အခန်း ၁၈၈
Vol. 19 Ch. 188
📗 Chapter 188
“တစ်ချိန်လုံး သယ်ထားခိုင်းတာမှ မဟုတ်လား ကားထဲမှာ ထည့်ထားလိုက်၊ ပူလာတဲ့အချိန်ကျမှ ခွဲစားလိုက်ပေါ့”
စုန့်ကွမ်းကျင့်သည် ဤဖရဲသီးအမျိုးအစားကိုသာ သီးသန့်ဝယ်ယူခိုင်းထားခြင်းဖြစ်သည်။
အမှန်ဆိုလျှင် မနေ့ကတည်းက ဝယ်ယူထားပြီးသားဖြစ်သော်လည်း ယဲ့ရှောင်ရှောင် အိမ်ပြန်နောက်ကျသဖြင့် သတိမထားမိခဲ့ခြင်းသာ ဖြစ်ပါသည်။
“ဟုတ်ကဲ့ပါ”
ယဲ့ရှောင်ရှောင်လည်း မတတ်သာတော့ဘဲ ဧရာမ ဖရဲသီးကြီးကို သူမနှင့်အတူ ယူသွားခဲ့ရတော့သည်။
ယဲ့ရှောင်ရှောင်သည် သုံးရက်တိုင်တိုင် ကွင်းဆင်းခရီးစဉ်များတွင် လိုက်ပါခဲ့ပြီး မနက်တိုင်းလည်း မတူညီသည့် သစ်သီးဝလံမျိုးစုံကို ယူဆောင်လာတတ်သည်။
အခြားသူများသည် သူမ၏ ချမ်းသာကြွယ်ဝ ရက်ရောလှသော မိသားစုအခြေအနေအပေါ် စိတ်ဝင်တစား ရှိလာကြသလို၊ တစ်ဖက်တွင်လည်း သူမ၏ ဆေးပညာပါရမီအား လေးစားအားကျစိတ်များ ဖြစ်ပေါ်လာကြပါသည်။
သူမသည် ကွယ်ရာတွင် ဆေးပညာကို တစိုက်မတ်မတ် လေ့လာသင်ယူခဲ့မှန်း သိသာသည်။
မဟုတ်လျှင် တက္ကသိုလ်တွင် သင်ကြားပေးသည့် ပုံမှန်သင်ရိုးများဖြင့် ဤမျှလောက်အထိ ကျွမ်းကျင်ပိုင်နိုင်လာရန် မဖြစ်နိုင်ပေ။
ပါမောက္ခစွန်းကျန့်ယောင်သည် ဤကွင်းဆင်းခရီးစဉ်အတွက် စုစုပေါင်း ၇ ရက်တာကို စီစဉ်ပေးခဲ့ပါသည်။ နောက်ဆုံးနေ့သို့ ရောက်ရှိလာသောအခါ ကျောင်းသားကျောင်းသူအားလုံးကို ညစာကောင်းကောင်းလိုက်ကျွေးဖို့ ဆုံးဖြတ်ခဲ့သည်။
ထိုညစာစားပွဲဝိုင်းတွင် ဒေါက်တာလီသည်လည်း သတ္တိမွေးလျက် အားလုံးကို တောင်းပန်ခဲ့ပါသည်။
“အဲ့ဒီနေ့က ငါ့လုပ်ရပ်တွေ လွန်သွားတာ ဝန်ခံပါတယ်၊ မင်းတို့အားလုံးက တက္ကသိုလ်ကျောင်းသားတွေဆိုတော့ ငါ့စိတ်ထဲမှာ သံသယဖြစ်ခဲ့မိတယ်၊ ဒါပေမယ့် အခုတော့ ငါ့အမြင်တွေ ပြောင်းလဲသွားပါပြီ၊ ငါတောင်းပန်ပါတယ်၊ ငါက ငါ့စိတ်နဲ့နှိုင်းပြီး သူများတွေကို အပြစ်တင်ခဲ့မိတာပါ”
ဒေါက်တာလီ၏ ရုတ်ခြည်းဆန်သော တောင်းပန်စကားကြောင့် အားလုံး အံ့အားသင့်သွားခဲ့ရသည်။
