← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

📗 Chapter 184

သို့သော် ယခု သူ့ရှေ့တွင်ရှိနေသည့် ကောင်မလေးမှာ သူမှတ်မိသည့် ယဲ့ရှောင်ရှောင်ထက် အဆပေါင်းများစွာ ပိုနူးညံ့သိမ်မွေ့နေသဖြင့် လျို့ရှောက်မင် ဝေခွဲမရဖြစ်သွားခဲ့သည်။

‘အမြွှာတွေများလား၊ ဒါမှမဟုတ် စရိုက်နှစ်မျိုး စိတ်နှစ်ခွ ရှိနေတာများလား’

လျို့ရှောင်မင်၏ အတွေးများ ဗြောင်းဆန်သွားရသည်။

သူ၏ရင်တွင်းဖြစ် အတွေးများကို မကြားနိုင်သည့် ယဲ့ရှောင်ရှောင်ကတော့ စက်ဘီးလေးတွန်းလျက် မိမိလမ်းကိုမိမိ အေးအေးလူလူ ဆက်လျှောက်နေပါသည်။

ကောက်လင်းသည် ကျောင်းအဝင်ဝတွင် စောင့်ကြိုနေပြီး သူတို့အဖွဲ့ကို မြင်လိုက်ရသည်နှင့် အားတက်သရော နှုတ်ဆက်လိုက်ပါသည်။

ရှားလီကမူ ကောက်လင်းနှင့် ထန်ရှို့ရှို့တို့ မည်သို့ထပ်မံတွေ့ဆုံနိုင်ခဲ့ကြသည်ကို အလွန်စိတ်ဝင်စားနေမိလေသည်။

သူတို့နှစ်ဦး၏တက္ကသိုလ်များမှာ အတော်လေး အလှမ်းဝေးကွာသဖြင့် တကူးတက ချိန်းဆိုထားခြင်းမရှိဘဲ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဖို့ ဟူသည်မှာ မဖြစ်နိုင်သလောက်ရှိပါသည်။

ထန်ရှို့ရှို့ သူငယ်ချင်းများ၏ မေးခွန်းများကို ကြားသောအခါ ကောက်လင်းက ရွှင်ရွှင်ပြုံးပြုံးဖြင့် ရှင်းပြသည်။

“ကျွန်တော်တို့ ပန်းခြံမှာဆုံပြီးတဲ့နောက်ပိုင်း အပြင်မှာ ထပ်ဆုံဖြစ်ခဲ့ကြသေးတယ်၊ ဖြစ်ချင်တော့ ရှို့ရှို့အိမ်နဲ့ ကျွန်တော့်အိမ်က တော်တော်နီးတာလေ၊ အဲ့တာကြောင့် အားလပ်ရက်တွေမှာ အိမ်အတူတူပြန်ဖို့တောင် စိစဉ်ထားကြတာ”

ရှားလီ “ဝါး…”

ကောင်းကင်ဘုံမှ ဖန်ဆင်းပေးထားသည့် ဖူးစာဟုပင် ဆိုနိုင်သည်။

ယဲ့ရှောင်ရှောင်က မေးသည်။

“ဒါဆို နင်တို့မိသားစုတွေက အိမ်ရာတစ်ခုတည်းမှာ နေကြတာပေါ့ဟုတ်လား”

ဤအတိုင်းသာဆိုလျှင် သူတို့နှစ်ဦးမှာ အစစအရာရာ အလွန်အဆင်ပြေနိုင်ပြီး ချစ်သူဘဝမှ ဇနီးမောင်နှံဘဝအထိ အခက်အခဲမရှိဘဲ တက်လှမ်းနိုင်ခြေ အလွန်မြင့်မားလှပေသည်။

ထန်ရှို့ရှို့က ကောက်လင်း၏လက်ကို ပွင့်ပွင့်လင်းလင်း တွဲကာ ပြောလိုက်သည်။

“ဟုတ်တယ်၊ ငါလည်း သူနဲ့ထပ်တွေ့တုန်းက အံ့ဩသွားတာ၊ ငါတို့အိမ်ချင်း ကပ်လျက်ဖြစ်နေတာကို သိလိုက်ရတော့ ဆုံဖြစ်တဲ့အကြိမ်ရေ ပိုများလာတာပေါ့”

