← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

📗 Chapter 175

စားသောက်ပွဲသို့ ရောက်ရှိလာသူအားလုံးသည် ရင်းနှီးပြီးသားသူများဖြစ်ကြ၍ အလွန်ပျော်ရွှင်စရာကောင်းခဲ့သည်။

အတန်းဖော် အယောက် ၂၀ ကျော်ရောက်ရှိလာခဲ့ကာ ကျန်းခိုင်နင်ကလည်း ရက်ရက်ရောရောနှင့် အားလုံးအတွက် စားပွဲဝိုင်းကြီးနှစ်ဝိုင်းစာ သေသေချာချာ စီစဉ်ပေးခဲ့ပါသည်။

ကျောင်းသားအချို့က အနည်းငယ်ပင် အားနာသွားကြသည်။

“ကျန်းခိုင်နင်တစ်ယောက်တည်းကိုပဲ ရှင်းခိုင်းလို့ဖြစ်ပါ့မလား၊ ငါတို့တွေ အညီအမျှ ခွဲရှင်းကြတာ ပိုမကောင်းဘူးလား”

ကျန်းခိုင်နင်က ချက်ချင်း ငြင်းဆန်လိုက်သည်။

“အဲ့တာတွေ ပြောမနေစမ်းပါနဲ့၊ ဒီပွဲကို ငါစီစဉ်တာမို့လို့ ငါပဲရှင်းမယ်၊ တစ်ယောက်မှ အားနာမနေကြနဲ့၊ မှာချင်တာ မှာကြနော်!”

ယဲ့ရှောင်ရှောင်ကလည်း အားမနာပေ။ ယခုဆိုလျှင် ကျန်းခိုင်နင်၏ ဝင်ငွေမှာ အံ့အားသင့်စရာကောင်းလောက်အောင် များပြားနေပြီဖြစ်မှန်း သူမကောင်းကောင်းသိပါသည်။

ဤအစားအသောက်များက ဈေးမပေါသောလည်း ကျန်းခိုင်နင်အတွက်မူ မပြောပလောက်ပေ။

အစားအသောက်များ မှာယူနေစဉ် အတန်းဖော်များအချင်းချင်း စကားစမြည် ပြောခဲ့ကြသည်။ မီနူးကို အခြားသူလက်ထဲ ထည့်ပေးပြီးနောက် ကျန်းခိုင်နင်သည် ယဲ့ရှောင်ရှောင်နားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။

“ရှောင်ရှောင်၊ ငါပြောစရာရှိတယ်၊ ငါ့သူငယ်ချင်းတစ်ယောက်က နင့်ကိုသဘောကျလို့တဲ့၊ အဲ့တာ ငါ့ကိုအောင်သွယ်တော် လုပ်ခိုင်းနေတာ”

ယဲ့ရှောင်ရှောင် တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

“ငါ့မှာ ကောင်လေးရှိတယ်”

ကျန်းခိုင်နင်က ခေါင်းတညိတ်ညိတ်နှင့် အသိအမှတ်ပြုလိုက်ပါသည်။

“ဟုတ်ပြီ ဟုတ်ပြီ၊ ကောင်လေးရှိပြီးသားဆိုတော့ အဲ့ကောင်တွေကို ဘာမှမမျှော်လင့်ဖို့ ပြောလိုက်တော့မယ်”

သူတို့နှင့် ဘေးချင်းကပ်လျက်ထိုင်နေသည့် ကျန်းရှင်းယွင်နှင့် မုန့်ကျင်းဝမ်တို့သည်လည်း ထိုစကားများကို ကြားသွားပါသည်။

ကျန်းရှင်းယွင်က စိတ်ဝင်တစား မေးလိုက်သည်။

“နင့်ကောင်လေးလည်း ငါတို့တက္ကသိုလ်ကပဲလား”

ယဲ့ရှောင်ရှောင်: “ဟင့်အင်း”

