← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

📗 Chapter 181

ယဲ့ရှောင်ရှောင်လည်း ပိုင်မုန့်အန်းကိုခေါ်ဆောင်လျက် ဟောက်အိမ်တော်ထံသို့ ဆက်လျှောက်လာခဲ့ရတော့သည်။

ဟောက်အိမ်တော်ထဲသို့ ယဲ့ရှောင်ရှောင် ဝင်လာသောအခါ အိမ်ထဲတွင် ဟောက်ချန်းပင် ရှိနေသဖြင့် ဟယ်ချောင်းရှန့်တစ်ယောက် သိသိသာသာ ဒေါသထွက်နေသော်လည်း စကားများများ မပြောဘဲ အောင့်အီးထားခဲ့ရသည်။

သို့သော် သူမ မျက်နှာကို ကြည့်ရုံနှင့် ယဲ့ရှောင်ရှောင်ကို မကြိုဆိုမှန်း အလွန်ထင်ရှားလှပါသည်။

ဟောက်မိသားစုတွင် အိမ်တွင်းအာဏာကို လက်ဝါးကြီးအုပ် စီမံလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ ဟယ်ချောင်းရှန့်သည် မိမိစိတ်ထင်တိုင်း တဇွတ်ထိုးလုပ်ရသည်ကို အသားကျနေပြီဖြစ်သည်။

ထို့ကြောင့် ယခုချိန်တွင် ဟောက်ချန်းပင်အား မှီခိုအားထားနေရဆဲဖြစ်သော်လည်း သူမ၏ သည်းခံနိုင်စွမ်းမှာ ပြဿနာ ထမရှာရုံတမယ်အဆင့်သာ ရှိပါသည်။

ထို့ကြောင့် ယဲ့ရှောင်ရှောင်ကို ချိုချိုသာသာဆက်ဆံဖို့ဆိုသည်မှာ သူမအတွက် လုံးဝ မဖြစ်နိုင်ပေ။

“ရှောင်ရှောင် လာတယ်ဟေ့”

ယဲ့ရှောင်ရှောင်ကို မြင်သောအခါ ဟောက်ချန်းပင် အလွန်ဝမ်းသာသွားပါသည်။

ယဲ့ရှောင်ရှောင်လည်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။

“ဦးလေးဟောက်”

ဟောက်ချန်းပင်၏မျက်နှာပေါ်မှ အပြုံးများ ရုတ်တရက် မှေးမှိန်သွားခဲ့သည်။

“ဘယ်လိုဖြစ်တာလဲ ရှောင်ရှောင်၊ အဖေ့ကို အဖေလို့တောင် မခေါ်တော့ဘူးလား”

ဟယ်ချောင်းရှန့်က သရော်သံဖြင့် ဝင်ပြောသည်။

“သူက ရှင့်သမီးအရင်းမှမဟုတ်တာ၊ ဦးလေးလို့ခေါ်တာ ဘာမှားလို့လဲ”

ဟောက်ချန်းပင်သည် ဟယ်ချောင်းရှန့်ကို စူးစူးဝါးဝါးလှည့်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။

“ကလေးရှေ့မှာ ဘယ်လိုတွေပြောနေတာလဲကွ!”

ဟယ်ချောင်းရှန့်က မကျေမနပ် ဆိုသည်။

“ကျွန်မပြောတာ မှားလို့လား၊ ရှင့်လို အတင်းအကျပ်လိုက်ရောနေတာကမှ မြင်မကောင်းတာ”

ယဲ့ရှောင်ရှောင်သည် သူတို့လင်မယား စကားများသည်ကို နားထောင်ဖို့ ရောက်လာခြင်းမဟုတ်ပေ။

သူမ ယူဆောင်လာသည့် ပစ္စည်းများကို စားပွဲပေါ်သို့ တင်ပေးရင်း ကြိုတင်စဉ်းစားထားသည့် စကားများကို ပြောလိုက်ပါသည်။

