← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

📗 Chapter 177

အမှန်တွင် ယဲ့ကျန်းကော်သည် ဆေးရုံမှ ဆင်းနိုင်သည့် အခြေအနေ ရှိနေပြီဖြစ်သော်လည်း ယဲ့ချန်းချင့်တို့ မိသားစု ငှားရမ်းနေထိုင်နေသည့် အိမ်တွင် လိုက်ကပ်မနေချင်သဖြင့် ဆေးရုံဆင်းမည့်ကိစ္စကို တမင် အချိန်ဆွဲထားခြင်း ဖြစ်သည်။

ယခု အခြားမိသားစုဝင်များပါ ရောက်ရှိလာခဲ့ပြီဖြစ်၍ ယဲ့ကျန်းကော်လည်း ရွာပြန်ဖို့ ဆုံးဖြတ်ခဲ့တော့သည်။

ယဲ့ချန်းချင့်ကမူ ထိုဆုံးဖြတ်ချက်ကို လုံးဝ သဘောမတူဘဲ အပြတ်အသတ် ငြင်းဆန်ခဲ့သည်။

ရွာသို့ပြန်သည့် လမ်းများက နဂိုကတည်းက ကြမ်းတမ်းလွန်းလှသဖြင့် ယဲ့ကျန်းကော်၏ အခြေအနေနှင့် ခရီးဝေးသွားဖို့ မသင့်တော်လှပါချေ။

ယဲ့ချန်းချင့်က အကြံပြုသည်။

“ကျွန်တော် မြို့ထဲမှာပဲ အိမ်တစ်လုံးထပ်ငှားလိုက်မယ်၊ အဖေနဲ့ အမေတို့ အဲ့မှာ နှစ်လလောက် လာနေလိုက်ကြ”

ယဲ့ရှောင်ရှောင်တို့ မောင်နှမတစ်သိုက် တက္ကသိုလ်သွားတက်စဉ်ကတည်းက အိမ်တွင် ပြုစုစောင့်ရှောက်စရာ ကလေးဟူ၍ မရှိကြတော့ပေ။

ထို့ကြောင့် ယဲ့ကျန်းကော်တို့ လင်မယားနှစ်ဦး၏ တစ်နေ့တာ လုပ်ငန်းများမှာ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးတိရိစ္ဆာန်များအား အစာကျွေးမွေးခြင်းသာ ရှိတော့သည်။

ထိုအလုပ်များကိုလည်း ကလေးများ၏ အဘိုးနှင့်အဘွား သို့မဟုတ် ဦးလေးဖြစ်သူ ယဲ့ကျမ့်ယဲ့တို့လက်ထဲ ယာယီ အပ်နှံထားခဲ့၍ ရနိုင်ပါသည်။

ယဲ့ကျန်းကော် သက်ပြင်းချကာ ဆိုသည်။

“ဒါပေမယ့် အကုန်အကျတွေ အရမ်းများမှာလေ”

ထိုစဉ် မြောင်စွေ့ဖန်းက ဝင်ပြောလိုက်သည်။

“ကျွန်မတို့ မိသားစုက အဲ့လောက်ဆင်းရဲနေတာ မဟုတ်ဘူးလေ၊ ကျွန်မ ငွေယူလာပါတယ်”

ယဲ့ကျန်းကော် သက်ပြင်းထပ်ချမိပြန်သည်။ သူ့ကြောင့် ကလေးများ၏ မင်္ဂလာပွဲအတွက် စုဆောင်းထားသော ငွေများကို ထုတ်သုံးနေရပါပြီ။

နောင်တစ်ချိန် မြို့ပေါ်၌ ကလေးများ အိမ်ဝယ်ယူလိုကြပါက မိဘများဘက်မှ ငွေကြေးထောက်ပံ့ပေးရန် လိုအပ်လိမ့်မည်။

ထို့အပြင် သားများအတွက် မိန်းမတင်တောင်းပေးရမည့် ငွေများ၊ သမီးအတွက် ထည့်ပေးရမည့် ခန်းဝင်ပစ္စည်းကြေးများမှာလည်း သေသေချာချာ ကြိုတင်စီစဉ်ထားရမည့် ကိစ္စရပ်များ ဖြစ်ကြပေသည်။

