← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

📗 Chapter 172

“ဒါပြဿနာ ရှာနေရမယ့် အချိန်လား၊ နှစ်ယောက်စလုံးကို ဆွဲခေါ်သွားကြစမ်း၊ စေတနာ့ဝန်ထမ်းတွေ အလုပ်လုပ်နေတာကို အနှောင့်အယှက်မဖြစ်စေနဲ့”

ကယ်ဆယ်ရေးစခန်း၏ တာဝန်ရှိသူသည် ပြဿနာရှာကာ ရန်ဖြစ်နေကြသည့် ယောက္ခမနှင့် ချွေးမနှစ်ဦးစလုံးကို အပြင်သို့ ဆွဲထုတ်ခိုင်းလိုက်ပြီး ကလေးငယ်၏ ရုပ်အလောင်းကိုလည်း စနစ်တကျ ထိန်းသိမ်းထားလိုက်သည်။

ယခုကဲ့သို့ ရုပ်အလောင်းကို ရင်ခွင်ထဲတွင် မပြတ်ပွေ့ပိုက်ထားပြီး ပြဿနာလိုက်ရှာနေခြင်းမှာ လူတိုင်းအတွက် စိတ်မချမ်းမြေ့စရာအခြေအနေ ဖြစ်ခဲ့ရပါသည်။

ရုတ်တရက် ဖြစ်ပျက်သွားသည့် ဖြစ်ရပ်များကြောင့် ယဲ့ရှောင်ရှောင်နှင့် ကျန်းရှင်းယွင်တို့နှစ်ယောက်စလုံး မျက်နှာ များ ဖြူရော်သွားကြသည်။

“လန့်လွန်းလို့ သေတော့မှာပဲ၊ ကိုယ့်ကလေးရဲ့အလောင်းကို ပိုက်ပြီး လျှောက်သွားနေရတယ်လို့…”

ယဲ့ရှောင်ရှောင် “ခုနက အစ်မဆေးတွေ မပေးလိုက်လို့ တော်သေးတာပေါ့”

အခြေအနေကို သေချာမစစ်ဆေးဘဲ ဆေးဝါးများကို အလွယ်တကူပေးလိုက်မိပါက ပြဿနာ ပိုကြီးမားသွားနိုင်ပါသည်။

ကယ်ဆယ်ရေးစခန်း၏တာဝန်ရှိသူကလည်း ယဲ့ရှောင်ရှောင်တို့ကို အားနာပါးနာ တောင်းပန်လိုက်ပါသည်။

“ကျုပ်တို့ တကယ်တောင်းပန်ပါတယ်၊ ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်”

ထိုစဉ် ချူးယွင်ရှောင် အနားသို့ ရောက်လာပြီး မေးမြန်းလိုက်သည်။

“နင်တို့နှစ်ယောက် အဆင်ပြေရဲ့လား”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပါသည်။

“ပြေပါတယ်”

“ဟုတ်ပြီ၊ ဒါဆို ငါ အလုပ်ဆက်လုပ်လိုက်ဦးမယ်”

ကျန်းရှင်းယွင် အနည်းငယ် တုန်လှုပ်ချောက်ချားနေဆဲဖြစ်သော်လည်း အလုပ်ထဲတွင်သာ စိတ်ပြန်နှစ်ထားလိုက်ပါသည်။

အရာရာဒုက္ခများနေသည့် ကယ်ဆယ်ရေးစခန်းတွင်တော့ ခဏတာကြုံတွေ့ခဲ့ရသည့် အသေးအဖွဲကိစ္စလေးတစ်ခုမျှသာ ဖြစ်သွားခဲ့တော့သည်။

သုံးရက်ဟူသည့်အချိန်အတွင်း ထိခိုက်ဒဏ်ရာရရှိထားသည့် ဒုက္ခသည်များအပြင် ဖျားနာသည့် တပ်သားဦးရေမှာလည်း တဖြည်းဖြည်းနှင့် ပိုမိုများပြားလာခဲ့သည်။

ဒဏ်ရာအနည်းအကျဉ်းရရုံမျှဖြင့် ရှေ့တန်းမှမဆုတ်ခွာဟူ သော ပြတ်သားသည့် ခံယူချက်ကို ကိုင်ဆွဲထားကြသော် လည်း အေးစိမ့်နေသည့် ရေပြင်ထဲတွင် တစ်နေကုန်ဖြတ် သန်းလှုပ်ရှားနေရခြင်းမှာ လူသားတစ်ဦးအဖို့ အလွန်ပင် ခက်ခဲလှပါသည်။

