အခန်း ၁၇၃
Vol. 18 Ch. 173
📗 Chapter 173
ယဲ့ရှောင်ရှောင်၏ ဓာတ်ပုံပါသော ထိုသတင်းစာကို တွေ့ရှိခဲ့သူမှာ လုဟန်ချွမ်တစ်ဦးတည်း မဟုတ်ခဲ့ပေ။
နင်အန်းကောင်တီ သတင်းစာတိုက်၏ ရုံးခန်းတစ်ခုအတွင်း၌ ဟောက်ယန်ယန်တစ်ယောက် သတင်းစာကို လက်ထဲတင်း တင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်း ထိုဓာတ်ပုံအားမျက်တောင် မခတ်တမ်း စိုက်ကြည့်နေမိသည်။
‘ယဲ့ရှောင်ရှောင်ပါလား… သူက နင်အန်းကို ဘာလာလုပ်တာလဲ၊ ငါက ဒီမှာ ရှုကျမ့်ဝမ်အတွက် တောက်တိုမယ်ရ လိုက်လုပ်ပေးနေချိန်မှာ သူကတော့ ယဲ့ရှောင်ရှောင်နဲ့ သွားကြည်နူးနေတာလား၊ အရင်ဘဝက ပျော်ရွှင်စရာကောင်းတဲ့ ငါ့ဘဝကို လုယူခဲ့တဲ့ လူက ဒီဘဝထိ ဘာလို့ စိတ်ဒုက္ခဆက်ပေးနေသေး တာလဲ’
ဟောက်ယန်ယန် မျက်လုံးများ နီမြန်းလာသည်။ သူမ၏ လက်ရှိအတွေးအခေါ်များ မည်မျှအထိ အစွန်းရောက်ကာ ရူးသွပ်လာသည်ကိုပင် သတိမထားမိတော့ပါ။
သူမလက်ထဲရှိ သတင်းစာကို ဘောလုံးတစ်လုံးဖြစ်အောင် လုံးချေပစ်လိုက်သည်။
‘ယဲ့ရှောင်ရှောင်ရဲ့ ကောင်လေး…’
အမှန်ပင်။ ယဲ့ရှောင်ရှောင်တွင် ကောင်လေးရှိပြီးသားဖြစ်သော်လည်း ရှုကျမ့်ဝမ်က မည်သည့်အတွက်ကြောင့် မစွန့် လွှတ်နိုင်ဖြစ်နေသေးမှန်း ဟောက်ယန်ယန် နားမလည်နိုင်ပေ။
ဟောက်ယန်ယန်သည် ယဲ့ရှောင်ရှောင်အား သွားရောက်ရင်ဆိုင်ချင်စိတ်များ တဖွားဖွား ပေါ်လာခဲ့သည်။ ရှုကျမ့်ဝမ်က သူမအပိုင်ဖြစ်ကြောင်း၊ သူမတို့နှစ်ယောက် နီးစပ်နေပြီ ဖြစ်ကြောင်း ယဲ့ရှောင်ရှောင်အား သတိသွားပေးချင်ခဲ့သည်။
သို့သော် ထိုသတင်းစာပါ အကြောင်းအရာကို ဟောက်ယန်ယန် ဖတ်ရှုမိချိန်က အတော်လေး နောက်ကျနေခဲ့ပါပြီ။ သူမ သွားရောက် ရှာဖွေချိန်တွင် ယဲ့ရှောင်ရှောင်တို့ အဖွဲ့သားများ နေရာပြောင်းရွှေ့သွားကြပြီဖြစ်သည်။
ကယ်ဆယ်ရေးစခန်းမှ ရွက်ဖျင်တဲအများစုကိုပင် ဖျက်သိမ်းထားပြီးပြီဖြစ်ကာ လူနည်းစုသာ ကျန်ရှိတော့သည်။ အဘက်ဘက်မှ ကူညီပေးခဲ့ကြသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း ကောင်တီမြို့တွင်းသို့ ပြောင်းရွှေ့ပေးထားသည်။
