အခန်း ၁၈၆
Vol. 19 Ch. 186
📗 Chapter 186
ယဲ့ရှောင်ရှောင် အနားသို့ ပြေးသွားကြည့်လိုက်ရာ အမှန်တကယ် ဝမ်ကျောင်းဖြစ်နေသည်ကို မြင်လိုက်ရသည်။
“အီးဟီးဟီး…”
ဝမ်ကျောင်းမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်နေရှာသည်။ ကံကောင်းစွာဖြင့် ထိုလူသည် သူမကို အဝေးကြီးရောက်အောင် ဆွဲမခေါ်နိုင်ခဲ့သဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန်တော့ မရရှိခဲ့ပေ။
“နင်ဘာဖြစ်သွားသေးလဲ၊ နင့်ကို ဖန့်ခိုင်ရွှမ် လိုက်ရှာနေတာ”
ဝမ်ကျောင်းမှာ စကားပင် ပြန်မပြောနိုင်ဘဲ ထိန်းမနိုင်သိမ်းမရ ရှိုက်ကြီးတငင် ငိုကြွေးနေပါသည်။
ထိုလူထွက်ပြေးသွားသည့် အမှောင်ရိပ်ဘက်သို့ လုဟန်ချွမ် စိုက်ကြည့်လိုက်သည်။
ထိုလူ့နောက်ကို ပြေးလိုက်ဖို့အတွက်နှင့် ကောင်မလေးနှစ်ယောက်ကို ပစ်ထားခဲ့၍ မဖြစ်သောကြောင့် သူတို့နှစ်ဦးကို အရင်ပြန်ခေါ်သွားဖို့သာ ဆုံးဖြတ်လိုက်ပါသည်။
“သွားကြရအောင်”
“အင်း”
ဝမ်ကျောင်းကို ယဲ့ရှောင်ရှောင် ကူတွဲပေးလိုက်သည်။
ထို့နောက် သူတို့အဖွဲ့ ဖန့်ခိုင်ရွှမ်နှင့် အမြန်ပြန်ဆုံခဲ့ကြပါသည်။ ဝမ်ကျောင်း၏ ဖရိုဖရဲဖြစ်နေသော ပုံစံကို မြင်လိုက်ရသောအခါ ဖန့်ခိုင်ရွှမ်မှာ သူမကို ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။
“ကျောင်းကျောင်း၊ ငါတောင်းပန်ပါတယ်၊ ငါနင်နဲ့ ရန်မဖြစ်ခဲ့သင့်ဘူး”
ဝမ်ကျောင်းမှာမူ ယခုချိန်တွင် ဖန့်ခိုင်ရွှမ်နှင့် စကားများဖို့ပင် စိတ်မပါတော့ပေ။ လမ်းကြားထဲတွင်ဖြစ်ပျက်ခဲ့သည့် ထိတ်လန့်စရာဖြစ်ရပ်ကြောင့် သူမ အလွန် စိတ်ချောက်ချားနေပါသေးသည်။
“အီးဟီးဟီး… နင်ဘာလို့ အဲ့လောက်ကြာနေရတာလဲ”
“ငါ တောင်းပန်ပါတယ် တကယ်တောင်းပန်ပါတယ်!”
