← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

📗 Chapter 179

လျန်ချန်းရှုသည် ရေထဲပြုတ်ကျထားသည့် လီရှောင်းယွီနှင့် လုံခြုံရေးဝန်ထမ်းမှ ဖမ်းချုပ်ထားသည့် မိန်းကလေးတို့ကို တစ်လှည့်စီ ကြည့်လိုက်သည်။

သို့သော် သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်ခြင်း၊ ဒေါသထွက်ခြင်း ခံစားချက်တို့ အလျင်းမရှိဘဲ ပုံမှန်အတိုင်း တည်ငြိမ် အေးဆေးနေခဲ့ပါသည်။

လီရှောင်းယွီ သတိလစ်ချင်ယောင်ဆောင်နေခြင်းဖြစ်မှန်း သိသော်လည်း ယဲ့ရှောင်ရှောင် ဘာမှ ထုတ်မပြောခဲ့ပေ။

ဤကဲ့သို့ ဒရမ်မာမျိုးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မှတ်မထားခဲ့မိပါ။

ဤအဖြစ်မှာ ဒရမ်မာဆန်လွန်းသည့် စီအီးအိုအချစ်ဝတ္ထုများ၏ ဇာတ်လမ်းဇာတ်ကွက်နှင့် တစ်ထေရာတည်း တူညီနေခြင်းကြောင့် မိမိကိုယ်ကိုယ် ရိုက်ကွင်းမှားပြီး ရောက်ရှိလာသလားဟုပင် ယဲ့ရှောင်ရှောင် ခံစားခဲ့ရသည်။

“အစ်ကိုလျန်…”

ပြဿနာလာရှာသည့် မိန်းကလေးမှာ လျန်ချန်းရှုအား မြင်လိုက်ရသည်နှင့် အလွန်စိတ်လှုပ်ရှားသွားပြီး တမ်းတမ်းတတ မျက်လုံးများဖြင့် ကြည့်ကာ ရှေ့သို့ အတင်းတိုးရန် ကြိုးစားတော့သည်။

လျန်ချန်းရှု၏အကြည့်များမှာမူ ဓားသွားပမာ စူးရှထက်မြက်လွန်းပါသည်။

“ရည်ရွယ်ချက်ရှိရှိ ကိုယ်ထိလက်ရောက် ကျူးလွန်တာလား၊ သူ့ကို ရဲစခန်းပို့လိုက်”

လုံခြုံရေးဝန်ထမ်းများကလည်း ထိုသူရူးမကို လွှတ်မပေးရဲကြပါ။ အပန်းဖြေစခန်းတွင်ရှိနေကြသူတိုင်းက အရှိန်အဝါ ကြီးမားကြသူများဖြစ်၍ ပြဿနာတစ်စုံတရာတက်လာလျှင် ဖြေရှင်းရ ခက်ပါလိမ့်မည်။

လျန်ချန်းရှု၏ ညွှန်ကြားချက်ကို ရရှိပြီးနောက် ထိုမိန်းကလေးအား မဆိုင်းမတွ ဆွဲထုတ်သွားခဲ့ကြသည်။

“အစ်ကိုလျန်! ကျွန်မကို မမှတ်မိတော့ဘူးလား”

လျန်ချန်းရှု ရက်စက်စွာ ပြုံးလိုက်သည်။

“ငါက နေ့တိုင်း အလုပ်တွေများနေတာ၊ အရေးမပါတဲ့လူတွေကို ဘယ်လိုလုပ်မှတ်မိမှာလဲ”

ထိုစကားကို ကြားသောအခါ ထိုမိန်းကလေး၏မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ဝမ်းနည်းညှိုးငယ်မှုများသာ အစားထိုးဝင်ရောက်လာခဲ့တော့သည်။

လုံခြုံရေးဝန်ထမ်းများက ဆွဲခေါ်သွားသည့်တိုင်အောင် သူမ အကြည့်များက လျန်ချန်းရှုထံတွင်သာ ကျန်ရှိနေဆဲပင်။

ဟန်ရှင်းပင် ရပ်ကြည့်မနေနိုင်တော့ဘဲ ဝင်ပြောလိုက်ပါသည်။

“မင်းက ဇယားတော်တော်ရှုပ်တဲ့ကောင်ပဲ၊ သတိထားနော်၊ မီးနဲ့ကစားပါများရင် အပူလောင်တတ်တယ်”

