← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

📗 Chapter 187

နှစ်နာရီခန့် ကြာသောအခါ စွန်းကျန့်ယောင်သည် ယဲ့ရှောင်ရှောင်အား လူနာများကို ကိုယ်တိုင်စမ်းသပ်ကြည့်ရှုခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

ယဲ့ရှောင်ရှောင်သည် သူမ၏ ကိုယ်ပိုင်အရည်အချင်းအပေါ် ယုံကြည်မှု အပြည့်အဝ ရှိသဖြင့် စွန်းကျန့်ယောင် ဖယ်ပေးလိုက်သော ထိုင်ခုံတွင် ချက်ချင်းပင် ဝင်ထိုင်လိုက်သည်။

စွန်းကျန့်ယောင်မှာ ရေတစ်ငုံသောက်ရင်း အနားတွင်ကပ်ကာ သက်ကြီးရွယ်အိုလူနာတစ်ဦးအား သွေးခုန်နှုန်း စမ်းပေးနေသည့် ယဲ့ရှောင်ရှောင်ကို သေချာ စောင့်ကြည့်နေပါသည်။

သေသေချာချာ စဉ်းစားသုံးသပ်ပြီးနောက် ယဲ့ရှောင်ရှောင်သည် နာတာရှည် ရင်ကျပ်ခြင်းနှင့် ချောင်းဆိုးခြင်းဝေဒနာ ခံစားနေရသော အဘိုးအိုအတွက် ဆေးညွှန်းတစ်ခု စတင် ရေးသားပေးခဲ့သည်။

သူမသည် တန့်ရှန်း၊ ပိုင်ကျူး၊ ယွင်လင်းနှင့် တန်းကွေ့ အစရှိသော ဆေးဖက်ဝင်ပစ္စည်းများကို အချိုးကျကျ ရောစပ်ကာ ချောင်းဆိုးသက်သာစေမည့် ဆေးလုံးတစ်လုံးကို ဖော်စပ်ပေးလိုက်ပါသည်။

အနောက်တွင် အကဲခတ်နေသည့် စွန်းကျန့်ယောင်က သူမ ဖော်စပ်ထားသော ဆေးညွှန်းကို ခေါင်းတညိတ်ညိတ်နှင့် သဘောကျ ထောက်ခံနေလေသည်။

ထိုစဉ် အနီးနားရှိ အလုပ်သင်ဆရာဝန်တစ်ဦးသည် ယဲ့ရှောင်ရှောင်ကို မယုံသင်္ကာမျက်လုံးများဖြင့် ကြည့်နေလေသည်။

‘သူတို့က ဆရာကြီးစွန်းရဲ့ ဘွဲ့တောင်မရသေးတဲ့ တက္ကသိုလ်ကျောင်းသားတွေ မဟုတ်ဘူးလား၊ လူနာတွေကို သေသေချာချာ ကြည့်ပေးနိုင်ပါ့မလား၊ တကယ်လို့တစ်ခုခု မှားယွင်သွားရင် ပြဿနာက သေးမှာ မဟုတ်ဘူး’

သို့သော် ဆရာကြီးစွန်းကိုယ်တိုင်က အလွန်တည်ငြိမ်နေသဖြင့် သူလည်း စိုးရိမ်ပူပန်မှုများကို ရင်ထဲမှာသာ ဖိသိပ်ထားလိုက်ရတော့သည်။

တစ်ဖက်တွင်မူ ယဲ့ရှောင်ရှောင်သည် တဖြည်းဖြည်း အရှိန်ရလာကာ လူနာများကို စမ်းသပ်စစ်ဆေးပြီး ဆေးညွှန်းရေးပေးသည့် အမြန်နှုန်းမှာ ပိုမို မြန်ဆန်လာခဲ့ပါသည်။

သူမကို ခေတ္တစောင့်ကြည့်ပြီးနောက် စွန်းကျန့်ယောင် လုံးဝစိတ်ချသွားကာ အခြားကိစ္စရပ်များကို ကိုင်တွယ်ဖို့ ထွက်သွားလေတော့သည်။

“ယွင်ရှောင်၊ ရှောင်ရှောင်ကို သွားကူညီပေးလိုက်၊ မင်းတို့ မသေချာတဲ့လူနာရှိရင် ငါ့ကို လာမေးလို့ရတယ်”

