အခန်း ၁၇၄
Vol. 18 Ch. 174
📗 Chapter 174
တစ်ညတာ ယစ်မူးမှုများ ကုန်ဆုံးသွားပြီးနောက် မနက်မိုးလင်းသောအခါ အိပ်ခန်းထဲ၌ ချောက်ချားစရာကောင်းအောင် တိတ်ဆိတ်သွားခဲ့သည်။
မနေ့ညက ဘာတွေဖြစ်ပျက်ခဲ့မှန်း ရှုကျမ့်ဝမ် လုံးဝ မမှတ်မိပေ။
သူ့မျက်လုံးများပွင့်လာချိန်တွင် ဟောက်ယန်ယန်နှင့် ကုတင်တစ်ခုတည်းပေါ်တွင် အဝတ်အစားမပါဘဲ အတူတူရှိနေသည်ကိုသာ တွေ့ခဲ့ရသည်။
ဟောက်ယန်ယန်၏ မျက်နှာပေါ်တွင်လည်း အလွန်ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်များ အထင်အရှား မြင်နေရသည်။
မနေ့ညက သူတို့ နှစ်ဦးစလုံး မူးအောင် သောက်ထားခဲ့ကြသဖြင့် အရက်ရှိန်ကြောင့် လွန်လွန်ကျူးကျူး ဖြစ်ခဲ့ကြနိုင်သည်။
ရှုကျမ့်ဝမ်သည် ဟောက်ယန်ယန်၏ လည်ပင်းနှင့် ပခုံးပေါ်ရှိ အမှတ်အသားများကို စိုက်ကြည့်နေခဲ့ပြီး အခြေအနေကို နားမလည်နိုင်ဖြစ်နေခဲ့သည်။
ဟောက်ယန်ယန်၏ ရှိုက်ငိုသံကို ကြားခါမှ ရှုကျမ့်ဝမ် ခေါင်းများကိုက်ခဲလာပြီး မျက်နှာကို လက်ဖြင့်အုပ်လိုက်မိပါသည်။
“မနေ့က ငါတို့…”
“ကျွန်မ တောင်းပန်ပါတယ် အစ်ကိုကျမ့်ဝမ်၊ မနေ့ညက ဘာတွေဖြစ်သွားလဲ ကျွန်မလည်း မသိဘူး၊ အစ်ကို အရမ်းမူးနေလို့ ကုတင်ဆီ လိုက်ပို့ပေးခဲ့တာပဲ ကျွန်မ သိတယ်… အဲ့ဒီနောက်…”
ဟောက်ယန်ယန် ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လိုက်ရာ အိပ်ရာခင်းပေါ်ရှိ အနီရောင်အစွန်းကွက်တစ်ခုက အထင်းသား ပေါ်လာခဲ့သည်။
ရှုကျမ့်ဝမ်တစ်ယောက် မျက်လုံးသူငယ်အိမ်များ ချက်ချင်းပင် ကျုံ့ဝင်သွားရသည်။
“ယန်ယန်… မင်း… မငိုပါနဲ့၊ ငါမင်းကို တာဝန်ယူမှာပါ”
ဟောက်ယန်ယန် ခေါင်းမော့လာပြီး မျက်ရည်များကြောင့် ရီဝေနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်ကာ မေးလိုက်သည်။
“တကယ်လား ဟင်”
“ငါတို့က စေ့စပ်ထားပြီးသားပဲဥစ္စာ၊ ငါမင်းကို ဒီတိုင်း ပစ်မထားပါဘူး”
ထို့အပြင် သူတို့နှစ်ဦး စည်ကျော်ခဲ့ကြပြီဖြစ်သည်။ ရှုကျမ့်ဝမ်မှာ လွတ်လပ်မှုကိုသာ လိုလားသူဖြစ်သော်ငြား တစ်စုံ တစ်ယောက်ကို တာဝန်မဲ့စွာ စွန့်ပစ်ခဲ့မည့်လူမျိုးလည်း မဟုတ်ပေ။
