← Chapters

အခန်း ၁၈၃

Vol. 19 Ch. 183

အခန်း ၁၈၃

Vol. 19 Ch. 183

📗 Chapter 183

ယဲ့ရှောင်ရှောင်သည် ကျန်းခိုင်နင်အတွက် ဓာတ်ခွဲခန်းအချက်အလက်များကို ပြန်လည်ပြင်ဆင်ပေးခဲ့ပါသည်။

ထိုစဉ် ချူးယွင်ရှောင် ရောက်ရှိလာပြီး နွေရာသီကျောင်းပိတ်ရက်အတွက် သူတို့၏ အစီအစဉ်ကို မေးမြန်းခဲ့သည်။

ကျန်းခိုင်နင် “ဘာလို့လဲ၊ တို့အတန်းခေါင်းဆောင်ကြီးက ဘာတွေစီစဉ်ထားလို့လဲ”

ချူးယွင်ရှောင်က ရှင်းပြသည်။

“ပါမောက္ခစွန်းက မေးခိုင်းလိုက်လို့၊ ပေကျင်းမှာကျန်ခဲ့မယ့် ကျောင်းသားတွေ ရှိရင် လူနာတွေကို ကွင်းဆင်းကုသတဲ့ခရီးမှာ လိုက်ပါကူညီပေးလို့ရတယ်တဲ့၊ အစားအသောက်နဲ့ နေရာထိုင်ခင်းကို ကျောင်းက စီစဉ်ပေးလိမ့်မယ်”

ယဲ့ရှောင်ရှောင် ချက်ချင်းဆိုသလို လက်ထောင်လိုက်သည်။

“ငါ လိုက်ချင်တယ်”

ကျန်းခိုင်နင်က ငိုသံပါကြီးနှင့် ညည်းတွားလိုက်ပါသည်။

“ရှောင်ရှောင်… နင် အိမ်မပြန်တော့ဘူးလား၊ မပြန်ရင်လည်း ငါ့ကိုဓာတ်ခွဲခန်းမှာ လာကူညီပေးလေ၊ ငါက နင်မရှိလို့ မဖြစ်ဘူး! ငါတို့လုပ်ငန်းသစ်အကြောင်းကိုလည်း နည်းနည်းလောက် ထည့်စဉ်းစားပါဦး”

ယဲ့ရှောင်ရှောင်က ပြန်လည်ချေပသည်။

“ငါတို့လုပ်ငန်းသစ်က အခုလောလောဆယ် အဲ့လောက်အချိန်ပေးစရာမလိုပါဘူ၊ ဓာတ်ခွဲခန်းမှာ ၁၀ ရက်လောက် လာကူညီပေးရင် ရပြီမလား”

ကျန်းခိုင်နင်လည်း စိတ်မပါလက်မပါ သဘောတူလိုက်ရတော့သည်။

“… ဟုတ်ပါပြီလေ”

ယဲ့ရှောင်ရှောင်မှာ အရာရာတွင် အလွန်ထူးချွန်ထက်မြက်လှကြောင်း ကျန်းခိုင်နင် ကောင်းစွာ နားလည်နေပါပြီ။ သူတို့အားလုံးက ရွယ်တူကျောင်းသားများဖြစ်ကြသော်လည်း ယဲ့ရှောင်ရှောင်ကမူ အားလုံးထက် အဆပေါင်းများစွာ ပိုမိုသာလွန်နေသည်။

ချူးယွင်ရှောင်က ဆိုသည်။

“ဒါဆို ရှောင်ရှောင့်နာမည်ကို အရင်ရေးထားလိုက်မယ်၊ နောက်မှ အပြောင်းအလဲတစ်ခုခုရှိရင်လည်း ငါ့ကိုလာပြောလို့ ရတယ်”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။ ယခုကဲ့သို့ လူနာများကို လက်တွေ့ လိုက်လံကုသပေးခြင်းအားဖြင့် ထူးခြားဆန်းပြားသည့် ရောဂါများစွာကို ကြုံတွေ့ရနိုင်ပေသည်။ ထိုကဲ့သို့သော ရှားပါးလှသည့် အခွင့်အလမ်းမျိုးကို သူမ လုံးဝ လက်မလွှတ်နိုင်ပါ။