“ဟုတ်ကဲ့ပါ ဆရာကြီး”

ချူးယွင်ရှောင်သည် ငယ်စဉ်ကတည်းက ဆေးပညာနှင့် ထိတွေ့ခဲ့ရသူဖြစ်ရာ သာမန်ရောဂါဝေဒနာများကို စမ်းသပ်စစ်ဆေးပေးရခြင်းမှာ သူ့အတွက် ခက်ခဲမှုမရှိလှပါ။

ဘေးချင်းကပ်လျက်ထိုင်လိုက်ရမှ သူမတို့ အတန်းခေါင်းဆောင်ကြီး၏ ထူးချွန်ပြောင်မြောက်မှုကို ယဲ့ရှောင်ရှောင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါသည်။

မွန်းလွဲပိုင်းအချိန်တွင် တန်းစီနေသည့် လူတန်းကြီးမှာ တဖြည်းဖြည်း ကျဲသွားခဲ့သည်။ အကြောင်းမှာ နေ့လယ်ခင်း၏ ပူပြင်းလှသော နေရောင်အောက်တွင် ကြာကြာမတ်တပ်ရပ်ဖို့ မဖြစ်နိုင်သောကြောင့်ပင်။

အနားယူချိန်တွင် ယဲ့ရှောင်ရှောင်သည် ယူဆောင်လာသည့် သစ်သီးများကိုခွဲကာ အဖွဲ့သားများအား ဝေငှပေးလိုက်ပါသည်။

ချူးယွင်ရှောင်က မှတ်ချက်ပေးလိုက်သည်။

“မိန်းကလေးတွေကတော့ တကယ်အသေးစိတ်ကျတာပဲနော်၊ ငါတို့ဆို သစ်သီးယူလာဖို့ စိတ်တောင် ကူးမိကြမှာ မဟုတ်ဘူး”

ယဲ့ရှောင်ရှောင်: “ငါ့မိသားစုက ပြင်ဆင်ပေးလိုက်တာပါ၊ ဒီနေ့မနက် ငါအိပ်ရာထတာတောင် နောက်ကျတယ်”

၂၁ ရာစု၏ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ခဲ့ဖူးသည့်အတွက် နောက်ကျမှ အိပ်ရာဝင်ပြီး နေမြင့်မှ အိပ်ရာထခြင်းသည် သူမအတွက် ပုံမှန်လိုပင် ဖြစ်နေပါပြီ။

သို့‌သော် ၁၉၈၀ ခုနှစ်များသို့ ရောက်ရှိလာစဉ်ကတည်းက ထိုအကျင့်ဆိုးကို ဖျောက်ဖျက်နိုင်ခဲ့သည်။

အကြောင်းမှာ ညမိုးချုပ်သည်အထိနေပြီး အချိန်ဖြုန်းစရာများ မရှိတော့သောကြောင့်ပင်။ သို့သော်လည်း သူမ၏ သက်တူ ရွယ်တူများနှင့် ယှဉ်လိုက်လျှင်တော့ ယခုချိန်ထိ အိပ်ရာထနောက်ကျနေဆဲဟု ခံစားနေရပါသည်။

“ဒါတောင် ဆေးရုံကို အချိန်မီရောက်လာတာပဲလေ”

ချူးယွင်ရှောင်သည် ယဲ့ရှောင်ရှောင်ပေးသော ပန်းသီးကို လက်ခံကာ ပြောလိုက်ပါသည်။ နွေရာသီနေ့တစ်နေ့တွင် ပန်းသီးချိုချိုလေးတစ်လုံး စားရသည်မှာ အလွန်ပင် အရသာရှိလှပါသည်။

ယဲ့ရှောင်ရှောင်သည် ကျန်ရှိနေသော ပန်းသီးများနှင့် ငှက်ပျောသီးများကို အခြားဆေးဝန်ထမ်းများထံ ဆက်လက် ဝေငှပေးလိုက်ပြီး သူမကိုယ်တိုင်ကမူ အလွန်မွေးပျံ့လတ်ဆတ်သော သခွားသီးများကို တဂျွတ်ဂျွတ် ဝါးစားနေလိုက်ပါသည်။

ထို့အပြင် ဓာတ်ဘူးထဲတွင် ပါလာသည့် ပဲနောက်စွပ်ပြုတ်များကိုလည်း အခြားသူများနှင့်အတူ မျှဝေခဲ့သေးသည်။