“ဘယ်လိုပဲခေါ်ခေါ် ဦးလေးတို့နှစ်ယောက်စလုံး သမီးကို ပြုစုပျိုးထောင်ပေးခဲ့ကြတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းလို့မရပါဘူး၊ ဟောက်မိသားစုရဲ့ ဘဝကို သမီးနှောင့်ယှက်မှာ မလိုလားဘူးလို့ ဒေါ်လေးဟယ်ကလည်း ပြောထားတယ်၊ ဒါ ဟောက်မိသားစုကို သမီး နောက်ဆုံးအကြိမ်ပြန်လာတာပဲ၊ အဲ့တာကြောင့် ဦးလေးတို့ကို ပေးစရာရှိတာတွေ တစ်ခါတည်းလာပေးတာပါ”

“ဒါ ဘာအဓိပ္ပာယ်လဲ ရှောင်ရှောင်၊ သမီးပြောနေတာတွေ အဖေတစ်ခွန်းမှ နားမလည်ဘူး”

စားပွဲပေါ်ရှိ ပိုက်ဆံများကို ဟောက်ချန်းပင် အံ့အားသင့်မှင်သက်စွာ ကြည့်နေမိသည်။

ယဲ့ရှောင်ရှောင် ရှင်းမပြဘဲ ဆက်ပြောလိုက်သည်။

“သမီးကို ဒီအရွယ်ထိရောက်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ဦးလေးနဲ့ ဒေါ်လေးတို့ နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်၊ သမီးအတွက် ကုန်ကျခဲ့တဲ့ စရိတ်တွေအတွက် ဒီပမာဏက လုံလောက်ရဲ့လား မသိပေမယ့် သမီးကျေးဇူးပြန်ဆပ်ရာကျလိမ့်မယ်လို့ မျှော်လင့်မိတယ်”

ဟောက်ချန်းပင်က တစ်ခုခုပြောချင်သေးသော်လည်း ဟယ်ချောင်းရှန့်သည် စားပွဲပေါ်မှ ပိုက်ဆံများကိုကြည့်ကာ စစ်ဆေးမေးမြန်းလိုက်သည်။

“အဲ့လောက်ပိုက်ဆံတွေ အများကြီး နင်ဘယ်ကရလာတာလဲ၊ မကောင်းတဲ့အလုပ်တွေလုပ်နေတာတော့ မဟုတ်ပါဘူးနော်”

ယဲ့ရှောင်ရှောင် “ဒေါ်လေးကိုယ်တိုင် သမီးကို ပျိုးထောင်ပေးခဲ့တာလေ၊ ဒေါ်လေးရဲ့ ဆုံးမသင်ကြားမှုတွေကို ဒေါ်လေး ယုံကြည်မှု မရှိဘူးလား”

ယဲ့ရှောင်ရှောင်ကို ဟယ်ချောင်းရှန့်ကိုယ်တိုင် အမှန်တကယ် ပျိုးထောင်ပေးခဲ့ခြင်းဖြစ်၍ သူမကို သံသယဝင်ခြင်းက မိမိကိုယ်ကိုယ် သံသယဝင်နေခြင်းနှင့်အတူတူပင်။

ယဲ့ရှောင်ရှောင်၏ချေပစကားက စူးရှထက်မြက်လွန်းသဖြင့် ဟယ်ချောင်းရှန့် အလွန်ခံရခက်သွားသည်။

“ငါ့ ဆုံးမသင်ကြားမှုတွေက ဘာမှလစ်ဟာမှုမရှိဘူး၊ နင့်ရဲ့ မျိုးရိုးဗီဇကိုက မကောင်းတာဆိုရင် ဘယ်လိုလုပ်မလဲ”

ထိုကဲ့သို့ တဲ့တိုးဆန်ပြီး ရန်လိုသည့် စကားတစ်ခွန်းကြောင့် ဟန်ဆောင်မျက်နှာဖုံးများအားလုံး ကွာကျသွားခဲ့ပါသည်။

ဟောက်ချန်းပင်လည်း အလွန်စိတ်ဖိစီးသွားခဲ့ရသည်။ သူတစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ချိန်တွင် ယဲ့ရှောင်ရှောင်က သူတို့ကို ဦးညွှတ်ကာ ထွက်ခွာသွားခဲ့ပါပြီ။

ထို့ကြောင့် ဟယ်ချောင်းရှန့်ကိုသာ ဟောက်ချန်းပင် ဒေါသပုံချနိုင်တော့သည်။

“မင်းစကားကို မင်း ပြန်နားထောင်ကြည့်စမ်း! ဘယ်လိုစကားတွေ သွားပြောလိုက်တာလဲ! မင်းတို့နှစ်ယောက်ကြားထဲ ရန်သူတွေလို ဖြစ်သွားအောင်လုပ်မှ ဖြစ်မှလား!”