ထန်ရှို့ရှို့သည် သူမ ဘိုကင်တင်ထားသည့် စားသောက်ဆိုင်သို့ သူငယ်ချင်းများအား ခေါ်ဆောင်သွားခဲ့ပါသည်။ စားသောက်ဆိုင်၏ ဒုတိယထပ်သို့ သူတို့ တစ်ဖွဲ့လုံး တက်လာခဲ့ကြသည်။

ဤစားသောက်ဆိုင်တွင် သီးသန့်အခန်းများ မရှိသဖြင့် အပေါ်ထပ်သို့ တက်လာသူ မည်သူမဆို ထိုင်နေသည့် စားသုံးသူများကို အလွယ်တကူ တွေ့မြင်နိုင်ပါသည်။

ဟင်းလျာများ အစုံအလင် ရောက်ရှိလာပြီး အားလုံး စားသောက်နေကြစဉ် နားဝင်မချိုလှသော စူးစူးရှရှ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ကြရသည်။

“အယ်၊ နင်တို့က ဒီမှာ လူစုံတက်စုံနဲ့ စည်ကားနေကြတာပါလား”

လင်းယွဲ့နှင့် ယောက်ျားလေးတစ်ဦးတို့ စားသောက်ဆိုင်ဒုတိယထပ်သို့ တက်လာကြသည်။ ယဲ့ရှောင်ရှောင် ခေါင်းမော့ကြည့်လိုက်ရာ လင်းယွဲ့နှင့် သူ့ကောင်လေးတို့ကို မြင်လိုက်ရပါသည်။

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဟူသည့် အဆိုကို ယဲ့ရှောင်ရှောင် လက်ခံစပြုလာပါပြီ။

လင်းယွဲ့၏ကောင်လေးကို ယဲ့ရှောင်ရှောင် ကောင်းကောင်းကြီး သိနေသည်။ သူမကို မကြာသေးခင်ကမှ အသည်းအသန် ပိုးပန်းခဲ့ဖူးသည့် တန့်ရွှယ်ဖုန်းပင် မဟုတ်ပါလား။

တန့်ရွှယ်ဖုန်းသည်လည်း ယဲ့ရှောင်ရှောင်ကို မြင်သွားပါသည်။ သူ့တွင် အခွင့်အရေးမရှိတော့မှန်း သိသော်လည်း ယဲ့ရှောင်ရှောင်အပေါ် ခံစားချက်အချို့ ရှိနေဆဲပင်။

လှလှပပ ကောင်မလေးတစ်ဦးကို မည်သူက သဘောမကျဘဲ နေနိုင်မည်နည်း။ ယဲ့ရှောင်ရှောင်ကို မပိုးပန်းနိုင်တော့လျှင်ပင် သာမန်နှုတ်ဆက်စကားဆိုခြင်းမှာ ဥပဒေချိုးဖောက်ရာကျမည် မထင်ပါ။

“တိုက်ဆိုင်လိုက်တာ၊ ရှောင်ရှောင်လည်း ရောက်နေတာပါလား”

တန့်ရွှယ်ဖုန်း၏စကားကြောင့် လင်းယွဲ့ ဆတ်ခနဲ ခေါင်းလှည့်လာသည်။

“ဂျူနီယာလေးရှောင်ရှောင်နဲ့ သိလို့လား”

“ငယ်ငယ်လေးကတည်းက စစ်တပ်ဝင်းတစ်ခုတည်းမှာ အတူတူကြီးပြင်းလာကြတာလေ၊ အဲ့တာကြောင့် ရင်းနှီးနေတာပါ”

အမှန်တွင် သူတို့နှစ်ဦးမှာ ကြီးပြင်းလာသည့် စစ်တပ်ဝင်းချင်း တူညီသည်ဆိုရုံသာရှိပါသည်။ တန့်ရွှယ်ဖုန်းသည် ရှုကျမ့်ဝမ်နှင့် ရင်းနီးသော်လည်း သူနှင့် ယဲ့ရှောင်ရှောင်တို့ အလွန်ရင်းနှီးကျွမ်းဝင်ခဲ့သည်ဟုတော့ သတ်မှတ်၍မရပေ။