မြောင်စွေ့ဖန်းက ခင်ပွန်းဖြစ်သူကို ခြိမ်းခြောက်သည်။

“ရှင် ခေါင်းမာနေဦးမယ်ဆိုရင် ကလေးတွေကို ကြေးနန်းစာပို့ပြီး တိုင်လိုက်မှာနော်၊ သူတို့လည်း ရှင့်ကို သေချာ အနားယူဖို့ တိုက်တွန်းကြမှာ သေချာတယ်”

ယဲ့ကျန်းကော် ချက်ချင်း ပျာယာခတ်သွားသည်။

“သူတို့တွေက ကျောင်းတက်တဲ့သူကတက်၊ အလုပ်လုပ်တဲ့သူကလုပ်နဲ့ အားကြတာမဟုတ်ဘူး၊ မင်းက သူတို့ကို သွားပြောပြီး ဘာဖြစ်ချင်တာလဲ”

မြောင်စွေ့ဖန်း: “အဲ့တာဆိုလည်း ပွစိပွစိလုပ် မနေဘဲ ကျွန်မစီစဉ်တာသာ လက်ခံစမ်းပါ”

ထို့နောက် ယဲ့ချန်းချင့်၏လက်ထဲသို့ မြောင်စွေ့ဖန်း ငွေအချို့ထည့်ပေးလိုက်သည်။

သူမ၏ သားကြီးသည် မိသားစုအား နှစ်ပေါင်းများစွာ ကြာအောင် ထောက်ပံ့ပေးခဲ့သူဖြစ်ပြီး လွန်ခဲ့သည့် လအနည်းငယ်ကမှ ကောင်တီမြို့သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်မှန်း မြောင်စွေ့ဖန်း ကောင်းကောင်း နားလည်ပါသည်။

ထို့ကြောင့် သူ့တွင် စုဆောင်းငွေ သိပ်ရှိဦးမည် မဟုတ်ပါ။ ယခုကဲ့သို့ ငွေကြေးဝန်ထုပ်ဝန်ပိုးမျိုးကိုလည်း သားကြီးအပေါ် ထပ်ပြီး မပုံချလိုတော့ပေ။

ယဲ့ချန်းချင့်က ငွေများကို ပြန်ပေးဖို့ ကြိုးစားသည်။

“ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ် အမေရဲ့”

မြောင်စွေ့ဖန်း: “ယူထားလိုက်စမ်းပါ၊ မြို့ထဲမှာ အိမ်ဝင်းကောင်းကောင်းလေးတစ်ခု ရှိမလား ရှာကြည့်လိုက်၊ နင့်အဖေ ခြေထောက်က လှေကားအတက်အဆင်းလုပ်လို့ရမယ့် အခြေအနေမဟုတ်ဘူး၊ နင့်စေတနာကို အမေ နားလည်ပါတယ်၊ ဒါပေမယ့် နင့်မိသားစုအခြေအနေကိုလည်း အမေမသိဘူး ထင်လို့လား၊ ချန်းနင်နဲ့ ရှောင်ရှောင်တို့ ပြန်လာတုန်းက အိမ်အတွက် ပိုက်ဆံတွေ ပေးသွားကြတယ်၊ အဲ့တာကြောင့် တို့မိသားစုမှာ စုထားတာတွေ ရှိပါတယ်”

ယဲ့ချန်းချင့်လည်း ရွေးချယ်စရာမရှိတော့ဘဲ ငွေများကို ခါးခါးသီးသီး လက်ခံလိုက်ရတော့သည်။

သားကြီးတစ်ဦးဖြစ်သည့်အလျောက် မိသားစု၏ အခက်အခဲများကို ဦးဆောင်ဖြေရှင်းပေးရမည့်သူဖြစ်သော်လည်း ယခုလို အချိန်တွင် ဘာမှမတတ်စွမ်းနိုင်သည့် သူ့ကိုယ် သူ အလွန်မကျေမနပ် ဖြစ်မိပါသည်။

ယဲ့ချန်းချင့်အာရုံထဲ လျို့ကျင်းယာ၏စကားများ ပြန်လည်ထင်ဟပ်လာသည်။ သူ့ ခံယူချက်များလည်း တဖြည်းဖြည်း ယိမ်းယိုင်လာခဲ့ရပါသည်။

သူတို့မိသားစုမှာ ဆင်းရဲလွန်းနေသေးသည်။ ဤကဲ့သို့ အိမ်ထောင်စုမျိုးသည် ဘဝတွင် ရုတ်တရက် ရင်ဆိုင်လာရမည့် လောကဓံများကို ကြံ့ကြံ့ခံနိုင်မည် မဟုတ်သေးပေ။