စွန်းကျန့်ယောင်သည်လည်း အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါသည်။ ထိုကောင်လေးလီမှာ တစ်ခါတရံ အသေးအဖွဲပြဿနာများကို ပုံကြီးချဲ့တတ်သော်လည်း ပညာရည်က မသေးပေ။
ယခုကဲ့သို့ မိမိအမှားကို ဝန်ခံရဲခြင်းကြောင့် သူ့အကျင့်စာရိတ္တမှာ အဆိုးရွားကြီးမဟုတ်မှန်း သိသာနေပါသည်။
တစ်ဖက်က သူ့ဌာနမှ အလုပ်သင်ဆရာဝန်များဖြစ်ကာ တစ်ဖက်က သူ့တက္ကသိုလ်ကျောင်းသားများ ဖြစ်နေသော်လည်း စွန်းကျန့်ယောင်သည် မည်သည့်ဘက်ကိုမှ မလိုက်ဘဲ မျှမျှတတဆုံးဖြတ်ခဲ့ပါသည်။
ဒေါက်တာလီ တောင်းပန်ပြီးသောအခါ စွန်းကျန့်ယောင်သည် ချူးယွင်ရှောင်နှင့် ကျန်းလီချွမ်တို့ဘက်သို့ လှည့်ကာ ပြဿနာကို စိတ်ထဲမထားဖို့ တောင်းဆိုလိုက်သည်။
နောင်အနာဂတ်တွင်လည်း လုပ်ငန်းနယ်ပယ်၌ လက်တွဲကြရမည့်လူများ ဖြစ်သည့်အတွက် ရန်သူတစ်ဦး တိုးလာမည့်အစား မိတ်ဆွေတစ်ယောက် တိုးလာခြင်းက အကျိုးများစွာ ပိုရှိပါလိမ့်မည်။
ပေကျင်းမြို့ ပင်မဆေးရုံကြီးသည် ပေကျင်းမြို့၌ အကြီးမားဆုံးသော ဆေးရုံကြီးဖြစ်သဖြင့် တက္ကသိုလ်ဘွဲ့ရှိရပြီးနောက် ထိုနေရာ၌ အလုပ်အကိုင်အခွင့်အလမ်း ရရှိခဲ့မည်ဆိုပါက မည်သည့်ကျောင်းသားအတွက်မဆို တစ်သက်တွင် တစ်ကြိမ်သာ ရနိုင်သော အခွင့်ထူးဖြစ်ပေလိမ့်မည်။
ချူးယွင်ရှောင်နှင့် ကျန်းလီချွမ်တို့မှာ နဂိုကတည်းက ထိုပြဿနာကို စိတ်ထဲမထားခဲ့ကြသဖြင့် အလွယ်တကူပင် ခွင့်လွှတ်ပေးခဲ့ပါသည်။
ညစာစားပွဲပြီးဆုံးသောအခါ ယဲ့ရှောင်ရှောင်သည် စုန့်အိမ်တော်သို့ ပြန်လာခဲ့သည်။ လုပ်စရာရှိသည့် တာဝန်များ ပြီးမြောက်ခဲ့ပြီဖြစ်၍ နောက်ဆုံးတော့ ကားမောင်းသင်ရမည့်အချိန်ကို ရောက်ရှိလာခဲ့ပါပြီ။
တစ်ချိန်တည်းမှာပင် ပိုင်ချွမ်ရွာ၌…
ယနေ့သည် ကျန်းအာ့နီနှင့် ဖေးချင့်တို့ မင်္ဂလာဆောင်ကြမည့် နေ့ဖြစ်၍ ရွာထဲတွင် နေ့ထူးနေ့မြတ်လေးတစ်ခု ဖြစ်နေပါသည်။
ကျန်းအာ့နီသည် မြို့ထဲတွင် ကိုယ်ပိုင် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့ပြီး ဖေးချင့်သည်လည်း မြို့ထဲ၌ လက်သမားအလုပ်များစွာကို ပုံမှန် ရရှိနေပါသည်။