ဤကဲ့သို့သော စကားမျိုးမှာ ယဲ့ရှောင်ရှောင်နှင့် ရင်းနှီးမှုရယူရန် ရည်ရွယ်ချက်ရှိရှိ ပြောဆိုနေခြင်းသာဖြစ်ပေသည်။

ယဲ့ရှောင်ရှောင်လည်း ခပ်ပါးပါး ပြုံးလိုက်သည်။

“တကယ်တိုက်ဆိုင်တယ်နော်”

တန့်ရွှယ်ဖုန်းတစ်ယောက် ကျင့်ဟွာတက္ကသိုလ်ဝန်းကျင်တွင် တဝဲလည်လည်လုပ်နေရင်း လင်းယွဲ့နှင့် တွေ့ဆုံခဲ့ခြင်းသာ ဖြစ်နိုင်ပါသည်။ ကံကြမ္မာက အလွန်ကျီစယ်တတ်ပေသည်။

လင်းယွဲ့ကမူ အားမနာလျှာမကျိုး ဆိုလေသည်။

“ရင်းနှီးပြီးသားလူတွေဆိုတော့ တစ်ဝိုင်းတည်း ထိုင်ကြရအောင်လေ”

ထန်ရှို့ရှို့ကမူ ငြင်းဆန်ချင်သော်လည်း အသက်မပါသော အပြုံးဖြင့်သာ ပြုံးပြရင်း ဆိုလိုက်သည်။

“ကျွန်မတို့စားနေတာ ပြီးတောင်ပြီးတော့မယ်၊ အစ်မတို့အတွက် ပြဿနာမရှိရင်တော့ ထိုင်လို့ရပါတယ်”

လင်းယွဲ့ တန့်ရွှယ်ဖုန်းကို လှည့်ကြည့်လိုက်ရာ တန့်ရွှယ်ဖုန်းက ပြဿနာမရှိကြောင်း အချက်ပြလိုက်သည်။

ထိုအခါ လင်းယွဲ့ စားပွဲတွင် ချက်ချင်း ဝင်ထိုင်လျက် ပြောလိုက်ပါသည်။

“ဘာလို့ပြဿနာရှိရမှာလဲ၊ စားလို့ပြီးသွားလည်း ထပ်မှာလို့ရတာပဲ”

ထန်ရှို့ရှို့ “…”

လင်းယွဲ့နှင့် မဆုံဖူးကြသူအားလုံး အံ့ဩမှင်သက်ကုန်ကြသည်။

လင်းယွဲ့တစ်ယောက် ဟင်းလျာများမှာယူရင်း အလုပ်များနေစဉ် ထန်ရှို့ရှို့က အခြားသူများကို မိတ်ဆက်ပေးခဲ့ပါသည်။

လင်းယွဲ့၏ကောင်လေး တန့်ရွှယ်ဖုန်းကမူ သူ့ကိုယ် သူ မိတ်ဆက်ပေးလိုက်သည်။

“ကျွန်တော့်နာမည် တန့်ရွှယ်ဖုန်းပါ၊ ယွဲ့ယွဲ့ရဲ့ ကောင်လေးပါ”

ထိုစဉ် ရှားလီက လီမိန့်ရူကို တိုးတိုးလေး မေးလိုက်သည်။

“ဟဲ့၊ အဲ့တာ ဟိုတစ်ခေါက်က… ပန်းစည်းလာပေးတဲ့တစ်ယောက် မဟုတ်ဘူးလား”

လီမိန့်ရူလည်း သေချာအကဲခတ်ကြည့်လိုက်သောအခါ ရုပ်ချင်း အမှန်ပင် ဆင်တူသဖြင့် ခေါင်းညိတ်ပြလိုက်ပါသည်။ ရှားလီတစ်ယောက် ချက်ချင်းဆိုသလို ခါးမတ်သွားပြီး ပွဲကြီးပွဲကောင်းကြည့်ရဖို့ စောင့်မျှော်နေတော့သည်။

တန့်ရွှယ်ဖုန်းနှင့် လင်းယွဲ့တို့ ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် ညစာစားပွဲမှာ တစ်နာရီခန့် ထပ်မံ ကြန့်ကြာသွားခဲ့ရသည်။