လျန်ချန်းရှု ဂရုမစိုက်သည့်ဟန်ဖြင့် ပခုံးသာတွန့်ပြလိုက်ပြီး လီရှောင်းယွီကို နားနေခန်းတစ်ခန်းထဲသို့ ပို့ဆောင်ပေးလိုက်ဖို့ ဝန်ထမ်းများအား အမိန့်ပေးလိုက်သည်။

ဟန်ရှင်း သူတို့အားလုံးကို အထဲသို့ ပြန်ခေါ်ကာ ပြောလိုက်သည်။

“အထဲပြန်ဝင်ပြီး ကျန်းကုံးတောင်ပေါ်က မြေကွက်ကိစ္စ ဆက်ပြောကြရအောင်”

ကျန်းကုံးတောင်ဟူသည့် အမည်ကိုကြားလိုက်ရသည်နှင့် ဟန်ရှင်းကို ယဲ့ရှောင်ရှောင် ဆတ်ခနဲ မော့ကြည့်လိုက်မိသည်။

လုဟန်ချွမ်ကလည်း သူ့ကောင်မလေး၏အမူအရာကို သတိပြုမိသွားပြီး မေးမြန်းလိုက်ပါသည်။

“ဘာဖြစ်လို့လဲ”

ယဲ့ရှောင်ရှောင်: “ကျန်းကုံးတောင်ပေါ်က မြေကွက်ကို လေလံဆွဲကြမလို့လား”

လုဟန်ချွမ်က ရှင်းပြသည်။

“ချန်းရှုက လိုချင်နေတာ၊ အဲ့မှာ ရှုခင်းတွေ တကယ်လှပေမယ့် အစိုးရက စီမံကိန်းချဖို့ အစီအစဉ်ရှိ၊ မရှိ မသိရသေးတော့ နည်းနည်းတော့ အန္တရာယ်များနိုင်တယ်”

ယဲ့ရှောင်ရှောင်သည်လည်း ထိုမြေကွက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပါသည်။

အနာဂတ်တွင် တန်ဖိုးတက်လာမည့် မြေဖြစ်နေခြင်းကြောင့် မဟုတ်ဘဲ နောင်တစ်ချိန်တွင် ထင်ရှားကျော်ကြားသည့် တော်လှန်ရေးအာဇာနည်ဗိမ္မာန်တစ်ခုဖြစ်လာမည်ကို သိရှိနေခြင်းကြောင့်ပင်။

ပတ်ဝန်းကျင်နယ်မြေများတွင်လည်း အများပြည်သူဆိုင်ရာ သုသာန်မြေများသာ တည်ရှိလာမည်ဖြစ်၍ လူနေအိမ်များ ဆောက်လုပ်ရန်နေရာဟူ၍ ရှားပါးသွားပါလိမ့်မည်။

“အဲ့မြေကွက်ကို ဝယ်လို့တော့ရပါတယ်၊ ဒါပေမယ့် လောလောဆယ်တော့ ဘာမှ မဆောက်နဲ့ဦး”

ထိုနယ်မြေတွင် လူနေအိမ်များ ဆောက်လုပ်ထားပါက အစိုးရမှ မူဝါဒကျလာသည့်အခါ အရာရာ ဆုံးရှုံးရလိမ့်မည်။

သူတို့စကားကိုကြားပြီး ဟန်ရှင်းလည်း ခေါင်းလှည့်လာသည်။

“ရှောင်ရှောင်လည်း အဲ့ဒီမြေကွက်အကြောင်း သိတယ်လား”

ယဲ့ရှောင်ရှောင်: “အဲ့ဒီနေရာက ဖုန်းရွှေကောင်းတဲ့ နေရာတစ်ခုလို့ လူတွေပြောသံကြားဖူးလို့ပါ”

ဟန်ရှင်း၏ခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားသည်။

“လူတော်ချင်း စိတ်ကူးတူတယ်ပဲ ပြောရမလား၊ ငါလည်း အဲ့ဒီမြေကို တော်တော်လေး အဆင်ပြေတယ်လို့ ခံစားရတယ်”