နှစ်ဦးစလုံး အစိုးရဝန်ထမ်းများ မဟုတ်ကြသော်လည်း သူတို့နှစ်ဦး၏ စုပေါင်းဝင်ငွေမှာ သာမန် စက်ရုံအလုပ်သမားများထက် များစွာ သာလွန်နေပြီ ဖြစ်သည်။
လွန်ခဲ့သည့် ၆ လအတွင်း သူတို့၏ဆက်ဆံရေးမှာ တစ်ဆင့်ထက်တစ်ဆင့် ပိုမို တိုးတက်လာခဲ့ပြီး နောက်ဆုံးတွင် မင်္ဂလာကိစ္စဆွေးနွေးရမည့်အဆင့်ထိ ရောက်ရှိလာခဲ့ပါသည်။
ကျန်းမိသားစုနှင့် ဖေးမိသားစုတို့ကလည်း ကန့်ကွက်မှု မရှိကြပေ။ တစ်ခုတည်းသော ပြဿနာဟူ၍ တင်တောင်းငွေနှင့် ခန်းဝင်ပစ္စည်းကိစ္စဆွေးနွေးရာတွင် အခက်တွေ့စရာအခြေအနေတစ်ခု ဖြစ်ခဲ့ရုံသာ ရှိသည်။
ဝမ်မေ့လီက လောဘတက်သည့် တောင်းဆိုမှုများ ပြုလုပ်နေခြင်းကြောင့်ပင်။
“အမေ၊ သမီးမင်္ဂလာကိစ္စနဲ့ပတ်သတ်ပြီး သမီးမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ ဖိအားတွေ အရမ်းမပေးပါနဲ့”
ကျန်းအာ့နီ ခိုင်မာပြတ်သားစွာ ပြောလိုက်ပါသည်။ သူမတွင် ကိုယ်ပိုင်ဝင်ငွေ ရှိလာစဉ်ကတည်းက အိမ်သို့ လစဉ် ပုံမှန် ထောက်ပံ့ပေးခဲ့သည်။
သတို့သားဘက်ကို ယွမ် ၅၀၀ တင်တောင်းခိုင်းနေသည်မှာ အဓိပ္ပာယ်မရှိလှပါ။
ဝမ်မေ့လီက လက်မခံပေ။
“ဒါပေမယ့် အရမ်းကြီးနည်းလို့လည်း မဖြစ်ဘူးလေ”
ကျန်းအာ့နီက ပြတ်ပြတ်သားသား ဆိုသည်။
“အများဆုံး ယွမ် ၁၀၀ ပဲ၊ အဲ့ထက်ပိုလို့မရဘူး”
ယခုဆိုလျှင် မိသားစုဘဏ္ဍာရေးကို ကျန်းအာ့နီကပင် ကိုင်တွယ်ထားရပြီဖြစ်ကာ သူမ၏ ဆံပင်ညှပ်ဆိုင်ကို စတင်ဖွင့်လှစ်စဉ်ကလည်း ဖေးချင့်က သူ့ကိုယ်ပိုင်စုငွေအမြောက်အများကို စိုက်ထုတ် ကူညီပေးခဲ့ပါသည်။
သူတို့နှစ်ဦးကြားတွင် စုငွေမည်မျှ ကျန်ရှိနေသည်ကို သူမ အသိဆုံးပင်။ သူမတို့၏ အနာဂတ် အိမ်ထောင်ရေး သာယာမှုအတွက် ကျန်းအာ့နီသည် တင်တောင်းငွေကို အသင့်အတင့်သာ ထားရှိခြင်းက အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်ထားပါသည်။
ကျန်းရန်ကွေ့ကလည်း ထောက်ခံသည်။
“ကလေးနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်နိုင်ဖို့က အရေးကြီးတာပဲ၊ တင်တောင်းငွေတွေဘာတွေက ဒုတိယပါ”’
ဝမ်မေ့လီက ကျန်းရန်ကွေ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။ သူတို့၏သားအကြီးဆုံး မိန်းမမရသေးသော်လည်း ကျန်းရန်ကွေ့က သားဖြစ်သူ၏အနာဂတ်ကို ထည့်တွက်ပုံမပေါ်ပါ။