ယဲ့ရှောင်ရှောင်တို့ အဖွဲ့သားများ ရောက်ရှိလာစဉ်ကတည်းက မိုးဖွဲများ အဆက်မပြတ်ရွာသွန်းနေသဖြင့် ဘေးကင်းလုံခြုံသည်ဟု သတ်မှတ်ထားသော ကယ်ဆယ်ရေးစခန်းတွင်ပင် စိုထိုင်းထိုင်းဖြစ်လာခဲ့ရာ ရှေ့တန်းတွင် ကယ်ဆယ်ရေးဆင်းနေသော တပ်သားများသာဆိုလျှင် မတွေးဝံ့စရာပင်။

ဆေးဝါးထုတ်ယူဖို့ ရောက်လာသည့် လူအရေအတွက်မှာလည်း တစ်နေ့ထက်တစ်နေ့ များပြားလာခဲ့သည်။

၅ ရက်မြောက်နေ့သို့ ရောက်သောအခါ မိုးလုံးဝ တိတ်သွားခဲ့ပြီး ထပ်မံရွာသွန်းမည့် အရိပ်အယောင်လည်း မတွေ့ရတော့ပေ။

ရေမကျသေးသည့် မြေနိမ့်ပိုင်းဒေသများမှလွဲ၍ အခြားသော နေရာဒေသများမှ ပြည်သူများသည် နောက်ဆုံးတော့ မိမိတို့ နေအိမ်သို့ ပြန်နိုင်ကြပြီ ဖြစ်ပါသည်။

သို့သော် ဤသည်မှာ အစပိုင်းသာ ရှိသေးသည်။ လူနေအိမ်များရှိ အဆုံးအဆောင်ပစ္စည်းမှန်သမျှ ရေကြီးရေလျှံမှုထဲ ပါသွားကာ ပျက်စီးဆုံးရှုံးခဲ့ရပြီး မြေပြင်ပေါ်တွင်လည်း ရွှံ့နွံ အနည်အနှစ်များစွာ ကျန်ရစ်ခဲ့သဖြင့် မိမိတို့၏ ဒေသများကို ပြန်လည် ထူထောင်ရန်မှာ အလွန်ရှည်လျားကြန့်ကြာသည့် တာဝန်တစ်ခု ဖြစ်လာ‌ပေလိမ့်မည်။

ယဲ့ရှောင်ရှောင်တို့ စေတနာ့ဝန်ထမ်းအဖွဲ့သည် မူလက ယခုချိန်ဆိုလျှင် တက္ကသိုလ်ကို ပြန်ဖို့ ပြင်ဆင်ရမည်ဖြစ်သော် လည်း နင်အန်းကောင်တီ ခေါင်းဆောင်များက ရက်အနည်း ငယ်လောက် ဆက်နေပေးဖို့ တောင်းဆိုခဲ့ပါသည်။

ထို့ကြောင့် ဆရာကြီးစွန်းကျန့်ယောင်က ကျောင်းသားများကို ဦးဆောင်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးရန် ဆုံးဖြတ်ခဲ့ပြီး လာရောက်ကူညီပေးသည့် တပ်သားများနှင့်အတူ ပြန်လည်ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့ပါသည်။

မိုးတိတ်သွားသည့် ပထမဆုံးနေ့မှာပင် မြေပြင်အခြေအနေကို သိရှိရဖို့အတွက် ကယ်ဆယ်ရေးစခန်းထံသို့ သတင်း ထောက်များစွာ ရောက်ရှိလာကြသည်။

ထိုအချိန်တွင် ယဲ့ရှောင်ရှောင်မှာ ရွက်ဖျင်တဲတစ်ခုအတွင်းရှိ အမှိုက်သရိုက်ပစ္စည်းများကို ဂရုတစိုက် ရှင်းလင်းနေခဲ့သည်။ အများစုမှာ ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများဖြစ်ကြပြီး စနစ်တကျ စွန့်ပစ်ရန်အတွက် သေသေချာချာ စုဆောင်းနေရခြင်း ဖြစ်သည်။

