အခန်း ၁၈၀
Vol. 18 Ch. 180
📗 Chapter 180
ပိုင်ချွမ်ကောင်တီ၊ ကွိုက်ကျစ်ဝမ်တွင်…
ယဲ့ချန်းချင့်သည် အလုပ်သမားအုပ်စုတစ်စုကို ဦးဆောင်လျက် တောင်ပေါ်သို့ ထွက်လာခဲ့သည်မှာ ၄ - ၅ ရက်ခန့် ကြာနေပါပြီ။
အဖွဲ့ဝင်အချို့မှာ မကျေနပ်ချက်များဖြင့် စတင်ညည်းညူနေကြပြီဖြစ်သည်။ အတွေ့အကြုံရှိသည့် အဖွဲ့သားများမှာမူ မထီမဲ့မြင်ပင် ပြုလာကြသည်။
ဘော့လျို့သည် ဤမျှကြီးလေးသည့် တာဝန်တစ်ခုကို ဤကဲ့သို့ လူငယ်တစ်ဦး၏ လက်ထဲ အဘယ်ကြောင့် စိတ်ချလက်ချ ထည့်အပ်ခဲ့သည်ကို သူတို့ လုံးဝ နားမလည်နိုင်ပေ။
ထိုကောင်လေးကို သူတို့ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးသည့်အပြင် ဤတောင်တန်းများပေါ်တွင် တောင်နှင့်မြောက်ပင် ခွဲခြားနိုင်ပါ့မလားဟု သံသယဝင်နေကြသည်။
“ကောင်လေးယဲ့၊ ငါတို့ တောင်ပေါ်မှာ ရမ်းသမ်းပြီး လျှောက်သွားနေတာ လေးငါးရက်ရှိနေပြီ၊ ဘာများထူးခြားလို့လဲ၊ ငါ့အမြင်မှာတော့ ဒီနေရာကြီးက ဘာသတ္တုမှ မထွက်နိုင်တဲ့ တောင်ကတုံးကြီးပါကွာ”
“အမှန်ပဲ ကောင်လေးယဲ့၊ ငါတို့ ဘော့စ်လျို့ဆီပဲ ပြန်ပြီး အစီအရင်ခံလိုက်ကြရအောင်၊ လက်လျှော့လိုက်ပါတော့ကွာ”
ယဲ့ချန်းချင့်သည် ဘေးနားတွင် မတ်တပ်ရပ်လျက် ထိုညည်းညူသံများကို လျစ်လျူရှုကာ စာအုပ်တစ်အုပ်ဖြင့် ပုံကြမ်းများဆွဲ၊ မှတ်စုများ ရေးသားနေသည်။
ပုံကြမ်းကို သေသေချာချာဆွဲသားပြီးခါမှ ထိုလူများကို မော့ကြည့်ကာ စကားပြန်ပြောခဲ့ပါသည်။
ယဲ့ချန်းချင့်: “ခင်ဗျားတို့တွေက ဒီနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့လူတွေဆိုတာ ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် ဘော့စ်လျို့က ဒီတာဝန်ကို ကျွန်တော့်လက်ထဲ ယုံယုံကြည်ကြည်နဲ့ အပ်နှံထားတာဆိုတော့ ကျွန်တော့်ဘက်လည်း တာဝန်ကို ကျေပွန်ချင်တယ်၊ ဒီရက်ပိုင်းထဲ အားလုံးပင်ပန်းခဲ့ကြရတာကိုလည်း ကျွန်တော်နားလည်တယ်၊ ကျွန်တော်တို့သာ တူးဖော်ရမယ့်နေရာကို အတိအကျရှာတွေ့မယ်ဆိုရင် အားလုံးလည်း ရေရှည်အလုပ်တစ်ခု ရသွားမယ်၊ အခုနေ လက်ချည့်ဗလာနဲ့ ပြန်သွားမယ်ဆိုရင်တော့ ဘော့စ်လျို့က အားလုံးကို အလုပ်ဆက်ပေးနိုင်မှာ မဟုတ်တော့ဘူး၊ အခုနေ ခင်ဗျားတို့ အလုပ်အကိုင် ဆုံးရှုံးသွားမယ်ဆိုရင် ခင်ဗျားတို့မိသားစုတွေလည်း ကျပ်တည်းသွားကြလိမ့်မယ်”