ယဲ့ရှောင်ရှောင်က ဆက်ပြောသည်။

“ဒါပေမယ့်… သုသာန်မြေလုပ်ဖို့ ပိုသင့်တော်တဲ့ နေရာမျိုးနော်”

ဟန်ရှင်း မှင်သက်သွားသည်။

“သုသာန်မြေဟုတ်လား… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ယဲ့ရှောင်ရှောင်: “ယုံတာ မယုံတာ ရှင့်အပိုင်းပါ”

လုဟန်ချွမ် ဝင်ပြောသည်။

“သုသာန်မြေဆိုလည်း သိပ်မဆိုးပါဘူး”

ဟန်ရှင်းမှာ လုဟန်ချွမ်ကို ဆွံ့အစွာ ကြည့်နေမိပါသည်။

‘မင်းမှာ ကိုယ်ပိုင်အတွေးအခေါ်တောင် မရှိတော့ဘူးလား’

ယခုလက်ရှိအချိန်တွင် အစိုးရမှ တရားဝင်မူဝါဒများ မထုတ်ပြန်ရသေးပေ။

သူတို့၏ မူလအစီအစဉ်မှာ ကျန်းကုံးတောင်ပေါ်မှ မြေကွက်တစ်စိတ်တစ်ပိုင်းကို ဝယ်ယူပြီး တန်ဖိုးကြီး ဗီလာအိမ်ရာတစ်ခုအဖြစ် တည်ဆောက်ဖို့ ဖြစ်သည်။

သို့သော် အနီးနားတွင် သုသာန်မြေရှိနေပါက သင့်တော်မည်မဟုတ်ပေ။ ယဲ့ရှောင်ရှောင်၏ စကားအတိုင်း အမှန်တကယ် ဖြစ်လာခဲ့လျှင် ဗီလာများကို ဆောက်လုပ်ပြီးလျှင်ပင် မည်သူမှ ဝယ်ယူချင်ကြမည် မဟုတ်ပါ။

ပြည်တွင်းမှ ဝယ်ယူသူတို့က အယူသီးကြသူများ များပြားသည်။

ဟန်ရှင်းလည်း ထိုပရောဂျက်ကို အခြားရှုထောင့်တစ်ခုမှ ပြန်စဉ်းစားရမည်ဟု တွေးလိုက်မိပါသည်။

ယဲ့ရှောင်ရှောင်၏ သတိပေးမှုကြောင့် ဟန်ရှင်းနှင့် လျန်ချန်းရှုတို့ နောက်ထပ် ၂ နာရီခန့် ထပ်မံ ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးတွင် လုဟန်ချွမ်က မြေသာအရင်ဝယ်ယူထားပြီး အိမ်ရာဆောက်လုပ်ဖို့ကို ခေတ္တ ရွှေ့ဆိုင်းထားဖို့ အကြံပြုလိုက်ပါသည်။

ထိုကဲ့သို့ စကားမျိုးကို လုဟန်ချွမ်တစ်ဦးတည်းသာ ပြောဆိုနိုင်စွမ်းရှိသည်။

အခြားသူများသာဆို မိမိတို့၏အရင်းအနှီးများကို မသေချာမရေရာသည့် နေရာတွင် မြှုပ်နှံထားရမည်ဆိုလျှင် အကျိုးအမြတ်မရရှိမည်ကို မစိုးရိမ်ဘဲ နေနိုင်ကြမည် မဟုတ်ခြင်းကြောင့်ပင်။

သူတို့ အလုပ်ကိစ္စဆွေးနွေးနေကြစဉ် ယဲ့ရှောင်ရှောင်သည် ရောက်လာခါစက မြင်ခဲ့ရသည့် ကောင်မလေးများကို မတွေ့မိတော့ပါ။ လီရှောင်းယွီပင် ပြန်ပေါ်မလာတော့ချေ။

သူမတစ်ဦးတည်း အေးအေးလူလူနေနိုင်ပြီဖြစ်၍ အနည်းငယ် စိတ်အေးချမ်းသွားပြီး သစ်သီးများစားရင်း လုဟန်ချွမ်တို့ သူငယ်ချင်းများ တိုင်ပင်ဆွေးနွေးနေသည့် စကားများကို ရံဖန်ရံခါ နားထောင်နေခဲ့ပါသည်။