ဟယ်ချောင်းရှန့်က ပြန်ငေါက်သည်။

“ရှင့်မှာ ကျွန်မကို ဝေဖန်ပိုင်ခွင့်ရှိလို့လား! ကျွန်မ ကလေးမွေးတုန်းက ရှင်သာအနားမှာ ရှိခဲ့ရင် ကလေးချင်း မှားသွားရာအကြောင်းကိုမရှိဘူး၊ ဒါမှမဟုတ် အဲ့ဒီမိန်းမကို အခုထိ မမေ့နိုင်သေးလို့ သူ့သမီးကိုပါ အခုလို ကောင်းကောင်းမွန်မွန် ဆက်ဆံနေရတာလား!”

ဖြောင်း!

ဟောက်ချန်းပင် မည်သို့မျှ သည်းမခံနိုင်တော့ဘဲ ဟယ်ချောင်းရှန့်၏ပါးကို စူးရှစွာ ရိုက်ပစ်လိုက်တော့သည်။

ဟယ်ချောင်းရှန့်မှာ အလွန်မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။

“ရှင်ကျွန်မကို လက်ပါတယ်ပေါ့! ရှင်အခုလို အခြေအနေထိရောက်လာတာ ဘယ်သူ့ကျေးဇူးလဲ မမေ့နဲ့ ဟောက်ချန်းပင်! အခုကမ်းပေါ်ရောက်ခါမှ ဖောင်ဖျက်ချင်တယ်ပေါ့ ဟုတ်လား၊ ကျေးဇူးမသိတတ်တဲ့ လူယုတ်မာ!”

ဟယ်ချောင်းရှန့်အား ဟောက်ချန်းပင် ပထမဆုံးအကြိမ်အဖြစ် ရိုက်နှက်ဆုံးမဖူးခြင်းဖြစ်သည်။

ရိုက်ပြီးသည်နှင့် နောင်တကြီးစွာ ရမိသော်လည်း ပြန်တောင်းပန်ဖို့တော့ စိတ်ကူးမရှိပါ။ ဟယ်ချောင်းရှန့်၏စကားလုံးများက အမှန်တကယ် တရားလွန်နေခြင်းကြောင့်ပင်။

ဟယ်ချောင်းရှန့်လည်း အပေါ်ထပ်သို့ ဝုန်းဒိုင်းကြဲ ပြေးတက်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်တော့သည်။

ဟောက်ချန်းပင်မှာ စားပွဲပေါ်မှ ငွေများကို ငေးကြည့်ရင်း ဟယ်ချောင်းရှန့်၏စကားများကို ပြန်ကြားယောင်နေမိသည်။

သို့သော် သူ့ဇနီးလိုမဟုတ်ဘဲ ဟောက်ချန်းပင်သည် ရှောင်ရှောင် မကောင်းသည့်အလုပ်များ လုပ်လိမ့်မည်မဟုတ်ဟု အပြည့်အဝယုံကြည်နေပါသည်။

‘ဧကန္တ ဒီငွေတွေကို လုမိသားစုက ထုတ်ပေးလိုက်တာများလား’

ခုတလော စစ်တပ်ဝင်းထဲ၌ ကောလဟာလများစွာ ပြန့်နှံ့နေခဲ့သည်။ ရှောင်ရှောင်နှင့် ဟောက်မိသားစုတို့၏ ဆက်ဆံရေး အဆင်မပြေမှန်း သိသဖြင့် လုမိသားစုက လိုအပ်သည့်ငွေများကို ထုတ်ပေးကာ အပြီးအပိုင် အဆက်အသွယ်ဖြတ်ဖို့ ကူညီပေးလိုက်ခြင်း ဖြစ်နိုင်ပါသည်။