ကျန်းခိုင်နင်ကမူ အခြားအလုပ်ကိစ္စများရှိသေးသဖြင့် စာရင်းပေးသွင်းခြင်း မပြုခဲ့ပေ။ ယဲ့ရှောင်ရှောင်က ပညာရပ်ပိုင်းဆိုင်ရာကို တာဝန်ယူထားစဉ် ကျန်းခိုင်နင်ကမူ အရင်းအနှီးရှာဖွေဖို့ကိုသာ အာရုံစိုက်ထားပါသည်။

နောက်ပိုင်းတွင် သူတို့နှစ်ဦး ပူးပေါင်းပြီး ကိုယ်ပိုင်စီးပွားရေးအင်ပါယာတစ်ခုကို တည်ထောင်ဖို့ ကြံရွယ်ထားလေသည်။

ဆေးဝါးလုပ်ငန်းဟူသည်မှာ အလားအလာများစွာရှိသော်ငြား စံချိန်စံညွှန်းသတ်မှတ်ချက်များမှာလည်း အလွန်ပင် တင်းကျပ်လွန်းပါသည်။

ထို့ကြောင့် ယဲ့ရှောင်ရှောင်သည် ကျန်းခိုင်နင်ကို မည်သည့်အခါတွင်မှ စိတ်မလောဖို့နှင့် ဖြည်းဖြည်းနှင့်မှန်မှန်သာ လျှောက်လှမ်းရန် သတိပေးတိုက်တွန်းခဲ့ပါသည်။

ကျန်းခိုင်နင်က အာမခံသည်။

“ငါဘာမှ စိတ်မလောဘူး၊ အခုတောင် လက်တွေ့စမ်းသပ်မှု အဆင့် ၂ ရောက်နေပြီလေ၊ ငါတို့ တိုးတက်တာ မြန်ပါတယ်”

“ဟုတ်ပါတယ်၊ မြန်တာတော့ မြန်ပါတယ်၊ အရင်က ဓာတ်ခွဲခန်း ရလဒ်တွေကော ပုံမှန်ပဲလား”

ကျန်းခိုင်နင် ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။

“ဒါပေါ့၊ ငါ့ကြောင့် ဘယ်သူမှ နာမည်မပျက်စေရဘူး စိတ်ချ!”

ထိုစကားကိုကြားပြီး ယဲ့ရှောင်ရှောင်လည်း စိတ်အေးသွားပါသည်။ လက်ရှိတွင် ကျန်းခိုင်နင်သည် ရမ်သဲ့ထန်နှင့် လက်တွဲလုပ်ကိုင်နေသူဖြစ်၍ ပြဿနာတစ်စုံတရာပေါ်လာခဲ့သည်ရှိသော် ရမ်သဲ့ထန်ပါ နာမည်ပျက်ရပါလိမ့်မည်။

ဤသို့ဖြင့် နွေရာသီအားလပ်ရက်တွင် ဆောင်ရွက်ကြမည့် အစီအစဉ်များအား ပျော်ပျော်ရွှင်ရွှင်နှင့် ဆုံးဖြတ်ချက် ချနိုင်ခဲ့ကြတော့သည်။

ဖိုင်နယ်စာမေးပွဲကြီး ပြီးဆုံးသောအခါ ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်ထံသို့ ဖုန်းဆက်လိုက်ပြီး ပေကျင်းမြို့သို့ အလည်လာဖို့ ရှိ၊ မရှိ မေးမြန်းလိုက်ပါသည်။