သို့သော် ဝမ်မေ့လီကလည်း သမီးထက် သားများကို လွန်လွန်ကျွံကျွံ မျက်နှာလိုက်တတ်သူ မဟုတ်ပေ။ ထို့ကြောင့် သမီးဖြစ်သူက ယခုကဲ့သို့ ပြတ်ပြတ်သားသား ရပ်တည်နေသည်ကို မြင်ရသောအခါ တင်တောင်းငွေ အမြောက်အများ တောင်းဆိုမည့် အကြံအစည်အား လုံးဝမေ့ပစ်ခဲ့ရတော့သည်။
ကျန်းရန်ကွေ့သည် ဖေးချင့်ကို ငယ်ရွယ်ပြီး အစွမ်းအစရှိကာ စာရိတ္တလည်း ကောင်းမွန်သူဖြစ်သည့်အတွက် သူ့သမီးနှင့် သဘောတူခဲ့ခြင်းဖြစ်ပါသည်။
ထို့အပြင် ဖေးမိသားစုကလည်း ရွာထဲတွင် ရိုးသားဖြောင့်မှတ်သူများအဖြစ် နာမည်ကောင်းရှိကြသည်။
မင်္ဂလာပွဲ အစီအစဉ်များသည် အလွန်ချောမွေ့စွာအောင်မြင်ပြီးမြောက်ခဲ့ပြီး လူငယ်စုံတွဲမှာ လက်ထပ်စာချုပ်များ တရားဝင် ချုပ်ဆိုလျက် မင်္ဂလာအခမ်းအနားတစ်ခု ကျင်းပခဲ့သည်။
မင်္ဂလာကိစ္စ စတင်ဆွေးနွေးချိန်မှ မင်္ဂလာဆောင်သည့်နေ့အထိ တစ်လခန့်မျှသာ အချိန်ကြာမြင့်ခဲ့သော်လည်း သူတို့နှစ်ဦးအကြားတွင် နက်ရှိုင်းလှသော သံယောဇဉ်ရှိပြီးသားဖြစ်၍ ဤပွဲကို ဇွတ်အတင်းခိုးရာလိုက်ပြေးခြင်း သို့မဟုတ် အရှက်ဖုံးရန်အတွက် အလျင်စလို မင်္ဂလာဆောင်ရခြင်းဖြစ်သည်ဟု သတ်မှတ်၍ မရပေ။
မင်္ဂလာပွဲနေ့တွင် ဖေးမိသားစုသည် သူတို့၏ခြံဝန်းထဲ၌ စားပွဲများစွာကို တည်ခင်းပေးခဲ့ပြီး ရွာသူရွာသားတစ်ဝက်ကျော် တက်ရောက်ခဲ့ပါသည်။
ကျန်းအာ့နီသည် သူမ ဆံပင်ကို လက်ရှိ မြို့ထဲတွင် ရေပန်းစားနေသည့် စတိုင်မျိုးဖြစ်အောင် ကိုယ်တိုင် ပြင်ဆင်ခဲ့သည်။
ယခင်ကထက်စာလျှင် ကျန်းအာ့နီ သိသိသာသာ ပိန်ပါးသွားပြီး အသားလည်း ပိုဖြူလာခဲ့ပါသည်။ ဖေးချင့်ဘေးတွင် ယှဉ်တွဲရပ်လိုက်သောအခါ အလွန်လိုက်ဖက်လှသော ဇနီးမောင်နှံများ ဖြစ်ပေတော့သည်။
“အာ့နီက အရမ်းဖက်ရှင်ကျပြီး မြို့သူကြီးစတိုင် ဖြစ်လာတာပဲ၊ တစ်နေ့ထက်တစ်နေ့ ပိုပိုလှလာတယ်လို့တောင် ထင်ရတယ်”
“ဟုတ်ပ၊ သူနဲ့ ဖေးချင့်တို့ အရမ်းလိုက်ဖက်ကြပါတယ်၊ အရင်အချိန်တွေတုန်းကဆိုရင် သူတို့နှစ်ယောက်ကို ဖြစ်နိုင်မယ်လို့တောင် ထင်မိမှာ မဟုတ်ဘူး”