ဟောက်ချန်းပင် လေးလံစွာ သက်ပြင်းချမိသည်။ ပြဿနာများ ဤအခြေအနေထိ ရောက်ရှိလာမည်ဟု သူတစ်ခါမှ ထင်မထားခဲ့မိပါ။

မိတ်ဆွေဟောင်းတစ်ဦးနှင့် သွားရောက်တွေ့ဆုံရန် အချိန်တန်ပြီထင်ပါသည်။

--- --- ---

ဟောက်အိမ်တော်အတွင်းသို့ ယဲ့ရှောင်ရှောင် ဝင်သွားပြီး သိပ်မကြာမီမှာပင် ပြန်ထွက်လာခဲ့သည်။ ပိုင်မုန့်အန်း ချက်ချင်းဆိုသလို ယဲ့ရှောင်ရှောင်ကို လက်ချင်းလာချိတ်သည်။

“ဘယ်လိုလဲ၊ သူတို့နင့်ကို ပြဿနာတော့ မရှာကြဘူးမလား”

ယဲ့ရှောင်ရှောင် “မရှာပါဘူး”

ပိုင်မုန့်အန်းက တိုက်တွန်းသည်။

“ဒါဆို ငါ့အိမ်မြန်မြန်သွားကြရအောင်၊ ငါနင့်ကို မေးချင်တာတွေ အများကြီးရှိသေးတယ်!”

ယဲ့ရှောင်ရှောင်လည်း ရွေးချယ်စရာမရှိတော့ဘဲ ပိုင်မုန့်အန်း၏ အိမ်သို့ လိုက်သွားရတော့သည်။

ယခု ပိုင်မုန့်အန်း၏ အိမ်တွင် မည်သူမှ ရှိမနေပေ။ အိမ်ထဲသို့ ရောက်သည်နှင့် ပိုင်မုန့်အန်းက သူမကို ရေတစ်ခွက် ငှဲ့ပေးပြီး ယဲ့ရှောင်ရှောင် ပေကျင်းမြို့မှ ထွက်ခွာသွားသည့် အချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများအား စတင်ပြောဆိုခဲ့ကြပါသည်။

ပိုင်မုန့်အန်းက မေးသည်။

“ယဲ့မိသားစုမှာ ကလေးတွေ အများကြီးရှိတယ်မလား၊ ဟိုကိုရောက်တော့ နင်ဘယ်လိုများ အဆင်ပြေအောင် နေခဲ့တာလဲ၊ ပိုင်ချွမ်ရွာက ပျော်စရာကောင်းလား၊ ငါလည်း တစ်ခါလောက် သွားလည်ရင် ကောင်းမလား”

ပိုင်မုန့်အန်းမှာ အရာရာကို အလွန်စိတ်ဝင်စားတတ်သည့် တောမကျ မြို့မကျ မိန်းကလေးမျိုးဖြစ်သည်။

“နင် သွားမယ်ဆိုရင် ဟိုက လူနေမှုဘဝနဲ့ အသားကျမှာ မဟုတ်ပါဘူး”

ပိုင်မုန့်အန်းက အားရပါးရ ရယ်မောလိုက်ပါသည်။

“နင်တောင် အသားကျအောင် နေနိုင်ခဲ့တာပဲဥစ္စာ၊ ငါက ဘာလို့မနေနိုင်ရမှာလဲ”

ယဲ့ရှောင်ရှောင်က စကားလမ်းကြောင်းကို ပြန်လွှဲဖို့ ကြိုးစားသည်။

“ငါတို့အတန်းထဲ ဟောက်ယန်ယန် ပြောင်းလာတုန်းက နင်တို့အားလုံး အနိုင်ကျင့်ခဲ့ကြတာလား”

ဤသည်မှာ မူရင်းဝတ္ထုထဲရှိ ဇာတ်လမ်းနှင့် ထပ်တူကျနေပါသည်။ ယဲ့ရှောင်ရှောင် မြို့တော်မှ လိုလိုလားလား ထွက်သွားခဲ့သော်လည်း အချို့အရာများက ဝတ္ထုထဲကအတိုင်း ဆက်လက်ဖြစ်ပျက်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါ။

