← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

📗 Chapter 189

လီသဲ့ရှုတစ်ယောက် အကြွင်းမဲ့ ရီဝေ မှင်သက်သွားခဲ့ရသည်။

ကျန်းအာ့နီမှာ သိသိသာသာ ပိန်ပါးသွားပြီး အသားအရည်မှာလည်း ဖြူဖွေးနူးညံ့လာခဲ့ပါသည်။ သူမ၏ ကိုယ်ရောင်ကိုယ်ဝါတစ်ခုလုံးမှာ ယခင်ကနှင့် လုံးဝ ခြားနားနေသည်။

ယခုကဲ့သို့ ပြင်ဆင်လိုက်သောအခါ ယခင်က ပုံတုံးတုံး၊ အူကြောင်ကြောင် မိန်းကလေးနှင့် လားလားမှ မသက်ဆိုင်တော့သည်မှာ ပိုမိုထင်ရှားသွားခဲ့သည်။

ကျန်းအာ့နီလည်း လီသဲ့ရှုကို သတိထားမိသွားသည်။

သူမသည် ဖေးချင့်နှင့် လက်မောင်းချင်းချိတ်လျက် လီသဲ့ရှု ရှိရာထံသို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လာခဲ့ပါသည်။

“လီသဲ့ရှု၊ အထဲဝင်ပြီး ဝိုင်လေးဘာလေး သောက်ပါဦးလား”

နောက်ဆုံးတွင်တော့ လီသဲ့ရှုဘက်ကသာ မျက်လွှာအရင်ချလိုက်ရပါသည်။

“မသောက်တော့ပါဘူး ကျေးဇူးပါ၊ ငါတို့ပြန်ရောက်လာတာ မကြာသေးဘူးလေ၊ အိမ်မှာ သန့်ရှင်းရေးလုပ်ရဦးမယ်”

ဤသို့ဖြင့် လီသဲ့ရှုတစ်ယောက် အရှက်တကွဲအကျိုးနည်းဖြစ်ကာ မင်္ဂလာပွဲမှ သုတ်သုတ်ပျာပျာထွက်လာခဲ့ရတော့သည်။

ကျန်းအာ့နီလည်း သူ့ကို အတင်းအကျပ် ဆွဲမထားပေ။ ရိုးသားပွင့်လင်းသည့် အပြုံးတစ်ခုဖြင့်သာ နှုတ်ဆက်ခဲ့ပြီး ဖေးချင့်နှင့်အတူ မင်္ဂလာအခမ်းအနားထဲသို့ ပြန်ဝင်လာခဲ့တော့သည်။

လီသဲ့ရှု၏အမေသည်လည်း တစ်ချက်နှစ်ချက်သာ ချောင်းကြည့်ခဲ့ပြီး အမြန်လစ်ထွက်လာခဲ့ပါသည်။

သူတို့မိသားစု ဆင်းရဲမွဲတေသွားသော်လည်း ယခင်က ဆုံးဖြတ်ချက်များကို နောင်တမရကြသေးပေ။ ကျန်းအာ့နီ၏ ပျော်ရွှင်တောက်ပနေသော အမူအရာကိုမြင်ရသည်မှာ သူမ၏ ရင်ကို ဗလောင်ဆူစေပါသည်။

“ငါတို့ရွာထဲက ယောက်ျားတွေ မိန်းမရဖို့ ခက်တာ အလကားမဟုတ်ဘူး၊ ရွာသူရွာသားအချင်းချင်း အိမ်ထောင်ကျတာ ဘာအဓိပ္ပာယ်ရှိမှာလဲ၊ တစ်သက်လုံး ဒီရွာထဲမှာပဲ ပိတ်မိနေမှာပေါ့၊ သဲ့ရှု… အမေတို့ ဒီရွာကို ယာယီပြန်လာရတယ် ဆိုပေမယ့် တစ်ချိန်ကျရင် မြို့ကို ကျိန်းသေပေါက်ပြန်တက်မှာ သိလား”

အမေဖြစ်သူ၏ စကားလုံးများကိုကြားပြီး လီသဲ့ရှု အလွန်ခါးသီးသွားခဲ့သည်။ ယခုသူ့တွင် အလုပ်အကိုင် အတည်တကျပင် မရှိတော့သဖြင့် မြို့သို့ပြန်တက်နိုင်မည့် အခွင့်အရေးမည်သို့ရှိနိုင်ပါဦးမည်နည်း။

--- --- ---

လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အား ကားမောင်းသင်ပေးရမည့်တာဝန်ကို ဟန်ရှင်းလက်ထဲ တရားဝင် အပ်နှံခဲ့ပါသည်။