“ဒါနဲ့ နင်တို့အားလုံး ကြားမိကြသေးလား၊ လီမိသားစု ပြဿနာတွေတက်နေတာတဲ့”
“လီသဲ့ရှုနဲ့ သူ့မိန်းမနဲ့ ကွာရှင်းလိုက်ကြပြီလို့ကြားတယ်”
အဘွားအိုတစ်ဦးက သုတ်သုတ်ပျာပျာ ဝင်ထိန်းလိုက်သည်။
“ပေါက်ကရတွေ မပြောစမ်းပါနဲ့အေ၊ ညည်းတို့က ဘယ်လိုသိနေတာလဲ”
“လီသဲ့ရှုရဲ့ ဒေါ်လေးကိုယ်တိုင်ပြောတာကို ကြားခဲ့တာ၊ ဖြစ်ချင်တော့ လီသဲ့ရှုရဲ့ခြေထောက်က ဒဏ်ဖြစ်ပြီး အခုဆိုလမ်းလျှောက်ရင်တောင် ပုံမှန်မဟုတ်တော့ဘူးတဲ့”
“ဟိုတစ်ခေါက် ခြေထောက်ကျိုးသွားတုန်းက ဆေးရုံမှ အမြန်မပို့ကြတာ၊ ယဲ့ကျန်းကော်လည်း သူ့လို ခြေထောက်ကျိုးသွားတာပဲ၊ ဒါပေမယ့် သူက ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီ”
“ကဲပါကဲပါ၊ အဲ့အကြောင်းတွေ မပြောကြပါနဲ့တော့၊ သတို့သမီး ဒီဘက်ကို လာနေပြီ”
ကျန်းအာ့နီကမူ စားပွဲတွင် အတင်းထိုင်တုပ်နေသည့် ဧည်သည်များ၏ စကားကို တစ်ခွန်းမှ မကြားခဲ့ပါ။ တောက်တောက်ပပ အပြုံးဖြင့်သာ ရောက်လာပြီး ဧည့်သည်များကို ဧည့်ခံခဲ့ပါသည်။
မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့သည် ကောင်တီမြို့တွင်သာ ရှိနေကြဆဲဖြစ်၍ မင်္ဂလာပွဲသို့ မတက်ရောက်နိုင်ခဲ့ပေ။
ယဲ့ကျန်းကော်၏ ခြေထောက်မှာ ယခုချိန်ထိ လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်ခြင်း မရှိသေးဘဲ ချိုင်းထောက်ကိုသာ အားပြုနေရပြီး မြို့ထဲတွင် ဆေးကုသမှု ဆက်လက်ခံယူလျက် ရှိပါသည်။
သို့သော် ယဲ့ကျမ့်ယဲ့နှင့် လီကွေ့လန်တို့ လင်မယားကတော့ မင်္ဂလာပွဲသို့ တက်ရောက်လာပါသည်။
ကျန်းအာ့နီက လီကွေ့လန်ထံသို့ တကူးတကသွားရောက်ကာ မေးမြန်းလိုက်သည်။
“ကျောင်းပိတ်ရက်မှာ ရှောင်ရှောင် ပြန်မလာဘူးလား”
လီကွေ့လန်က ရှင်းပြသည်။
“ပိတ်ရက်တွေမှာလည်း လုပ်စရာအလုပ်ကိစ္စလေးတွေ ရှိသေးလို့ ဒီနှစ်နွေရာသီတော့ ပြန်မလာဖြစ်ဘူးတဲ့”
ကျန်းအာ့နီ တောက်တောက်ပပ ပြောလိုက်သည်။
“သူပြန်လာတဲ့အခါကျရင် မြို့ထဲမှာ သမီးကိုလာတွေ့ဖို့ ပြောပေးပါဦး၊ သမီးဆံပင်ညှပ်ဆိုင်ကို အမှတ်(၁) အထက်တန်းကျောင်းရဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာ ဖွင့်ထားတာ”
