အခန်း ၁၈၂
Vol. 19 Ch. 182
📗 Chapter 182
ယဲ့ရှောင်ရှောင်သည် လုမိသားစု၏ ထောက်ခံပေးမှုကြောင့် ကျင့်ဟွာတက္ကသိုလ်အား ဝင်ခွင့်ရခဲ့ခြင်းဖြစ်မည်ဟု ပိုင်မုန့်အန်း၏ စိတ်ထဲတွင် ထင်သွားပါသည်။
အမှန်တရားကို သိလိုက်ရပြီဟု ယုံကြည်သွားသဖြင့် သူမသည် ထိုအကြောင်းအရာကို ထပ်မံ စူးစမ်းမေးမြန်းခြင်း မပြုတော့ပေ။
“နင်က ဘာလို့ တရုတ်တိုင်းရင်းဆေးပညာကို သင်နေရတာလဲ၊ နင်အရင်က အဲ့ပညာကိုစိတ်ဝင်စားတဲ့ပုံလည်း မပေါ်ပါဘူး”
ယဲ့ရှောင်ရှောင် “ဒီလိုပဲ ရုတ်တရက် စိတ်ဝင်စားသွားတာ”
ပိုင်မုန့်အန်းသည် ယဲ့ရှောင်ရှောင်အနားသို့ ကပ်လာကာ တီးတိုးမေးမြန်းလိုက်သည်။
“ငါ့ကို လုဟန်ချွမ်အကြောင်း ပြောပြပါဦး”
ယဲ့ရှောင်ရှောင် ရယ်မောလိုက်ပါသည်။
“သူ့အကြောင်း အဲ့လောက် သိချင်တာလား”
ပိုင်မုန့်အန်း အသံကို တိုးနိုင်သမျှတိုး၍ ဆက်ပြောလိုက်သည်။
“သူ့ကို စစ်တပ်ဝင်းထဲမှာ ဘယ်လိုနာမည်ပြောင်ပေးထားကြလဲ နင်မသိဘူးလား၊ ငရဲမင်းကြီးလို့ ခေါ်ကြတာဟဲ့၊ တကယ်တော့ ငရဲမင်းကြီးထက်တောင် ပိုကြောက်စရာကောင်းလောက်တယ်”
ယဲ့ရှောင်ရှောင် လုဟန်ချွမ်ဘက်မှ ကာကွယ်ပြောဆိုလိုက်သည်။
“အဲ့တာတွေက ချဲ့ကားပြောနေကြတာတွေပါ၊ ငါ့အမြင်မှာတော့ သူက တော်တော်လေး စိတ်ရှည်လက်ရှည်ရှိပြီး အလိုက်သိတတ်တဲ့ ယောက်ျားတစ်ယောက်ပဲ”
ပိုင်မုန့်အန်းက ပိုပိုကဲကဲ မျက်နှာမျိုးလုပ်ပြလိုက်သည်။
“ချစ်မိသွားရင်တော့ ဘာမဆို အကောင်းပဲမြင်နေမှာလေ၊ ငါတော့ လုံးဝ မယုံဘူး”
ယဲ့ရှောင်ရှောင်လည်း သူမကို ဆက်ရှင်းမပြတော့ပေ။ ပိုင်မုန့်အန်းနှင့် တွေ့ဆုံခဲ့ရသည်ကိုတော့ သူမ အမှန်တကယ် ဝမ်းသာမိပါသည်။
ပိုင်အိမ်တော်၌ အချိန်အနည်းငယ် ထပ်ဖြုန်းပြီးနောက် ယဲ့ရှောင်ရှောင် ကျောင်းသို့ ပြန်ဖို့ ပြင်တော့သည်။
ပိုင်မုန့်အန်း လက်ပြနှုတ်ဆက်လိုက်ပါသည်။
“နောက်မှ ထပ်တွေ့ကြရအောင်”
“ဟုတ်ပြီ”
ဟောက်မိသားစုနှင့်ကိစ္စကို အပြတ်ရှင်းခဲ့နိုင်ပြီဖြစ်၍ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသလို ယဲ့ရှောင်ရှောင် ခံစားခဲ့ရပါသည်။
တစ်ချိန်တည်းမှာပင် ရှုကျမ့်ဝမ်၏ အလုပ်သင်ကာလလည်း ပြီးဆုံးခါနီးလေပြီ။
ယခင်တစ်ခေါက်က မျှော်လင့်မထားသည့် အဖြစ်အပျက်ကြောင့် သူနှင့် ဟောက်ယန်ယန်တို့အကြားမှ ဆက်ဆံရေးမှာ အတိုင်းထက်အလွန် တိုးတက်ခိုင်မြဲလာခဲ့ပါသည်။