ထန်ရှို့ရှို့နှင့် ဘေးချင်းကပ်လျက်ထိုင်နေသော ကောက်လင်းကို ကြည့်ကာ လင်းယွဲ့ မေးလိုက်သည်။

“ရှို့ရှို့၊ အဲ့တာ နင့်ကောင်လေးလား၊ ငါတို့တက္ကသိုလ်ကပဲလား”

ထန်ရှို့ရှို့ “သူလည်းကျောင်းသားပဲလေ၊ ကျွန်မတို့ တက္ကသိုလ်ကတော့ မဟုတ်ဘူး”

လင်းယွဲ့ အရွဲ့တိုက်လှောင်ပြောင်သော လေသံဖြင့်ဆိုသည်။

“ဪ ဟုတ်လား… စိတ်မကောင်းစရာပဲနော်…”

ထန်ရှို့ရှို့ ‘သည်းခံထား… သည်းခံထား…’

သူမ၏ ကောင်လေးက ထန်ရှို့ရှို့၏ကောင်လေးထက် ပိုသာလွန်မှန်း အတည်ပြုနိုင်ခဲ့ပြီဖြစ်၍ လင်းယွဲ့ အလွန်ကျေနပ်သွားပြီး ဆက်မမေးတော့ပါ။

တန့်ရွှယ်ဖုန်းသည် စစ်တပ်ဝင်းတစ်ခုတွင် နေထိုင်သူဖြစ်ကာ အခြေခိုင်သည့် အလုပ်တစ်ခုလည်းရှိသဖြင့် သူမ၏ အမြင်တွင်တော့ သာမန်တက္ကသိုလ်ကျောင်းသားတစ်ဦးထက်များစွာ ပိုသာလွန်ပါသည်။

သို့သော် လင်းယွဲ့သည် မိသားစုအရှိန်အဝါကိုသာ အထင်ကြီးနေခြင်းဖြစ်ကာ တန့်ရွှယ်ဖုန်းမှာ ပညာမတတ်သည့် ကလေကချေ ပွေရှုပ်သူဖြစ်မှန်း မသိခဲ့ပါချေ။

ထန်ရှို့ရှို့သည် သူငယ်ချင်းများနှင့်အတူ ကပွဲခန်းမသို့ သွားရောက်ဖို့ အစီအစဉ်ရှိသေးသဖြင့် အပြင်တွင် မှောင်ရီပျိုးလာသည်ကိုမြင်သောအခါ လင်းယွဲ့အား လှမ်းပြောလိုက်သည်။

“ကျွန်မတို့ စားပြီးပြီမို့လို့ သွားတော့မယ်နော်၊ အစ်မတို့နှစ်ယောက် အေးအေးဆေးဆေး ဆက်စားကြပါ”

လင်းယွဲ့က ဆိုသည်။

“ငါလည်း ဗိုက်ပြည့်နေတာကြာပြီ၊ နင်တို့ ဘယ်သွားကြဦးမလို့လဲ”

ထန်ရှို့ရှို့သည် သူမတို့ ကပွဲခန်းမသို့ သွားရောက်မည်ဟု လင်းယွဲ့အား မပြောပြချင်ခဲ့ပါ။ မဟုတ်ပါက အိမ်ပြန်ရောက်သည်နှင့် လင်းယွဲ့တစ်ယောက် မည်သို့ လုပ်ကြံဇာတ်လမ်းထွင်ကာ လျှောက်ပြောမည်ကို မသိနိုင်ပေ။

“ကျွန်မတို့ ကျောင်းပြန်ကြမှာ၊ အစ်မတို့ကော လိုက်ခဲ့မှာလား”

လင်းယွဲ့ကမူ ကျောင်းပြန်ဖို့ စိတ်ကူးမရှိသေးသဖြင့် ထန်ရှို့ရှို့တို့အဖွဲ့နှင့် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါသည်။

တန့်ရွှယ်ဖုန်းလည်း ယဲ့ရှောင်ရှောင်ကို အလွန်ချိုသာစွာ နှုတ်ဆက်ခဲ့သည်။

ယဲ့ရှောင်ရှောင် “သွားလိုက်ပါဦးမယ်”