လုဟန်ချွမ်က မေးသည်။
“မင်းတို့နှစ်ယောက် ဘယ်သွားမှာလဲ၊ ငါလိုက်ပို့ပေးမယ်”
ဖန့်ခိုင်ရွှမ် “ရပါတယ် မလိုတော့ပါဘူး၊ အခုလို ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်၊ ကျွန်တော်သူ့ကို ခေါ်သွားလိုက်တော့မယ်”
လုဟန်ချွမ် ခေါင်းညိတ်လိုက်သည်။
“ဂရုစိုက်ပါ”
သူတို့နှစ်ယောက်ထွက်သွားခါမှ လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အား လှည့်ပြောလိုက်သည်။
“မိန်းကလေးတစ်ယောက်တည်း အပြင်ထွက်တာ ဘယ် လောက်အန္တရာယ်များလဲ မြင်ပြီလား”
ယဲ့ရှောင်ရှောင် တစ်ဦးတည်း အပြင်ထွက်ခဲ့ခြင်း မဟုတ်သော်လည်း ယနေ့ကိစ္စအတွက် အပြစ်ရှိသလို ခံစားနေရသဖြင့် လိမ်လိမ်မာမာနှင့် စကားနားထောင်လိုက်ရပါသည်။
“ကျွန်မ သိပါပြီ”
လုဟန်ချွမ်သည် သူ့ကောင်မလေး၏ ပခုံးကို သိုင်းဖက်ကာ ကားထံ ပြန်ခေါ်သွားခဲ့သည်။
“မနက်ဖြန် ဆရာကြီးအိမ်ကို ပြန်သွားမလို့”
ယဲ့ရှောင်ရှောင် အသိပေးလိုက်သည်။ ဆရာကြီးစုန့်ထံသို့ မသွားဖြစ်သည်မှာ အတော်လေးကြာနေပါပြီ။
“မနက်ဖြန်မနက် ကိုယ်လိုက်ပို့ပေးမယ်လေ”
“ဟုတ်ပြီ”
လုဟန်ချွမ်သည် မအားလပ်သည့်ကြားမှ နောက်တစ်နေ့ မနက်စောစော အိပ်ရာထလျက် ယဲ့ရှောင်ရှောင်ကို စုန့်အိမ်တော်သို့ ပို့ဆောင်ပေးခဲ့ပါသည်။
လမ်းတွင် ယဲ့ရှောင်ရှောင်က လေးလေးနက်နက်စဉ်းစားပြီးနောက် ပြောခဲ့သည်။
“ကျွန်မ ကားမောင်းသင်ဖို့ ဆုံးဖြတ်လိုက်ပြီ”
သူမ ကားတစ်စီး ပိုင်ဆိုင်ခြင်လွန်း၍ မဟုတ်ပေ။ ပေကျင်းတွင် မြေအောက်ရထားများ၊ ဘတ်စ်ကားများ ရှိသော်လည်း ထိုအရာများက သူမ သွားလိုသည့်အရပ်အား အလျင်အမြန် ပို့ဆောင်ပေးနိုင်ခြင်း မရှိပါ။
သူမတွင် စက်ဘီးတစ်စီးရှိသော်လည်း တက္ကသိုလ်မှ စုန့်အိမ်တော်သို့ စက်ဘီးဖြင့်သွားလျှင် နာရီပေါင်းများစွာ ကြာမြင့်ပါလိမ့်မည်။ ဤနေရာနှင့် တက္ကသိုလ်အကြား မကြာခဏ အသွားအလာလုပ်မည်ဆိုလျှင် ကားတစ်စီး ရှိနေခြင်းက အများကြီး ပိုမြန်ဆန်ပြီး ပိုသက်သာပါလိမ့်မည်။
လုဟန်ချွမ်က ပြုံးလျက် ထောက်ခံသည်။
“ကောင်းတာပေါ့၊ ကိုယ်စီစဉ်လိုက်မယ်၊ အားတဲ့အချိန်ကျရင် မင်းကို ကြိုဖို့ လူတစ်ယောက် လွှတ်ပေးလိုက်မယ်”