လုပ်ဖော်ကိုင်ဖက်များ၏ ရှေ့တွင်ပင် တရားဝင်ပွင့်လင်းစွာ တွဲနေကြသည့် ချစ်သူများ ဖြစ်နေကြလေပြီ။
“ယန်ယန်၊ ပေကျင်းကို အရင်ပြန်နှင့်လိုက်ပါလား”
ဤနေရာသို့ ဟောက်ယန်ယန်လိုက်လာခြင်းမှာ သူ့ကြောင့်သာ ဖြစ်မှန်း ရှုကျမ့်ဝမ် နားလည်ပါသည်။ ယခု သူ့အလုပ်သင်ကာလလည်း ပြီးဆုံးတော့မည်ဖြစ်၍ သူမ ဆက်နေဖို့ မလိုအပ်တော့ပေ။
ဟောက်ယန်ယန်သည် ရှုကျမ့်ဝမ်ကို အလွန်နူးညံ့သိမ်မွေ့စွာ ကြည့်ရင်း ဆိုလိုက်သည်။
“ကျွန်မတို့ အတူတူပြန်ကြမယ်လေ”
ရှုကျမ့်ဝမ်လည်း ကြည်ကြည်ဖြူဖြူ ပြန်ပြောလိုက်ပါသည်။
“မင်း စောင့်နိုင်ရင်တော့ အဆင်ပြေတာပေါ့”
ဟောက်ယန်ယန် “နားလည်မှုမလွဲပါနဲ့၊ ကျွန်မက ရှင့်ကို ဂရုစိုက်ပေးချင်လို့ပါ၊ ဒီမှာနေရင် ရှင့်ဝေရာဝစ္စတွေကို ကျွန်မလည်း နည်းနည်းပါးပါး ကူညီပေးနိုင်မယ်လေ”
ယခုဆိုလျှင် ဟောက်ယန်ယန်သည် ရှုကျမ့်ဝမ်၏အဝတ်အစားများကို နေ့စဉ် လျှော်ဖွပ်ပေးနေပြီဖြစ်ကာ သူ၏ တစ်နေ့တာ လိုအပ်ချက်များကိုလည်း ကူညီပြင်ဆင်ပေးနေပြီဖြစ်သည်။
အမှန်စင်စစ် ယဲ့မိသားစုနှင့် နေထိုင်ခဲ့စဉ်က ဟောက်ယန်ယန်သည် အိမ်မှုကိစ္စများကို လက်ဖျားနှင့်ပင် မထိခဲ့ဖူးပေ။ သူမ အဝတ်အစားများကိုပင် ကျန်းရွှယ်သို့မဟုတ် မြောင်စွေ့ဖန်းတို့ကသာ လျှော်ဖွပ်ပေးခဲ့ရပါသည်။
သို့သော် ယခင်ဘဝက အိမ်ထောင်ကျပြီးနောက်ပိုင်းတွင် သူမ သင်ခန်းစာများစွာရရှိခဲ့သည်။ အလွန်ပင်ပန်းရသည့် ထိုအိမ်မှုကိစ္စများကိုလည်း တတ်ကျွမ်းခဲ့ပါသည်။
ထို့ကြောင့်သာ ရှုကျမ့်ဝမ်ရှေ့တွင် ယခုကဲ့သို့ အိမ်မှုကိစ္စနိုင်နိုင်နင်းနင်းနှင့် ဣန္ဒြေရှိရှိ ရပ်တည်နိုင်ခြင်း ဖြစ်ပေသည်။
ရှုကျမ့်ဝမ်လည်း ဟောက်ယန်ယန်၏ မေတ္တာများကို မြင်နိုင်ပါသည်။
“ကျေးဇူးတင်ပါတယ် ယန်ယန်၊ ကိုယ်မင်းကို သေချာစောင့်ရှောက်ပါ့မယ်”
“ကျွန်မ ယုံပါတယ်”
နောက်ဆုံးတွင် ပေကျင်းမြို့သို့ ဟောက်ယန်ယန် ဦးစွာပြန်နှင့်ဖို့ကိုသာ သဘောတူခဲ့ကြသည်။ သို့သော် ရှုကျမ့်ဝမ်ထံမှ တိကျသေချာသော ကတိစကားတစ်ခုကို ဟောက်ယန်ယန် တောင်းခဲ့ပါသည်။
ကျောင်းများပြီး၍ သူမတို့ အခြေတကျဖြစ်သည်နှင့် ချက်ချင်းလက်ထပ်ထိန်းမြှားကြပါမည်ဟူသော ကတိပင်။
ဤခရီးစဉ်၏အဓိက ရည်ရွယ်ချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်၍ ဟောက်ယန်ယန်သည် ပေကျင်းမြို့သို့ပြန်ဖို့ ပြင်ဆင်တော့သည်။