အမိုးအကာမရှိသော ကွင်းပြင်၌ အပင်ပန်းခံကာ အလုပ်လုပ်စရာ မလိုတော့သဖြင့် ကောင်တီခေါင်းဆောင်များက စေတနာ့ဝန်ထမ်းများအတွက် ကောင်တီအစိုးရ ဧည့်ဂေဟာများတွင် နေရာထိုင်ခင်း စီစဉ်ပေးခဲ့ကြသည်။
ထို့အပြင် အနီးနားရှိ ရပ်ကွက်ကော်မတီများကလည်း ယာယီဆေးခန်းများ ပြင်ဆင်ပေးခဲ့ကြသဖြင့် နောက်ဆုံးတွင် ထိုင်ခုံ ၌ ဣန္ဒြေရရထိုင်၍ ဆေးကုသပေးနိုင်ခဲ့ကြပြီဖြစ်ပါသည်။
ဆရာကြီးစွန်းကျန့်ယောင်က ကျောင်းသားများကို အားပေးစကား ဆိုခဲ့သည်။
“နောက် ၂ ရက်လောက်ပဲ အားတင်းထားကြစို့၊ အလုပ်တွေအားလုံး ပြီးပြတ်နေပြီမို့လို့ သန်ဘက်ခါ မနက်စောစောလောက် တို့တွေ ပေကျင်းကို ပြန်လို့ရလိမ့်မယ်”
အကြောင်းအရင်းအမျိုးမျိုးကြောင့် နင်အန်းကောင်တီသို့ ရောက်ရှိလာကြသည့် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ အယောက် ၃၀ ဝန်းကျင်သည် ကိုယ်အလေးချိန်များ သိသိသာသာ လျော့ကျသွားခဲ့ကြပါသည်။
ကျန်းခိုင်နင်ပင် သိသိသာသာ ပိန်သွားလေသည်။
ကျန်းခိုင်နင်: “နောက်ဆုံးတော့ ပြန်ရတော့မှာပဲ… ငါ့ကိုယ်ပေါ်က အဆီတွေ ကျေးဇူးကြောင့်သာ ဒီတစ်ချိန်လုံး တောင့်ခံနိုင်ခဲ့တာ…”
စွန်းကျန့်ယောင်က ပြန်၍ ဆုံးမသည်။
“ယောက်ျားလေးတန်မဲ့ ညည်းမနေစမ်းပါနဲ့ကွာ၊ မိန်းကလေးတွေကိုလည်း ကြည့်လိုက်ဦး၊ သူတို့တွေလည်း အားတင်းပြီး ကြိုးစားခဲ့ကြတာပဲ”
ကျန်းရှင်းယွင်က ပြုံးလျက်ဆိုသည်။
“သမီးတို့အလုပ်က ယောက်ျားလေးတွေထက်စာရင် ပိုသက် သာပါတယ်”
ထိုစကားက နှိမ့်ချပြောဆိုခြင်းမဟုတ်ပေ။ ယောက်ျားလေးများသည် ဒဏ်ရာရရှိထားသည့် ဒုက္ခသည်များကို ပွေ့ချီရခြင်း၊ လေးလံသည့် ပစ္စည်းများကို သယ်ယူရခြင်း စသည့်တာဝန်များကို ထမ်းဆောင်ခဲ့ကြရသည်။
နေ့စဉ်လိုအပ်သည့် သောက်သုံးရေနှင့် စားနပ်ရိက္ခာများကိုလည်း ယောက်ျားလေးများကသာ ဦးဆောင် သယ်ယူပေးကြရပါသည်။ ယောက်ျားလေးများဖြစ်၍ မိန်းကလေးများကို ညှာတာပေးခဲ့ကြရသည်။
စွန်းကျန့်ယောင်: “မင်းတို့အားလုံးက တို့တက္ကသိုလ်ရဲ့ ဂုဏ်ဆောင်တွေပါပဲ၊ စေတနာ့ဝန်ထမ်းအလုပ်ဆိုပေမယ့် တက္ကသိုလ်က မင်းတို့နဲ့ထိုက်တန်တဲ့ ဆုတွေကို ချီးမြှင့်ပေးသွားမှာ၊ ဒါတွေကို ကြိုပြောခဲ့ရင် အကျိုးအမြတ်တစ်ခုတည်းကို ကြည့်ပြီး လူတိုင်း လိုက်လာကြမှာစိုးလို့သာ အခုမှ ထုတ်ပြောရတာ၊ ဆုတွေက တခမ်းတနားကြီးမဟုတ်ရင်တောင် မင်းတို့ရဲ့ အနာဂတ်ပညာရေးနဲ့ အလုပ်အကိုင်တွေအတွက် သေချာပေါက် အထောက်အကူဖြစ်စေမှာပါ”