ထိုစဉ် ရွက်ဖျင်တဲ လှုပ်ယမ်းသွားပြီး လူတစ်ဦး ဝင်ရောက် လာသည်။ ယဲ့ရှောင်ရှောင် လှည့်ကြည့်လိုက်ချိန်တွင် “ဖျတ်” ဟူသော အသံနှင့်အတူ အလွန်စူးရှသော အလင်းတစ်ခု ထွက်ပေါ်လာသည်။

ယဲ့ရှောင်ရှောင်သည် မျက်နှာပေါ်တွင် Mask တပ်ထားဆဲဖြစ်ပြီး ရုတ်ရက် ထွက်ပေါ်လာသည့် အလင်းရောင်ကြောင့် မျက်လုံးများပင် ပြာသွားရသည်။

တစ်ဖက်လူ မည်သူမည်ဝါဖြစ်မှန်း မြင်လိုက်ရချိန်တွင် ယဲ့ရှောင်ရှောင် ဆွံ့အသွားခဲ့ရပါသည်။

ရှုကျမ့်ဝမ်လည်း ထို့နည်းတူစွာ မှင်သက်သွားခဲ့ရသည်။ ဤနေရာတွင် ရှောင်ရှောင်နှင့် တိုက်တိုက်ဆိုင်ဆိုင် လာဆုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

Mask တပ်ထားသော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့် ရှောင်ရှောင်ဖြစ်မှန်း ရှုကျမ့်ဝမ် မှတ်မိနိုင်ပါသည်။

“မင်း ဘာလို့ ဒီရောက်နေတာလဲ”

သူမကို ရှုကျမ့်ဝမ် မမှတ်မိပါစေနှင့်ဟု ယဲ့ရှောင်ရှောင် ဆုတောင်းနေမိသော်လည်း ရှုကျမ့်ဝမ်ကမူ တရင်းတနှီးလေသံဖြင့် ချက်ချင်း မေးမြန်းလိုက်ပါသည်။

ယဲ့ရှောင်ရှောင် Mask မချွတ်သေးဘဲ သူနှင့် ခပ်ခွာခွာတွင်ရပ်ကာ ရှင်းပြလိုက်သည်။

“ကျွန်မတို့ တက္ကသိုလ်က စေလွှတ်ထားတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ လိုက်လာတာ၊ ရေဘေးသင့် ဒုက္ခသည်တွေကို ကူညီဖို့ လာခဲ့တာလေ”

ရှုကျမ့်ဝမ်သည် ယဲ့ရှောင်ရှောင်၏ယခင်က လုပ်ရပ်အချို့အပေါ် အမြင်မကြည်လင်မှုများ ရှိခဲ့ဖူးသော်လည်း ယခုအချိန်တွင်မူ သူ့စိတ်ထဲရှိ ယဲ့ရှောင်ရှောင်၏ပုံရိပ်မှာ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။

သူ့ရှေ့တွင် မတ်တပ်ရပ်နေသည့် မိန်းကလေးနှင့် အတိတ်မှ ‘ဟောက်ရှောင်ရှောင်’ ဆိုသူမှာ လားလားမှ မသက်ဆိုင်ပေ။

အတိတ်က ရှောင်ရှောင်ဆိုလျှင် ဤကဲ့သို့ ပင်ပန်းဆင်းရဲကြီး သော လုပ်ငန်းများတွင် မည်သည့်အခါမှ ပါဝင်လှုပ်ရှားမည် မဟုတ်ပါ။

ရုတ်တရက်တွေ့ဆုံလိုက်ရခြင်းဖြစ်၍ ရှုကျမ့်ဝမ်မှာ ပြောစရာစကားများ ပျောက်ဆုံးသွားရသည်။

“အခု အင်တာဗျူးဖြေဖို့ အဆင်ပြေနိုင်မလား”

ယဲ့ရှောင်ရှောင် “ကျွန်မကို အင်တာဗျူးစရာမလိုပါဘူး၊ ဆရာဆရာမတွေရှိတယ်၊ သူတို့ကို အင်တာဗျူးတာ ပိုအဆင်ပြေလိမ့်မယ်”

ရှုကျမ့်ဝမ်နှင့် မပတ်သတ်ချင်၍ သူမ ငြင်းဆန်လိုက်ရခြင်း ဖြစ်ပါသည်။

ရှုကျမ့်ဝမ်က လက်မခံနိုင်သေးပေ။

“အခုလို လာရောက်ကူညီပေးတဲ့ စေတနာ့ဝန်ထမ်းတိုင်းမှာ ပြောရေးဆိုခွင့်ရှိပါတယ်”