ပိုင်မုန့်အန်းက ရှင်းပြသည်။

“အနိုင်ကျင့်တယ်လို့တော့ မဟုတ်ပါဘူး၊ သူ့ကို ဖယ်ကျဉ်ထားရုံပဲ၊ ပြီးတော့ သူက ဘာမှမသိနားမလည်ဘူးလေ၊ အဲ့တာကြောင့် ငါတို့အဖွဲ့တွေနဲ့လည်း ကီးကိုက်မှာမဟုတ်ဘူး”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“ဒါဆိုလည်း သူနဲ့ ခပ်ခွာခွာဆက်နေတာ အကောင်းဆုံးပါပဲ”

ပိုင်မနု့်အန်းက အကြံပြုသည်။

“နင်သူ့ကို အမြင်မကြည်ရင် သင်ခန်းစာကောင်းကောင်းပေးဖို့ ကြံစည်ကြရအောင်လေ၊ သူ့နောက်မှာ ဟောက်မိသားစု ရှိနေရင်တောင် ဘာမှကြောက်စရာမလိုဘူး၊ ငါတို့အားလုံး ပေါင်းလိုက်ရင် ဟောက်မိသားစုတောင် ဘာမှ ပြန်လုပ်ရဲမှာ မဟုတ်ဘူး”

မူရင်းဝတ္ထုထဲမှ ဤအမြှောက်စာဇာတ်ကောင်များ၏ ကံအကြောင်းမလှသော ဇာတ်သိမ်းများအကြောင်း ပြန်စဉ်းစားရင်း ယဲ့ရှောင်ရှောင် အမြန်ဝင်တားလိုက်ပါသည်။

“ငါတို့က အထက်တန်းကျောင်းသူတွေလည်း မဟုတ်ကြတော့ဘူးလေ၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”

ထို့အပြင် မည်သည့်အခြေအနေတွင်မဆို သူတစ်ပါးကို အနိုင်ကျင့်ခြင်းမှာ မှန်ကန်သည့် လုပ်ရပ်လည်း မဟုတ်ပေ။

ပိုင်မုန့်အန်းလည်း ထိုအကြံကို အလွယ်တကူပင် မေ့ပစ်လိုက်ပါသည်။

“နင်ပြောတာ မှန်ပါတယ်၊ ပြီးတော့ ခုတလော ဟောက်ယန်ယန်ကို ငါမတွေ့မိဘူး၊ ပေကျင်းမှာတောင် ရှိသေးရဲ့လား မသိဘူး”

ယဲ့ရှောင်ရှောင် ခန့်မှန်း ကြည့်လိုက်သည်။

“သူ ရှုကျမ့်ဝမ်နဲ့အတူတူ အလုပ်သင်ဆင်းနေတာဖြစ်မယ်”

ထိုအခါ ပိုင်မုန့်အန်းက ယဲ့ရှောင်ရှောင်အား ထူးထူးဆန်ဆန်း မျက်နှာဖြင့် ကြည့်လျက် မေးလိုက်သည်။

“နင်အခု ရှုကျမ့်ဝမ်ကို တကယ်မကြိုက်တော့ဘူးလား”

ယဲ့ရှောင်ရှောင် “ငါအခု လုဟန်ချွမ်နဲ့ ချစ်သူတွေဖြစ်နေပြီလေ၊ ရှုကျမ့်ဝမ်ကို ဘာလို့ဆက်ကြိုက်ရမှာလဲ”

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ဘာပဲဖြစ်ဖြစ်ပါ အဲ့ရှုကျမ့်ဝမ်က နင်နဲ့မတန်ဘူးလို့ ငါအစကတည်းက ထင်ပြီးသား၊ နင် အခုလို သဘောထားနိုင်တာ သိရတော့ ငါဝမ်းသာပါတယ်”

ပိုင်မုန့်အန်းနှင့် စကားပြောဆိုရင်း မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏အခြားသော သူငယ်ချင်းများအကြောင်းကိုလည်း ယဲ့ရှောင်ရှောင် သိရှိခွင်ရခဲ့သည်။

အချို့ကဏ္ဍများတွင် မူရင်းခန္ဓာကိုယ်ပိုင်ရှင်သည် အပေါင်းအသင်းအလွန်ဝင်ဆံ့သည်ဟု ဆိုရမည်။