အကယ်၍ မည်သည့်ဆုလာဘ်မှ မရရှိခဲ့လျှင်ပင် ဤကဲ့သို့သော အဖိုးတန် အတွေ့အကြုံမျိုးသည် သူတို့၏ ကိုယ်ရေးရာဇဝင်ပေါ်တွင် အမြဲတမ်းတောက်ပနေမည့် မှတ် ကျောက်တစ်ခုအဖြစ် ထင်ကျန်ခဲ့ပြီ ဖြစ်သည်။
ကျန်းခိုင်နင်က ဟိတ်ကြီးဟန်ခြင်းဖြင့် ဝင်ပြောလိုက်ပါသည်။
“ကျွန်တော်တို့က အကျိုးအမြတ်ကို ကြည့်ပြီး လာကူညီပေးတာ မဟုတ်ပေမယ့် တက္ကသိုလ်က ဆုချချင်သပါ့ဆိုရင်တော့ ပျော်ပျော်ကြီး လက်ခံပေးရမှာပါ”
သူ့စကားကြောင့် ကျောင်းသားအားလုံး အားရပါးရ ရယ်မောမိကြပါသည်။
ဤစေတနာ့ဝန်ထမ်း လှုပ်ရှားမှုတွင် ကျောင်းသူသုံးဦး၏ ပြောင်မြောက်သော စွမ်းဆောင်ရည်များအပြင် ယဲ့ရှောင်ရှောင်၏ အတန်းမှ ချူးမြောင်သည်လည်း လူသတိထားမိစရာ ဖြစ်ခဲ့ပါသည်။
ချူးမြောင်မှာ ပိန်ပါးပျော့ညံ့မည့်ပုံစံပေါက်သော်လည်း ဒူပေနာပေ အလွန်ခံနိုင်သည်။ ကယ်ဆယ်ရေးစခန်း၌ ဒဏ်ရာရလူနာများ၏ ဒဏ်ရာများကို ချုပ်ပေးချိန်တွင် သူ၏လက်များသည် စိုးစဉ်းမျှ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်သွက်လက်လှပါသည်။
ယခုချိန်မှစ၍ မည်သူကမှ သူ့ကို မိန်းကလေးတစ်ဦးနှင့်တူသည်ဟု ကျီစယ်ရဲကြတော့မည် မဟုတ်ချေ။
ယဲ့ရှောင်ရှောင်သည်လည်း ဤခရီးစဉ်မှ အကျိုးအမြတ်များစွာ ရရှိခဲ့ပါသည်။ လက်တွေ့လှုပ်ရှားခဲ့ရသည့် အတွေ့အကြုံများအပြင် သူမ၏ အတန်းဖော်များနှင့်လည်း ပိုမိုရင်းနှီးကျွမ်းဝင်လာခဲ့သည်။
သူမ၏ အတန်းထဲမှ ရွယ်တူ အတန်းဖော်များအပြင် အခြားသော ကျောင်းသားကျောင်းသူများနှင့်ပါ ရင်းနှီးခွင့်ရခဲ့ပါသည်။ အတိုချုန်းအားဖြင့် အလွန်အဖိုးမဖြတ်နိုင်သော အတွေ့အကြုံတစ်ခု ဖြစ်ခဲ့သည်။
တစ်ဖက်တွင် ဟောက်ယန်ယန်သည် ဗလာကျင်းဖြစ်နေသည့် ကယ်ဆယ်ရေးစခန်းကိုသာ မြင်ခဲ့ရသဖြင့် အချည်းနှီးဖြစ်ခဲ့သော်လည်း သူမ၏ ရည်ရွယ်ချက်ကိုမူ လုံးဝလက်မလျှော့ခဲ့ပေ။