ထိုစဉ် ရွက်ဖျင်တဲထဲသို့ ကျန်းရှင်းယွင်ဝင်လာပြီး ယဲ့ရှောင်ရှောင်အား သတိပေးလိုက်သည်။

“ရှောင်ရှောင်၊ နင့်ကို ဆရာစွန်းခေါ်နေတယ်”

“ဟုတ်ကဲ့”

ယဲ့ရှောင်ရှောင်သည် ရှုကျမ့်ဝမ်အား ခေါင်းညိတ်ပြကာနှုတ် ဆက်ပြီးနောက် ရွက်ဖျင်တဲထဲမှ ထွက်လာခဲ့တော့သည်။

လမ်းတွင် ကျန်းရှင်းယွင်က မေးမြန်းလိုက်ပါသည်။

“ခုနက သတင်းထောက်က ဘာတွေပြောနေတာလဲ”

ယဲ့ရှောင်ရှောင် “ကျွန်မရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပါ၊ ဒီမှာတိုက်တိုက်ဆိုင်ဆိုင် လာဆုံလို့ စကားနည်းနည်းပြောနေတာ”

“နင်အန်းကောင်တီမှာတောင် နင့်မိတ်ဆွေတွေရှိတယ်ပေါ့ ဟုတ်လား ရှောင်ရှောင်”

ယဲ့ရှောင်ရှောင် ခပ်ပါးပါး ပြုံးလိုက်သည်။

“အဲ့ဒီသတင်းထောက်လည်း အရင်က ကျင့်ဟွာတက္ကသိုလ်မှာတက်ခဲ့တာပဲလေ၊ အခု အလုပ်သင်ဆင်းနေတာ ဖြစ်နိုင်တယ်”

ကျန်းရှင်းယွင် မျက်လုံးများ ဝိုင်းစက်သွားရသည်။

“ကျောင်းသားဟောင်းကြီးကိုး! အဲ့တာကြောင့် ရောက်လာကတည်းက ငါတို့ အဖွဲ့သားတွေဘက်ကို လာခဲ့တာဖြစ်မှာ၊ သူ့ကျောင်းရဲ့ဂုဏ်သတင်းကို မြှင့်တင်ပေးချင်လို့ဖြစ်မယ်နော်”

ဤကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသည့် သတင်း ထောက်အချို့မှာ နင်အန်းသတင်းစာတိုက်တွင် အလုပ်သင်ဆင်းနေကြသည့် ကျင့်ဟွာတက္ကသိုလ် ကျောင်းသားဟောင်းများဖြစ်ကြပါသည်။

ထိုအဆက်အသွယ်ကြောင့် အပေါ်ယံရှိုးထုတ်ရသည်ကို သဘောမကျသည့် စွန်းကျန့်ယောင်ပင် အင်တာဗျူးကို ကြည်ကြည်ဖြူဖြူ ဖြေဆိုပေးခဲ့သည်။

နောက်ဆုံးတွင် ရှုကျမ့်ဝမ်သည် စေတနာ့ဝန်ထမ်း ကျောင်း သားကျောင်းသူများအားလုံး အတူတူစုပေါင်းကာ အမှတ် တရဓာတ်ပုံတစ်ပုံ ရိုက်ဖို့ ကမ်းလှမ်းလိုက်လေသည်။

ဓာတ်ပုံရိုက်မည့်အချိန်ကျမှ ယဲ့ရှောင်ရှောင် Mask ကို ခေတ္တချွတ်လိုက်ပြီး ဓာတ်ပုံရိုက်ပြီးသည်နှင့် ချက်ချင်းပြန်တပ်လိုက်ပါသည်။

ရှုကျမ့်ဝမ်နှင့် လုပ်ဖော်ကိုင်ဖက်များ၏ အလုပ်သင်ကာလသည် ဇွန်လတွင် အဆုံးသတ်မည်ဖြစ်ပြီး အလုပ်သင်ဆင်းခဲ့သည့် ဌာနမှ ထောက်ခံချက် တံဆိပ်တုံးဖြင့် သက်ဆိုင်ရာ တက္ကသိုလ်သို့ ပြန်ကြရပါမည်။

ကယ်ဆယ်ရေးစခန်းမှ မပြန်မီ ရှုကျမ့်ဝမ်သည် အကြိမ်ကြိမ် တွန့်ဆုတ်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ ယဲ့ရှောင်ရှောင်နှင့် စကားအနည်းငယ်ပြောဖို့ ထွက်လာခဲ့လေသည်။