ထို့အပြင် သူမ၏ အာရုံထဲမှ စီးပွားရေးအင်ပါယာကြီးတည်ဆောက်မည့် အစီအစဉ်များကိုလည်း မေ့လျော့သွားခြင်း မရှိသေးပေ။
ပေကျင်းမြို့သို့ ပြန်ရောက်သည်နှင့် စည်းစိမ်များစွာကို တတ်နိုင်သမျှ ရှာဖွေစုဆောင်းမည်။ ပြည့်စုံကြွယ်ဝလာပြီး မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်သည့်အခါကျမှ စစ်မှန်သည့် ပျော်ရွှင်မှုကို ခံစားနိုင်ပါလိမ့်မည်။
--- --- ---
ကွမ်ကျိုးတွင်…
ယဲ့ချန်းနင်တစ်ယောက် ကိုယ်ပိုင်ကြိုးစားအားထုတ်မှုသက်သက်ဖြင့် အထည်အရောင်းဆိုင်များစွာကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။
သို့သော်လည်း ဤရလဒ်များနှင့် ယဲ့ချန်းနင် မကျေနပ်နိုင်သေးပေ။ စက်ရုံများမှ အထည်များကို တိုက်ရိုက်မှာယူခြင်းက ကုန်ကျစရိတ် သက်သာစေသည်မှာ မှန်ကန်သော်လည်း ၎င်းမှာ အနိမ့်ဆုံးသော ဈေးနှုန်း မဟုတ်သေးသည့်အပြင် ကန့်သတ်ချက်များစွာလည်း ရှိနေပါသေးသည်။
အကောင်းဆုံးနည်းလမ်းမှာ မိမိကိုယ်ပိုင် စက်ရုံတည်ထောင်လိုက်ခြင်းပင်။
ယဲ့ချန်းနင်သည် အတော်အတန်များပြားသော ငွေကြေးပမာဏကို စုဆောင်းထားပြီးသားဖြစ်သော်လည်း သူ၏ လက်ရှိ အရင်းအနှီးမှာ စက်ရုံကြီးတစ်ခု တည်ထောင်ဖို့အတွက်တော့ လုံလောက်မှု မရှိသေးပါ။
ထို့ကြောင့် နောက်ဆုံးတွင် ချေးငွေယူဖို့သာ ဆုံးဖြတ်ရတော့သည်။ တရားမဝင် ငွေတိုးပေးစားသူများထံမှ မဟုတ်ဘဲ တရားဝင်ဘဏ်ချေးငွေကိုသာ ရယူဖို့ရည်ရွယ်ထားပါသည်။
ယဲ့ချန်းနင်၏ ကြီးမားလှသော ရည်မှန်းချက်ကြီးများအကြောင်း ကြားသိရသောအခါ ယွီကန်းအနည်းငယ် ကြောက်ရွံ့သွားခဲ့ရသည်။
“ငါတို့အခုလက်ရှိ အခြေအနေကလည်း အဆင်ပြေနေတာပဲ မဟုတ်ဘူးလား၊ ဘာလို့ ကိုယ်ပိုင်စက်ရုံထောင်မှ ဖြစ်မှာလဲ”
ယဲ့ချန်းနင်က သူငယ်ချင်းဖြစ်သူ၏ပခုံးကိုပုတ်ကာ ပြောလိုက်သည်။
“ဒီ့ထက်များတဲ့ ဝင်ငွေတွေ ရှာနိုင်ဖို့ပေါ့ကွ! ငါတို့မှာ အစွမ်းအစ မရှိတာလည်း မဟုတ်ဘူး၊ မင်းက တစ်သက်လုံး အထည်ပို့ဆောင်ပေးရတဲ့ အလုပ်သမားအဆင့်နဲ့တင် ကျေနပ်သွားတော့မှာလား”
ယွီကန်းနှင့်မတူဘဲ ယဲ့ချန်းနင်မှာ အိပ်မက်မက်ရဲသလို လက်တွေ့လည်း အကောင်အထည် ဖော်ရဲပါသည်။
“ငါတို့ ကိုယ်ပိုင်စက်ရုံ တည်ထောင်ရုံနဲ့ မပြီးသေးဘူး၊ နောင်တစ်ချိန်ကျရင် ကိုယ်ပိုင်ဘရန်းအသစ်တစ်ခုကိုပါ တည်ဆောက်ပြီး ငါတို့လုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာအပြင် နိုင်ငံခြားအထိပါ တိုးချဲ့သွားရမယ်”