ယဲ့ချန်းချင့်သည် တောထဲမှ တက်လာသည့် ဆင်းရဲသားကောင်လေးတစ်ဦးနှင့်တူသော်လည်း သူ့စကားများမှာမူ အလွန်စနစ်ကျပြီး ယုတ္တိရှိလှသဖြင့် အခြားသူများလည်း စိတ်ထဲမှ အလိုလိုလက်ခံလာမိကြသည်။
“ငါတို့လည်း ပိုက်ဆံလိုချင်လို့ အလုပ်လုပ်တာဆိုပေမယ့် ဒီတိုင်းကြီးပဲ ရှေ့ဆက်သွားလို့တော့ မရဘူးလေ၊ ငါတို့ကို အဖြေတိတိကျကျသာ ပေးစမ်းပါ၊ ဒီနေရာမှာ သတ္တုတွေ တကယ်ကော ထွက်နိုင်ရဲ့လား”
ယဲ့ချန်းချင့်: “သတ္တုတွေရှိတာတော့ သေချာတယ်၊ အခုက တူးဖော်ရမယ့်နေရာ အတိအကျကို ရှာနေတာပါ၊ ခင်ဗျားတို့အားလုံး သိတဲ့အတိုင်း နေရာမှန်ကို မရှာနိုင်ရင် အားလုံး သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်”
အလုပ်သမားများအားလုံး နှုတ်ဆိတ်သွားကြသည်။
ထိုကဲ့သို့ အဖြစ်အပျက်မျိုး ယခင်က အမှန်တကယ် ရှိခဲ့ဖူးပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူဌေးတစ်ဦးသည် သတ္တုတောင်ကုန်းတစ်ခုကို ဝယ်ယူကာ တူးဖော်ခဲ့သော်လည်း သုံးနှစ်ကြာသည့်တိုင်အောင် မည်သည့် သတ္တုမှ တူးဖော်ရရှိခဲ့ခြင်း မရှိပေ။
ထို့ကြောင့် အခြားတစ်ယောက်ကို ဈေးပေါပေါဖြင့် ပြန်လည်ရောင်းချခဲ့ရာ ပိုင်ရှင်အသစ်သည် မူလသတ္တုတွင်း၏ ဘေးချင်းကပ်လျက်မှာပင် တွင်းအသစ်တစ်ခုကို ထပ်မံတူးဖော်ခဲ့သည်။
ထို့နောက် ၂ လအတွင်းမှာပင် ထိုတွင်းမှ ရွှေအစစ်၊ ငွေအစစ်များကို တူးဖော်ရရှိခဲ့သဖြင့် ယခင်ပိုင်ရှင်ဟောင်းမှာ နောင်တကြီးစွာ ရခဲ့ရပါသည်။
ဝါရင့် အလုပ်သမားခေါင်းဆောင်ဟွမ်သည် ယဲ့ချန်းချင့်အား မေးမြန်းလိုက်သည်။
“မင်းတစ်ခုခု ရှာတွေ့ထားလား”
ယဲ့ချန်းချင့်က သူဆွဲသားထားသည့် ပုံကြမ်းကို ထုတ်ပြကာ ဆိုသည်။
“ဒီနေရာကနေ တူးဖော်ရင် အဆင်ပြေမယ်ထင်တယ်”
ထိုပုံကြမ်းကို မြင်လိုက်ရသည်နှင့် ထိုကောင်လေးသည် ခေသူမဟုတ်ဘဲ အရည်အချင်းအစစ်အမှန်ရှိမှန်း အလုပ်သမားခေါင်းဆောင်ဟွမ် နားလည်သွားခဲ့ပါသည်။
“ဒီနေရာဆိုရင်တော့ ငါ့ဘက်က ကန့်ကွက်စရာမရှိဘူး”
ယဲ့ချန်းချင့်: “ဒါဆို ဘော့စ်လျို့ကို သွားပြောဖို့ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါလား၊ ဒီကိစ္စကို အချိန်ထပ်ဆွဲလို့ မဖြစ်တော့ဘူး”
ထိုပုံကြမ်းကို ယဲ့ချန်းချင့်ကိုယ်တိုင် ဆွဲသားထားခြင်းဖြစ်သော်လည်း အဖွဲ့ထဲတွင် သူ့ဘက်မှ ယုံကြည်စိတ်ချရသူ တစ်ဦးမှ မရှိပေ။
ထိုလူအားလုံးက ခေါင်းဆောင်ဟွမ်၏ လူများသာဖြစ်ကြသဖြင့် ယခုချိန်ကတည်းက ရင်းနှီးမှုရယူထားဖို့ လိုအပ်မှန်း ယဲ့ချန်းချင့် နားလည်ပါသည်။