ယဲ့ချန်းရှန့်က ရှင်းပြသည်။

“ပါမောက္ခတစ်ယောက်ကို သုတေသနကူလုပ်ပေးစရာရှိလို့ ကျောင်းမှာပဲ ဆက်နေရမယ်ထင်တယ်”

ယဲ့ချန်းရှန့်သည် ရူပဗေဒပညာရပ်ကို မေဂျာယူထားသည်။

ပုံမှန်အားဖြင့် ပါမောက္ခတစ်ဦး၏ သုတေသနတွင် ပါဝင်ခွင့်ရရှိခြင်းမှာ ဘွဲ့လွန်ကျောင်းသားများ၏ သီးသန့်အခွင့်အရေးဖြစ်သော်လည်း ယဲ့ချန်းရှန့်၏ ထူးချွန်ထက်မြက်မှုကြောင့် ဆရာများက ဤသို့ အခွင့်အရေးပေးခဲ့ရခြင်း ဖြစ်ပါသည်။

ဤသည်မှာ ပညာရေးဝန်ထုပ်ဝန်ပိုးတစ်ခု အပိုထပ်ဆောင်း ရရှိလိုက်သည့်ပမာ ဖြစ်လင့်ကစား ယဲ့ချန်းရှန့်သည် ဘယ်သောအခါမှ ငြင်းဆန်မည် မဟုတ်ချေ။

ပါမောက္ခထံမှ ထောက်ပံ့ကြေးရရှိမည့်အပြင် စီနီယာကျောင်းသားများနှင့်ပါ ထိတွေ့ဆက်ဆံခွင့်ရရှိခြင်းကြောင့် နောင်တစ်ချိန် ဘွဲ့လွန်တက်ရောက်ရန် သို့မဟုတ် ထောက်ခံစာများ ရရှိရန်အတွက် အားသာချက်များ ပေးစွမ်းနိုင်ပါလိမ့်မည်။

ဤသည်မှာ အခြားသူများ လိုချင်သော်လည်း မရနိုင်သည့် အဖိုးတန်အခွင့်အရေးတစ်ရပ်ပင် မဟုတ်ပါလား။

“ဒါဆို စတုတ္ထအစ်ကိုလည်း အိမ်မပြန်တော့ဘူးပေါ့”

ယဲ့ချန်းရှန့်: “ဆောင်းရာသီပိတ်ရက်ကျမှ ပြန်ဖြစ်မယ်ထင်တယ်”

ယဲ့ရှောင်ရှောင်: “ဒါဆို ကျန်းမာရေး ဂရုစိုက်ပါ၊ အရမ်းကြီး အပင်ပန်းမခံနဲ့နော်”

ယဲ့ချန်းရှန့် ခပ်တိုးတိုး ရယ်မောကာ ပြန်ပြောလိုက်သည်။

“နင်လည်းတူတူပဲ”

စကားအနည်းငယ်ဆက်ပြောပြီးနောက် မောင်နှမနှစ်ဦး ဖုန်းချလိုက်ကြပါသည်။ နှစ်ဦးစလုံး အလုပ်များကြသူများ ဖြစ်၍ ဖုန်းပြောပြီးသည်နှင့် သက်ဆိုင်ရာ အလုပ်များကို ချက်ချင်း ပြန်လည်လုပ်ဆောင်ခဲ့ကြသည်။

ယဲ့ချန်းရှန့်သည် ကျောင်းအဆောင် နားနေခန်းရှိ အများသုံး ဖုန်းကို အသုံးပြုခဲ့ခြင်းဖြစ်ကာ တစ်မိနစ်လျှင် ပြား ၅၀ ကုန်ကျသဖြင့် အရေးပေါ်ကိစ္စမဟုတ်ပါက မည်သူကမှ အသုံးပြုလေ့မရှိပေ။

ပုံမှန်ဆိုတည်ငြိမ်နေတတ်သည့် ယဲ့ချန်းရှန့်၏ မျက်နှာပေါ်တွင် ထူးထူးခြားခြား အပြုံးတစ်ခုကို မြင်လိုက်ရသဖြင့် အခန်းဖော်တစ်ဦးက စိတ်ဝင်တစား မေးလိုက်ပါသည်။

“မင်း ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ၊ မင်းကောင်မလေးလား”

ယဲ့ချန်းရှန့်: “ငါ့ညီမလေးပါ”

“မင်းမှာ ညီမလေးရှိတယ်ပေါ့!”