ယဲ့ချန်းနင်၏စကားလုံးများကြောင့် ယွီကန်းလည်း သွေးများဆူပွက်လာသလို ခံစားရပါသည်။
“ချန်းနင်၊ ငါလည်း မင်းဦးဆောင်မှုနောက်ကပဲ လိုက်တော့မယ်၊ ငါစုထားသမျှ ပိုက်ဆံတွေအကုန်လုံး မင်းလက်ထဲ အပ်ပါ့မယ်”
ယဲ့ချန်းနင်သည် သူငယ်ချင်းဖြစ်သူ၏ ဆုးဖြတ်ချက်ကို အလွန်ကျေနပ်သွားသည်။ သို့သော် ယွီကန်းနှင့် မတူသည့် အခြားသော သူငယ်ချင်းတစ်ဦး၏တုံ့ပြန်မှုကိုတော့ ယဲ့ချန်းနင် ဘဝင်မကျခဲ့ပေ။
ဝမ်ရှန်းသည်လည်း ယဲ့ချန်းနင်နှင့်အတူ ကြီးပြင်းလာသည့် သူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်သည်။ သို့သော် ယဲ့ချန်းနင်တစ်ယောက် ချေးငွေယူပြီး စက်ရုံတည်ထောင်ဖို့ ရည်ရွယ်ထားသည့်အကြောင်းအား ကြားသိလိုက်ရပြီးနောက် ဝမ်ရှန်းက အလွန်စိတ်ဓာတ်ကျစရာကောင်းသည့် စကားမျိုးပြောခဲ့ပါသည်။
“ငါမင်းကို ဝေဖန်တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အခုလည်း မင်းလုပ်ငန်းတွေက အောင်မြင်နေတာပဲလေ၊ အဲ့လောက်ကြီးစွန့်စားဖို့လိုလို့လား”
ယဲ့ချန်းနင်က ချေပသည်။
“မင်း ငါနဲ့ လက်တွဲမှာလား မတွဲဘူးလားပဲပြောစမ်းပါ”
ဝမ်ရှန်းက စီးကရက်တစ်လိပ်ဖွာလျက် ပခုံးတွန့်ပြလိုက်သည်။
“နေပါစေတော့၊ ငါ့မှာလည်း စုထားတာ အဲ့လောက်များများစားစားမရှိဘူး၊ မင်း အိုင်ဒီယာတွေ ငါ့ကိုလာမပြောနဲ့၊ ငါ့ဘက်က ဘာမှသိပ်ပြီး ကူညီပေးနိုင်မှာမဟုတ်ဘူး”
တောင်ပိုင်းတွင် ဝမ်ရှန်း၏ဘဝမှာ အတော်လေးအဆင်ပြေသော်လည်း သူရှာဖွေရရှိသမျှ ငွေအားလုံးကို အသုံးအဖြုန်းကြီးစွာဖြင့် အကုန်အစင် သုံပစ်လေ့ရှိရာ အိမ်သို့ ပို့ဆောင်ပေးရန်ပင် မကျန်တတ်ပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဝမ်ရှန်းအိမ်မှ ပေးပို့လိုက်သည့် စာတစ်စောင်ကို ယဲ့ချန်းနင် ရရှိခဲ့သည်။ ထိုစာထဲတွင် မိသားစုက ဝမ်ရှန်း၏အခြေအနေကို မေးမြန်းထားပါသည်။
တောင်ပိုင်းအတွင် အလုပ်လုပ်ကိုင်၍ အဆင်မပြေပါက အိမ်သို့ပြန်လာနိုင်ကြောင်းကိုလည်း ဝမ်ရှန်းအား အသိပေးထားသည်။
သို့သော် မြို့ပြ၏ကြွယ်ဝမှုများအကြား အသားကျနေပြီဖြစ်သော ဝန်ရှန်းမှာ ထိုကျေးလက်တောရွာသို့ ပြန်လိုစိတ်မရှိတော့ပေ။
ယဲ့ချန်းနင် စေတနာဖြင့် အကြံပေးလိုက်ပါသည်။
“ရှန်းကျစ်၊ မင်းလည်းအခု ငွေရှာနေနိုင်ပြီပဲ၊ အိမ်ကို နည်းနည်းပါးပါး ပြန်ပို့ပေးနိုင်အောင်တော့ ကြိုးစားပေါ့ကွာ၊ မင်းမိဘတွေက မင်းကို အရမ်းမျှော်လင့်ထားကြတာ”