နောက်ဆုံးတော့ သူမ အကြားချင်ဆုံးဖြစ်သည့်စကားကို ဟောက်ယန်ယန် ကြားခဲ့ရပါပြီ။
“အစ်ကိုကျမ့်ဝမ် ကျွန်မကို လက်မခံချင်ဘူးဆိုလည်း ကျွန်မဘက်က ဒီကိစ္စကို အသုံးချပြီး အကျပ်မကိုင်ပါဘူး၊ ကျွန်မက အစ်ကိုကျမ့်ဝမ်ကို ပျော်ရွှင်စေချင်ရုံပါ၊ အစ်ကိုပျော်ရွှင်တာကို မြင်ရရင် ကျွန်မကျေနပ်ပါပြီ”
ရှုကျမ့်ဝမ် “အဲ့တာတွေ လျှောက်တွေးမနေနဲ့တော့၊ ငါမင်းကိုလိုလိုလားလား တာဝန်ယူပေးမှာ”
သူ့နှုတ်မှ ထိုသို့ပြောလိုက်သော်လည်း သူ့နှလုံးသားမှာမူ အလွန်လေးလံနေခဲ့သည်။ ရှုကျမ့်ဝမ် အဝတ်အစားများကို ကမန်းကတန်း ပြန်ဝတ်ပြီးနောက် ခပ်မြန်မြန် ထွက်လာခဲ့တော့သည်။
ဤဖြစ်ရပ်မှာ ရုတ်ခြည်းဆန်လွန်းလှသဖြင့် သူ့အတွက် အခြားရွေးချယ်စရာ လုံးဝမရှိတော့ပေ။ ဟောက်ယန်ယန်ကို လက်ထပ်လိုက်ခြင်းကသာ တစ်ခုတည်းသော အဖြေဖြစ်ပါလိမ့်မည်။
--- --- ---
နင်အန်းကောင်တီတွင် စုစုပေါင်း ၁၃ ရက်ကြာအောင် နေထိုင်ခဲ့ကြရသဖြင့် ယဲ့ရှောင်ရှောင်တို့ အဖွဲ့သားများ မူလစီစဉ်ထားသည်ထက် ရက်အနည်းငယ် နောက်ကျမှ တက္ကသိုလ်သို့ ပြန်နိုင်ခဲ့ကြသည်။
ကောင်တီခေါင်းဆောင်များက ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများကို ဂုဏ်ပြုညစာကျွေးချင်သော်လည်း ကျောင်းသားများကိုယ်စား စွန်းကျန့်ယောင်က ငြင်းဆန်ခဲ့ပါသည်။
တက္ကသိုလ်တွင် သင်ရိုးများအတွက် အချိန်ဇယားသတ်မှတ်ချက်များ ရှိနေသဖြင့် ထပ်မံနှောင့်နှေးသွားပါက ကျောင်း သားကျောင်းသူများ၏ ပညာရေးကိုထိခိုက်နိုင်သည်ဟု ရှင်းပြခဲ့ရာ ကောင်တီခေါင်းဆောင်များလည်း မတတ်သာဘဲ နှုတ်ဆက်ခဲ့ရပါသည်။
အိမ်ပြန်ချိန်နောက်ကျသဖြင့် ဒေသအများစု၌ လမ်းမများမှာ ရေများခြောက်သွေ့နေပြီဖြစ်ရာ ကျင့်ဟွာတက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ အပြန်ခရီးသည် လွန်စွာ ချောမွေ့ခဲ့ပါသည်။ ယခင်က မြေပြိုနေသည့် တောင်ပတ် လမ်းကိုပင် ရှင်းလင်းပြီးကြပြီ ဖြစ်သည်။
တက္ကသိုလ်သို့ ပြန်ရောက်သောအခါ ကျောင်းတော်မှ ‘ပြန်လည်ကြိုဆိုပါသည်’ဟူသော စာတန်းများ ချိတ်ဆွဲထားသည်ကို အားလုံးမြင်တွေ့ခဲ့ကြရသည်။