ယဲ့ချန်းရှန့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ကျင့်ဟွာတက္ကသိုလ်မှာ ကျောင်းတက်နေတာ”

“ဝါး! မင်းတို့မိသားစုက တော်တော် ဉာဏ်ကောင်းကြတာပဲ၊ တစ်မိသားစုလုံး ဉာဏ်ကြီးရှင်တွေချည်းပဲ!”

ယဲ့ချန်းရှန့်သည် ပုံမှန်အားဖြင့် ကျိုးကျိုးနွံနွံနှင့် နှိမ့်ချနေထိုင်တတ်သော်လည်း မိသားစု၏ အောင်မြင်မှုများနှင့် ပတ်သတ်လာလျှင်တော့ အလွန်ပင်ဂုဏ်ယူဝံ့ကြွားမိပါသည်။ ထို့ကြောင့် အပြုံးများလည်း ပိုကျယ်လာရသည်။

အခန်းဖော်မှာလည်း ခေါင်းတခါခါနှင့် သူငယ်ချင်းဖြစ်သူ ပါရမီရှင်ကြီးမှာ ညီမကို အလွန်ဂရုစိုက်သည့် အစ်ကိုကြီးတစ်ဦးဖြစ်မှန်း သိခဲ့ရလေတော့သည်။

--- --- ---

“အိမ်ကို အလောတကြီး ပြန်စရာမလိုတဲ့သူတွေရှိလား၊ နင်တို့ကို ဒီနေ့ည တစ်ခုခုလိုက်ကျွေးချင်လို့”

အထုပ်အပိုးများပြင်ဆင်ရင်း အလုပ်များနေသည့် အခန်းဖော်များကို ထန်ရှို့ရှို့ ရုတ်တရက်‌ မေးလိုက်သည်။

“ဘာအတွက်တုန်း၊ နင်ရည်းစားရသွားလို့လား”

ဝမ်ကျောင်းက ကျီစယ်သည့်သဘောဖြင့် ပြောလိုက်ခြင်းဖြစ်သော်လည်း ထန်ရှို့ရှို့ ပါးပြင်များ နီမြန်းသွားသည်။

“ဟုတ်တယ်”

ယဲ့ရှောင်ရှောင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“ဘယ်လို၊ ဘယ်သူနဲ့လဲ!”

ထန်ရှို့ရှို့ ဝန်ခံလိုက်သည်။

“နင်တို့သူ့ကိုသိပါတယ်၊ အရင်တစ်ခေါက်က တွေ့ခဲ့တဲ့ ကောက်လင်းလေ”

တရားမျှတမှုအတွက် အရဲတဝံ့ ကူညီရပ်တည်ပေးခဲ့ကြရာမှ ပေါက်ဖွားလာခဲ့သော လှလှပပ အချစ်ဇာတ်လမ်းလေးပင် မဟုတ်ပါလား။

ယဲ့ရှောင်ရှောင်မှာ နားလည်သောအမူအရာဖြင့် “ဪ”ဟုသာ ရေရွတ်နိုင်တော့သည်။

ဝမ်ကျောင်းကဆိုသည်။

“အဲ့တာဆိုရင်တော့ ငါအိမ်မပြန်သေးဘူး၊ အစကတည်းက မနက်ဖြန်မှ ပြန်ဖို့စီစဉ်ထားတာ”