ယဲ့ချန်းချင့်က ထိုသို့ပြောလိုက်သည်နှင့် ခေါင်းဆောင်ဟွမ်၏ လေသံလည်း သိသိသာသာ ပျော့ပြောင်းသွားသည်။
“ဒါဆို တူတူသွားကြတာပေါ့ကွာ”
ယဲ့ချန်းချင့်သာ တစ်ဦးတည်း ကိုယ်ကျိုးရှာမည်ဆိုလျှင် ခေါင်းဆောင်ဟွမ် မကျေမနပ် ဖြစ်မိမည်မှာ အမှန်ပင်။
ယဲ့ချန်းချင့်က ယခုကဲ့သို့ လူမှုရေးနားလည်မှုရှိသဖြင့် ခေါင်းဆောင်ဟွမ်လည်း သူ့ကို အထင်ကြီးစ ပြုလာခဲ့ပါသည်။
--- --- ---
အချိန်များမှာ ဇွန်လသို့ လျင်မြန်စွာ ကူးပြောင်းရောက်ရှိလာခဲ့သည်။ နွေရာသီကျောင်းပိတ်ရက်များ စတင်တော့မည် ဖြစ်သော်လည်း ယဲ့ရှောင်ရှောင် ဇာတိသို့ ပြန်မည် မဟုတ်ပေ။
ပေကျင်းတွင် သူမ စီမံရမည့် အလုပ်များစွာရှိနေသေးပြီး အားလပ်ချိန်ကို အခွင့်ကောင်းယူကာ စုန့်ကွမ်းကျင့်ထံမှလည်း ပညာများ ဆက်လက် သင်ယူချင်ပါသေးသည်။
ယဲ့ရှောင်ရှောင်သည် အိမ်သို့ စာတစ်စောင် ပေးပို့ကာ ကြိုတင်အသိပေးထားလိုက်သည်။ အိမ်မှ ပြန်စာကလည်း အလျင်အမြန်ပင် ရောက်ရှိလာသည်။
မြောင်စွေ့ဖန်းက သမီးဖြစ်သူကို ပေကျင်းတွင် ကျန်းမာရေးဂရုစိုက်ရန်နှင့် အိမ်တွင်ပြဿနာမရှိဘဲ အရာအားလုံး အဆင်ပြေနေသဖြင့် စိတ်ပူဖို့ မလိုအပ်ကြောင်း သေချာ မှာကြားလိုက်ပါသည်။ စာထဲတွင် ယဲ့ကျန်းကော်၏ ဒဏ်ရာအကြောင်း ထည့်သွင်းရေးသားထားခြင်း မရှိပေ။
သို့သော် ယဲ့ရှောင်ရှောင်သည် အိမ်သို့ ပုံမှန်ငွေလွှဲပေးနေသဖြင့် အိမ်၏ စီးပွားရေးအခြေအနေမှာ ယခင်ကကဲ့သို့ ကျပ်တည်းနေမည် မဟုတ်တော့ချေ။
ထို့ကြောင့် အိမ်တွင်အရာရာအဆင်ပြေသည်ဟု ဖတ်ရှုလိုက်ရပြီးနောက် ယဲ့ရှောင်ရှောင် သံသယမဝင်ခဲ့တော့ပါ။
ထို့အပြင် ယဲ့ရှောင်ရှောင်သည် လုပ်ငန်းပေါင်းစုံမှ ယွမ် ၅,၀၀၀ စုမိဆောင်းမိခဲ့ပြီး ဟောက်မိသားစုအား ပြန်ပေးဖို့ ဆုံးဖြတ်ထားပါသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်ကို အသက် ၁၈ နှစ်ပြည့်သည်အထိ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ရသည့် ကုန်ကျစရိတ်များအတွက် ယွမ် ၅,၀၀၀ ဟူသည်မှာ လိုအပ်သည်ထက်ပင် ပိုနေပါလိမ့်မည်။
အမှန်စင်စစ် ယဲ့ရှောင်ရှောင် ငယ်စဉ်က ဟောက်မိသားစုသည်လည်း ကျပ်တည်းခဲ့ရဖူးသည်။
ထိုအချိန်က ဟယ်ချောင်းရှန့်သည် သူမ၏ ဆွေမျိုးများထံမှ ငွေကြေးအကူအညီများဖြင့် အခက်အခဲများကို ကျော်ဖြတ်ခဲ့ရပါသည်။ သို့သော် ထိုကာလများကို ၁ နှစ် ၂ နှစ်ခန့်သာ ဖြတ်သန်းခဲ့ရပြီး စစ်တပ်ထဲတွင် ဟောက်ချန်းပင် ရာထူး တိုးသွားသည်နှင့် မိသားစု၏ဘဝမှာလည်း ပိုမိုပြည့်စုံလာခဲ့သည်။