အများစုမှာ ရှုကျမ့်ဝမ်နှင့် သိကျွမ်းကြသည့် အပြန်အလှန် သူငယ်ချင်းများဖြစ်ကြပြီး ယဲ့ရှောင်ရှောင် ပေကျင်းသို့ ပြန်ရောက်လာစဉ်ကတည်းက ထိုလူများနှင့်မတွေ့ရသေးပါ။

အကြောင်းမှာ ထိုသူငယ်ချင်းအများစုသည် တက္ကသိုလ်တက်သူကတက်၊ စစ်မှုထမ်းသူကထမ်းနှင့် အခြားသော ဒေသများတွင် ရောက်ရှိနေခြင်းကြောင့်ပင်။

ယဲ့ရှောင်ရှောင်ကို ပြန်လည်ကြိုဆိုသည့်အနေဖြင့် ပိုင်မုန့်အန်းသည် လာမည့် နွေရာသီကျောင်းပိတ် ရက်တွင် ပါတီပွဲလေးတစ်ခု ကျင်းပပေးဖို့ စီစဉ်လိုက်ပါသည်။

ယဲ့ရှောင်ရှောင်ကလည်း သူမ၏အစီအစဉ်ကို မငြင်းဆန်ခဲ့ပေ။ ထိုသူတို့သည် မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏ သူငယ်ချင်းများ ဖြစ်ကြ၍ ထိုသူတို့နှင့် ပတ်သတ်ဆက်နွယ်ခြင်းဖြင့် သူမရောက်ရှိနေသည့်ကမ္ဘာမှာ ပုံပြင်ကမ္ဘာတစ်ခုဆိုသည်ထက်ပိုပြီး အသက်ဝင်လာသလို ခံစားရပါသည်။

သူမအပေါ် စေတနာထားသူများကို သူမဘက်ကလည်း ထပ်တူ တုံ့ပြန်ရန် ဆုံးဖြတ်ထားပါသည်။

“ဒါဆို နွေရာသီကျောင်းပိတ်ရက်ကျမှ ပြန်ဆုံကြတာပေါ့၊ ဒီနေ့ နင်လည်း အားတယ်လား”

ပိုင်မုန့်အန်းက ဆိုသည်။

“ဟုတ်တယ်၊ ငါက အခု ဖျော်ဖြေရေးတပ်ဖွဲ့ထဲမှာ အလုပ်တောင်လုပ်နေပြီလေ၊”

ပိုင်မုန့်အန်းသည် ယဲ့ရှောင်ရှောင်ကို သူမ၏တပ်ဖွဲ့ထဲ ခေါ်ယူဖို့ပင် စည်းရုံးလိုက်သေးသည်။

“နင်ကောအခု ဘာတွေလုပ်နေလဲ ရှောင်ရှောင်၊ နင်က တူရိယာတွေ တီးခတ်တတ်တယ်မလား၊ ငါတို့ ဖျော်ဖြေရေးတပ်ဖွဲ့မှာဆို လုံးဝ အံကိုက်ပဲ”

ယဲ့ရှောင်ရှောင် “တရုတ်တိုင်းရင်းဆေးပညာ သင်နေတာလေ”

“ဘယ်မှာလဲ”

“ကျင့်ဟွာတက္ကသိုလ်မှာ”

ပိုင်မုန့်အန်း၏မျက်လုံးများ လက်ဘက်ရည်ပန်းကန်လုံးအရွယ်မျှ ပြူးကျယ်သွားသည်။

“ကျင့်ဟွာတက္ကသိုလ်ဟုတ်လား! အဲ့ဒီက ဝင်ခွင့်စာမေးပွဲကို နင် ဘယ်လိုများအောင်ခဲ့တာလဲ ရှောင်ရှောင်!”

ယဲ့ရှောင်ရှောင် “စာကို သေသေချာချာ ကြိုးစားပြီး လေ့လာခဲ့လို့ပေါ့”

ပိုင်မုန့်အန်းက လက်ယမ်းပြကာဆိုလိုက်သည်။

“အေးပါ အေးပါ၊ ထပ်မပြောနဲ့တော့၊ ငါနားလည်သွားပြီ”

ယဲ့ရှောင်ရှောင် “…”

‘နင်က ဘာကို နားလည်တာလဲ’

All Chapters