မကြာမီ ကိုယ်စားလှယ်တစ်ဦးရောက်ရှိလာပြီး ကျောင်းသားကျောင်းသူများ နေ့လယ်စာသုံးဆောင်နိုင်ဖို့အတွက် စီစဉ်ပေးခဲ့ပါသည်။

စွန်းကျန့်ယောင်သည် ကျောင်းသားများကို သွားစားနှင့်ဖို့ ပြောလိုက်ပြီး သူနှင့် အလုပ်သင်ဆရာဝန်နှစ်ဦးကမူ ဆေးခန်းတွင် ဆက်လက်တာဝန်ယူခဲ့သည်။

အလုပ်သင်ဆရာဝန်တစ်ဦးက စွန်းကျန့်ယောင်အား ပြောလိုက်ပါသည်။

“ဆရာကြီးစွန်း အရင်သွားစားနှင့်လိုက်ပါလား၊ ကျွန်တော်နဲ့ ဒေါက်တာလီတို့ နှစ်ယောက်တည်း အဆင်ပြေပါတယ်”

စွန်းကျန့်ယောင်: “အေးပါ၊ လောလောဆယ် လူလည်းသိပ်မရှိတော့ဘူး၊ မင်းတို့နှစ်ယောက်ပါ ခဏလောက် အနားယူလိုက်ကြဦး၊ ငါတို့ စားသောက်ပြီးတာနဲ့ မင်းတို့နဲ့ လူလာလဲပေးမယ်”

ဆေးခန်းတွင် တစ်စုံတစ်ယောက် ထားရစ်ခဲ့ရခြင်းမှာ အဓိကအားဖြင့် ဆေးဝါးများနှင့် ဆေးပစ္စည်းများ မပျောက်ပျက်စေဖို့သာ ဖြစ်ပါသည်။ ထိုစကားကြားသောအခါ လူငယ်ဆရာဝန်နှစ်ဦးလည်း ကန့်ကွက်စရာမရှိတော့ချေ။

နေ့လယ်စာကို ရပ်ကွက် ကော်မတီရုံးက စီစဉ်ပေးခဲ့ပြီး စားသောက်ပြီးကြသောအခါ အနီးနားရှိ ဧည့်ဂေဟာတစ်ခုတွင် အနားယူနိုင်ဖို့လည်း စီစဉ်ပေးထားပါသည်။

“စားပြီးကြရင် နေ့လယ်ခင်း တရေးတမောလောက် အိပ်လိုက်ကြဦး၊ ၂ နာရီခွဲလောက်မှ ဆေးခန်းကို ပြန်လာခဲ့ကြ”

စွန်းကျန့်ယောင်က ကျောင်းသားများကို ညွှန်ကြားလိုက်သည်။

ယဲ့ရှောင်ရှောင်တွင် နေ့လယ်နေ့ခင်း အိပ်စက်အနားယူတတ်သည့် အကျင့်ရှိကာ မနက်ကလည်း အလွန် ပင်ပန်းခဲ့ရသဖြင့် စားသောက်ပြီးသည်နှင့် အတန်းဖော်များနှင့်အတူတူ အနားသွားယူခဲ့ပါသည်။

သို့သော် ချူးယွင်ရှောင်နှင့် ကျန်းလီချွမ်တို့ကမူ စွန်းကျန့်ယောင်ကိုသာ အနားယူဖို့ ပြောခဲ့ပြီး သူတို့နှစ်ဦးကတော့ လူငယ်ဆရာဝန်နှစ်ဦးနှင့် ဂျူတီလဲဖို့ ထွက်သွားခဲ့ပါသည်။

ကျောင်းသားများ၏ တိုက်တွန်းမှုကြောင့် စွန်းကျန့်ယောင်လည်း မတတ်သာဘဲ အနားယူခဲ့ရတော့သည်။

ယဲ့ရှောင်ရှောင်သည် မိနစ် ၄၀ တိတိ အိပ်စက်အနားယူခဲ့ပြီး နိုးလာသောအခါ အားအင်များ အလွန်ပြည့်ဝနေခဲ့ပါသည်။

သို့သော် ဆေးခန်းသို့ ပြန်ရောက်သွားချိန်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အခြေအနေတစ်ခုကို တွေ့ခဲ့ရလေသည်။ အလုပ်သင်ဆရာဝန်တစ်ဦးသည် ကျန်းလီချွမ်နှင့် စကားအကြီးအကျယ် များနေပါသည်။

“ငါဒီမှာ ချွမ့်ပေမူတစ်ထုပ်ထားခဲ့တာ သေချာပါတယ်၊ ဘာလို့ ပျောက်ချင်းမလှ ပျောက်သွားရတာလဲ!”