တက္ကသိုလ်ပါမောက္ခများက ချီးကျူးစကားအနည်းငယ်ဆိုပြီးနောက် ကျောင်းသားကျောင်းသူများကို အနားယူခွင့် ပြုလိုက်ပြီး ည ၈ နာရီထိုးသောအခါ အစည်းအဝေးခန်းမ၌ ဂုဏ်ပြုပွဲကျင်းပပေးမည်ဖြစ်ကြောင်းကိုလည်း အသိပေးခဲ့သည်။
ယဲ့ရှောင်ရှောင် အဆောင်သို့ ပြန်ရောက်၍ အခန်းတံခါးကို ဖွင့်ကြည့်လိုက်ရာ အခန်းဖော်များအားလုံး လူစုံတက်စုံ ရှိနေသည်ကို မြင်လိုက်ရသည်။
“ရှောင်ရှောင် ပြန်လာပြီဟေ့!! ငါ့သူငယ်ချင်းကြီးကို ကြည့်ပါရစေဦး၊ ဝိတ်တွေအများကြီး ကျသွားလိုက်တာ”
ရှားလီက ယဲ့ရှောင်ရှောင်၏ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ပိုပိုကဲကဲ လုပ်ပြလိုက်သည်။
“ဒါပေမယ့် အသားတော့ မည်းမလာဘူးနော်၊ အံ့ဩစရာကောင်းလိုက်တာ၊ တကယ့်သဘာဝအလှလေးပဲ”
ယဲ့ရှောင်ရှောင် အထုပ်အပိုးများချလျက် အမောဖြေလိုက်သည်။
“ကျေးဇူးပါ”
ထန်ရှို့ရှို့ကလည်း လှမ်းမေးသည်။
“ဘယ်လိုနေလဲ၊ အရမ်းပင်ပန်းရတယ်မလား”
“ဒီလိုပါပဲ၊ အတွေ့အကြုံတွေတော့ အများကြီး ရခဲ့တယ်လေ”
ဟယ်ကျင်းက ဆိုသည်။
“နင်တို့ တရုတ်တိုင်းရင်းဆေးမေဂျာအတန်းက အရမ်းတော်ကြတာပဲနော်၊ တစ်ယောက်မကျန် လိုက်သွားကြတာပဲ”
ဝမ်ကျောင်းက မကျေမနပ် ဝင်ပြောလိုက်သည်။
“အဲ့လိုတော့ မပြောနဲ့လေ၊ ငါတို့က ကျောင်းသူသစ်တွေ ဖြစ်နေတာကိုး၊ တခြားကျောင်းသားသစ်တွေလည်း စာရင်းသွားပေးကြပေမယ့် အကြံပေးဆရာက မလိုက်ဖို့ ဖျောင်းဖျခဲ့တာတဲ့”
ထို့နောက် ဝမ်ကျောင်း စကားလမ်းကြောင်းလွှဲကာ ဆက်မေးသည်။
“ငါတို့တက္ကသိုလ်က အဖွဲ့တွေအများကြီး လွှတ်လိုက်တာမလား၊ နင်တို့အဖွဲ့မှာတော့ ဘာမှမဖြစ်ဘူးမလား၊ စောစော ပြန်ရောက်လာတဲ့အဖွဲ့ကတော့ စာရင်းသွင်းတုန်းကသွင်းပြီး ဟိုလည်းရောက်ကော ရေသာခိုနေကြလို့ အတိုင်ခံရတယ်တဲ့”
ယဲ့ရှောင်ရှောင်သည် အထုပ်အပိုးများထဲမှ လျှော်စရာအဝတ်အစားများကို ထုတ်ကာ ပြန်ဖြေလိုက်သည်။
“ငါတို့အဖွဲ့သားတွေကတော့ တော်ကြပါတယ်၊ ဆရာတွေကလည်း ဂရုစိုက်ပေးတယ်”
ရှားလီက ဝင်ပြောသည်။
“နင်ပြောတဲ့လူစားမျိုးတွေက လူနည်းစုပါအေ၊ ရေသာခိုချင်တယ်ဆိုလည်း အစကတည်းက စာရင်းမသွင်းနဲ့ပေါ့၊ ကျောင်းက အတင်းအကျပ် ခေါ်နေတာမှ မဟုတ်တာ”
ဝမ်ကျောင်းက လက်မခံနိုင်ဘဲ ချေပလိုက်သည်။
