မနေ့ညက‌လောက် ပင်ပန်းနွမ်းနယ်ခြင်း မရှိတော့ပေ။

မွန်းတည့်ချိန်ရောက်သောအခါ အဖွဲ့သားများ အတူတူစုဝေးပြီး ရိက္ခာခြောက်များကို ရေနှင့်မျှောကာစားသောက်ခဲ့သည်။

ထိုစဉ် မုန့်ကျင်းဝမ်မှာ ဗိုက်နာသည့် ဝေဒနာကို အနည်းငယ် ခံစားလာရပါသည်။

ယဲ့ရှောင်ရှောင်က စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်။

“နေရာအသစ်နဲ့ အစားအသောက်တွေကို အသားမကျသေးလို့ဖြစ်တာပါ၊ ခဏနားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်”

ကျန်းရှင်းယွင်က အကြံပြုသည်။

“နင်နေထိုင်မကောင်းရင် အခန်းထဲမှာ သွားနားနေနော်၊ နင်ကိုယ်တိုင် လူမမာဖြစ်သွားမှ ဒုက္ခရောက်နေမယ်”

မုန့်ကျင်းဝမ်: “ဒီလောက်တော့ ခံနိုင်ရည်ရှိပါတယ်”

ယဲ့ရှောင်ရှောင်လည်း သူမအတွက် စိတ်ပူသဖြင့် နေ့လယ်ခင်းတွင် မုန့်ကျင်းဝမ်ကို ပြန်သွားနားရန်နှင့် သက်သာမှသာ လာရောက်ကူညီပေးဖို့ တိုက်တွန်းလိုက်ပါသည်။

ဤသည်မှာ ရေသာခိုခြင်းမဟုတ်ပေ။ မိမိကိုယ်ကိုယ် အရင်ဆုံး ဂရုစိုက်နိုင်မှသာ အခြားသူများကို ဂရုစိုက်ပေးနိုင်မည် မဟုတ်ပါလား။

မုန့်ကျင်းဝမ်လည်း မငြင်းဆန်နိုင်တော့ဘဲ အနားယူဖို့ ပြန်သွားရတော့သည်။

ယဲ့ရှောင်ရှောင်ကမူ ကယ်ဆယ်ရေးစခန်းတွင် အလုပ်ဆက်လုပ်ခဲ့သည်။ ဤနေရာသို့ ရောက်ရှိလာစဉ်ကတည်းက Mask တစ်ခုကို အမြဲလိုလို တပ်ဆင်ထားပြီး နားနေဆောင်သို့ ပြန်ရောက်သည့်အခါတိုင်းလည်း အရက်ပြန်ဖြင့် သေသေချာချာ ပိုးသတ်လေ့ရှိပါသည်။

ရေကြီးပြီးနောက်ပိုင်းတွင် ကူးစက်ရောဂါများပါ ဖြစ်ပွားတတ်သဖြင့် ကြိုတင်သတိပြုထားရပါမည်။

“ဒေါက်တာ ကျွန်မသားလေးကို ကြည့်ပေးပါဦး”

အမျိုးသမီးတစ်ဦးသည် အသက် ၄ - ၅ နှစ်အရွယ် ကလေးတစ်ဦးကို ပွေ့ချီကာ ယဲ့ရှောင်ရှောင်၏အနားသို့ ရောက်လာသည်။

ယဲ့ရှောင်ရှောင်သည် ကလေး၏ကိုယ်အပူချိန်ကို စမ်းကြည့်လိုက်ရာ အလွန်အဖျားကြီးနေမှန်း သိလိုက်ရပါသည်။

“အင်း… လောလောဆယ်တော့ အဖျားကျဆေး နှစ်လုံးလောက်ပေးပြီး သူ့အခြေအနေဘယ်လိုရှိလဲ စောင့်ကြည့်လို့ပဲ ရနိုင်မယ်၊ ဒီမှာ ထိုးဆေးမရှိတော့ အာနိသင်ပြတာ နည်းနည်းနှေးလိမ့်မယ်”

ယဲ့ရှောင်ရှောင် ဆေးသေတ္တာထဲမှ သောက်ဆေးများ ထုတ်လိုက်သည်။

ကျင့်ဟွာတက္ကသိုလ်၏ ဆေးသေတ္တာများထဲတွင် အာနိသင်ပြမြန်သော အနောက်တိုင်းဆေးဝါးများနှင့် တရုတ်တိုင်းရင်းဆေးဝါးများလည်း ပါဝင်သည်။

ဆေးဝါးဗေဒတွင် ကျွမ်းကျင်သည့် ကျောင်းသားများသည် ထိုဆေးဝါးများ၏ အသုံးဝင်ပုံကို ကောင်းစွာ နားလည်ထားသဖြင့် မည်သည့်အမှားအယွင်းမှ မရှိနိုင်ပေ။

“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”

အမျိုးသမီးသည် သောက်ဆေးများကို လက်ခံပြီးနောက် ကလေးကို တိုက်ဖို့အတွက် ရေသွားရှာခဲ့သည်။

ယဲ့ရှောင်ရှောင်က သတိလှမ်းပေးလိုက်ပါသည်။

“မကျိုချက်ရသေးတဲ့ရေတွေနဲ့ မတိုက်နဲ့နော်!”