မိသားစု အခြေခိုင်စေဖို့အတွက် ငွေအမြောက်အများ လိုအပ်ပါသည်။

ယခုကိစ္စကို ယဲ့ရှောင်ရှောင်တို့အား သွားမပြောရန် ယဲ့ကျန်းကော်က ခေါင်းမာမာနှင့် သတိပေးခဲ့ခြင်းကြောင့် နိုင်ငံအနှံ့တွင် ရှိနေကြသော ယဲ့ရှောင်ရှောင်တို့ မောင်နှမများသည် အိမ်တွင် ဖြစ်ပျက်ခဲ့သည့် မတော်တဆမှုအကြောင်းကို မသိရှိခဲ့ကြပေ။

ယဲ့ရှောင်ရှောင်သည် ယခုရက်ပိုင်းထဲ ယဲ့ချန်းနင်နှင့် ဖုန်းအနည်းငယ် ပြောခဲ့ရပါသည်။

ပြည်နယ်ခြားသည့် ဖုန်းခေါ်ဆိုခနှုန်းထားများမှာ အလွန်အမင်း ဈေးကြီးသော်လည်း အရေးကြီးသည့် စီးပွားရေးကိစ္စများအကြောင်း ပြောဆိုရခြင်း ဖြစ်သဖြင့် မောင်နှမနှစ်ဦးစလုံး နှမြောတသမဖြစ်မိကြပေ။

ယဲ့ချန်းနင်သည် တောင်ပိုင်းတွင် ကျန်းမိသားစု ဆေးပလာစတာများအား အောင်အောင်မြင်မြင် မိတ်ဆက်ပြီးပြီဖြစ်ကာ ရောင်းအားများလည်း အလွန်မြင့်တက်နေပါပြီ။

သို့သော် ဆေးပလာစတာထက် ပိုရောင်းအားကောင်းနေသည်မှာ ကြွေအိုးဖြူ မျက်နှာလိမ်းဆေးခရင်မ်ပင်။

ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသူအများစုမှာ ချမ်းသာကြွယ်ဝသူများသာ ဖြစ်ကြသည်။ ပြောင်းလဲလာသော စီးပွားရေးလမ်းကြေင်းများကြောင့် တောင်ပိုင်းဒေသရှိ အမျိုးသမီးများ၏ အလှကုန်ပစ္စည်း လိုအပ်ချက်မှာလည်း သိသိသာသာ ပိုမို မြင့်မားလာခဲ့ပါသည်။

တောင်ပိုင်းဈေးကွက်အတွင်း ကြွေအိုးဖြူမျက်နှာလိမ်းဆေးခရင်မ် ဝင်ရောက်လာသည်နှင့် တစ်ခဲနက် အားပေးမှုကို ရရှိခဲ့သည်။

ယဲ့ချန်းနင်သည် စီးပွားရေးပါရမီပါသူတစ်ဦးဖြစ်သည့်အလျောက် ဤထုတ်ကုန်လိုင်းကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ခဲ့ပါသည်။

တောင်ပိုင်းဒေသတွင် အသားဖြူလိမ်းဆေးခရင်မ်သီးသန့် ရောင်းချသည့် ဆိုင်ခန်းတစ်ခုကိုပင် ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်းများ ခန့်အပ်ကာ ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ဦး ဖြစ်စပြုလာခဲ့ပါပြီ။

မောင်နှမနှစ်ဦး၏ အလုပ်အကိုင်နှင့် လူနေမှုဘဝများအကြောင်း အပြန်အလှန် အကျဉ်းချုန်းပြောဆိုပြီးနောက် ယဲ့ချန်းနင် ဖုန်းချသွားပါသည်။

အိမ်မှ စာမပို့သည်မှာ အချိန်အတော်ကြာပြီဖြစ်၍ ယဲ့ရှောင်ရှောင် အနည်းငယ် စိုးရိမ်စပြုလာခဲ့သည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သည့် မိုးသည်းထန်မှုကြောင့် ရွာလမ်းများ ပိတ်ဆို့ပြီး စာပို့သမားများ သွားလာရန် ခက်ခဲနေခြင်းလည်း ဖြစ်နိုင်ပါသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် စိုက်ခင်းများထိခိုက်ကာ မိသားစုအနေဖြင့် ဆန်စပါးများကို ကြိုတင် ဝယ်ယူစုဆောင်းထားသင့်ကြောင်း တွေးမိသဖြင့် ယဲ့ရှောင်‌ရှောင်သည် စာတိုက်သို့ သွားရောက်ကာ စာတစ်စောင်နှင့်အတူ ငွေလွှဲစလစ်တစ်ခုကို ထည့်ပေးလိုက်လေသည်။