“ဒါဆို အနေဝေးတဲ့ ချစ်သူတွေပေါ့”

ထိုသို့ ချက်ချင်းကောက်ချက်ချလိုက်ခြင်းမှာ အနည်းငယ်ထူးဆန်းနေသည်ဟု ယဲ့ရှောင်ရှောင်ခံစားလိုက်ရသည်။ အဝေးရောက်ချစ်သူဘဝဆိုလျှင် မလုံခြုံဟု သူတို့ ထင်မှတ်နေကြပုံပေါ်သည်။

ထို့ကြောင့် သူမ သေသေချာချာ ရှင်းပြလိုက်ပါသည်။

“အနေဝေးတာတော့ မဟုတ်ပါဘူး၊ ကျွန်မတို့နှစ်ယောက်စလုံး ပေကျင်းမှာပဲ ရှိနေကြတာလေ၊ သူက တက္ကသိုလ်ကျောင်းသားမဟုတ်ရုံပါ”

ယဲ့ရှောင်ရှောင်၏ စကားကိုကြားပြီး ကျန်းရှင်းယွင်လည်း ဆက်မမေးတော့ပေ။

သူမတို့သည် မကြာသေးခင်ကမှ ရင်းနှီးခဲ့ကြသော မိတ်ဆွေများဖြစ်ကြသဖြင့် တစ်ဖက်မှ မပြောချင်လျှင် ဆက်မမေးခြင်းကသာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

ယဲ့ရှောင်ရှောင်က အသေးစိတ်ရှင်းမပြချင်၍ မဟုတ်သော် လည်း သူစိမ်းများရှိနေခြင်းကြောင့်သာ ဖြစ်သည်။

ကျန်းခိုင်နင်သည် ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်း မွန်သူဖြစ်၍ ညစာစားပြီးနောက် အတန်းဖော်များအားလုံး သူ့ကို ပိုမိုခင်မင်သွားကြပါသည်။

ထို့အပြင် ကျန်းခိုင်နင်၏ ကျေးဇူးကြောင့် ယဲ့ရှောင်ရှောင်က တစ်ကိုယ်တည်းသမားမဟုတ်ကြောင်း အားလုံးသိခဲ့ရသည်။ မည်သူမှ အံ့ဩခြင်းမရှိခဲ့ကြပေ။

ယဲ့ရှောင်ရှောင်မှာ အလွန်လှပလွန်းသဖြင့် ကောင်လေးရှိနိုင်သည်ဟု ကြိုတင်ခန့်မှန်းထားကြပုံပေါ်သည်။

ယောက်ျားလေးများက အရက်ဆက်သောက်ဖို့ အစီအစဉ်ရှိကြသဖြင့် ယဲ့ရှောင်ရှောင်နှင့် စီနီယာနှစ်ဦးတို့ ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ပြန်လာခဲ့ကြပါသည်။

တက္ကသိုလ်ဝင်ပေါက်သို့ ရောက်သည်နှင့် လမ်းဘေးတွင် ထိုးရပ်ထားသည့် လုဟန်ချွမ်၏ကားကို ယဲ့ရှောင်ရှောင် ချက်ချင်း သတိထားမိသွားသည်။

“ကျွန်မ လုပ်စရာလေးရှိသေးလို့ အစ်မတို့ ပြန်နှင့်ကြနော်”

မုန့်ကျင်းဝမ်က မေးသည်။

“ဘာလုပ်စရာရှိလို့လဲ၊ ငါတို့လိုက်ခဲ့ပေးရဦးမလား”

“ရပါတယ်၊ ကျွန်မကောင်လေး ရောက်လာလို့ပါ”

မုန့်ကျင်းဝမ်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သော်လည်း မည်သူ့ကိုမှ မတွေ့ခဲ့ရပေ။

ထိုစည် ကျန်းရှင်းယွင်က မုန့်ကျင်းဝမ်ကို ဆွဲခေါ်ကာ ယဲ့ရှောင်ရှောင်အား ပြောလိုက်သည်။