အခြားအခန်းဖော်များကလည်း ရထားလက်မှတ်ပင် မဖြတ်ရသေးသဖြင့် အေးအေးဆေးဆေးရှိကြပါသည်။

“ဒါဆို သဘောတူလိုက်ပြီနော်၊ ညနေ ၅ နာရီခွဲကျရင် တစ်ခုခုသွားစားကြမယ်၊ ပြီးမှ ဘာဆက်လုပ်မလဲ တိုင်ပင်ကြတာပေါ့၊ ကပွဲခန်းမမှာ သွားကကြမလား၊ ဒါမှမဟုတ် ရုပ်ရှင်ပဲ သွားကြည့်ကြမလား”

ယဲ့ရှောင်ရှောင်က စိတ်အားထက်သန်စွာ လက်ထောင်ပြလိုက်သည်။

“ငါ ကပွဲခန်းမ သွားချင်တယ်!”

ထိုနေရာသို့ သူမ တစ်ခါမှ မရောက်ဖူးသေးပေ။

ထန်ရှို့ရှို့က ယဲ့ရှောင်ရှောင်၏ အိစက်ညက်ညောပြီး ကိုင်လို့ကောင်းသော ပါးကလေးများကို ဖျစ်ညှစ်ကာ ပြောလိုက်သည်။

“ဟုတ်ပြီ၊ ငါတို့ရှောင်ရှောင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့၊ တခြားသူတွေလည်း လူပိုခေါ်လာလို့ရတယ်နော်”

ဟယ်ကျင်းက ရယ်မောသည်။

“ဒါဆိုရင်တော့ ငါတို့လည်း အားနာနေမှာ မဟုတ်ဘူးနော်”

ထန်ရှို့ရှို့: “ငါ့ကို ဘာမှအားနာနေစရာမလိုဘူး”

သူမသည် အိမ်မှ မုန့်ဖိုးများစွာ ရရှိထားပြီး တစ်ယောက်တည်း သုံးစရာနေရာလည်း သိပ်မရှိသဖြင့် အားလုံးကို သူမတတ်နိုင်သလောက် ပြုစုဧည့်ခံပေးချင်ပါသည်။

ထန်ရှို့ရှိုက ဆက်ပြောသည်။

“ရှားလီနဲ့ မိန့်ရူတို့မှာ ကောင်လေးမရှိဘူးဆိုတော့ ထားလိုက်ပါတော့၊ ဒါပေမယ့် ရှောင်ရှောင့်ကောင်လေးကတော့ မလာနိုင်လောက်ဘူးထင်တယ်နော်”

ယဲ့ရှောင်ရှောင်က လက်ကို အလန့်တကြား အမြန်ယမ်းပြလိုက်သည်။

“သူ မလာတာပဲ ကောင်းပါတယ်”

ညစာအတူတူစားသောက်ခြင်းက ကိစ္စမရှိသော်လည်း အလွန်မြူးကြွသည့် ကပွဲခန်းမထဲတွင် လုဟန်ချွမ်တစ်ယောက် သစ်သားတုံးကြီးပမာ မတ်တပ်ရပ်နေမည်ကို ယဲ့ရှောင်ရှောင်အနေဖြင့် မည်သို့မှ မြင်ယောင်မကြည့်နိုင်ပါ။

လုဟန်ချွမ်၏ လက်ရှိ အဆင့်အတန်းနှင့် ရာထူးတို့ကြောင့် အချို့သော နေရာများသို့ လိုက်လာဖို့ မသင့်တော်သည်ကို ထန်ရှို့ရှို့လည်း နားလည်ပါသည်။

ထို့အပြင် စစ်တပ်ဟူသည့်နေရာကလည်း အလွယ်တကူ ခွင့်ပေးမည်မဟုတ်ပေ။ လုဟန်ချွမ် မရှိလျှင် သူမတို့ ပို၍ပင် လွတ်လွတ်လပ်လပ် ပျော်ပါးနိုင်ပါလိမ့်မည်။