ယဲ့ရှောင်ရှောင်က ဆိုသည်။
“လောလောဆယ်တော့ ဆရာကြီးရဲ့အိမ်မှာပဲ နေဖြစ်လိမ့်မယ်၊ ဒါပေမယ့် နောက်ရက်ပိုင်းထဲ တက္ကသိုလ်က ဆရာတွင်နဲ့ ကွင်းဆင်းလေ့လာရေးခရီး လိုက်ရဦးမယ်၊ နောက်စာသင်နှစ်မစခင် အချိန်ရသေးရင်တော့ ထပ်တွေ့ကြတာပေါ့”
လုဟန်ချွမ်က ယဲ့ရှောင်ရှောင်၏ ပါးလေးကို ခပ်ဖွဖွ ဖျစ်လိုက်သည်။
“ကိုယ့်ထက်တောင် အလုပ်များနေပါလား”
ယဲ့ရှောင်ရှောင်က ချေပသည်။
“ဒါပေါ့၊ ရှင့်ကို ထောက်ပံ့ပေးဖို့ ငွေတွေ ကြိုးစားပန်းစားရှာနေရတာ”
လုဟန်ချွမ် ရယ်မောလိုက်မိသည်။
“ဟုတ်ပါပြီ၊ ရှောင်ရှောင် ထောက်ပံ့ပေးမယ့်အချိန်ကို စောင့်နေမယ်နော်”
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို စုန့်အိမ်တော်သို့ လိုက်ပို့ပေးခဲ့ပြီး သူမ၏ အထုပ်အပိုးများနှင့် ဆရာကြီးစုန့်အတွက် ပြင်ဆင်ထားသည့် လက်ဆောင်များကိုပါ အိမ်ထဲသို့ ကူသယ်ပေးခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်တွင် ယဲ့ရှောင်ရှောင် ဇာတိသို့ပြန်မည်မဟုတ်ကြောင်း သိလိုက်ရသောအခါ စုန့်ကွမ်းကျင့် အလွန်ပျော်ရွှင်ခဲ့ပါသည်။
အကြောင်းမှာ အားလပ်ချိန်တွင် သူ့တပည့်မလေးအား ဆေးပညာဗဟုသုတများ ပိုမိုလက်ဆင့်ကမ်း သင်ကြားပေးနိုင်တော့မည် ဖြစ်ခြင်းကြောင့်ပင်။
ယဲ့ရှောင်ရှောင်မှာ အလွန်ဉာဏ်ကောင်းပြီး တတ်လွယ်သူဖြစ်ရာ ဆေးစာအုပ်များထဲမှ စာသားများကို တစ်ကြိမ်ဖတ်ရုံနှင့် မှတ်မိနိုင်စွမ်းရှိပါသည်။ ထို့အပြင် သူမ၏ အသိပညာကို လက်တွေ့အသုံးချနိုင်စွမ်းမှာလည်း အံ့အားသင့်ဖွယ်ကောင်းလှသည်။
၃ နှစ်မှ ၅ နှစ်အကြာတွင် ဤတပည့်မလေးအား သင်ကြားပေးစရာ ပညာကျန်တော့မည်မဟုတ်ဟု စုန့်ကွမ်းကျင့် ခန့်မှန်းမိလေသည်။
စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်အား ဆေးပညာလောကနှင့် ပထမဦးဆုံး ထိတွေ့ပေးခဲ့သည့် သူမ၏ ဆရာဆိုသူအကြောင်းကို ယခုချိန်အထိ စဉ်းစားနေဆဲပင်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် လူချင်းမဆုံနိုင်သည်မှာ အလွန်နှမြောစရာကောင်းလှပါသည်။
စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်၏ အထုပ်အပိုးများအား ဒုတိယထပ်ရှိ သူမ၏ အိပ်ခန်းထဲသို့ ပို့ဆောင်ပေးဖို့ အလုပ်သမားများကို စေခိုင်းလိုက်သည်။
တပည့်ဖြစ်သူကို မြင်သောအခါ ပျော်ရွှင်မှုဖြင့်တောက်ပနေသော်လည်း လုဟန်ချွမ်ထံအကြည့်ရောက်ရှိသွားချိန်တွင်တော့ သူ့အပြုံး ပျောက်ချင်းမလှ ပျောက်ကွယ်သွားရပါသည်။
‘ဒီကောင်…’
“လူငယ်တွေဆိုတာ ကိုယ့်အနာဂတ်အတွက်ကိုယ် ဦးစားပေးပြီး ကြိုးစားရတယ်၊ နှလုံးသားရေးကိစ္စတွေကြောင့်နဲ့ အနာဂတ်ပျောက်သွားတာမျိုး မဖြစ်စေနဲ့”
လုဟန်ချွမ်ကမူ ဘာမှမကြားချင်ယောင်သာ ဆောင်လိုက်ပါသည်။ ယခုခေတ်တွင် အိမ်ထောင်မပြုသူဟူ၍ မရှိသလောက် ရှားပါးနေပြီဖြစ်ရာ သူလည်း လူပျိုကြီးအဖြစ် အရိုးထုတ်ဖို့ အစီအစဉ်မရှိပေ။
ထို့အပြင် ဆေးပညာအပေါ်တွင်သာ တစ်သက်လုံး ကပ်တွယ်လာသည့် ဤအဘိုးအိုသည် ငယ်စဉ်က နှလုံးသားရေးရာ ကိစ္စဟူသည်ကို တစ်ကြိမ်တစ်ခါမှ တွေ့ကြုံဖူးလိမ့်မည်မဟုတ်ဟု လုဟန်ချွမ် ခန့်မှန်းမိပါသည်။
ယဲ့ရှောင်ရှောင်က ဝင်ပြောလိုက်သည်။
“ဆရာကြီး၊ သမီးတို့နှစ်ယောက်က လူချင်း တွေ့ရဖို့တောင် မနည်းကြိုးစားနေရတာ၊ အနာဂတ်ပျောက်တဲ့အထိ ဖြစ်စရာလား”
စုန့်ကွမ်းကျင့်မှာ နှာခေါင်းသာ ပွတ်နိုင်တော့သည်။ သူက စေတနာဖြင့် သတိပေးနေခြင်းသာ။
ဤလူငယ်နှစ်ဦးကြားထဲ ပြဿနာတစ်စုံတရာဖြစ်လာခဲ့လျှင် သူလည်း သောကများရပါလိမ့်မည်။
လုဟန်ချွမ်သည် ကောင်မလေးဖြစ်သူကို ဘေးကင်းလုံခြုံအောင် ပို့ဆောင်ပေးပြီးနောက် ဆရာကြီးစုန့်နှင့် စကားအနည်းငယ်ပြောကာ ပြန်သွားတော့သည်။
ဆရာကြီးစုန့်၏အိမ်တွင် ယဲ့ရှောင်ရှောင်သည် အလွန်သက်တောင့်သက်သာရှိစွာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ပါသည်။
ထို့အပြင် စုန့်အိမ်တော်၌ ဖုန်းတစ်လုံး တပ်ဆင်ထားသဖြင့် ဆက်သွယ်ချင်သည့် မည်သူ့ကိုမဆို ဆက်သွယ်ဖို့ အလွန်လွယ်ကူလှပေသည်။