ချွမ့်ပေမူဟူသည်မှာ အလွန်ပင် တန်ဖိုးကြီးမားလှသည့် ဆေးဖက်ဝင်ပစ္စည်းဖြစ်သဖြင့် ဒေါက်တာလီ ပျာယာခတ်နေသည်မှာ မဆန်းပေ။

ပျောက်ဆုံးသွားသည့် ပမာဏက ၂ ပေါင်မျှသာ ဖြစ်သော်လည်း အလွယ်တကူ လျော်စားပေးနိုင်သည့် ပမာဏ မဟုတ်ပါ။

အလုပ်သင်ဆရာဝန် နောက်တစ်ဦးဖြစ်သော ဒေါက်တာကျောက်က ဝင်ပြောသည်။

“သုံးလို့ကုန်သွားတာကော မဖြစ်နိုင်ဘူးလား”

“ချွမ့်ပေမူက ဒီလောက်တန်ဖိုးကြီးတာ၊ လူနာတစ်ယောက်က သီးသန့်တောင်းဆိုနေတာမဟုတ်ရင် အာနိသင်ချင်း တူပြီး ဈေးသက်သာတဲ့ တခြားပစ္စည်းတွေနဲ့ပဲ ငါတို့ အစားထိုးပေးနေကျလေ၊ ငါဒီမနက် ထွက်သွားတုန်းက ဒီနားမှာပဲ သေချာ ထားခဲ့တာ၊ အခုမရှိတော့ဘူး”

ဒေါက်တာလီပြောသည့် စကားလုံးများ၏ နောက်ကွယ်တွင် တစ်စုံတစ်ယောက်က ခိုးယူသွားသည်ဟူသော စွပ်စွဲချက် အငွေ့အသက်များ ပါဝင်နေသည်။

စွန်းကျန့်ယောင်က အားလုံးကို စိတ်အေးအေးထားဖို့ ဝင်ဖျောင်းဖျခဲ့ပါသည်။

“အခု ဆေးခန်းမှာ ပစ္စည်းတွေ ရှုပ်ပွနေလို့ ပျောက်နေတာ နေမှာပါကွာ၊ သန့်ရှင်းရေးလုပ်ပြီးရင် ပြန်ပေါ်ချင် ပေါ်လာမှာပေါ့”

ဒေါက်တာလီကမူ မကျေမနပ် ဖြစ်နေသေးသည်။ ဤကျောင်းသားအုပ်စုကို ဆရာကြီးစွန်းသည် လိုအပ်သည်ထက် ပိုအလိုလိုက် ကာကွယ်ပေးနေသည်ဟု သူခံစားရပါသည်။

‘ဈေးကြီးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို ခိုးထားပြီး ပြန်ရောင်းစားမယ့်လူမျိုး မရှိဘူးလို့ တပ်အပ်ပြောနိုင်လို့လား၊ သေချာ မစုံစမ်းဘူးဆိုရင် ဒီလိုအကျင့်ဆိုးကို အားပေးအားမြှောက်ပြုသလို ဖြစ်မသွားဘူးလား”

ကျန်းလီချွမ်ကမူ ထိုလူနှင့် လေကုန်ခံပြီး စကားအချေအတင် ပြောမနေတော့ပါ။ ထိုပစ္စည်းများကို သူ့လက်နှင့် မထိခဲ့သည်မှာ သေချာသည်။

ချူးယွင်ရှောင်ဆိုလျှင် ပို၍ပင် ဝေးသေးသည်။ ငယ်စဉ်ကတည်းက ဆေးဖက်ဝင်အပင်များ ပေါများစွာ ပေါက်ရောက်သည့် တောင်တန်းများအကြား ကြီးပြင်းလာခဲ့ရသူဖြစ်သည့်အလျောက် နှစ်တစ်ရာ သက်တမ်းရှိသည့် ဆေးမြစ်ကြီး ဖြစ်နေလျှင်ပင် သူစိတ်ဝင်စားမှာမဟုတ်ပါ။