လီကွေ့လန် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါပြီကွယ်၊ ရှောင်ရှောင် ပြန်ရောက်လာတာနဲ့ ဒေါ်လေး ပြောလိုက်ပါ့မယ်”
ထို့နောက် ကျန်းအာ့နီသည် ဖေးချင့်နှင့်အတူ ကျန်ရှိနေသော ဧည့်သည်တော်များအား သွားရောက် ဧည့်ခံခဲ့ပါသည်။
မူလက မင်္ဂလာပွဲမှာ ချောချောမွေ့မွေ့နှင့် ပျော်ရွှင်စရာကောင်းခဲ့သော်လည်း လီသဲ့ရှုတစ်ယောက် ရောက်ရှိလာချိန်တွင်တော့ အနေခက်စရာအခြေအနေများဖြစ်လာခဲ့ပါသည်။
အိမ်ငှားခများ မပေးနိုင်တော့သဖြင့် လီသဲ့ရှုတို့ သားအမိနေထိုင်သော မြို့ထဲမှ အိမ်ကို အိမ်ရှင်များက အတင်းအကျပ် ပြန်သိမ်းသွားကြသည်။
ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ရွာသို့ အရှက်တကွဲနှင့် ပြန်လာကြရတော့သည်။ ကံကောင်းစွာဖြင့် ယခင်တစ်ခေါက်က သူတို့၏ ရွာအိမ်ကို မရောင်းဖြစ်ခဲ့သဖြင့် အနည်းဆုံးတော့ ခိုလှုံစရာနေရာတစ်ခု ရရှိခဲ့ပါသည်။
လီသဲ့ရှု၏ ဖခင်ဖြစ်သူမှာ မိသားစုငွေများအားလုံးကို လုပ်ငန်းတစ်ခုပေါ်တွင် ပုံအောကာ ရင်းနှီးမြှုပ်နှံလိုက်သဖြင့် အကြီးအကျယ် အရှုံးပေါ်ခဲ့ရသည်။
ပိုဆိုးသည်မှာ ငွေကြေးအလိမ်ခံခဲ့ရပြီး အကြွေးများတောင်လိုပုံလာသဖြင့် ပြဿနာအားလုံးကို လီသဲ့ရှုတို့သားအမိပေါ် ပုံချလျက် အခြားပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။
ယခင်ကဆိုလျှင် လီသဲ့ရှုမှာ အသုံးအဖြုန်းကြီးခဲ့သူဖြစ်သည်။ ထိုစဉ်က ဖုန့်ယန်သည်လည်း သူ့ဘေးနားတွင် ပျော်ပျော်ကြီး ကပ်နေခဲ့ဖူးပါသည်။
သို့သော် ဆင်းရဲသည့်ဘဝမှ ချမ်းသာသည့်ဘဝသို့ ပြောင်းရွှေ့နေထိုင်ဖို့ လွယ်ကူသော်လည်း ချမ်းသာသည့် ဘဝမှ ဆင်းရဲသည့်ဘဝသို့ တစ်ဆင့် ပြန်ဆင်းဖို့ကမူ အလွန်ခက်ခဲလှပေသည်။
မိသားစု၏ စုတ်ပြတ်သပ်နေသော ဆင်းရဲမွဲတေမှုအခြေအနေနှင့် အကြွေးတောင်းသူများ၏ မနားတမ်း လာရောက် နှောင့်ယှက် ခြိမ်းခြောက်မှုများကို သည်းမခံနိုင်တော့သည့်နောက်ဆုံး ဖုန့်ယန်သည် လီသဲ့ရှုနဲ့ ကွာရှင်းပြတ်စဲမည်ဟု ပြောဆိုခဲ့ပါသည်။