ယဲ့ရှောင်ရှောင်သည် မနက်ခင်းများတွင် စာအုပ်ဖတ်ရင်း အချိန်ကုန်ဆုံးလေ့ရှိပြီး နေ့လယ်ခင်းတွင်မူ အချိန် နှစ်နာရီခန့် ပေးကာ ရမ်သဲ့ထန်၌ လူနာများကို ကြည့်ရှုပေးသည်။ ထို့နောက် ကျန်းခိုင်နင်၏ ဓာတ်ခွဲခန်းကိစ္စများကို နောက်ထပ် အချိန်နှစ်နာရီပေး၍ ကူညီပေးခဲ့သည်။
ညနေစောင်းသောအခါ အိမ်သို့ပြန်ကာ တီဗွီကြည့်ပြီး စာအုပ်အနည်းငယ် ဖတ်ရှုခဲ့သည်။ နေ့စဉ် သုံးနပ်စလုံးကို လိုလေ သေးမရှိအောင် ချက်ပြုတ်ပြင်ဆင်ပေးမည့်လူလည်း အသင့်ရှိနေသဖြင့် စုန့်အိမ်တော်၌ နေထိုင်ခဲ့သည့် တစ်ပတ်အကြာမှာပင် ယဲ့ရှောင်ရှောင် ဝိတ်တက်လာသလို ခံစားခဲ့ရသည်။
တစ်ပတ်ခန့်ကြာသောအခါ ချူးယွင်ရှောင်က ဖုန်းဆက်လာပါသည်။ မနက်ဖြန်မနက် ၇ နာရီခွဲတွင် ကွင်ဆင်းခရီးအတွက် ပေကျင်းမြို့ ပင်မဆေးရုံကြီးရှေ့၌ လူစုကြမည်ဟု အကြောင်းကြားခြင်းဖြစ်သည်။
“ဟုတ်ပြီ”
“နင်တို့အားလုံးကို ဆရာကြီးစွန်းက ဦးဆောင်ခေါ်သွားမှာပေါ့ ဟုတ်လား”
စုန့်ကွမ်းကျင့် လှမ်းမေးလိုက်သည်။ သူသည် စွန်းကျန့်ယောင်နှင့် အနည်းငယ် ရင်းနှီးကျွမ်းဝင်မှုရှိသဖြင့် ယဲ့ရှောင်ရှောင်အား သူ့လက်ထဲ ထည့်ရမည်ကို လုံးဝ စိတ်ချပါသည်။
“ဟုတ်တယ်၊ ပါမောက္ခစွန်းက လူနာတွေကို ကြည့်ရှုတဲ့နေရာမှာ ကူညီပေးဖို့ သမီးတို့ကို ခေါ်သွားမှာ”
ဘေးမှ အနည်းအကျဉ်းကူညီပေးရရုံသာဖြစ်မည်ဟု ယဲ့ရှောင်ရှောင် ခန့်မှန်းလိုက်ပါသည်။
“ဒါဆိုလည်း သွားပေါ့၊ နေ့တွင်းချင်းပြန်လာမှာလား၊ ရှောင်းကွမ်ကို လာကြိုခိုင်းလိုက်မယ်လေ”
“နေ့တွင်းချင်းပဲ ပြန်လာမှာပါ၊ နောက်နေ့ကျရင်တော့ ထပ်သွားရမယ်”
စုန့်ကွမ်းကျင့် ခေါင်းညိတ်ကာ မှတ်သားထားလိုက်သည်။ ထို့နောက် ယဲ့ရှောင်ရှောင်နှင့်အတူ ထည့်ပေးလိုက်ရန် အိမ်အကူအဒေါ်ကြီးအား အစားအသောက်အချို့ စီစဉ်ခိုင်းလိုက်ပါသည်။ မုန့်ပဲသရေစာနှင့် သောက်ရေတို့ကိုလည်း လစ်ဟာမှုမရှိစေရန် ပြင်ဆင်ခိုင်းလိုက်သည်။
“နားလည်ပါပြီ၊ ကျွန်မ အခုချက်ချင်းပဲ အရသာအရှိဆုံး အစားအသောက်တွေကို စီစဉ်ပေးလိုက်ပါ့မယ်”
ယဲ့ရှောင်ရှောင် အပြင်သွားရမည်ကို သိသောအခါ ဒေါ်လေးရှုသည် မည်သည့်အစားအသောက်များ ထည့်ပေးရမည်ကို စတင်စဉ်းစားတော့သည်။
“ပဲနောက်စွပ်ပြုတ်လေး နည်းနည်းထည့်ပေးရမယ်၊ အပြင်မှာ အရမ်းပူမှာ”