ပထမဆုံးနေ့တွင် ယဲ့ရှောင်ရှောင်ကို ဟန်ရှင်းကိုယ်တိုင် လာခေါ်ခဲ့သည်။

ယဲ့ရှောင်ရှောင်သည် ကားပြူတင်းမှန်မှတဆင့် ဟန်ရှင်းအား ငုံ့ကြည့်ကာ မေးလိုက်သည်။

“ရှင်ကိုယ်တိုင် ဘာလို့ လာခေါ်တာလဲ”

ဟန်ရှင်းသည် ကားမှန်ချကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“အစ်ကိုလု ပေးအပ်ထားတဲ့တာဝန်မို့လို့ အမှားအယွင်းမရှိအောင် သေသေချာချာ ထမ်းဆောင်ရမှာပေါ့၊ ငါ့ခယ်မလေးအတွက် ယာဉ်မောင်းအဖြစ် တာဝန်ယူပေးရတာ ဂုဏ်ယူစရာကိစ္စပါ”

ယဲ့ရှောင်ရှောင် “ကျွန်မကို ခယ်မလေးလို့ ခေါ်ရင် အရမ်းကြောင်တောင်တောင်နိုင်နေလို့ နာမည်ပဲ ခေါ်ပါလား”

ဟန်ရှင်းက လက်ချောင်းနှစ်ချောင်းဖြင့် အလေးပြုလျက် စကားနားထောင်လိုက်သည်။

“ကောင်းပါပြီ”

ယဲ့ရှောင်ရှောင်အတွက် ဟန်ရှင်းစီစဉ်ပေးထားသည့် လေ့ကျင်းကွင်းမှာ အလွန်ကျယ်ဝန်းသော ကွင်းပြင်ကြီးတစ်ခု ဖြစ်ကာ သူမအတွက် နည်းပြတစ်ဦးကိုလည်း သီးသန့် ငှားရမ်းပေးထားသည်။

“သူက ဆရာဝူရွှမ်လို့ ခေါ်တယ်၊ အစ်ကိုကြီးဝူက ဝါရင့် စစ်မှုထမ်းဟောင်းတစ်ယောက်ပဲ၊ စစ်တပ်ထဲမှာ ရှိတုန်းက ယာဉ်မျိုးစုံကို မောင်းဖူးတယ်၊ တစ်ပတ်အတွင်းမှာ နင့်ကို အတတ်သင်ပေးနိုင်မယ်လို့ ငါအာမခံတယ်”

ယဲ့ရှောင်ရှောင်က ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပါသည်။

“တွေ့ရတာဝမ်းသာပါတယ် ဆရာဝူ”

ဝူရွှမ်သည် အလွန်ခက်ထန်တည်တံ့သော လူတစ်ဦးဖြစ်သော်လည်း သူ၏ သင်ကြားပြသနမှု နည်းစနစ်များမှာ အလွန်ပင် စေ့စပ်သေချာလှပါသည်။

ယဲ့ရှောင်ရှောင်သည် ပထမဆုံးနေ့တွင် ကားစက်နှိုးခြင်းနှင့် ရှေ့သို့တိုးခြင်းတို့ကို အောင်အောင်မြင်မြင် တတ်မြောက်သွားခဲ့သည်။

လေ့ကျင့်ချိန်များစွာ ရှိနေသဖြင့် သူမ၏ တိုးတက်နှုန်းမှာ အလွန်မြန်ဆန်လှပေသည်။

ယဲ့ရှောင်ရှောင်တစ်ယောက် ကားနှင့် ခပ်မြန်မြန် အသားကျလာသည်ကို မြင်တွေ့ရသောအခါ ဟန်ရှင်းသည် သတ်မှတ်ချိန်မတိုင်မီမှာပင် နှုတ်ဆက်ကာ စိတ်ချလက်ချ ပြန်သွားခဲ့ပါသည်။

ထိုကွင်းပြင်ထဲတွင် ကားမောင်းလေ့ကျင့်နေသူမှာ ယဲ့ရှောင်ရှောင်တစ်ဦးတည်းတော့ မဟုတ်ပေ။ အခြားသူတစ်ဦးလည်း ရှိနေပါသေးသည်။

ထိုသူသည် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယဲ့ရှောင်ရှောင်ထက် အနည်းငယ် အသက်ပိုကြီးမည်ဟု ထင်ရသည်။ ကားမောင်းသင်နေစဉ်အတွင်း အလွန်ဒေါသထွက်နေပုံရပြီး သူမ၏ နည်းပြနှင့်ပင် စကားများ အချေအတင်ဖြစ်ခဲ့လေသည်။