“ဒါဆို တို့တွေ ပြန်နှင့်မယ်နော်”

“ဟုတ်ကဲ့ပါ”

ကျောင်းဝင်းထဲသို့ ရောက်သည်နှင့် မုန့်ကျင်းဝမ် မေးလိုက်သည်။

“နင် ဘာတွေ အလျင်လိုနေတာလဲ၊ ရှောင်ရှောင်ရဲ့ ကောင်လေးကိုတောင် ငါမမြင်လိုက်ရဘူး”

ကျန်းရှင်းယွင်က စိတ်မရှည်ဟန်ဖြင့် ဆိုသည်။

“နင် ငတုံးလား၊ ကျောင်းရှေ့မှာ ရပ်ထားတဲ့ ကားကို မမြင်ဘူးလား”

မုန့်ကျင်းဝမ် နောက်သို့လှည့်ကြည့်လိုက်ရာ ယောက်ျားလေးတစ်ဦး၏ရင်ခွင်ထဲ ရောက်ရှိနေပြီဖြစ်သော ယဲ့ရှောင်ရှောင်အား မြင်လိုက်ရသည်။

ထိုလူမှာ အရပ်ရှည်ရှည် ကြံ့ကြံ့ခိုင်ခိုင် ခန္ဓာကိုယ်ရှိပြီး အဝေးမှ လှမ်းကြည့်လျှင်ပင် သူရဲကောင်းဆန်သော အရှိန်အဝါမျိုးကို ပေးစွမ်းနေသည်။

ဤခေတ်အခါတွင် လူတို့သည် ရုပ်ရည်လှပမှုအပေါ် အလွန် အကျူး မက်မောခြင်းမရှိကြသော်လည်း ထိုလူ့၏ ခန္ဓာကိုယ်အနေအထားနှင့် ရုပ်ရည်သွင်ပြင်တို့မှာ သာမန်ထက် ထူးကဲနေသည်ကိုတော့ ငြင်းဆန်၍မရပေ။

“အဝေးကြီးရောက်နေလို့ သေချာတောင် မမြင်ရတော့ဘူးဟယ်”

မုန့်ကျင်းဝမ် စိတ်ပျက်လက်ပျက် ညည်းတွားလိုက်ပါသည်။ ကျန်းရှင်းယွင်ကမူ သူမကို ဆွဲခေါ်လာပြီး အဆောင်သို့ ခပ်သုတ်သုတ် ပြန်လာခဲ့တော့သည်။

တစ်ဖက်တွင်မူ လုဟန်ချွမ်သည် သူ့ကောင်မလေးကို ရင်ခွင်ထဲတွင် အကြာကြီး ထွေးပွေ့ထားပြီး သူမ၏ ခန္ဓာကိုယ်အား အနည်းငယ် ချီ,မကြည့်လိုက်သည်။

“ဝိတ်ကျသွားတယ်နော်”

ယဲ့ရှောင်ရှောင် “ဆောင်းတွင်းကျမှ အစားကောင်းကောင်းစားပြီး ဝိတ်ပြန်တက်လာအောင် လုပ်လိုက်မယ်”

“ကိုယ်သာရှိရင် တစ်ပတ်တည်းနဲ့ ဝိတ်ပြန်တက်လာမှာ၊ အဲ့တာကို ဆောင်းတွင်းရောက်တဲ့အထိ စောင့်ချင်သေးတယ်ပေါ့ ဟုတ်လား”

ယဲ့ရှောင်ရှောင် မျက်နှာလေးကို မော့ကြည့်လိုက်ရာ သူ့ရင်ဘတ်နှင့် နီးကပ်သွားခဲ့သည်။

“တစ်ပတ်အတွင်း ဟုတ်လား၊ အဲ့လောက်ကြီး လူကြားမကောင်းအောင် လေလုံးမထွားစမ်းပါနဲ့”