“မင်းတို့လည်း ပြန်ရတော့မှာမလား”

ယဲ့ရှောင်ရှောင် “နောက် ၂ ရက် ၃ ရက်လောက်နေရင်တော့ ပြန်ရပါပြီ”

ရှုကျမ့်ဝမ်ပြောချင်သည့် စကားများစွာရှိသော်လည်း ထိုစကားလုံးများ သူ့နှုတ်ခမ်းဝသို့ ရောက်ရှိလာသောအခါ မည်သည့်နေရာမှ စပြောရမှန်းမသိဖြစ်သွားခဲ့ပါသည်။

“ဒါဆို ဂရုစိုက်ပါ၊ ပေကျင်းမှာ ပြန်တွေ့ကြမယ်”

ယဲ့ရှောင်ရှောင် အေးတိအေးစက်သာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ရှုကျမ့်ဝမ်သည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။ အပြန်လမ်းတွင် လုပ်ဖော် ကိုင်ဖက်တစ်ဦးက မနေနိုင်ဘဲ မေးကြည့်လိုက်သည်။

“ခုနက ဘယ်သူလဲ၊ အဲ့ကောင်မလေးကို မင်း ကြိုက်နေတာလား”

ရှုကျမ့်ဝမ်: “ပေါက်ကရတွေလျှောက်ပြောပြီး ကောလဟာလတွေ လွှင့်မနေနဲ့၊ ငါတို့ ဒီတိုင်း ရိုးရိုးသားသား စကားပြောခဲ့တာ”

လုပ်ဖော်ကိုင်ဖက်က ရယ်မောကာ ပြောလိုက်သည်။

“အဖြစ်သည်းနေလိုက်တာ ကြည့်ပါဦးကွာ၊ ငါတို့အားလုံးက ကျင့်ဟွာတက္ကသိုလ်ကျောင်းသားဟောင်းတွေပဲဥစ္စာ၊ အဲ့ကောင်မလေးကို သဘောကျရင် ပေကျင်းပြန်ရောက်တဲ့အခါ ဖွင့်ပြောလိုက်ပေါ့၊ မိုင်တွေအများကြီး ခရီးနှင်ပြီး စေတနာ့ ဝန်ထမ်းလာလုပ်တဲ့ကောင်မလေးဆိုတော့ လူကောင်းသူကောင်းလေးပဲနေမှာ၊ ဒါနဲ့ ငါတို့သတင်းစာတိုက်က မိန်းကလေးဟောက်နဲ့လည်း မင်းအဆင်ပြေနေတာပဲ မဟုတ်ဘူးလား၊ အခုလိုလုပ်လိုက်ရင် လှေနံနှစ်ဖက်နင်းရာတော့ မကျနိုင်ဘူးမလား”

ရှုကျမ့်ဝမ် ထိုအကြောင်း ဆက်မပြောချင်တော့သဖြင့် စကားဖြတ်လိုက်သည်။

“သူတို့နှစ်ယောက်စလုံးနဲ့ ငါဘာမှ မပတ်သတ်ဘူး၊ မင်းလည်း ကိုယ့်သတင်းကိုယ် ဘယ်လိုရေးရမလဲ အာရုံစိုက်ထားတာ ပိုကောင်းမယ်၊ ဒီတစ်ခေါက်သတင်းက သတင်းစာတိုက်အတွက်ကော တက္ကသိုလ်အတွက်‌ကော အရေးကြီးတယ်နော်”

လုပ်ဖော်ကိုင်ဖက်ဖြစ်သူက ချက်ချင်းပင် ကပ်ဖားရပ်ဖား လုပ်လိုက်သည်။

“မင်းကိုပဲ အားကိုးရမှာပေါ့ကွာ၊ မင်းက ငါတို့ထဲမှာ အတော်ဆုံးပဲဥစ္စာ၊ မင်းရဲ့ အရေးအသားစွမ်းရည်ကို မှီတဲ့လူရှိလို့လား”

နောက်တစ်နေ့တွင် နင်အန်းကောင်တီသတင်းစာဌာနမှ ရေဘေးသင့်ဒုက္ခသည်များအတွက် စေတနာ့ဝန်ထမ်းများ၏ ကူညီထောက်ပံ့မှုလုပ်ငန်းစဉ်များအား ဂုဏ်ပြုရေးသားထုတ်ဝေခဲ့ပါသည်။