နေ့လယ်ခင်းတွင် ဟန်ရှင်းက အားလုံးကို ညစာလိုက်ကျွေးမည်ဟု ဆိုသည်။

လုဟန်ချွမ်: “ငါတို့ စောစောပြန်ရမှာ”

ဟန်ရှင်း: “အဲ့လိုမလုပ်စမ်းပါနဲ့ကွာ၊ ဆိုင်ကောင်းကောင်းမှာ သွားစားကြရအောင်”

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ လက်ကိုဆွဲကာ ပြန်ဖို့အသင့်ဖြစ်နေပါပြီ။

“နောက်တစ်ခါမှပေါ့”

ဟန်ရှင်းက သူ့ကို နားလည်သော အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ပါပြီကွာ၊ ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာအချိန်လေးကို ငါမနှောင့်ယှက်တော့ပါဘူး”

လုဟန်ချွမ် ပြန်ဖို့ပြင်လိုက်စဉ် လျန်ချန်းရှုက စကားအနည်းငယ် ပြောစရာရှိသည်ဟု ဆိုလာသည်။

ယဲ့ရှောင်ရှောင် “ကျွန်မ ဟိုဘက်မှာ စောင့်နေမယ်နော်”

ထို့နောက် ဝင်ပေါက်သို့ လျှောက်သွားကာ လုဟန်ချွမ်အား စောင့်နေလိုက်ပါသည်။

ယခုအခါ လီရှောင်းယွီလည်း အဝတ်အစားများ လဲပြီးသွားပြီဖြစ်၍ သူတို့အလုပ်ကိစ္စ ဆွေးနွေးပြီးကြသောအခါ လျန်ချန်းရှု၏ ဘေးနားသို့ သူမ ပြန်လည်ရောက်ရှိနေပါပြီ။

ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့အကြားမှ စကားပြောဆို ဆက်ဆံပုံများကို သူမ မြင်ခဲ့ရသည်။

ထို့အပြင် လျန်ချန်းရှု၏ သူငယ်ချင်းများကလည်း သူမကို တလေးတစား ဆက်ဆံနေကြသည်ကို မျက်မြင်တွေ့ခဲ့ရသဖြင့် ယဲ့ရှောင်ရှောင်ကို သူမ အကဲခတ်မှားသွားခဲ့ပြီဖြစ်မှန်း နားလည်ခဲ့ရပါသည်။

“ခုနက ကျွန်မပြောခဲ့တာတွေကို… မကြားခဲ့သလိုပဲ သဘောထားလိုက်ပါနော်”

ယဲ့ရှောင်ရှောင် သူမကို ကြည့်လျက် ပြန်ပြောလိုက်သည်။

“စေတနာနဲ့ အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လီရှောင်းယွီ အနည်းငယ် နှုတ်ခမ်းတွန့်သွားသည်။

ဤမိန်းကလေးမှာ သူမနှင့် ဘဝချင်းမတူညီသည့်အတွက် စကားလည်း ဆက်မပြောချင်တော့ပေ။ ထို့အပြင် မကြာသေးခင်က သူမ ပြောခဲ့သည့်စကားများကို လျန်ချန်းရှုအား ယဲ့ရှောင်ရှောင် ပြန်တိုင်လိုက်လျှင် ပြဿနာကြီးသွားနိုင်ပါသည်။

ယဲ့ရှောင်ရှောင်ကမူ သူတို့၏ကိစ္စများကို ဝင်စွက်ဖက်ဖို့ စိတ်ကူးမရှိပေ။ လျန်ချန်းရှုနှင့်လည်း သူမ ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိပါ။

အပန်းဖြေစခန်းမှ ထွက်လာပြီးနောက် လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့ တက္ကသိုလ်အနီးသို့ ပြန်လာကြပြီး တိုက်ခန်းတွင် ကိုယ်တိုင် ညစာချက်စားခဲ့ကြသည်။

လုဟန်ချွမ်ကလည်း မီးဖိုချောင်တာဝန်ကို ပျော်ပျော်ကြီး ထမ်းဆောင်ပေးခဲ့ပါသည်။

အိမ်ပြန်ရောက်သည်နှင့် လုဟန်ချွမ်သည် အလုပ်ကိစ္စများကို တစ်ခွန်းမဟတော့ပေ။ ယဲ့ရှောင်ရှောင်ကလည်း မည်သည့်အကြောင်းအရာကိုမှ မပြောခဲ့တော့ပါ။