ယဲ့ရှောင်ရှောင် သိတတ်စအရွယ် ရောက်လာချိန်တွင် ဟောက်မိသားစုမှာ အတော်လေး ချမ်းသာကြွယ်ဝနေကြပြီ ဖြစ်သည်။
စစ်တပ်ဝင်းထဲသို့ ယဲ့ရှောင်ရှောင် တစ်ခေါက်ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါသည်။ မပြန်မီ ရှောက်ကျီယုအား ဖုန်းဆက်ကာ ဟောက်မိသားစု၏ လက်ရှိအခြေအနေကို မေးမြန်းလိုက်သည်။
အိမ်တွင် ဟောက်ချန်းပင် ရှိနေမည့်အချိန်ကို သူမ ရွေးချယ်လိုက်ပါသည်။ ရှုကျမ့်လီကိုတော့ သူမ မဆက်သွယ်ခဲ့ပေ။ သူ့အမေ အိမ်တွင်ရှိနေပါက မလိုအပ်ဘဲ ပြဿနာထပ်တက်မည်ကို စိုးရိမ်ခြင်းကြောင့်ပင်။
စစ်တပ်အိမ်ရာဝင်း ဝင်ပေါက်သို့ ယဲ့ရှောင်ရှောင် ရောက်ရှိသွားသည်နှင့် ပန်းရောင်ဂါဝန်လေး ဝတ်ဆင်ထားသော ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရသည်။
“ရှောင်ရှောင်! နင်တကယ်ကြီး ပြန်ရောက်နေတာပဲ!”
ထိုကောင်မလေးမှာ အရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးလာပြီး ယဲ့ရှောင်ရှောင်အား ပွေ့ဖက်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်: “…”
မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏ သူငယ်ချင်းတစ်ဦးဆိုလျှင် ကောက်ကျစ်ယုတ်မာသည့် ဇာတ်ပို့မအမျိုးအစားထဲ ပါဝင်မည်မှာ အသေအချာပင် ဖြစ်သော်လည်း ထိုကောင်မလေး၏ အသွင်သဏ္ဌာန်ကမူ အံ့ဩစရာကောင်းအောင် မျက်စိကျစရာ ကောင်းနေပါသည်။
ဝတ္ထုစာအုပ်ထဲမှ မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏ မိန်းကလေးသူငယ်ချင်းများအကြောင်း ယဲ့ရှောင်ရှောင် အသည်းအသန် ပြန်စဉ်းစားလိုက်သည်။
အမှန်ပင်။ ဇာတ်လိုက်မင်းသမီး(ဟောက်ယန်ယန်)ကို ဆန့်ကျင်ဖို့အတွက် သူမကို အကူအညီပေးခဲ့သည့် မိန်းကလေးသူငယ်ချင်းအချို့ အမှန်တကယ် ရှိနေခဲ့ပါသည်။
“နင်နဲ့ဟောက်မိသားစုနဲ့ ဘာတွေဖြစ်သွားလဲ ငါ ကြားတယ်”
ထိုကောင်မလေးက ယဲ့ရှောင်ရှောင်ကို ပြန်လွှတ်ပေးလိုက်ပြီး ရင်ဘတ်ကို ထုကာ ဆိုလိုက်သည်။
“နင် ကျောင်းပြောင်းသွားတုန်းက နင် ဘယ်ရောက်သွားတာလဲ ငါ သွားမေးကြည့်သေးတယ်၊ ဒါပေမယ့် ဟောက်မိသားစုက ဘာမှ မပြောပြဘူး၊ ဒါပေမယ့် နင် စိတ်မပူပါနဲ့၊ ဘယ်ကမှန်းမသိ ရောက်လာတဲ့ ဟောက်ယန်ယန်ဆိုတဲ့ဟာကို ငါ ဦးဆောင်ပြီး ဖယ်ကျဉ်ဖို့ စီစဉ်ထားတယ်!”