ယဲ့ရှောင်ရှောင်နှင့်အတူ ဆေးခန်းသို့ ပြန်လာသည့် ချူးမြောင်သည် ထိုအချေအတင် စကားသံများကို ကြားပြီး အမြန်ဝင်ပြောလိုက်ပါသည်။

“ချွမ့်ပေမူအထုပ်ကို ပြောတာလား၊ ကျွန်တော် မသွားခင်က ဒီဗီရိုထဲမှာ ထည့်သိမ်းပေးခဲ့တာလေ”

ထိုပစ္စည်းက အဖိုးတန်သဖြင့် ပျောက်သွားမည်စိုး၍ ဗီရိုတစ်လုံးထဲ ထည့်သိမ်းပေးခဲ့ခြင်း ဖြစ်ပါသည်။

ဗီရိုထဲမှ ထွက်လာသည့် ချွမ့်ပေမူအထုပ်ကိုကြည့်ရင်း ဒေါက်တာလီမျက်နှာ နီရဲသွားရသည်။

စွန်းကျန့်ယောင်ကမူ လူငယ်များ၏ ပြဿနာများတွင် ဝင်ပါဖို့ အချိန်မရှိပေ။ ပစ္စည်းကို လုံလုံခြုံခြုံနှင့် ပြန်လည် တွေ့ရှိလိုက်ရသောအခါ ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

“ဒီပစ္စည်းမပျောက်နိုင်ပါဘူးလို့ ငါပြောသားပဲ”

ဒေါက်တာလီမှာ ကိုယ့်အပြစ်ကိုယ် နားလည်ပြီး အလွန်နေရခက်သွားသည်။ သို့သော် သူ့မာနကြောင့် ကျောင်းသားများကို တောင်းပန်ဖို့ မဖြစ်နိုင်ပေ။ သူ့အပေါင်းအပါများရှေ့တွင် အရှက်မကွဲချင်ပါ။

ကျောင်းသားများကလည်း သူ့ကို အတင်းအကျပ် ပြန်မတောင်းပန်ခိုင်းခဲ့ပေ။ နေ့လယ်ခင်း အပူချိန် ကျဆင်းသွားချိန်တွင် ဆေးခန်းရှေ့တွင် လူနာများ ပြန်လည်တန်းစီခဲ့ကြပါသည်။

ညနေ ၆ နာရီထိုးသည်အထိ အလုပ်များခဲ့ကြပြီးမှ စွန်းကျန့်ယောင်က အလုပ်ရပ်နားဖို့ ကျောင်းသားများကို ညွှန်ကြားလိုက်သည်။

ဆေးပစ္စည်းများကို သိမ်းဆည်းနေစဉ် ဒေါက်တာလီသည့် ချူးယွင်ရှောင်နှင့် ကျန်းလီချွမ်တို့ကို အနေခက်စွာ မကြာခဏ ခိုးကြည့်နေသော်လည်း‌ နောက်ဆုံးတွင်တော့ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားခဲ့ပါသည်။

“ဆန်းကြယ်လိုက်တာ၊ ငါတို့သူ့ကို ဘာမှလည်း လုပ်မထားဘဲနဲ့”

ချူးမြောင်ပင် ထိုအပြုအမူကို အလွန်ထူးဆန်းသည်ဟု ခံစားမိပါသည်။

ကျန်းလီချွမ်သည် အလွန်ပင် ရိုးသားပွင့်လင်းပြီး လက်တွေ့ကျသူဖြစ်ကာ ပုံမှန်အားဖြင့် စကားနည်းသော်လည်း အတန်းထဲတွင် အလုပ်အကြိုးစားဆုံးနှင့် အပင်ပန်းခံနိုင်ဆုံးလူဖြစ်သည်။

ထိုအလုပ်သင်ဆရာဝန်၏ ရန်လိုမှုကို သူ့စိတ်ထဲမှာပင် ထည့်မထားခဲ့ပေ။

“ဘာပဲဖြစ်ဖြစ်၊ ငါတို့က ပါမောက္ခစွန်းကို ကူညီပေးဖို့ လိုက်လာတာ၊ သူနဲ့ ခပ်ကင်းကင်းနေလိုက်၊ အဲ့တာဆို အဆင်ပြေပြီ”