ယဲ့ရှောင်ရှောင်သည် ဟန်ရှင်းနှင့် အပေါင်းအပါများ၏ စီးပွားရေးလုပ်ငန်းများကို သိပ်ပြီး စိတ်မပူလှပေ။ သူတို့သည် ‘စာရေးဆရာ’ကိုယ်တိုင် တရားဝင် တံဆိပ်ခတ်နှိပ်ပေးထားသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်သည့်အလျောက် သူတို့၏ ကံကြမ္မာမှာ အလွယ်တကူ ပြောင်းလဲနိုင်မည် မဟုတ်ပါ။

လုဟန်ချွမ် ချက်ပြုတ်ပေးထားသည့် ညစာကို စားသောက်နေစဉ် ယဲ့ရှောင်ရှောင်၏ မျက်လုံးများ ဂနာမငြိမ် ဖြစ်နေလေသည်။

လုဟန်ချွမ် “ဘာတွေစဉ်းစားနေတာလဲ”

ယဲ့ရှောင်ရှောင် ပါးစပ်ထဲမှ စားစရာများကို မျိုချပြီးမှ ပြန်ဖြေလိုက်သည်။

“ရှင့်ကို စားဖိုမှူးအဖြစ် ငှားရင် ဘယ်လောက်ကုန်မလဲလို့ စဉ်းစားနေတာ၊ အိမ်မှာလည်း ကိုယ့်ဖာသာကိုယ် ချက်တာပဲလား”

ပထမမေးခွန်းကို လျစ်လျူရှုလျက် လုဟန်ချွမ် ပြန်ဖြေလိုက်သည်။

“အိမ်မှ တစ်ခါတလေမှ ချက်တာပါ”

သူ့မိသားစုတွင် သူ့အဘိုးအဘွားများမှအပ မည်သူကမှ သူ့လက်ရာကို မျှော်လင့်နေကြမည် မဟုတ်ပေ။

သူ့မိဘများက အလွန်အလုပ်များကြသူများဖြစ်ရာ အိမ်သို့ ပြန်လာခဲကြပါသည်။ သားဖြစ်သူ မီးဖိုချောင်ထဲ ရောက်ရှိနေသည်ကို မြင်လိုက်ရလျှင် အံ့ဩသွားကြလိမ့်မည်။

“တကယ်လား”

လုအိမ်တော်တွင် လုဟန်ချွမ် ချက်ပြုတ်သည်ကို ယဲ့ရှောင်ရှောင် တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူတို့အိမ်တွင် အချက်အပြုတ် တာဝန်ယူထားသည့် အိမ်အကူအဒေါ်ကြီးရှိနေသည် မဟုတ်ပါလား။

“တကယ်ပေါ့၊ နောက်တစ်ခါ ရှောင်ရှောင်လာရင် ကိုယ် ကိုယ်တိုင် ချက်ပေးမယ်”

“ဟုတ်ပါပြီ”

ယဲ့ရှောင်ရှောင်တို့၏ ပျော်ရွှင်စရာနေ့ရက်ကလေးများမှာ လုဟန်ချွမ် တာဝန်ဖြင့် စခန်းသို့ ပြန်ရတော့မည့်အချိန်တွင် အဆုံးသတ်သွားခဲ့သည်။

တိုတောင်းလှသော ရက်အနည်းငယ်သာဖြစ်သော်လည်း ယဲ့ရှောင်ရှောင်သည် သူ့အနားတွင် အတူရှိနေရသည်ကို အသားကျနေခဲ့ပါပြီ။

ထို့ကြောင့်လည်း ချစ်သူရည်းစားများ အတူတူနေထိုင်ခြင်းသည် သမီးရည်းစား ဆက်ဆံရေးကို ပိုမိုနွေးထွေးလာစေဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု ဆိုကြခြင်း ဖြစ်ပါလိမ့်မည်။

ယဲ့ရှောင်ရှောင်လည်း သူ့ကို မခွဲနိုင်တော့သလို ခံစားလာရသည်။

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်ပေးကာ ပြောလိုက်သည်။

“နောက်မှ ကိုယ်လာလည်မယ်နော်”

“အင်းပါ၊ လမ်းမှာ ဂရုစိုက်ဦး”