ဝမ်ရှန်း ပေါ့ပျက်ပျက် ပြောလိုက်သည်။
“သူတို့လည်း ခြေတွေလက်တွေ အကောင်းတိုင်းရှိနေသေးတာပဲ၊ ရွာမှာ ငတ်သေမယ့်အခြေအနေလည်း မဟုတ်ဘူး၊ ဘာလို့ ငါ့ဆီက ငွေလာတောင်းနေကြတာလဲ”
ဝမ်ရှန်း၏တာဝန်မဲ့ပြီး ရိုင်းပျသော စကားကိုကြားသောအခါ ယဲ့ချန်းနင်ရင်ထဲ ဒေါသများ တလိမ့်လိမ့်တက်လာသည်။ ထို့ကြောင့် အရှေ့သို့ ရုတ်တရက် တိုးလာပြီး ဝမ်ရှန်း၏အင်္ကျီကော်လံကိုဆွဲလျက် ယဲ့ချန်းနင် ကြမ်းကြုတ်စွာ သတိပေးလိုက်ပါသည်။
“ဝမ်ရှန်း! ငါတို့အိမ်ကနေ မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး တောင်ပိုင်းကို ရောက်လာတာ ဘာအတွက်ကြောင့်လဲဆိုတာ မင်း မမေ့လိုက်နဲ့! မင်း ဒီလိုလုပ်နေတာတွေက ဘဝမေ့နေသလိုပဲကွ!”
ဝမ်ရှန်း၏စီးကရက် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး မျက်နှာတစ်ခုလုံးလည်း တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
“ချန်းနင်၊ ချန်းနင်၊ ငါ မှတ်မိပါတယ်ကွာ၊ ငါကအလကားနောက်တာပါ၊ ငါ့ငွေတွေကို အိမ်ပြန်ပို့ပေးမှာပါ၊ ငါ့မိဘတွေကိုလည်း မေ့မထားပါဘူးဟ!”
ဆူညံသံများကိုကြားပြီး ယွီကန်းလည်း အပြင်မှပြေးဝင်လာသည်။ သို့သော် ယဲ့ချန်းနင်က တစ်ယောက်ယောက်ကို ထိုးချင်နေသည့် ပုံစံပေါက်နေသဖြင့် သူလည်း ဝင်မဆွဲရဲပေ။
ယဲ့ချန်းနင်က သူ့လောက် ခန္ဓာကိုယ်မကြံ့ခိုင်သော်လည်း သူ့ထက် အတိုက်အခိုက်ပိုကျွမ်းပါသည်။
ယဲ့ချန်းနင်သည် ဝမ်ရှန်းကိုပြန်လွှတ်ပေးလိုက်ပြီး အလွန်စိတ်ပျက်သွားသော မျက်လုံးများဖြင့် ဆိုလိုက်သည်။
“အခုချိန်ကစပြီး မင်း စကားကို ဆင်ဆင်ချင်ချင်ပြော”
ယဲ့ချန်းနင်နှင့် ယွီကန်းတို့ထွက်သွားသောအခါ ဝမ်ရှန်းတစ်ယောက် မကျေမနပ်ဖြင့် သူတို့ထွက်သွားရာဘက်သို့ တံတွေးထွေးကာ ကျိန်ဆဲရေရွတ်လိုက်ပါသည်။
“ထွီး! သူတော်ကောင်းကြီး လုပ်ပြနေလိုက်တာ၊ အခုချိန်မှာ ငါက မင်းတို့နှစ်ယောက်လောက် ပိုက်ဆံမရှိဘူးဆိုပေမယ့် ငါ့အလုပ်က မင်းတို့အလုပ်ထက် အများကြီးပိုသက်သာတယ်၊ ယဲ့ချန်းနင်ဆိုတဲ့ကောင်က စက်ရုံပိုင်ရှင်ကြီး ဖြစ်လာမှာတဲ့လား၊ မင်းတို့မှာ ရှိသမျှ အကုန်ပျက်စီးဆုံးရှုံးသွားမှာကို ငါပျော်ပျော်ကြီး ထိုင်ကြည့်နေဦးမှာ၊ အဲ့အချိန်ကျရင် မင်းတို့ကောင်တွေ ငါ့ခြေဖျားကိုတောင် မီမှာ မဟုတ်ဘူး!”