ညနေ ၅ နာရီ ခွဲ၍ နေဝင်စပြုချိန်တွင် ငယ်ရွယ်တက်ကြွသည့် လူငယ်တစ်စု တက္ကသိုလ်ကျောင်းဝင်းထဲမှ ထွက်လာခဲ့ကြသည်။

ယဲ့ရှောင်ရှောင်သည် အစိမ်းရောင်ပန်းပွင့်ဂါဝင်လေးကို ဆင်တူ ခေါင်းစည်းကြိုးလေးနှင့် တွဲဖက်ကာ ဝတ်ဆင်ထားသည်။

သူမ၏ ဝတ်စားဆင်ယင်ပုံမှာ ရိုးရှင်းသော်လည်း အလွန်မျက်စိကျစရာကောင်းပါသည်။ နွေရာသီနေ့တစ်နေ့တွင် ကြည်လင်သည့် ရေကန်ငယ်ထဲမှ ဖူးပွင့်စပြုလာသည့် စင်ကြယ်သော ကြာပန်းငယ်လေးတစ်ပွင့်နှင့် တူညီလှသည်။

ရှားလီနှင့် ဝမ်ကျောင်းတို့မှာ ယခင်က အချေအတင်ဖြစ်ထားကြသဖြင့် ယခုချိန်ထိ စကားကောင်းကောင်း မပြောကြသေးပါ။ သို့သော် ယခင်ကလောက်တော့ အခြေအနေ မဆိုးကြတော့ပေ။

ထို့အပြင် ယနေ့သည် ထန်ရှို့ရှို့ သူမ၏ ကောင်လေးနှင့် မိတ်ဆက်ပေးမည့် ညစာစားပွဲနေ့ဖြစ်၍ သူတို့နှစ်ဦး ယာယီ ငြိမ်းချမ်းရေး ယူခဲ့ကြပါသည်။

ရှားလီက ယဲ့ရှောင်ရှောင်နှင့် လက်ချင်းချိတ်ထားသည်။

“ရှောင်ရှောင်၊ နင့်ဝတ်စုံလေးက အရမ်းလှတာပဲ”

ယဲ့ရှောင်ရှောင်၏ ဂါဝန်ပေါ်ရှိ အရောင်အသွေးများက စိုပြည်သော်လည်း အလွန်တောက်ပနေခြင်းမျိုးတော့ မဟုတ်ပေ။

ထို့အပြင် ကောင်းမွန်လှသော ပိတ်စအရည်အသွေးနှင့် လက်ရာမြောက်သော ချုပ်လုပ်မှုတို့ကြောင့် ဂါဝန်လေးက သူမနှင့် ကွက်တိဖြစ်လို့နေပါသည်။

ယဲ့ရှောင်ရှောင် ပြုံးသွားသည်။

“နင်လည်း လှပါတယ်နော်”

ဤအရွယ်ရှိ တက္ကသိုလ်ကျောင်းသူလေးများမှာ ဆွဲဆောင်မှုမရှိသူဟူ၍ ရှားပါးလှပြီး မိမိကိုယ်မိမိ လှပအောင် မည်သို့ ပြင်ဆင်ဝတ်စားရမည်ကို သိရှိဖို့သာ လိုအပ်ပါသည်။

ယဲ့ရှောင်ရှောင်သည် သူမ၏ နက်မှောင်ချောမွေ့နေသော ဆံသားများကို ညင်သာစွာ ပွတ်သပ်ရင်း ဆံစပ်ကို ကျိန်းသေပေါက် ဂရုစိုက်ရမည်ဟုလည်း စိတ်ထဲမှ အကြိမ်ကြိမ် တွေးတောနေမိသည်။