“ပုံမှန် အိမ်ချက်ဟင်းတွေက သိုးလွယ်တယ်၊ ယဲ့ရှောင်ရှောင်အတွက် လတ်လတ်ဆတ်ဆတ် သစ်သီးတွေ သခွားသီးတွေ ထည့်ပေးလိုက်မယ်”
ယဲ့ရှောင်ရှောင်: “အခုချက်ချင်းကြီး အဲ့လောက်အလုပ်ရှုပ်ခံစရာမလိုပါဘူး ဒေါ်လေးရှုရယ်၊ အချိန်စောပါသေးတယ်”
ဒေါ်လေးရှု: “သိပါတယ်ကွယ်၊ အခုချိန် ပြင်ဆင်ထားလိုက်ရင် ဒီရာသီဥတုနဲ့ ပျက်စီးလွယ်တယ်၊ မနက်ဖြန်မနက်ကျမှ ဒေါ်လေးစောစောထပြီး သေချာ စီစဉ်ပေးလိုက်မယ်”
“ကျေးဇူးတင်ပါတယ် ဒေါ်လေးရှု”
နောက်တစ်နေ့ မနက်မိုးလင်းသောအခါ ယဲ့ရှောင်ရှောင်သည် ဒေါ်လေးရှု ပြင်ဆင်ပေးထားသည့် ဧရာမ အစားအသောက်အထုပ်ကြီးကို မြင်ခဲ့ရသည်။
သေသေချာချာ ဆေးကြောထားသော သစ်သီးများ၊ သခွားသီး၊ ခရမ်းချဉ်သီးနှင့် ရိုးရိုးရှင်းရှင်း အသားညှပ်ပေါင်မုန့်တို့ ပါဝင်ပြီး အေးစိမ့်နေသည့် ပဲနောက်စွပ်ပြုတ်ကိုလည်း ဓာတ်ဘူးတစ်ဘူးနှင့် သေချာထည့်ပေးထားသည်။
ယနေ့မနက် စုန့်ရှောင်းကွမ် အိမ်ပြန်မလာသေးသဖြင့် ဦးလေးကောရှမ့်ကသာ ယဲ့ရှောင်ရှောင်ကို ဆေးရုံသို့ ကားဖြင့် လိုက်ပို့ပေးခဲ့ရပါသည်။
ပေကျင်းမြို့ ပင်မဆေးရုံကြီး၏ ဝင်ပေါက်၌ စွန်းကျန့်ယောင် စောင့်ကြိုနေလေသည်။
ဤကွင်းဆင်းလေ့လာမှု အစီအစဉ်ကို ဆေးရုံမှ ဦးဆောင်စီစဉ်ထားခြင်းဖြစ်ပြီး ကုန်ကျစရိတ်များကို ဆေးရုံမှ ကျခံပေးသည့်အပြင် လူနာများအတွက် ဆေးကုသမှုများကိုလည်း လုံးဝ အခမဲ့ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။
စွန်းကျန့်ယောင်သည် တက္ကသိုလ်တွင် စာသင်ကြားပေးသည့်အပြင် ဤဆေးရုံ၏ တိုင်းရင်းဆေးဌာနတွင်လည်း ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
စွန်းကျန့်ယောင်၏ ဘေးတွင် အလုပ်သင်ဆရာဝန်နှစ်ဦးလည်း ပါလာသည်။ လက်ရှိတွင် လုပ်သားအင်အား သိသိသာသာ လိုအပ်မှုရှိနေသဖြင့် ယဲ့ရှောင်ရှောင်နှင့် အခြားသူများကို ခေါ်ဆောင်လာခဲ့ရခြင်း ဖြစ်ပါသည်။
ဆေးရုံက ဤခရီးအတွက် ခန့်ညားထည်ဝါသော ကားမျိုးကို စီစဉ်ပေးထားခြင်း မဟုတ်ပေ။ သာမန် ထရက်တာ တစ်စီးသာ ဖြစ်သည်။