“နင်က ဘာသိလို့လဲ၊ သူတို့ ဂုဏ်လိုချင်လို့ လိုက်သွားတာလည်း ဖြစ်နိုင်တာပဲ၊ ဒါမှမဟုတ် ကျောင်းက ဘယ်လို ဆုတွေ ကမ်းလှမ်းထားလို့လဲမှ မသိတာ၊ ဒီနေ့ည ဂုဏ်ပြုပွဲတောင် ကျင်းပပေးဦးမှာတဲ့၊ ဘယ်သူက အဲ့လိုပွဲမျိုးမှာ ဂုဏ်မယူချင်ဘဲ နေချင်မှာလဲ”
ရှားလီ “စာရင်းသွင်းခိုင်းတုန်းက ဘာဆုညာဆုပေးမယ်လို့ ဘယ်သူမှ မပြောဘူးလေ”
ဝမ်ကျောင်း “နင်မသိတာနဲ့ဘဲ သူများတွေလည်းမသိဘူးလို့ သိမ်းကျုံးပြောလို့ရမလား”
ဟယ်ကျင်းက သူတို့နှစ်ဦးအကြား အမြန်ကြားဝင်ဖျန်ဖြေပေးလိုက်ရပါသည်။
“ကဲပါကဲပါ စကားနိုင်လုမနေကြပါနဲ့တော့၊ ဒီနေ့ည ဂုဏ်ပြုပွဲကျင်းပမှာဆိုပေမယ့် ရေသာခိုတဲ့ ကျောင်းသားတွေကိုလည်း အပြစ်ပေးမှာ သေချာတယ်၊ သူများကိစ္စအတွက် စကားမများကြစမ်းပါနဲ့”
ဝမ်ကျောင်းနှင့် ရှားလီတို့ အပြန်အလှန် မျက်စောင်းထိုးလိုက်ကြပြီး မသိချင်ယောင်သာ ဆောင်လိုက်ကြသည်။
မိန်းကလေးများမှာ တစ်ခါတရံ စကားတစ်ခွန်းကြောင့် စိတ်ဝမ်းကွဲတတ်ကြသလို ပြန်အဆင်ပြေဖို့လည်း လွယ်ကူတတ်ကြသည် မဟုတ်ပါလား။
ထိုကိစ္စကြောင့် ညနေခင်း ဂုဏ်ပြုပွဲသို့ သွားရောက်သည့်အခါတွင် ရှားလီသည် ဝမ်ကျောင်း၏ ဘေးမှ ကပ်မလျှောက်ခဲ့ပေ။
ယဲ့ရှောင်ရှောင်ကမူ စီနီယာအစ်မနှစ်ဦးက လာခေါ်သဖြင့် အဆောင်မှ စောစီးစွာ ထွက်သွားခဲ့ပါသည်။
စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများက ရှေ့ဆုံးတန်းတွင် ထိုင်ကြရမည်ဟု အကြောင်းကြားထားသည်။
ထို့ကြောင့် လမ်းတွင် သူမ၏ အခန်းဖော်များ အဖွဲ့နှစ်ဖွဲ့ကွဲသွားသည်ကိုပင် ယဲ့ရှောင်ရှောင် မသိခဲ့ရပေ။ ရှားလီက ဟယ်ကျင်းနှင့် ထန်ရှို့ရှို့တို့ကို ခေါ်ဆောင်သွားသဖြင့် ဝမ်ကျောင်းနှင့် လီမိန့်ရူတို့နှစ်ယောက် အတူတူ လျှောက်ခဲ့ရသည်။
အခြားသူများက ထိုရန်ပွဲတွင် ပါဝင်လိုစိတ်မရှိကြသော် လည်း အမြင်မကြည်သည့် အခန်းဖော်နှစ်ဦး၏ ဆွဲခေါ်ရာသို့ လိုက်ပါသွားကြရပါသည်။
ခန်းမတစ်ခုလုံး ကျောင်းသားများနှင့် ပြည့်နှက်သွားသော အခါ ဂုဏ်ပြုပွဲကို စတင်ခဲ့သည်။