သူမသည် သမဝါယမအရောင်းဆိုင်သို့ သွားရောက်ပြီး အရက်ဖြူနှစ်ကျင်းဝယ်ယူခဲ့သည်။ ထို့နောက် အဆောင်တွင်ကျန်ရှိနေသည့် အသားခြောက်အနည်းငယ်ကို ထုတ်ယူကာ အိုးခွက်များကို ဆေးကြော၊ ရေနွေးဆူဆူတည်၍ ဟင်းလျာအချို့ အသေအချာ ချက်ပြုတ်ပြင်ဆင်လိုက်ပါသည်။
ရေကြီးရေလျှံမှုကြောင့် နင်အန်းကောင်တီသို့ ဟင်းသီးဟင်းနှံများ တင်သွင်းနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဤဟင်းပွဲမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ကပ်ဆိုက်ထားသည့် ဒေသတစ်ခုတွင်မူ အလွန်အဖိုးတန်သည့် ဟင်းတစ်ခွက်ဖြစ်ခဲ့ပါသည်။
ထို့နောက် ဟောက်ယန်ယန်သည် ရှုကျမ့်ဝမ်ကို အတူတူသောက်ဖို့ ဖိတ်ခေါ်လိုက်သည်။
ရှုကျမ့်ဝမ်လည်း မငြင်းဆန်ခဲ့ဘဲ သူမ၏အခန်းထဲသို့ ဝင်လာခဲ့ပြီး လွန်ခဲ့သည့် ရက်များက အစစအရာရာ အကူအညီပေးခဲ့သည့်အတွက် ဟောက်ယန်ယန်ကို ကျေးဇူးတင်စကား ဆိုလိုက်ပါသည်။
ဟောက်ယန်ယန်သာ သူ့အဆောင်ခန်းထဲရှိ ပစ္စည်းများကို အပေါ်ထပ်သို့ ကူညီပြောင်းရွှေ့မပေးခဲ့လျှင် သူ့ပစ္စည်းများအားလုံးရေမြုပ်ကာ ပျက်စီးသွားပါလိမ့်မည်။
ဟောက်ယန်ယန်က နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်။
“ကျွန်မတို့ကြားက ဆက်ဆံရေးက ကျေးဇူးတင်နေရမယ့် အခြေအနေမို့လို့လား၊ သူစိမ်းဆန်တာတွေမပြောဘဲ အတူတူသောက်ကြရအောင်ပါ”
ရှုကျမ့်ဝမ်၏မျက်နှာ အနည်းငယ် တင်းမာသွားသည်။ အမှန်စင်စစ် ရှုကျမ့်ဝမ်သည် သူ့ခံစားချက်ကိုသူ နားမလည်နိုင်သေးပေ။
တစ်ဖက်လူက ဟောက်ယန်ယန်ဖြစ်စေ၊ ယဲ့ရှောင်ရှောင်ဖြစ်စေ ထိုစေ့စပ်ကြောင်းလမ်းမှုကို ရှုကျမ့်ဝမ် အမြဲလိုလို ဆန့်ကျင်ခဲ့သည်။
သို့သော် ယခုအချိန်တွင် သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည်မှာ မိန်းကလေးနှစ်ဦးစလုံး၏ ကောင်းကွက်များကို ထင်ထင်ရှားရှားမြင်လာရခြင်းပင်။ သူ၏ မသိစိတ်မှ သူမတို့နှင့် နီးစပ်ချင်နေသည့် ခံစားချက်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သည်။
ဟောက်ယန်ယန်သည် ရှုကျမ့်ဝမ်အတွက် တစ်ခွက်ငှဲ့ပေးရင်း ဆိုလိုက်သည်။
“ဒီနေ့က ထူးခြားတဲ့နေ့လေးဆိုတော့ ကျွန်မတို့တွေ အမှတ် တရ သောက်ကြတာပေါ့”
ရှုကျမ့်ဝမ် နားမလည်နိုင် ဖြစ်သွားလေသည်။
“ဒီနေ့က ဘာတွေထူးခြားနေလို့လဲ”