ဝမ်ရှန်းသည် ယခင်က ယဲ့ချန်းနင်နှင့် အလွန်ရင်းနှီးခဲ့ဖူးပါသည်။ သူတို့နှစ်ဦးမှာ ငယ်စဉ်ကတည်းက ကျောချင်းကပ်၍ ကြီးပြင်းလာကြသူများဖြစ်ကာ ဆင်းရဲကျပ်တည်းစဉ် ကာလများတွင် ဘောင်းဘီတစ်ထည်ကို နှစ်ယောက်မျှဝတ်ခဲ့ရပြီး အာလူးတစ်လုံးတည်းကိုလည်း ထက်ခြမ်းခွဲကာ ဝေငှစားသောက်ခဲ့ကြသည်။
သို့သော် မြို့ပြ၏ ဆွဲဆောင်မှုများနှင့် သာယာမှုများအကြား ပျော်မွေ့ကာ ဝမ်ရှန်း၏ စဉ်းစားတွေးခေါ်ဉာဏ်များ တဖြည်းဖြည်းပျောက်ကွယ်လာခဲ့ရပါသည်။
ယဲ့ချန်းနင် အပြင်ရောက်သည့်တိုင်အောင် ဒေါသမပြေနိုင်သေးပေ။ ဝမ်ရှန်းတစ်ယောက် အလွန်ပြောင်းလဲသွားကာ သူခင်မင်ခဲ့ရသည့် ညီအစ်ကိုတစ်ယောက် မဟုတ်တော့သကဲ့သို့ ယဲ့ချန်းနင်ခံစားနေရပါသည်။
ယွီကန်း ခေါင်းကုတ်လျက် မေးသည်။
“မင်းနဲ့ ရှန်းကျစ်နဲ့ ဘာတွေဖြစ်ကြတာတုန်း”
ယဲ့ချန်းနင်က ပြတ်ပြတ်သားသား သတိပေးလိုက်သည်။
“ကန်းကျစ်၊ အခုချိန်ကစပြီး ရှန်းကျစ်နဲ့ မပေါင်းနဲ့တော့၊ သူက ငါတို့နဲ့ဘာမှမဆိုင်တော့ဘူး”
ပြဿနာ၏ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ် မသိရသော်လည်း ယွီကန်းသည် ယဲ့ချန်းနင်ကိုသာ ခြွင်းချက်မရှိ အပြည့်အဝ ယုံကြည်ပါသည်။
“ဟုတ်ပါပြီကွာ”
ယဲ့ချန်းနင် အသက်ဝဝရှူလျက် စိတ်ကို ပြန်လျှော့လိုက်သည်။
“ဘဏ်ကိုသွားကြစို့၊ ငါတို့ အဲ့ဒီချေးငွေကိစ္စ မြန်မြန်စီစဉ်မှဖြစ်မယ်”
ယွီကန်းလည်း ယဲ့ချန်းနင် ခေါ်ရာနောက်သို့ သုတ်သုတ်ပျာပျာ လိုက်သွားခဲ့တော့သည်။
တစ်ဖက်တွင် ယဲ့ရှောင်ရှောင်သည်လည်း ဖိုင်နယ်စာမေးပွဲအတွက် ပြင်ဆင်နေရပါပြီ။ သို့သော် ထိုစာမေးပွဲများက သူမအတွက်တော့ မည်သည့်အခက်အခဲမျှ ရှိနိုင်မည် မဟုတ်ပေ။
စာသင်ခန်းထဲတွင် ယဲ့ရှောင်ရှောင် စာကြည့်နေစဉ် သူမ၏ စားပွဲနားသို့ ကျန်းခိုင်နင် ချဉ်းကပ်လာသည်။
“ဒီဓာတ်ခွဲခန်း စမ်းသပ်ချက်ရလဒ်တွေကို တစ်ချက်လောက် ကြည့်ပေးစမ်းပါ၊ တစ်ခုခု လွဲနေတယ်လို့ ခံစားရလို့…”