“နားလည်ပါပြီ ဒေါက်တာ”

ထို့နောက် အမျိုးသမီးမှာ သုတ်သုတ်ပျာပျာ ထွက်သွားခဲ့တော့သည်။

ခဏအကြာတွင် ကလေးတစ်ဦးကို ပွေ့ထားသည့် နောက်ထပ် အမျိုးသမီးတစ်ဦး ရောက်လာပြန်သည်။

ထိုအချိန်တွင် ယဲ့ရှောင်ရှောင်သည် တပ်သားတစ်ဦး၏ ထိခိုက်ဒဏ်ရာကို ပတ်တီးစည်းပေးရင်း အလုပ်များနေခဲ့သည်။ သူ့ဒဏ်ရာမှာ အတော်လေး ပြင်းထန်ပြီး ရေထဲမှ တစ်စုံတစ်ခုနှင့် ထိခိုက်ခဲ့ပုံရသည်။

ရေထဲတွင် အချိန်ကြာသွားသဖြင့် ဒဏ်ရာမှာ ပြည်တည်စပင် ပြုနေပါပြီ။ ယဲ့ရှောင်ရှောင် ဒဏ်ရာကို ဆေးကြော သန့်စင်ပေးနေစဉ် တပ်သားမှာ နာကျင်လွန်းသဖြင့် အံကြိတ်ထားရသည်။

ဒဏ်ရာကို ဆေးထည့်ပေးပြီးနောက် ပတ်တီးကို သေသေချာချာ စည်းပေးလိုက်ပါသည်။

“ကျေးဇူးတင်ပါတယ်”

“ရပါတယ်ရှင်”

တစ်ဖက်တွင်မူ အသစ်ရောက်ရှိလာသည့် ကလေးအမေအား ကျန်းရှင်းယွင် လှမ်းပြောလိုက်သည်။

“အစ်မကြီး၊ ကလေးကို ကျွန်မ ကြည့်ပေးပါရစေ”

သို့သော် အမျိုးသမီးမှာမူ ကလေးကို ထုတ်မပြဘဲ ရင်ခွင်ထဲတွင် အသည်းအသန်ပိုက်ထွေးလျက် ပြောလိုက်သည်။

“ဒေါက်တာ၊ ကျွန်မကို ဆေးသာနည်းနည်းပေးလိုက်ပါ၊ အဲ့တာဆိုရပြီ”

ကျန်းရှင်းယွင်: “ကလေးကိုတောင် သေချာမစစ်ဆေးရသေးဘဲ ဘာဆေးပေးရမလဲဆိုတာ ဘယ်လိုပြောလို့ရမှာလဲ”

ကျန်းရှင်းယွင်သည် ကလေးကို ပတ်ထားသော ဟောင်းနွမ်းနေသည့် အဝတ်စကို ဖွင့်ကြည့်ရန် လက်လှမ်းလိုက်သော် လည်း အမျိုးသမီးက ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး အနောက်သို့ ဆုတ်သွားပါသည်။

“ငါ့ကလေးကို လာမထိကြနဲ့! လာမထိနဲ့!”

ကျန်းရှင်းယွင် အံ့အားသင့်မှင်သက်သွားရသည်။

ထိုစဉ်ယဲ့ရှောင်ရှောင် ရောက်ရှိလာပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်ပါသည်။

“ကလေးက ဘာဖြစ်လို့လဲ”

အမျိုးသမီးမှာ အနောက်သို့ ထပ်ဆုတ်သွားပြီး ထွက်ပြေးတော့မည့်ပုံစံပေါက်နေပါသည်။

ကျန်းရှင်းယွင်က တီးတိုးပြောလိုက်သည်။

“စိတ်မကျန်းမာတဲ့လူများလား”

ထိုစဉ် အနားမှ ဖြတ်လျှောက်သွားသည့် ချူးယွင်ရှောင်ကို ယဲ့ရှောင်ရှောင် လှမ်းအော်ပြောလိုက်သည်။

“အတန်းခေါင်းဆောင်! အဲ့ဒီမိန်းမကို တားထား!”