တက္ကသိုလ် ခေါင်းဆောင်ပိုင်းများက စင်ပေါ်သို့ တက်ရောက်ကာ အမှာစကားပြောကြားခဲ့ပြီး ကျောင်းသားများအနေဖြင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးကို တိုးမြှင့်ဖို့နှင့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် နိုင်ငံတော်အား ပြန်လည်အကျိုးပြုကြဖို့ ဆုံးမဩဝါဒစကားဆိုခဲ့သည်။
ထို့နောက် စေတနာ့ဝန်ထမ်းအဖြစ် စွမ်းဆောင်ခဲ့ကြသော ကျောင်းသားကျောင်းသူများကို စင်ပေါ်သို့ တစ်ဦးချင်း ဖိတ်ခေါ်ပြီး ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ရင်ဘတ်ပေါ်တွင် အနီရောင် ဂုဏ်ပြု ပန်းပွင့်ကြီးများ ပန်ဆင်ကာ အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြရပါသည်။
စင်ပေါ်မှ ပြန်ဆင်းလာသော ကျောင်းသားများကို စင်အောက်တွင် စောင့်နေသည့် ကျောင်းအုပ်က စာအိတ်နီတစ်လုံးစီ ချီးမြှင့်ခဲ့သည်။
ယဲ့ရှောင်ရှောင် ထိုင်ခုံသို့ ပြန်ရောက်ခါမှ စာအိတ်နီကို ဖွင့်ကာ အထဲသို့ ချောင်းကြည့်နိုင်ပါသည်။ အထဲတွင် ၃၃ ယွမ်တိတိ ထည့်ပေးထားသည်။
အလွန်ရက်ရောသည့် ပမာဏဟု ဆိုနိုင်ပါသည်။
ထို့နောက် ထိုငွေကို ဆုကြေးငွေဟု သဘောမထားဖို့ ကျောင်း အုပ်ကြီးက အတိအလင်း ရှင်းလင်းပြောကြားခဲ့သည်။
အချို့သော ကျောင်းသားများသည် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်း၊ သို့မဟုတ် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးခြင်းတို့ ကြုံခဲ့ရသည်။
သူတစ်ပါးကို နွေးထွေးစေရန် ထင်းမီးသယ်ဆောင်ပေးသူသည် ဆီးနှင်းထဲ အေးခဲ၍ သေဆုံးသွားခြင်းမျိုး မဖြစ်တန်ရာဟု ဆိုကာ နစ်နာကြေးသဘောမျိုး ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။
ခန်းမတစ်ခုလုံး လက်ခုပ်လက်ဝါးသံများဖြင့် စီစီညံသွားသည်။ ယခုချိန်တွင် စင်ပေါ်စင်အောက်ရှိ လူတိုင်းသည် အလွန်နက်ရှိုင်းသည့် ဂုဏ်ယူဝံ့ကြွားမှုများကို ခံစားနေကြရသည်။
ဂုဏ်ပြုပွဲပြီးဆုံးသောအခါ ကျန်းခိုင်နင်က ယဲ့ရှောင်ရှောင်ကို လှမ်းခေါ်လိုက်ပြီး မနက်ဖြန် သူငယ်ချင်းများ စုဝေး၍ တစ်ခုခုသွားစားဖို့ ဖိတ်ကြားလိုက်ပါသည်။