လုဟန်ချွမ် ခပ်တိုးတိုး ရယ်မောလိုက်သည်။

“ဒါဆို ကြိုးစားကြည့်ရအောင်လေ”

ယဲ့ရှောင်ရှောင် “…”

ကျောင်းရှေ့တွင် ဆက်နေပါက အတန်းဖော်များနှင့် တည့်တည့်တိုးနိုင်သဖြင့် ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ စကားအနည်းငယ်သာ ပြောခဲ့ပြီး ကျောင်းအနီးရှိ သူတို့တိုက်ခန်းလေးသို့ အရင်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

“ကျွန်မ ပို့လိုက်တဲ့ ကြေးနန်းစာကိုရလား”

လုဟန်ချွမ် ဖိနပ်ပြောင်းစီးကာ အိမ်ထဲဝင်လာရင်း ဖြေလိုက်သည်။

“ပြန်ရောက်မှပဲ မြင်တယ်”

ယဲ့ရှောင်ရှောင် “ရှင်လည်း ရေဘေးကယ်ဆယ်ရေးတာဝန်နဲ့ သွားခဲ့ရတာလား”

လုဟန်ချွမ်က ‘အင်း’တစ်လုံးတည်းသာ ပြန်ဖြေပြီး ယဲ့ရှောင်ရှောင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ကျန်လက်တစ်ဖက်ဖြင့် သူမ ခါးကို ထိတွေ့ထားပြီး အောက်သို့ တဖြည်းဖြည်း လျှောဆင်းသွားပါသည်။

နွေဦးနှောင်းပိုင်း အဝတ်အစားများမှာ အတော်လေး ပါးလွှာလှသဖြင့် တစ်ဦး၏ နွေးထွေးမှုကိုတစ်ဦး ထင်ထင်ရှားရှား ခံစားနေကြရသည်။

“မလုပ်…”

ယဲ့ရှောင်ရှောင်၏ကျန်စကားလုံးများမှာ သူတို့နှစ်ဦးနှုတ် ခမ်းများအကြား မှေးမှိန်ပျောက်ကွယ်သွားရသည်။ ယနေ့ လုဟန်ချွမ်၏ အထိအတွေ့များက အနည်းငယ်ကြမ်းတမ်းလွန်းနေသဖြင့် သိပ်မကြာမီမှာပင် ယဲ့ရှောင်ရှောင် ရုန်းကန်လာရသည်။

သူမ အသက်ရှူချောင်စေရန် လုဟန်ချွမ် အနောက်သို့အနည်းငယ် ဆုတ်ပေးလိုက်သော်လည်း ရင်ခွင်ထဲမှ လွှတ်မပေးနိုင်သေးပါ။

“ရှင်…”

ယဲ့ရှောင်ရှောင် တစ်စုံတစ်ခုပြောဖို့ ကြံလိုက်စဉ် ရုတ်တရက် ကြက်သေသေသွားရသည်။

လုဟန်ချွမ်၏ မျက်ဝန်းများသည် နေရောင်မရသည့် ရေကန်တစ်ခုပမာ အလွန်လေးလံမှောင်မိုက်နေပါသည်။

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို ရင်ခွင်ထဲဖိကပ်ထားပြီး ရီဝေသော အသံဖြင့်ဆိုလိုက်သည်။

“မင်းအတွက် ကိုယ် တကယ် ရင်နာနေတာ”

‘နောက်တစ်ခါ မလုပ်ပါနဲ့’ဟု ပြောချင်သော်လည်း သူ့နှုတ်မှ ထိုစကားလုံးများ ထွက်မလာခဲ့ပါ။

စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းမှာ ယဲ့ရှောင်ရှောင်၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်၍ သူ့ဘက်မှ တားဆီးပိတ်ပင်၍ မဖြစ်ပေ။