သို့သော် တရားဝင် ကွာရှင်းစာချုပ်တွင်တော့ လက်မှတ်မထိုးရသေးပေ။
လီသဲ့ရှုသည် ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးပေးဖို့ ငြင်းဆန်နေသဖြင့် သူတို့နှစ်ဦး သောင်မတင်ရေမကျ အခြေအနေမှာပင် ရှိနေပါသေးသည်။
သူ့အမေနှင့် သေသေချာချာ ဆွေးနွေးတိုင်ပင်ခဲ့ပြီး သူ့ဘက်မှ ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးမပေးသေးသရွေ့ ဖုန့်ယန်သည် လီမိသားစုဝင်တစ်ဦး ဖြစ်နေဦးမည်ဖြစ်ကာ ဖုန့်မိသားစုကလည်း လီသဲ့ရှု၏ အကျပ်အတည်းများကို မကူညီဘဲ လျစ်လျူရှုထားနိုင်မည် မဟုတ်ပေ။
ဖေးအိမ်တော်ရှေ့မှ လီသဲ့ရှုတို့ သားအမိနှစ်ယောက် ဖြတ်သွားစဉ် မည်သူများ မင်္ဂလာဆောင်နေကြကြောင်းကို အလွန်စိတ်ဝင်စားသွားကြပါသည်။
ဖေးမိသားစုမှ ထိုကောင်လေးကို လီသဲ့ရှု ကောင်းကောင်းသိပါသည်။ ထိုကောင်လေးမှာ ငယ်စဉ်ကတည်းက လက်သမားအလုပ်ကို သင်ယူလုပ်ကိုင်ခဲ့ပြီး ရွာထဲမှ ကလေးများနှင့်လည်း ပေါင်းသင်းဆက်ဆံမှု မရှိခဲ့ပေ။
လီသဲ့ရှု၏ အမေကလည်း စပ်စုချင်စိတ်ကို ထိန်းမရပေ။
“သတို့သမီးက ဘယ်သူလဲမသိဘူး၊ ငါတို့လည်း ဘာမှ မကြားမိပါဘူး”
ထိုစဉ် မျက်စိလျင်ပြီး အာကျယ်သည့် ဧည့်သည်တစ်ဦးက သူတို့သားအမိကို လှမ်းမြင်ကာ ဖော်ဖော်ရွေရွေ အော်ခေါ်လိုက်ပါသည်။
“သဲ့ရှုတို့အမေနဲ့ သဲ့ရှုပါလား! နှစ်ယောက်သား ပြန်ရောက်နေကြတာလား!”
လီမိသားစု အကြီးအကျယ် မွဲပြာကျသွားသည့်အကြောင်းကို ရွာသားအတော်များများ မသိကြသေးပါ။ ထို့ကြောင့် သူတို့ကို ယခင်ကကဲ့သို့ပင် တလေးတစား ဆက်ဆံနေကြဆဲပင်။
လီသဲ့ရှုလည်း ရွေးချယ်စရာမရှိတော့ဘဲ ယဉ်ကျေးမှုအရ စကားအနည်းငယ် သွားပြောလိုက်ရတော့သည်။
“ဒီနေ့ ဘယ်သူတွေ မင်္ဂလာဆောင်နေကြတာလဲ”
ထိုဧည့်သည်တော်မှာ ခေါ်တုန်းက ခေါ်ခဲ့ပြီး ယခုမှ အနည်းငယ် အနေခက်သွားပါသည်။
“ဪ ဟို... ဖေးချင့်နဲ့ အာ့နီတို့ပါ...”
လီသဲ့ရှုသည် ခြံဝန်းထဲသို့ လှမ်းကြည့်လိုက်ရာ အလွန်မျက်စိကျစရာကောင်းသော အနီရောင် သတို့သမီးဝတ်စုံလေးကို ဆင်မြန်းထားသည့် ကျန်းအာ့နီအား ချက်ချင်းတန်းမြင်သွားပါသည်။