ဟောက်ယန်ယန်: “မိုးတွေစဲသွားပြီ၊ ကောင်းကင်ကြီးလည်း ကြည်လင်သွားပြီ၊ ကျွန်မတို့အားလုံး ကပ်ဘေးကြီးကနေ လွတ်မြောက်လာခဲ့ပြီလေ၊ အဲ့တာ ထူးခြားတဲ့နေ့မဟုတ်လို့ဘာလဲ”
ရှုကျမ့်ဝမ် သဘောပေါက်သွားပြီး ခေါင်းညိတ်ထောက်ခံလိုက်ပါသည်။
“အဲ့တာတော့ ဟုတ်ပါတယ်”
ရှုကျမ့်ဝမ် တစ်ငုံသောက်လိုက်ပြီး ညစာစားရင်း ဟောက်ယန်ယန်နှင့် စကားပြောခဲ့သည်။ သူမ၏ ငယ်ဘဝအကြောင်း ဟောက်ယန်ယန် ပြောပြသောအခါ ရှုကျမ့်ဝမ်က ထူးထူးခြားခြားနားထောင်ပေးခဲ့ပါသည်။
ဟောက်ယန်ယန်လည်း ထူးခြားချက်တစ်ခုကို သတိပြုမိသည်။
ပိုင်ချွမ်ရွာနှင့် ပတ်သတ်သည့်အကြောင်းအရာများကို သူမ ပြောလိုက်တိုင်း ရှုကျမ့်ဝမ် အလွန်အမင်းစိတ်ဝင်စားလာတတ်သည်။
သူမ၏ ဇာတ်လမ်းများကို ရှုကျမ့်ဝမ် အမှန်တကယ် စိတ်ဝင်စားနေခြင်းလား၊ သို့မဟုတ် ထိုဇာတ်လမ်းများမှတဆင့် အခြားဇာတ်ကောင်တစ်ဦး၏ ဘဝအခြေအနေကို သိရှိလိုချင်လား ဟောက်ယန်ယန် ဝေခွဲမရပေ။
အမှန်တွင်တော့ ရှုကျမ့်ဝမ်က ရိုးရိုးသားသား စိတ်ဝင်စားရုံသာ ဖြစ်သည်။
“ယဲ့မိသားစုက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ရဲ့လား”
ဟောက်ယန်ယန်က ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေလိုက်သည်။
“ယဲ့မိသားစုမှာ သားသမီးတွေ များတယ်လေ၊ သားသမီးတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်ဆိုရင်တောင် အရာခပ်သိမ်းတော့ လိုက်ပြီး ဂရုစိုက်နေနိုင်မှာ မဟုတ်ဘူး၊ အဲ့တာကြောင့် ယဲ့ရှောင်ရှောင်ကို ကျွန်မ အားကျတာ၊ ဟောက်မိသားစုမှာ တစ်ဦးတည်းသော သမီးအဖြစ် ကြီးပြင်းလာရတာဆိုတော့ ဘယ်လောက်တောင် အလိုလိုက်ခံရမလဲ သူပဲသိလိမ့်မယ်”
ရှုကျမ့်ဝမ်၏မျက်ခုံးများ အနည်းငယ် လှုပ်ခါသွားသည်။
“ရှောင်ရှောင်… သူက အလိုလိုက်ခံရပြီး ကြီးပြင်းလာတာ မှန်ပေမယ့် ဒီကိစ္စက သူ့အပြစ်လည်း မဟုတ်ဘူးလေ၊ မင်းသူ့ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်”
ဟောက်ယန်ယန် လက်ထဲမှ တူကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ ထို့နောက် မျက်နှာအမူအရာကို အတတ်နိုင်ဆုံးထိန်းကာ ပြန်ပြောလိုက်ပါသည်။