ဤခေတ်ကာလတွင် သာမန်ပြည်သူများအတွက် သတင်းအချက်အလက်များ သိရှိရဖို့ သတင်းစာများကိုသာ အားကိုးနေရသဖြင့် ထိုသတင်းစာမှာ အလွန်ပင် အရောင်းသွက်ခဲ့သည်။

ထို့အပြင် ထိုသတင်းစာကို နင်အန်းကောင်တီအတွင်းမှာသာမကဘဲ နိုင်ငံအနှံ့အပြားသို့ပါ ဖြန့်ချိခဲ့ကြသည်။

ထိုအချိန်တွင် နင်အန်းကောင်တီနှင့် မလှမ်းမကမ်းတွင်ရှိသော ရှန့်ကောင်တီ၌…

လုဟန်ချွမ်သည် နင်အန်းကောင်တီသတင်းစာကို ဖတ်ရှုနေရင်း တစ်ချက်ကြည့်လိုက်ရုံနှင့် စေတနာ့ဝန်ထမ်းအဖွဲ့သားများ၏ဓာတ်ပုံထဲမှ ယဲ့ရှောင်ရှောင်ကို ချက်ချင်း မြင်သွားပါသည်။

ဓာတ်ပုံက သိပ်ပြီး ရှင်းလင်းပြတ်သားလှသည် မဟုတ်သော် လည်း သူ့ကောင်မလေးကိုမူ ချက်ချင်းမှတ်မိနိုင်ပါသည်။

လုဟန်ချွမ် ပေကျင်းမှ တာဝန်ဖြင့် မထွက်ခွာစဉ်က လျှပ်စစ် မီးများပြတ်တောက်နေခြင်းကြောင့် ဆက်သွယ်ရေးများပါ ပြတ်တောက်သွားခဲ့သဖြင့် ရေဘေးသင့်ကယ်ဆယ်ရေးများ ဆောင်ရွက်ဖို့ တာဝန်ဖြင့် ထွက်ခွာရမည်ဖြစ်ကြောင်းကို ယဲ့ရှောင်ရှောင်အား သတိမပေးနိုင်ခဲ့ပါ။

သို့သော် ယဲ့ရှောင်ရှောင်ကလည်း သူ့ကို ထပ်တူ အံ့အားသင့်စေခဲ့ပါသည်။

ရှန့်ကောင်တီသို့ လုဟန်ချွမ်ရောက်ရှိနေသည်မှာ ၁၀ ရက်ခန့် ကြာပြီဖြစသည်။ စေတနာ့ဝန်ထမ်းများ၏ လှုပ်ရှားမှုက စစ်တပ်ထက် နောက်ကျမည်ဆိုလျှင်ပင် တစ်ရက်နှစ်ရက်ခန့်သာ ကွာနိုင်သည်။

ဆိုလိုသည်မှာ နင်အန်းကောင်တီသို့ ရှောင်ရှောင်ရောက်ရှိနေသည်မှာ အနည်းဆုံး ၇ ရက်ခန့် ကြာနေပြီ ဖြစ်သည်။

လုဟန်ချွမ်လည်း ရှေ့တန်းကယ်ဆယ်ရေးများတွင် ကိုယ် တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားခဲ့သည်။ မည်မျှပင် ပင်ပန်းဆင်းရဲနေပါစေ စစ်သားတစ်ဦး၏ တာဝန်ဟုသာ မှတ်ယူပြီး မမှုခဲ့ပေ။

သို့သော် ထိုကဲ့သို့ ဆင်းရဲဒုက္ခမျိုးကို ရှောင်ရှောင်လည်း ထပ်တူခံစားနေရလိမ့်မည်ဟု တွေးမိသောအခါတွင်မူ သူအလွန် ရင်နာခဲ့ရပါသည်။

လုဟန်ချွမ် သတင်းစာကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ သူ့ရင်ထဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော် လည်း ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင်အရင်ထမ်းဆောင်ရပါမည်။

ရှန့်ကောင်တီရှိ ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးလုနီးပြီဖြစ်၍ သူတို့တပ်ဖွဲ့လည်း ပြန်လည်ဆုတ်ခွာရမည့်အချိန်ကို ရောက်ရှိလာတော့မည်ဟု ဖြေသိမ့်စရာသာ ရှိတော့သည်။

All Chapters