ယဲ့ရှောင်ရှောင်ထံမှ ကျေးဇူးတင်စကား မကြားရသဖြင့် ထိုကောင်မလေးမှာ ရုတ်တရက် ဘဝင်မကျ ဖြစ်သွားရသည်။
“နင်ငါ့ကို မမှတ်မိတဲ့ပုံစံမျိုး ဘာလို့ဖြစ်နေတာလဲ၊ ဝမ်းနည်းလိုက်တာ!”
ထိုကောင်မလေး၏ပွင့်လင်းပြီး တဲ့တိုးပြောတတ်သည့် ပုံစံကို ကြည့်ကာ ယဲ့ရှောင်ရှောင် မဝံ့မရဲ ခေါ်ဆိုလိုက်သည်။
“ထုံထုံ…”
“ဘာ ထုံထုံလဲ! သူက တောင်ပိုင်းမှာ တက္ကသိုလ်တက်နေတာလေ”
ထိုကောင်မလေးက မကျေမနပ်ဆိုသည်။
“နင် ငါမေးတာကို မဖြေသေးဘူးနော်၊ စုထုံအကြောင်းကို လာပြောနေတာ ပိုင်မုန့်အန်းဆိုတဲ့ ငါက နင့်ရဲ့ အချစ်ဆုံးသူငယ်ချင်း မဟုတ်တော့ဘူးလား၊ ငါ့ကိုအဆက်အသွယ်မလုပ်ဘဲ အကြာကြီးပျောက်သွားတာ ငါဘယ်လောက် အသည်းကွဲရမလဲ နင်မသိဘူးလား”
ယဲ့ရှောင်ရှောင် အမြန်ရှင်းပြလိုက်သည်။
“မဟုတ်ပါဘူး မုန့်အန်းရယ်၊ နင် အခု ကျောင်းဘယ်မှာတက်နေလဲဆိုတာ ငါမသိလို့ပါ”
“အဲ့တာဆိုလည်း ငါ့အိမ်ကို လာခဲ့လို့ရတာပဲ”
ယဲ့ရှောင်ရှောင်: “…”
‘နင့် အိမ်ဘယ်မှာလဲဆိုတာလည်း ငါ မသိဘူး’
“အဲ့တာတွေ ထားပါတော့၊ ခုတလော နင့်သတင်းတွေ ငါ ကြားနေရတယ်နော်၊ နင်နဲ့ အဲ့ဒီလုမိသားစုကလူနဲ့ တကယ်ကြီး တွဲနေကြတာလား”
ပိုင်မုန့်အန်းသည် ယဲ့ရှောင်ရှောင်နှင့် လက်မောင်းချင်းချိတ်ကာ အိမ်ရာဝင်းထဲသို့ ဝင်လာခဲ့သည်။ ယခင်က သူမတို့နှစ်ဦး အလွန်ရင်းနှီးခဲ့ကြမှန်း သိသာပါသည်။ ဤကဲ့သို့ ထိတွေ့မှုများက မလိမ်ညာနိုင်ပေ။
“ဟုတ်တယ်”
“သူ့ကောင်မလေးကို အနိုင်ကျင့်လို့ ဒေါသတွေအရမ်းထွက်ပြီး ချန်းမင်တို့ မိသားစုကို ပညာကောင်းကောင်း ပေးလိုက်တယ်လို့လည်း ကြားတယ်၊ ဟုတ်လား”
“အဲ့တာတော့ မဟုတ်ပါဘူး”
ယဲ့ရှောင်ရှောင် ရှင်းပြလိုက်သည်။
“ချန်းမင်တို့မိသားစုက မကောင်းတာတွေလုပ်ခဲ့လို့ သူတို့ထိုက်နဲ့သူတို့ကံ ခံရတာ”
ပိုင်မုန့်အန်း ပခုံးတွန့်သည်။