ယခုတလော ယဲ့ရှောင်ရှောင်သည် အိမ်ခြံမြေများဝယ်ယူဖို့ ငွေစုဆောင်းနေသည့်အပြင် ဟောက်မိသားစုအား ပြန်ဆပ်ဖို့အတွက် ငွေအချို့ကိုလည်း သီးသန့် စုဆောင်းထားပါသေးသည်။

ယခင်တစ်ခေါက်က တွေ့ဆုံမှုတွင် သခင်မဟောက်ပြောဆိုခဲ့သည့် စကားများကြောင့် ယဲ့ရှောင်ရှောင်သည် ဟောက်မိသားစုနှင့် သံယောဇဉ် လုံးဝ ပြတ်သွားခဲ့ရသည်။

ထိုမိသားစုထံသို့ သူမ ပြန်သွားစရာအကြောင်းမရှိတော့ပါ။ သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင်ကို အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပေးခဲ့ကြသူများဖြစ်သည့်အတွက် ယဲ့ရှောင်ရှောင်သည် ထိုပြုစုပျိုးထောင်မှု၏ ကုန်ကျစရိတ်နှင့် ညီမျှသော ငွေကြေးကို သူတို့ထံ ပြန်လည်ပေးဆပ်ရန် ရည်ရွယ်ထားပါသည်။

မူလခန္ဓာကိုယ်ပိုင်ရှင်သည် ငယ်စဉ်က ဟောက်မိသားစုတွင် မေတ္တာများကို အလွန်ရရှိခဲ့သူဖြစ်ရာ ယဲ့ရှောင်ရှောင်မှာ ထိုမေတ္တာကို ပြန်မပေးနိုင်လျှင်ပင် ငွေကိုတော့ ပြန်ပေးနိုင်ပါသည်။

ပိတ်ရက်ရောက်သောအခါ ယဲ့ရှောင်ရှောင် စာတိုက်မှ ပြန်လာစဉ် လုဟန်ချွမ်က သူမကို အပန်းဖြေဖို့အတွက် တစ်နေရာရာသို့ ခေါ်သွားပေးမည်ဟုဆိုသည်။

ယဲ့ရှောင်ရှောင်က မေးသည်။

“ကျွန်မဝယ်ထားတဲ့ အိမ်ဝင်းကြီးကို သွားကြည့်ကြမလား”

လုဟန်ချွမ်လည်း ကန့်ကွက်စရာမရှိပေ။ သူ့ကားဖြင့် လျန်ဟွားလမ်းကြားသို့ မောင်းလာခဲ့သည်။

ထိုနယ်မြေတွင် ရှေးဟောင်း အိမ်ဝင်းကြီးများ အများအပြားရှိနေပြီး အချို့မှာ သီးသန့်အိမ်ဝင်းများဖြစ်ကြသလို အချို့မှာမူ အိမ်ထောင်စုများ ခွဲဝေနေထိုင်နေကြသည်။

ယဲ့ရှောင်ရှောင်၏ ဦးဆောင်မှုဖြင့် အိမ်ဝင်းအမှတ် ၂၇ သို့ ရောက်ရှိလာသောအခါ လုဟန်ချွမ် ဆွံ့အသွားရသည်။

ဤအိမ်ဝင်းတစ်ခုလုံးတွင် အဝင်တံခါးမကြီးတစ်ခုတည်းသာ ကြည့်ပျော်ရှုပျော်ရှိသေးသည်ဟု ဆိုရမည်။

အိမ်ဝင်းတစ်ခုလုံးရှိ အဆောက်အအုံများမှ အလွန်ဟောင်းနွမ်းယိုယွင်းနေသဖြင့် ကြွက်များပင် အထင်သေးကာ လာရောက်နေထိုင်ကြမည် မထင်ပါ။

ဤယိုယွင်းနေသော အိမ်ဝင်းထဲမှ အားသာချက်တစ်ခုကို မဖြစ်မနေရှာဖွေရမည်ဆိုလျှင် မြေဧရိယာ အတော်လေး ကျယ်ဝန်းသည် ဆိုရုံသာ ရှိမည်။