တန့်ရွှယ်ဖုန်းက အားလုံးကိုယ်စား ငွေရှင်းပေးဖို့ ပြင်လိုက်သည်။ လင်းယွဲ့ကလည်း ထန်ရှို့ရှို့အား ပြောလိုက်ပါသည်။

“ငါတို့ကို ဘာမှအားနာစရာမလိုဘူး၊ ဒီလောက်ကတော့ ဝယ်ကျွေးနိုင်တယ်၊ အဲ့တာကြောင့် ငါတို့အလကား ကုန်းလာဆင်းတယ်လို့တော့ လျှောက်မပြောနဲ့နော်”

ထန်ရှို့ရှို့ ခပ်ပါးပါး ပြုံးလိုက်သည်။

“ဟုတ်ကဲ့ပါ၊ အကုန်အကျများသွားစေခဲ့ရင် တောင်းပန်ပါတယ်နော်”

လင်းယွဲ့ “ဒီလိုမဖြစ်စလောက်ပမာဏလေးကို မှုစရာလား”

ထန်ရှို့ရှို့ ‘ဆက်သည်းခံထားဦး…’

ထိုလင်းယွဲ့မှာ အလွန်ပင် စိတ်ပျက်စရာကောင်းပါသည်။ အိမ်တွင်လည်း ထိုကဲ့သို့ အမြဲ ပြုမူလေ့ရှိသည်။

အပေါ်ယံတွင် သဘောကောင်းရက်ရောသည့်ပုံစံပေါက်သော်လည်း သူမ၏ နှုတ်မှ ထွက်လာသည့် စကားတိုင်းက တစ်ဖက်လှည့်နှင့် ကြွားဝါနေခြင်းသာ ဖြစ်သည်။

ဤကဲ့သို့ အိမ်နီးချင်းမျိုးကို ပိုင်ဆိုင်ထားရခြင်းမှာ ထန်ရှို့ရှို့အတွက် အလွန်ပင် ကံဆိုးလှပါသည်။

တန့်ရွှယ်ဖုန်းသည် ငွေရှင်းပြီးနောက် လင်းယွဲ့ကို ခေါ်ဆောင်၍ စားသောက်ဆိုင်မှ ထွက်ခွာသွားခဲ့သည်။ အမြင်အာရုံထဲမှ ထိုနှစ်ယောက် ပျောက်ကွယ်သွားခါမှ ထန်ရှို့ရှို့ အသက်ဝဝ ရှူနိုင်တော့သည်။

“သွားကြစို့! တို့တွေ ရှင်းကွမ် ကပွဲခန်းမကို သွားကြမယ်”

ထိုကပွဲခန်းမသည် တက္ကသိုလ်အနီးတွင်သာ တည်ရှိပါသည်။ ဤခေတ်အခါတွင် ကခုန်ခြင်းဟူသည်မှာ အလွန်ပင် ဆန်းသစ်ပြီး ခေတ်စားသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။

ကပွဲခန်းများကို ပညာတတ်အသိုင်းအဝိုင်းများ ထူထပ်သည့် နယ်မြေများတွင်သာ အများဆုံး တည်ဆောက်လေ့ရှိကြသည်။

ထိုပုဂ္ဂိုလ်များသည် ခေတ်မီဆန်းသစ်မှုများကို လိုက်စားလေ့ရှိကြပြီး အလုပ်ပြီးဆုံးသောအခါ အပန်းဖြေဖို့အတွက် ကပွဲခန်းမသို့ မကြာခဏ လာရောက်လေ့ရှိကြပါသည်။

ထိုကပွဲခန်းမထဲသို့ ယဲ့ရှောင်ရှောင် ခြေလှမ်းလိုက်ချိန်တွင် ခေတ်သစ်၏ ဘားများနှင့် လုံးဝခြားနားနေမှန်း မြင်လိုက်ရသည်။

ခန်းမတစ်ခုလုံးက ရိုးရှင်းလှပါသည်။ ရောင်စုံမီးလုံးများရှိသော်လည်း ဆူညံသောင်းကျန်းမည့် လူအုပ်ကြီးမျိုး လုံးဝမရှိပေ။

ကပွဲခန်းမ၏ အသံစနစ်မှာ သာမန်အိမ်သုံး အသံချဲ့စက်များထက် များစွာ ပိုကျယ်လောင်ပြီး ကကွက်လှုပ်ရှားမှုများမှာလည်း ခြေလှမ်းကျယ်ကျယ် တက်တက်ကြွကြွလှုပ်ရှားရသော ကကွက်မျိုးဖြစ်ကြသည်။

လှပကျော့ရှင်းဖို့ဟူသည်ထက် စိတ်ဖိစီးမှုများကို လျှော့ချဖို့အတွက် အလွန်ပင် ထိရောက်လှပါသည်။

“ဝါး! ဒီနေရာကြီးက ပျော်ဖို့ကောင်းမယ့်ပုံပဲ!”