လုဟန်ချွမ်၏ ကားအဝေးသို့ ထွက်ခွာသွားသည်ကို ယဲ့ရှောင်ရှောင် ငေးကြည့်နေခဲ့ပြီးမှ အိမ်ကို သန့်ရှင်းရေး ပြန်လုပ်ခဲ့ပါသည်။

လွန်ခဲ့သည့် ရက်များက သူတို့နှစ်ဦးသည် အိမ်အတွက် လိုအပ်မည့် ပစ္စည်းများစွာကို ဝယ်ယူဖြည့်တင်းခဲ့ကြသဖြင့် ဤတိုက်ခန်းလေးမှာ တဖြည်းဖြည်းနှင့် လူနေအိမ်တစ်လုံးကဲ့သို့ နွေးထွေးလာပြီး သက်တောင့်သက်သာရှိသော အငွေ့အသက်များဖြင့် ပြည့်နှက်လာခဲ့ပါပြီ။

လုဟန်ချွမ် ထွက်ခွာသွားပြီးနောက် ယဲ့ရှောင်ရှောင်သည် အလုပ်နှင့် စာများတွင်သာ အာရုံနှစ်ထားခဲ့သည်။

နေ့စဉ် ကျောင်းစာများကို လေ့လာသင်ယူရင်း တစ်ချိန်တည်းမှာပင် ဓာတ်ခွဲခန်းထဲတွင် သုတေသနများ ဆောင်ရွက်ရင်း အလုပ်များနေခဲ့သည်။

ဟွာရုံကုမ္ပဏီမှ Face Mask ဘရန်းအသစ်တစ်ခုကို မကြာသေးခင်က မိတ်ဆက်ခဲ့ပြီး ထိုဆန်းသစ်သော အလှကုန်ပစ္စည်းမှာ ဈေးကွက်ထဲသို့ ဝင်ရောက်လာသည်နှင့် ကတ်စတမ်မာများ၏ တစ်ခဲနက် အားပေးခြင်းကို ခံခဲ့ရသည်။

ယဲ့ရှောင်ရှောင်သည် ယခင်က ကြွေအိုးဖြူမျက်နှာလိမ်းဆေးခရင်မ်များ ဝယ်ယူဖူးသည့် ကတ်စတမ်မာများအား Face Mask တစ်ခုစီ လက်ဆောင်ပေးခဲ့သဖြင့် ဈေးကွက်ထဲ အလွန်လျင်မြန်စွာ ထိုးဖောက်နိုင်ခဲ့ပါသည်။

ယဲ့ရှောင်ရှောင်၏ပရိုမိုးရှင်းနည်းလမ်းများက အလွန်ပါးနပ်ကြောင်းကို ရမ်ကျားရှင်းပင် ဝန်ခံရသည်။

ကြွေအိုးဖြူ မျက်နှာလိမ်းဆေးခရင်မ်များက ရောင်းအားကောင်းသဖြင့် ၎င်းတို့နှင့်အတူ Face Mask တစ်ခုစီ အလကား ထည့်သွင်းပေးနေခြင်းမှာ ကုန်ကျစရိတ် များပြားသည်ဟု ဆိုနိုင်သော်လည်း ထိုထုတ်ကုန်အသစ် စင်ပေါ်သို့ ရောက်ရှိလာသည်ကို မြင်သည်နှင့် ဖောက်သည် ကတ်စတမ်မာများမှာ အလုအယက် ဝယ်ယူကြတော့သည်။

ထို့အပြင် ယခင်က အတုအပပြဿနာမှ သင်ခန်းစာ ရရှိထားခဲ့ကြသဖြင့် ကတ်စတမ်မာများသည် Face Mask များကို ဝယ်ယူသည့်အခါ တရားဝင်ထုတ်ကုန်အစစ် ဟုတ်၊ မဟုတ်ကိုပါ ထည့်သွင်းမေးမြန်းလေ့ရှိကြသည်။

ပြည်သူလူထုအားလုံးသည်လည်း ဈေးကွက်အတွင်းရှိ အတုအပပစ္စည်းများကို ဆန့်ကျင်ရကောင်းမှန်း တဖြည်းဖြည်း နားလည် သဘောပေါက်လာခဲ့ကြပါသည်။

All Chapters