ဝမ်ကျောင်းသည် ဖန့်ခိုင်ရွှမ်နှင့် လက်ချင်းတွဲထားပြီး သူမ မျက်လုံးများက ရှေ့တွင်လျှောက်နေသော ယဲ့ရှောင်ရှောင်ထံမှာသာ ရှိနေပါသည်။

“ငါနဲ့ ရှောင်ရှောင် ဘယ်သူပိုလှလဲ”

ထိုမေးခွန်း၏ အဖြေမှာ သိသာထင်ရှားလှပါသည်။ မည်သည့်ကောင်လေးကမှ မိမိကောင်မလေးမဟုတ်သည့် အခြားကောင်မလေးကို ပိုလှသည်ဟု စွန့်စွန့်စားစား ချီးကျူးရဲကြမည် မဟုတ်ချေ။

ဖန့်ခိုင်ရွှမ်၏ ရင်ထဲတွင် ယဲ့ရှောင်ရှောင်က ပိုလှသည်ဟု လျှို့ဝှက်ယုံကြည်နေသော်လည်း နှုတ်ဖျားမှ ထွက်လာသည့် စကားလုံးများက တခြားစီဖြစ်နေပါသည်။

“ငါ့နှလုံးသားထဲမှာတော့ နင်အလှဆုံးပဲ”

ဝမ်ကျောင်းလည်း အနည်းငယ်‌ ကျေနပ်သွားရသည်။

တစ်ဖက်တွင်မူ ဟယ်ကျင်းနှင့် လက်ချင်းတွဲကာ လမ်းလျှောက်နေသည့် လျို့ရှောက်မင်တစ်ယောက် တစ်စုံတစ်ခုကို ထုတ်ပြောဖို့ ကြိုးစားနေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

ယဲ့ရှောင်ရှောင်ကို ပထမဆုံးတွေ့ခဲ့ရစဉ်ကတည်းက တစ်နေရာရာတွင် မြင်ဖူးနေသည်ဟု လျို့ရှောက်မင် ခံစားခဲ့ရသော်လည်း မည်သည့်နေရာတွင် ဆုံဖူးခြင်းဖြစ်မှန်း စဉ်းစားမရခဲ့ပေ။

ယခုသေချာပြန်စဉ်းစားကြည့်မှ အထက်တန်းကျောင်းသားဘဝ ကျောင်းစာပေဌာနမှ ဦးဆောင်ကျင်းပခဲ့သည့် ဌာနပေါင်းစုံ တွေ့ဆုံပွဲအခမ်းအနားတစ်ခုတွင် သူမနှင့်တစ်ကြိမ် ဆုံဖူးမှန်းသတိရသွားခဲ့ပါသည်။

ထိုစဉ်က ယဲ့ရှောင်ရှောင်သည် မှင်သက်စရာကောင်းအောင် လှပနေခြင်းကြောင့် လျို့ရှောက်မင်၏ အာရုံထဲ ဖျောက်ဖျက်မရအောင် စွဲထင်ကျန်ရစ်နေခဲ့ခြင်း ဖြစ်လေသည်။

ထိုအချိန်က သူမသည် သတင်းအချက်အလက်ဌာနမှ စီနီယာကြီးတစ်ဦးနှင့် ပြဿနာတစ်စုံတရာတက်ခဲ့ပုံရပြီး ထိုစီနီယာကြီးကို ပါးတစ်ချက် ခပ်ပြင်းပြင်းရိုက်ကာ ဒေါကြီးမောကြီးဖြင့် လှည့်ထွက်သွားခဲ့ဖူးသည်။

ထိုကဲ့သို့ မာနထောင်လွှားပြီး ပြတ်သားထက်မြက်သည့် အမူအရာကြောင့်ပင် ယဲ့ရှောင်ရှောင်အား လျို့ရှောက်မင် ပိုမှတ်မိလွယ်နေခြင်းဖြစ်သည်၊။

All Chapters