“ဒီအိမ်ဝင်းက…”

“ကောင်းတယ်မလား”

ယဲ့ရှောင်ရှောင် တောက်ပစွာ ပြုံးလိုက်ပါသည်။

လုဟန်ချွမ်လည်း အားတင်းကာ ပြုံးလိုက်သည်။

“ကောင်းပါတယ်၊ တော်တော်ကျယ်တယ်၊ မြို့လယ်ခေါင်မှာ ဒီလိုအရွယ်အစားရှိတဲ့ အိမ်ဝင်းတစ်ခုကိုရှာဖို့ဆိုတာ ခုခေတ်မှာ မလွယ်တော့ဘူး”

ယဲ့ရှောင်ရှောင် ဂုဏ်ယူဝံ့ကြွားစွာ ဆိုလိုက်သည်။

“ရှင် အမြင်ကောင်းမှန်း ကျွန်မသိသားပဲ”

လုဟန်ချွမ် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။

“ဒီအိမ်ဝင်းကို အသစ်ပြန်ပြုပြင်မှာလား၊ အရမ်းတာဝန်ကြီးလိမ့်မယ်နော်”

“လောလောဆယ်တော့ ဒီတိုင်းပဲထားလိုက်ဦးမယ်၊ ပိုက်ဆံနည်းနည်းစုပြီး နောက်ထပ် အိမ်ဝင်းတစ်ခု ဝယ်ချင်လို့”

လုဟန်ချွမ်သည် ပျက်စီးယိုယွင်းနေသည့် အုတ်ခဲများ ကြမ်းပြားများထံမှ အကြည့်ပြန်လွှဲကာ ဆိုလိုက်သည်။

“ဟန်ရှင်းတို့ကုမ္ပဏီက လူနေတိုက်ခန်းတွေ ဆောက်လုပ်တာလေ၊ အဲ့အချိန်ကျရင် ရှောင်ရှောင့်အတွက် တိုက်ခန်းနည်းနည်း ဖယ်ထားခိုင်းလိုက်မယ်၊ ဘယ်နှခန်းလိုချင်သလဲသာပြော”

လုဟန်ချွမ်မှာ သူ့ကောင်မလေး အလိုရှိသည်တိုင်းကို ဖြည့်ဆည်းပေးဖို့ စိတ်အားထက်သန်နေပါသည်။

ယဲ့ရှောင်ရှောင်: “ကျွန်မကတော့ အဲ့လို အိမ်ခြံမြေသူဌေးကြီးတွေကို အမုန်းဆုံးပဲ”

လုဟန်ချွမ် မျက်ခုံးပင့်သွားသည်။

“ဘာလို့လဲ၊ လူတိုင်းအတွက် နေစရာအိမ်ရှိအောင် လုပ်ပေးတာ ကောင်းတဲ့အရာပဲ မဟုတ်ဘူးလား”

ယဲ့ရှောင်ရှောင်က ဟိတ်ဟန်ထုတ်ကာ ခေါင်းခါလိုက်သည်။

“ဆယ်စုနှစ်တွေကြာမှ ရှင် နားလည်လာပါလိမ့်မယ်”

“ဆယ်စုနှစ်တွေကြာရင် မင်းနဲ့ကိုယ်နဲ့ အဘိုးကြီး အဘွားကြီးတွေ ဖြစ်နေလောက်ပြီ၊ ဒီလိုကိစ္စအတွက်နဲ့ ငြင်းခုံနေဦးမှာလား”

လုဟန်ချွမ် ခပ်တိုးတိုး ရယ်မောကာ ဆိုလိုက်ပါသည်။

“ထားပါတော့လေ၊ သွားကြမယ်၊ ကိုယ် ဘယ်လိုက်ပို့ပေးရဦးမလဲ၊ ကိုယ့် အိမ်ဝင်းလေးကိုတော့ သိပ်အထင်မကြီးဘူး ထင်တယ်နော်”

အိမ်ဝင်းထဲမှ ထွက်လာစဉ် လုဟန်ချွမ်က ဆိုသည်။

“ကိုယ်လည်း ဇာတိမြေမှာ အိမ်ဝင်းတစ်ခုပိုင်တယ်လေ၊ အားမှ လိုက်ပို့ပေးဦးမယ်”

“ရှင့်ဇာတိက ဘယ်မှာလဲ”

“ဟန်ကျိုးမှာ”