“ကျွန်မက သူ့ကို ဘာလို့အပြစ်တင်ရမှာလဲ၊ ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး၊ ခါးသီးတဲ့ ကျွန်မရဲ့ ကံကြမ္မာကိုပဲ အပြစ် တင်တယ်”
ရှုကျမ့်ဝမ်က နှစ်သိမ့်ပေးလိုက်သည်။
“မင်းလည်း အခုမင်းနဲ့ သက်ဆိုင်တဲ့အိမ်ကို ပြန်ရောက်နေပြီပဲ၊ နောက်ဆိုအဲ့တာတွေ ထပ်ပြောမနေပါနဲ့တော့”’
ဟောက်ယန်ယန်သည် ရှုကျမ့်ဝမ်အတွက် နောက်တစ်ခွက် ထပ်ငှဲ့ပေးကာ ဆိုလိုက်သည်။
“ဟုတ်ပါပြီ၊ အခုလည်း အဲ့တာတွေ ဆက်မပြောကြရအောင်၊ ညစာအတူတူစားဖို့ ရှင့်ကို ဖိတ်လိုက်တာ၊ အတိတ်ဘဝအကြောင်းတွေ ပြန်ပြောပြီး ဆွေးဖို့မဟုတ်ဘူး”
စကားလမ်းကြောင်းက အနေခက်စရာကောင်းအောင် ပြောင်းလဲသွားသဖြင့် ရှုကျမ့်ဝမ်လည်း ရင်ထဲမှ အတွေးများကို အရက်ဖြင့်သာ ဖုံးဖိနိုင်တော့သည်။
ဤအရက်မှာ သူသောက်နေကျ အရက်များနှင့် အတော်လေးခြားနားပါသည်။ သောက်ခါစတွင် အဝင်ချောသော်လည်း မကြာမီ အရှိန်တက်လာပြီး အလွန်ပြင်းသည့် အရက်မျိုး ဖြစ်သည်။
ညစာစားပြီးသွားသောအခါ ရှုကျမ့်ဝမ်၏အမြင်အာရုံများ ဝေဝါးစပြုလာကာ ရှေ့ကိုပင် သေသေချာချာ မမြင်ရတော့ပေ။
“အဆင်ပြေရဲ့လား အစ်ကိုကျမ့်ဝမ်၊ ကုတင်ပေါ်မှာ ခဏလှဲဖို့ တွဲပေးမယ်လေ”
ရှုကျမ့်ဝမ်သည် ဟောက်ယန်ယန်၏ တွဲခေါ်ပေးမှုဖြင့် ကုတင်ပေါ်သို့ ရောက်ရှိသွားပါသည်။
ဤအခန်းများမှာ လုပ်ငန်းဌာနမှ စီစဉ်ပေးထားသည့် အဆောင်ခန်းများသာဖြစ်သော်လည်း မိန်းကလေးတစ်ဦး၏ ကုတင်မှာ အမြဲတမ်းလိုလို ခြားနားနေတတ်သည်။
ထူးထူးခြားခြား သင်းပျံ့နေသည့် ပန်းရနံ့လေးတစ်ခုက ရှုကျမ့်ဝမ်၏ နှာခေါင်းထဲ တိုးဝင်လာသဖြင့် ပိုမူးယစ်ရီဝေသွားခဲ့ရသည်။
ဟောက်ယန်ယန်ကမူ တံခါးထံသို့လျှောက်သွားပြီး အခန်းတံခါးကို သေသေချာချာ လော့ခ်ချလိုက်သည်။ သူမကိုယ် တိုင်လည်း အရက်အနည်းငယ်သောက်ထားသဖြင့် ပါးပြင်လေးများမှာ နီမြန်းလျက် ရှိနေပါသည်။
“ကျွန်မ တောင်းပန်ပါတယ်… ကျွန်မလည်း ဒီလို မလုပ်ချင်ပါဘူး၊ ဒါပေမယ့် ဒီအခွင့်အရေးကို မြန်မြန်ဆန်ဆန်နဲ့ ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားဖို့ ဒီတစ်နည်းပဲရှိတော့လိုပါ… အစ်ကိုကျမ့်ဝမ် နိုးလာတဲ့အခါကျရင် ကျွန်မကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်”