ချူးယွင်ရှောင်က လမ်းတွင် ပိတ်ဆို့ဖို့ ကြိုးစားလိုက်သော အခါ အမျိုးသမီးမှာ စိတ်ပိုချောက်ချားသွားပြီး ခြေချော်လျက် ရှေ့သို့ အရှိန်ဖြင့် လဲကျသွားခဲ့သည်။

သူမ ရင်ခွင်ထဲတွင် ကလေးငယ်ကို ပွေ့ချီထားသဖြင့် ပတ် ဝန်းကျင်ရှိ လူများက သူမကို ဝိုင်းထိန်းပေးဖို့ကြိုးစားကြသည်။

တပ်သားတစ်ဦးဆိုလျှင် သူမ အကျမနာစေဖို့အတွက် သူ့ခန္ဓာကိုယ်ကို အသုံးပြုလျက် မြေပေါ်တွင် ဝင်ခံပေးလိုက်ပါသည်။

အမျိုးသမီးမှာ မြေပေါ်တွင် အနည်းငယ် လိမ့်သွားပြီး လက်ထဲမှ ကလေးလည်း လွတ်ထွက်သွားခဲ့သည်။ ပြုတ်ကျသည့် အရှိန်က မသေးသော်လည်း အဝတ်စုတ်များဖြင့် အုပ်ထားသည့် ကလေးထံမှ ငိုသံတစ်ချက်ပင် ထွက်မလာပေ။

“ဒါ…”

ချူးယွင်ရှောင် ရှေ့သို့ သွားကြည့်ဖို့ ကြံလိုက်သော်လည်း ခြေလှမ်းနှစ်လှမ်းသာ လှမ်းလိုက်ရပြီး ကြက်သေသေသွားခဲ့ရသည်။

အဝတ်စများ ပြေကျသွားသည့်အခါ အတွင်းရှိ ကလေး၏ ခန္ဓာကိုယ်မှာ ညိုမည်းနေသည့် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး တစ်ကိုယ်လုံး ဖောယောင်ကာ တောင့်တင်းနေသည်ကို မြင်လိုက်ရသည်။

ကလေးငယ် သေဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်မှန်း ထင်ရှားလွန်းပါသည်။

“ခင်…ခင်ဗျား ကလေးက သေနေပြီပဲဥစ္စာ၊ ဘာလို့ ဆေးတွေလာတောင်းတာလဲ”

“မဟုတ်ဘူး! ငါ့ရှောင်ပေါင်းလေးမသေသေးဘူး၊ သူ မသေသေးဘူး!”

အမျိုးသမီးသည် မြေပေါ်မှ အသည်းအသန်ပြန်ထလာပြီး ကလေး၏အလောင်းကို ပြန်ပွေ့ပိုက်လိုက်ပါသည်။

ထိုစဉ် အဘွားအိုတစ်ဦးလည်း အပြေးအလွှားရောက်ရှိလာပြီး ထိုအမျိုးသမီး၏ပါးကို အားပြင်းပြင်း ဖြတ်ရိုက်ပစ်လိုက်သည်။

“ဂြိုဟ်ဆိုးမ! နင့်ကြောင့် ငါ့မြေးလေးကျိန်စာသင့်ပြီး သေသွားတာ! ငါ့မြေးကို ပြန်ပေးစမ်း၊ ပြန်ပေးစမ်းလို့!”

အမျိုးသမီးမှာ မတ်တပ်ထရပ်လိုက်ရုံရှိသေးသော်လည်း မြေပေါ်သို့ ထပ်မံ လဲကျသွားရပြန်သည်။

အဘွားအိုက သူမကို လက်သီးများ၊ ခြေထောက်များဖြင့် တရစပ် ထိုးနှက်ကန်ကျောက်ရင်း ပါးစပ်မှလည်း မရပ်မနား ဆဲဆိုနေတော့သည်။

ထိုမြင်ကွင်းကို မကြည့်ရက်တော့သဖြင့် ဘေးလူများက ဝင်ဆွဲခဲ့ရပါသည်။

“ပြဿနာရှာချင်လည်း တခြားနေရာမှာ သွားရှာကြပါ၊ ကယ် ဆယ်ရေးစခန်းမှာ တခြားလူနာတွေကို အနှောင့်အယှက် မပေးကြပါနဲ့”

“ကလေးက အသက်ရှူကျပ်ပြီး သေသွားတာ သိသာတယ်၊ ရေနစ်သွားတာများလား၊ ခင်ဗျားလည်း ခင်ဗျားချွေးမကိုပဲ အပြစ်ပုံချလို့ မရဘူးလေ”

All Chapters