အဘိုးလုသည် ပေကျင်းအိမ်ထောင်စုစာရင်းကို ကိုင်ဆောင်ထားသော်လည်း ပေကျင်းမြို့ခံမဟုတ်ဘဲ ဟန်ကျိုးရှိ ကျေးလက်တောရွာဇာတိဖြစ်သည်။

ထိုနေရာရှိ မိသားစုပိုင် အိမ်ဝင်းကြီးကိုမူ လုမိသားစု ချမ်းသာကြွယ်ဝလာသည့်အချိန်မှ ဆောက်လုပ်ထားခြင်း ဖြစ်ပါသည်။

ကျေးရွာဘက်တွင် တည်ရှိသော်လည်း ထိုအိမ်ဝင်းကြီးသည် ယခုသူတို့ရှေ့ရှိ ပျက်စီးယိုယွင်းနေသော အိမ်ဝင်းကြီးထက် အဆ ၁၀၀ ပိုသာလှပေသည်။

“ဟုတ်ပြီ၊ ကျွန်မကို ကတိပေးထားတာ မမေ့နဲ့နော်”

“လာမယ့် နှစ်သစ်ကူးမှာ သွားကြမလား၊ အဘိုးက အရင်တုန်းကဆို သူ့ဇာတိကို သိပ်မပြန်တတ်ဘူး၊ ဒါပေမယ့် နှစ်သစ်ကူးရင်တော့ ရက်နည်းနည်းလောက် ပြန်လိမ့်မယ်ထင်တယ်”

လုဟန်ချွမ်က အကြံပြုလိုက်သည်။ ကျေးရွာဘက်တွင် လုမိသားစု၏ ဆွေမျိုးများနှင့် မိတ်ဆွေများစွာ ရှိနေပါသေးသည်။

လူတစ်ဦးသည် အသက်အရွယ်ကြီးရင့်လာလေလေ မိမိ၏ ဇာတိကို ပိုမို လွမ်းဆွတ်တမ်းတလာလေပင် မဟုတ်ပါလား။ ထို့ကြောင့် အဘိုးလုသည်လည်း ဇာတိမြေသို့ ပြန်ချင်စိတ်များ မကြာခဏ ဖြစ်ပေါ်နေမည်မှာ သေချာသည်။

ယဲ့ရှောင်ရှောင်က ကျီစယ်သည်။

“ကျွန်မတို့ လက်တောင်မထပ်ရသေးဘူး၊ နှစ်သစ်ကူးမှာ ကျွန်မကို မိသားစုဆီ မပြန်ဖို့ ပိတ်ပင်နေပြီပေါ့ ဟုတ်လား”

လုဟန်ချွမ်က အမြန် ပြန်ဖြေလိုက်ပါသည်။

“မပိတ်ပင်ရဲပါဘူးဗျာ၊ တို့ရှောင်ရှောင်လေး သွားချင်တဲ့နေရာ သွားလို့ရပါတယ်”

ထိုအခါမှသာ ယဲ့ရှောင်ရှောင်တစ်ယေားက် ကျေကျေနပ်နပ်ကြီး ပြုံးသွားပါသည်။

လျန်ဟွားလမ်းကြားမှ ပြန်ထွက်လာပြီးနောက် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အား မြို့စွန်ရှိ အပန်းဖြေအိမ်ရာဝင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုနေရာတွင် ညစာသုံးဆောင်ခြင်း၊ ငါးမျှားခြင်း၊ ညအိပ်တည်းခိုခြင်းများ ပြုလုပ်နိုင်ပါသည်။

တစ်ချက်လောက်ကြည့်လိုက်ရုံနှင့် ကျေးလက်တောအိမ် အပန်းဖြေစခန်းတစ်ခုဖြစ်မှန်း ယဲ့ရှောင်ရှောင် သိလိုက်သည်။

သို့သော်လည်း ဤခေတ်ကာလတွင် ၎င်းကို ‘ကျေးလက်တောအိမ် အပန်းဖြေစခန်း’ဟု အတိအလင်း အမည်တပ်လိုက်လျှင် မည်သည့်ဖောက်သည်မျှ လာရောက်ကြမည်မဟုတ်ပေ။

အကြောင်းမှာ ကျေးလက်တောအိမ် အစစ်အမှန်များကို နေရာတိုင်းတွင် အလွယ်တတကူ မြင်တွေ့နေရဆဲဖြစ်သောကြောင့်ပင်။

All Chapters