ချူးမြောင်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ သို့သော် စိတ်ထဲတွင်တော့ ဤကဲ့သို့ သဘောထားသေးသိမ်သည့် လူတစ်ယောက်သည် ဆရာဝန်တစ်ဦးဖြစ်မလာသင့်ပေဟု တွေးတောနေမိပါသည်။

ပစ္စည်းများကို လုံလုံခြုံခြုံ သိမ်းဆည်းပြီးသည်နှင့် သူတို့အဖွဲ့သည် ညစာအတူတူစားသုံးခဲ့ပြီး ထရက်တာပေါ်တက်ကာ ပေကျင်းသို့ ပြန်လာခဲ့ပါသည်။

ယဲ့ရှောင်ရှောင်က မေးသည်။

“မနက်ဖြန်လည်း ဒီလိုပဲ လာရဦးမှာလား”

စွန်းကျန့်ယောင်က ရှင်းပြသည်။

“မနက်ဖြန်ကျရင်တော့ ဒီရပ်ကွက်ကို လာရမှာ မဟုတ်တော့ဘူး၊ ဒီကောင်တီမှာပဲဆိုပေမယ့် တခြားတစ်နေရာ ပြောင်းသွားပြီ၊ ဒီနေ့ အားလုံး ပင်ပန်းခဲ့ကြရတာဆိုတော့ စောစောနားကြပါ”

ပင်မဆေးရုံကြီးရှေ့သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ည ၈ နာရီပင် ထိုးနေပါပြီ။

စုန့်ရှောင်းကွမ်သည် ယဲ့ရှောင်ရှောင်ကို ကြိုဖို့ ထိုနေရာတွင် အသင့်စောင့်ဆိုင်းနေပါသည်။ ယဲ့ရှောင်ရှောင်သည် လွယ်အိတ်ကလေးကို ပိုက်လျက် စိတ်ရွှင်လန်းစွာဖြင့် အိမ်ပြန်လာခဲ့တော့သည်။

“ဒီနေ့ ပင်ပန်းခဲ့လား”

စုန့်ရှောင်းကွမ်က မေးလိုက်သည်။

“အရမ်းကြီးမပင်ပန်းပါဘူး၊ ရာသီဥတုကတော့ တော်တော်ပူတယ်၊ မနက်ပိုင်း ရောက်သွားခါစက လူနာတွေ အများကြီး ရှိပေမယ့် ဖိအားတော့ မများပါဘူး”

ထိုသို့ပြောခဲ့သော်လည်း လမ်းတစ်ဝက်သို့ရောက်သောအခါ ကားပေါ်မှာပင် ယဲ့ရှောင်ရှောင် အိပ်မောကျသွားပါသည်။

စုန့်ရှောင်းကွမ်: “…”

စုန့်အိမ်တော်သို့ ရောက်ရှိလာပြီး စုန့်ရှောင်းကွမ်က သူမအမည်ကို ခေါ်နှိုးကာမှ ယဲ့ရှောင်ရှောင် နိုးလာခဲ့သည်။

ထို့နောက် စုန့်ရှောင်းကွမ်ကို အိပ်ချင်မူးတူးဖြင့် နှုတ်ဆက်ကာ အပေါ်ထပ်သို့ တက်လာပြီး ကိုယ်လက်သန့်စင်လျက် အိပ်ရာတန်းဝင်ခဲ့တော့သည်။

အပြည့်အဝ အနားယူလိုက်ရခြင်းကြောင့်လားမသိသော်လည်း နောက်တစ်နေ့မနက်ခင်းတွင် သူမ အလွန်စောစီးစွာ အိပ်ရာနိုးလာခဲ့ပါသည်။

အောက်ထပ်သို့ ဆင်းလာသောအခါ မီးဖိုချောင်ကောင်တာပေါ်၌ ဧရာမ ဖရဲသီးကြီးတစ်လုံးတင်ထားသည်ကို ယဲ့ရှောင်ရှောင် မြင်လိုက်ရသည်။

စုန့်ကွမ်းကျင့်က လှမ်းပြောလိုက်သည်။

“အဲ့ဒီဖရဲသီး ယူသွားလိုက်နော်”

ယဲ့ရှောင်ရှောင်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

“ဆရာကြီး… ဒီဖရဲသီးက နည်းနည်းကြီးလွန်းမနေဘူးလား”

All Chapters