“ငါကျွေးမှာပါ၊ ဘာမှ အားနာစရာမလိုဘူး! တို့တွေ အတူတူပင်ပန်းခဲ့ကြရတာဆိုတော့ အတန်းထဲက သူငယ်ချင်းတွေ ပိုပြီးရင်းနှီးလာတယ်လို့ ခံစားရလို့၊ နင့်စီနီယာအစ်မနှစ်ယောက်ကိုလည်း ခေါ်ခဲ့လေ၊ တခြားလိုက်ချင်တဲ့လူတွေရှိရင်လည်း ခေါ်ခဲ့လို့ရတယ်နော်”
“ဟုတ်ပါပြီ၊ ငါလာခဲ့မယ်”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်သဘောတူလိုက်သည်။
အဆောင်သို့ ပြန်ရောက်သောအခါ ယဲ့ရှောင်ရှောင်သည် ကိုယ်လက်သန့်စင်ပြီး အိပ်ရာတန်းဝင်ခဲ့ပါသည်။
အရုဏ်တက်ချိန်ကတည်းက ကားစီးလာခဲ့ရပြီး ညပိုင်းတွင်လည်း ဂုဏ်ပြုပွဲတက်ရောက်ခဲ့ရသဖြင့် မျက်လုံးပင် မဖွင့်နိုင်လောက်အောင် အိပ်ငိုက်နေခဲ့ပြီဖြစ်သည်။
အဆောင်ခန်းထဲတွင်လည်း လုံးဝ တိတ်ဆိတ်နေခဲ့ပြီး ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကိုပင် ယဲ့ရှောင်ရှောင် သတိမပြုမိခဲ့ချေ။
နောက်တစ်နေ့ မနက်မိုးလင်းလာပြီး မနက်စာသွားစားဖို့ ပြင်ဆင်ချိန်မှသာ တစ်ခုခုမူမမှန်သည်ကို ယဲ့ရှောင်ရှောင် သတိထားမိသွားပါသည်။
“နင်တို့နှစ်ယောက် ရန်ဖြစ်ထားတာလား”
ရှားလီက နှာမှုတ်လျက်ဆိုသည်။
“မဖြစ်ပါဘူး၊ ရန်ဖြစ်ရလောက်အောင် အရေးပေးမထားဘူး”
ဝမ်ကျောင်းကလည်း ရှားလီကို ဂရုမစိုက်ဘဲ အောက်တွင် ဖန့်ခိုင်ရွှမ်စောင့်ကြိုနေသဖြင့် ကျောပိုးအိတ်လွယ်လျက် အဆောင်မှ စောစောထွက်သွားသည်။
ရှားလီကမူ ယဲ့ရှောင်ရှောင်တို့နှင့်အတူ မနက်စာထွက်စားခဲ့ပါသည်။
“ဒါတောင် ရန်မဖြစ်ထားဘူးလို့ ပြောရဲသေးတယ်နော်၊ နင်တို့အချင်းချင်း စကားလည်း မပြောကြဘူး”
“သူ့ကို မေ့ထားလိုက်စမ်းပါဟာ၊ ငါတော့ ဘာစကားမှ မပြောတာ ပိုအဆင်ပြေတယ်လို့ ခံစားရတယ်”
ယခုတစ်ခေါက်တွင်တော့ ရှားလီ လုံးဝ အလျှော့မပေးဖို့ ဆုံးဖြတ်ထားပါသည်။ ဝမ်ကျောင်းကို သူမဘက်မှ အရင် ပြန်မခေါ်နိုင်ပါ။
ယဲ့ရှောင်ရှောင်လည်း စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပြီး သူတို့နှစ်ဦးကို လွှတ်ထားလိုက်တော့သည်။
မနက်စာစားပြီးနောက် ပုံမှန်အတိုင်း အတန်းသွားတက်ခဲ့သည်။ ညနေခင်း အတန်းဆင်းသောအခါ ကျန်းခိုင်နင်တို့နှင့်အတူ တစ်ခုခုသွားစားဖို့ ယဲ့ရှောင်ရှောင် အပြင်ထွက်လာခဲ့သည်။
အတန်းဖော်များ၏ စုပေါင်းစားသောက်ပွဲလေးဟုဆိုလျှင် ပိုမှန်ကန်ပါလိမ့်မည်။