“ဘယ်လိုများမကောင်းတဲ့ အလုပ်တွေလုပ်မိလို့လဲ၊ အထက်လူကြီးတွေသာ အရိပ်အမြွက်မပေးလိုက်ရင် ဘယ်သူမှ အားအားယားယား ဝင်စစ်မှာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင် စကားလမ်းကြောင်းလွှဲလိုက်သည်။
“ငါ ဟောက်မိသားစုဆီ သွားစရာရှိလို့ ပြန်လာခဲ့တာ”
ပိုင်မုန့်အန်း: “နင်နဲ့ ဟောက်မိသားစုနဲ့ ပြန်အဆင်ပြေသွားပြီလား”
ယဲ့ရှောင်ရှောင်အကြောင်း သူမ ကောင်းကောင်းသိပါသည်။ အပြီးအပြတ် အဆက်အသွယ်ဖြတ်ခဲ့ကြခြင်းသာ မဟုတ်ပါက သူမ ယခုလို ထွက်သွားခဲ့မည် မဟုတ်ပေ။
ယဲ့ရှောင်ရှောင်က ဖြေသည်။
“ဟောက်မိသားစုကို ဆပ်စရာရှိတဲ့အကြွေးတွေပြန်လာဆပ်တာ၊ အဲ့တာကြောင့် အရင်လို အဆင်ပြန်ပြေနိုင်ဖို့တော့ မဖြစ်နိုင်တော့ဘူးထင်တာပဲ၊ သခင်မဟောက်က ငါ့ကို သဘောမကျဘူးလေ”
ပိုင်မုန့်အန်း မျက်မှောင်ကြုတ်သွားသည်။
“သူ အရင်က နင့်ကိုအရမ်းဂရုစိုက်တာကို… သူ့သမီးအရင်း မဟုတ်ရင်တောင် အရွယ်ရောက်တဲ့အထိ စောင့်ရှောက်ပေးခဲ့တာ မဟုတ်ဘူးလား၊ သူ အဲ့လောက် နှလုံးသား မဲ့နိုင်လို့လား”
ယဲ့ရှောင်ရှောင်ကမူ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ငါသူ့ကို အပြစ်မတင်ပါဘူး၊ သခင်မဟောက်က သူ့သမီးအရင်းအတွက် အပြစ်ရှိသလို ခံစားနေရတာဖြစ်မှာ၊ အဲ့တာကြောင့် ငါ့ကိုမမြင်ချင်တာ မထူးဆန်းပါဘူး”
ထိုအမျိုးသမီး သူမကိုပြဿနာထပ်လာမရှာလျှင်ပင် ယဲ့ရှောင်ရှောင် ကျေနပ်ပါပြီ။ သူတို့အချင်းချင်း မတွေ့ဆုံခြင်းက နှစ်ဦးနှစ်ဖက်စလုံးအတွက် စိတ်အေးချမ်းမှုကို ရရှိစေလိမ့်မည်။
ပိုင်မုန့်အန်းက ယဲ့ရှောင်ရှောင်၏လက်ကို လွှတ်ပေးဖို့ စိတ်ကူးမရှိချေ။
“ဒါဆို သွားကြမယ်လေ၊ ငါ ဟောက်အိမ်တော်အပြင်မှာ စောင့်နေမယ်၊ နင် လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ ငါ့အိမ်ကို လိုက်ခဲ့လို့ရတယ်”