ယဲ့ရှောင်ရှောင်လည်း သူ့ကို ပြန်ပွေ့ဖက်ထားလိုက်သည်။

“နည်းနည်းပါးပါး ပင်ပန်းတာကလွဲရင် နေ့တိုင်း အကျိုးရှိခဲ့ပါတယ်၊ ပြီးတော့ ဖတ်စာအုပ်တွေထဲမှာ မရှိတဲ့ ပြင်ပ အသိ ပညာတွေကိုလည်း လက်တွေ့သင်ယူခဲ့ရတယ်၊ ဒီခရီးက အကျိုးအမြတ်အများကြီးရှိတဲ့ခရီးမို့လို့ ကျွန်မအတွက် ဘာမှ ရင်နာစရာမလိုဘူး”

လုဟန်ချွမ် “ဒါပေမယ့် နာနေတုန်းပဲ”

ယဲ့ရှောင်ရှောင်ကချေပသည်။

“အဲ့တာဆို ကျွန်မလည်း ရှင့်အတွက် ရင်နာတယ်”

လုဟန်ချွမ်က ပွေ့ဖက်ထားသည်ကို အနည်းငယ်ဖြေလျှော့ကာ ဆိုသည်။

“ကိုယ်အရင်ပြောတာ”

‘ဘာလို့ ဒီလောက်ကလေးဆန်ရတာလဲ’

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ရှင်နိုင်ပါတယ်”

ယဲ့ရှောင်ရှောင် သူ့ပခုံးနားကပ်ကာ ခြေဖျားထောက်လျက် ပါးပေါ်တွင် အနမ်းတစ်ပွင့်ခြွေလိုက်သည်။

“ဒါဆုချတာ”

လုဟန်ချွမ်မှာ သူမ၏ အလိုလိုက်မှုအောက်တွင် လုံးဝ အရှုံးပေးလိုက်ရတော့သည်။

“ဒီတစ်ခေါက်က တက္ကသိုလ်က စီစဉ်ပေးတဲ့ စေတနာ့ဝန် ထမ်းလှုပ်ရှားမှုမို့လို့၊ ပြီးတော့ ကျင့်ဟွာတက္ကသိုလ်ကလည်း ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်နေလို့ပေါ့၊ မင်းတစ်ယောက် တည်းသာဆိုရင် ဘယ်လောက်အန္တရာယ်များမလဲ သိရဲ့လား”

ယဲ့ရှောင်ရှောင် လိမ်လိမ်မာမာနှင့် ခေါင်းညိတ်လိုက်သည်။

“သိပါတယ်၊ သတိထားပါ့မယ်လို့ ကတိပေးတယ်၊ နောက် နောင် ဒီလိုအခြေအနေမျိုး ထပ်ကြုံရရင်လည်း မသွားခင် သေသေချာချာ စဉ်းစားပါ့မယ်၊ ရှင်ကော… ဒဏ်ရာတွေဘာတွေ ရခဲ့သေးလား၊ ကျွန်မတို့ ကယ်ဆယ်ရေးစခန်းမှာ ရှိတုန်းက ဒဏ်ရာရထားတဲ့ တပ်သားတွေ အများကြီး ရောက်လာတာ”

လုဟန်ချွမ် ခပ်တိုးတိုး ရယ်မောလိုက်သည်။

“မရပါဘူး၊ တို့ရှောင်ရှောင်လေးက သူများတွေကို ပြုစုစောင့် ရှောက်ပေးတတ်နေပြီပေါ့ ဟုတ်လား”

ယဲ့ရှောင်ရှောင် ခေါင်းမော့ရင်ကော့လျက် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“အစကတည်းက တတ်ပြီးသားပါနော်”

လုဟန်ချွမ်က သူမ၏ ခေါင်းလေးကို အသာအယာ ပြန်ဖိချလိုက်သည်။

သူ့ကောင်မလေးမှာ ဆေးကျောင်းသူတစ်ဦးဖြစ်ကာ အနာဂတ်တွင် ဆရာဝန်တစ်ဦးဖြစ်လာမည့်သူဖြစ်၍ ဆေးကုသခြင်းနှင့် အသက်ကယ်ဆယ်ခြင်း အလုပ်များကိုမလုပ်ရန် တားဆီး၍ မရပေ။