စွန့်ကျန်းယောင်က ရှင်းပြသည်။
“တို့တွေ ဒီတစ်ခေါက် နည်းနည်းဝေးလံခေါင်ဖျားတဲ့ နေရာကို သွားရမှာ၊ ဝူကောင်တီဘက်ကို သွားရမှာလေ”
ဝူကောင်တီသည် ပေကျင်း၏ အောက်ဘက်တည့်တည့်၌ တည်ရှိနေသော ဒေသတစ်ခု ဖြစ်ပါသည်။ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာမည့် ဒေသတစ်ခုဖြစ်သော်ငြား လက်ရှိအချိန်တွင်မူ အလွန်ပင် ဆင်းရဲနွမ်းပါးနေဆဲ ဖြစ်သည်။
ဤထရက်တာကိုလည်း သူတို့အား လာရောက်ကြိုဆိုရန်အတွက် ဝူကောင်တီဘက်မှ စေလွှတ်ပေးလိုက်ခြင်းဖြစ်ရာ ဤခရီးစဉ်မှာ အလွန်ပင် ကျေးလက်ဆန်နေတော့သည်။
ယဲ့ရှောင်ရှောင်တို့အတန်းထဲမှ စုစုပေါင်း ကျောင်းသား ၅ ယောက် လိုက်ပါလာပါသည်။ ယဲ့ရှောင်ရှောင်နှင့် ချူးယွင်ရှောင်တို့အပြင် ထိပ်သီးကျောင်းသားများ ဖြစ်ကြသော ချူးမြောင်၊ လီကျစ်မင်နှင့် ကျန်းလီချွမ်တို့လည်း ပါဝင်ကြသည်။
ဆေးဝန်ထမ်းများကို တင်ဆောင်လာသည့်အပြင် ထရက်တာပေါ်တွင် ဆေးဝါးပစ္စည်းမျိုးစုံကိုလည်း အမြောက်အများ တင်ဆောင်လာပါသည်။
နွေရာသီဖြစ်၍ ထရက်တာစီးရသည်မှာ လေတဟူးဟူးနှင့် လန်းလန်းဆန်းဆန်းရှိသော်လည်း လမ်းများမှာမူ အလွန်ပင် ကြမ်းတမ်း လှုပ်ခါလွန်းပါသည်။
ဝူကောင်တီသို့ ရောက်ရှိသောအခါ ဒေသခံတာဝန်ရှိသူများက ရပ်ကွက်ကော်မတီရုံး၌ ဆေးခန်းတစ်ခု စီစဉ်ပေးခဲ့သည်။
ဒေသခံပြည်သူ အမြောက်အများမှာလည်း ဆေးကုသမှုခံယူရန်အတွက် လမ်းတစ်လျှောက် တန်းစီနေကြသဖြင့် လူတန်းရှည်ကြီးတစ်ခုပင်ဖြစ်ပေါ်နေပါပြီ။ အများစုက သက်ကြီးရွယ်အိုများ ဖြစ်ကြပေသည်။
သာမန် အသေးအဖွဲ ရောဂါဝေဒနာများအတွက် ဆေးဝန်ထမ်းများသည် ဆေးဝါးများကို ချက်ချင်း ထုတ်ပေးနိုင်ပါသည်။
အကယ်၍ လူနာ၏ အခြေအနေက အလွန်စိုးရိမ်ရလျှင် စွန်းကျန့်ယောင်အနေဖြင့် ပင်မဆေးရုံကြီးသို့ သွားရောက်ကာ ဆေးကုသမှုခံယူဖို့သာ အကြံပြုနိုင်သည်။
ယဲ့ရှောင်ရှောင်သည် စွန်းကျန့်ယောင်၏ နောက်ကျောဘက်တွင် တိတ်တဆိတ် မတ်တပ်ရပ်နေပြီး ဆရာကြီးက လူနာများအား မည်ကဲ့သို့ စစ်ဆေးကာ၊ မည်ကဲ့သို့ ဆေးညွှန်းများ ရေးသားပေးသည်ကို အသေးစိတ် အကဲခတ်လေ့လာနေခဲ့ပါသည်။