ရှားလီသည် လူအုပ်ကြားထဲ လူစုကွဲမသွားစေဖို့အတွက် ယဲ့ရှောင်ရှောင်နှင့် လီမိန့်ရူတို့၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

ကပွဲခန်းမထဲ နာရီဝက်ခန့် လျှောက်ကြည့်ပြီးနောက် သူမတို့သုံးဦး အလွန်ပင်ပန်းသွားကြပါသည်။

ရှားလီတို့သုံးဦး ဆိုဒါများဝယ်ယူကာ အမောဖြေဖို့ ကြံလိုက်ကြသည်။ ဆိုဒါဝယ်ယူနေစဉ်မှာလည်း ကောင်လေးအချို့က စကားလာပြောဖို့ ကြိုးစားသဖြင့် ရှားလီက အားလုံးကိုမောင်းထုတ်ခဲ့ပါသည်။

ကံကောင်းစွာဖြင့် ဤကပွဲခန်းမကို တရားဝင် စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ဥပဒေစည်းမျဉ်းများအောက်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်ရာ ရန်ပွဲများ ဖြစ်လေ့ဖြစ်ထမရှိပါ။

ရှားလီ ငြင်းဆန်လိုက်သောအခါ ထိုကောင်လေးများလည်း စိတ်ပျက်လက်ပျက်ဖြင့် လှည့်ပြန်သွားရတော့သည်။

ရှားလီက ဆိုသည်။

“လူတွေများလိုက်တာနော်…”

ယဲ့ရှောင်ရှောင် “ဒီလိုရာသီမှာ မလာသင့်ဘူး၊ အရမ်းအိုက်တာပဲ”

ကပွဲခန်းမထဲတွင် လေအေးပေးစက် မရှိသည့်အပြင် လူအမြောက်အများက လှုပ်ရှားကခုန်နေကြသည်ဖြစ်ရာ ပတ်ဝန်းကျင်တစ်ခုလုံး မည်မျှ အသက်ရှူကျပ်ပြီး အိုက်စပ်နေမည်ကို အလွယ်တကူ ခန့်မှန်းကြည့်နိုင်ပါသည်။

“တို့တွေ အပြင်ထွက်ပြီး လေကောင်းလေသန့်လေး ရှူကြရအောင်”

ရှားလီနှင့်၊ လီမိန့်ရူနှင့် ယဲ့ရှောင်ရှောင်တို့ သုံးဦး ကပွဲခန်းမ ဝင်ပေါက်ရှေ့သို့ ထွက်လာခဲ့ကြသည်။

နွေရာသီည၏ လေပြည်လေညင်းလေးမှာ သန့်ရှင်းလတ်ဆတ်ပြီး ရင်ကို အေးမြစေပါသည်။ တံခါးဝမှ ဖြာကျလာသော မီးရောင်ဖျော့ဖျော့ကို အားကိုးလျက် မိန်းကလေးသုံးဦး အပြင်ဘက်တွင် ထိုင်ကာ စကားပြောခဲ့ကြသည်။

ရှားလီ “ဟိုအတွဲတွေ ဘယ်တော့ထွက်လာမလဲ မသိဘူးနော်”

လီမိန့်ရူ နောက်ကျောဘက်သို လှည့်ကြည့်လိုက်သည်။

ကပွဲခန်းမထဲသို့ မဝင်ခင် ဝင်ကြေးများကို အပြည့်ပေးဆောင်ထားရသဖြင့် ထိုအတွဲသုံးတွဲ တန်အောင် ကခုန်ပြီးမှ ပြန်ထွက်လာကြလိမ့်မည်ဟု ထင်ရပါသည်။

All Chapters