ထို့နည်းတူစွာ လုဟန်ချွမ်သည်လည်း စစ်သားတစ်ဦးဖြစ်နေခြင်းကြောင့် တာဝန်မထမ်းဆောင်ရဟု ယဲ့ရှောင်ရှောင် တားမြစ်၍ မရနိုင်ပါ။

တစ်ဦးအတွက်တစ်ဦး စိုးရိမ်ပူပန်နေကြသော်လည်း ရှေ့သို့အားတင်းကာ ဆက်လက်လျှောက်လှမ်းကြရမည်ဖြစ်သည်။

“ကိုယ်ခွင့်ရက်နည်းနည်းရမှာမို့လို့ ရှောင်ရှောင်နဲ့အတူ ဒီမှာခဏလောက် လာနေလို့ရတယ်”

ယဲ့ရှောင်ရှောင်၏ ပါးပြင်ထက်တွင် ပါးချိုင့်ကလေးများ ပေါ်လာသည်။

“တကယ်လား၊ ဒါပေမယ့် ကျွန်မက အတန်းရှိသေးတယ်လေ”

“အတန်းတက်စရာရှိတာတက်ပြီးရင် ကျန်တဲ့အချိန်တွေ ဒီမှာ လာနေပေါ့”

ယဲ့ရှောင်ရှောင် အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ စနေ တနင်္ဂနွေပိတ်ရက်ရောက်ဖို့ ၂ ရက်လိုပါသေးသည်။

စနေနေ့တွင် နေ့တစ်ဝက် အတန်းတက်ရဦးမည်ဖြစ်သော် လည်း နေ့လယ်ခင်းတွင်တော့ အားလပ်ပါလိမ့်မည်။ သို့သော် လုဟန်ချွမ်ကို နေ့စဉ်နေ့တိုင်း တွေ့မြင်ခွင့်ရရှိသည်မှာ အလွန်ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်ပေသည်။

ထိုအချိန်မှစ၍ ယဲ့ရှောင်ရှောင် အလွန်စိတ်အားထက်သန်သွားခဲ့သည်။ သူမနှင့် လုဟန်ချွမ်တို့ ညနေစောင်းသည်အထိ အချိန်အတူတူဖြုန်းခဲ့ကြသည်။

ဈေးလည်း ထွက်မဝယ်သဖြင့် အိမ်တွင် ချက်ပြုတ်စားသောက်ဖို့တော့ မဖြစ်နိုင်တော့ပါ။ ထို့ကြောင့် အပြင်မှာသာ ထွက်စားရတော့မည်။

တက္ကသိုလ်နှင့် အနည်းငယ် အလှမ်းဝေးသည့် စားသောက် ဆိုင်တစ်ဆိုင်တွင် သူတို့ ညစာစားသောက်ခဲ့ကြသည်။ စားသောက်ပြီးကြချိန်တွင် မိုးပင်ချုပ်နေပါပြီ။

လုဟန်ချွမ်က ယဲ့ရှောင်ရှောင်အား မေးလိုက်သည်။

“ဒီနေ့ည အဆောင်ကို ပြန်မှာလား”

ယဲ့ရှောင်ရှောင် ခေတ္တတွန့်ဆုတ်သွားပြီး ပြန်ဖြေလိုက်ပါသည်။

“ပြန်တာ ပိုကောင်းမယ်၊ မနက်ဖြန်မနက်ကျရင် အတန်းစောစောသွားရဦးမယ်လေ”

အရုဏ်တက်ချိန်ကတည်းက အိပ်ရာထ၍ ပြင်ဆင်ရမည့် အတန်းမျိုးဖြစ်သည်။

All Chapters