နေကလည်း ပူပြင်းလွန်းသဖြင့် လူတို့ စိတ်ဆတ်လွယ်နေကြချိန်ဖြစ်ရာ နည်းပြ၏ လေသံမှာလည်း တဖြည်းဖြည်းနှင့် ခက်ထန်လာပါသည်။

ထိုအချိန်တွင် ယဲ့ရှောင်ရှောင်သည် ကားထဲမှထွက်လာပြီး အနီးနားရှိ အရိပ်ရသော အမိုးအကာအောက်တွင် ရေသောက်ရင်း အနားယူနေလေသည်။

တစ်ဖက်မှ အမျိုးသမီးသည်လည်း ကားထဲမှ ဒေါသတကြီး ထွက်လာပြီး ထိုအမိုးအကာအောက်သို့ လျှောက်လာကာ သူမအိတ်ကို ဆွဲယူလိုက်ပါသည်။

သို့သော် သူမ၏ အိတ်ကို ပခုံးတွင်လွယ်ကာ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန် သူမ ခန္ဓာကိုယ်မှာ မြေကြီးပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားလေသည်။

“အစ်မစစ်!”

သူမနှင့် မကြာသေးခင်က စကားများခဲ့သည့် နည်းပြမှာ တုန်လှုပ်ချောက်ချားစွာဖြင့် အပြေးအလွှားရောက်ရှိလာသည်။

ယဲ့ရှောင်ရှောင်လည်း လက်ထဲမှ ရေဘူးကိုချကာ ထိုသူတို့ထံ အပြေးသွားကြည့်လိုက်ရာ ထိုအမျိုးသမီးသည် မြေပြင်ပေါ်တွင် လဲကျနေပြီး ခြေလက်များ တဆတ်ဆတ် တုန်ခါကာ အကြောဆွဲနေသည်ကို တွေ့ရှိလိုက်ရသည်။

“သူ့ကို အရမ်းသွားမရွှေ့နဲ့! အပူလွန်ပြီး ဖြစ်သွားတာ”

ယဲ့ရှောင်ရှောင်သည် ထိုအမျိုးသမီးကို အသာအယာပွေ့ချီပေးဖို့ ထိတ်လန့်နေသည့် နည်းပြအား အကူအညီတောင်းလိုက်ပြီး အေးမြပြီး အရိပ်ရသည့် နေရာတစ်တစ်နေရာသို့ ပြောင်းရွှေ့ခိုင်းလိုက်ပါသည်။

ထို့နောက် သူမ၏ လွယ်အိတ်ထဲမှ အပ်များကို ထုတ်ကာ ထိုအမျိုးသမီး၏ အကြောမှတ်များကို တိတိကျကျ ထိုးစိုက်ပေးလိုက်သည်။

ထိုအမျိုးသမီး သတိပြန်လည်လာသောအခါ ယဲ့ရှောင်ရှောင်သည် လွယ်အိတ်ထဲမှ အေးမြသည့် ဓာတ်ဆားရည်တစ်ဘူးကို ထုတ်ကာ အနည်းငယ် တိုက်ကျွေးလိုက်ပါသည်။

ဤကဲ့သို့ ရာသီဥတုမျိုးတွင် အပူရှပ်နိုင်ခြေရှိသည်ကို ကြိုတင်ခန့်မှန်းမိသဖြင့် ဤပစ္စည်းများကို ယဲ့ရှောင်ရှောင် ကြိုတင်ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။

စစ်နင်တစ်ယောက် တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်လာပြီး ယဲ့ရှောင်ရှောင်အား လှည့်ကြည့်လိုက်ပါသည်။

“ကျေးဇူးအများကြီး တင်ပါတယ်”

“ရပါတယ်ရှင်၊ ဘာမှအပန်းမကြီးပါဘူး”

“အစ်မစစ် အဆင်ပြေရဲ့လား”

နည်းပြက တုန်လှုပ်စွာ ဝင်မေးလိုက်သည်။

စစ်နင်ကလည်း နည်းပြ၏ မျက်နှာကို မကြည့်ချင်သဖြင့် အေးတိအေးစက်ပင် ပြန်ဖြေလိုက်သည်။

“ဘာမှမဖြစ်ဘူး”

ထိုစဉ် ယဲ့ရှောင်ရှောင်က အကြံပြုသည်။

“နေလို့ထိုင်လို့ မကောင်းသေးဘူးဆိုရင် ဆေးရုံမှာ သေချာဆေးသွားစစ်သင့်တယ်၊ ဒါပေမယ့် ကျွန်မမြင်သလောက်တော့ ဒီတိုင်း အပူလွန်ကဲလို့ ဖြစ်သွားတာပါ၊ တခြားဘာရောဂါကြောင့်မှ မဖြစ်နိုင်ဘူး”

စစ်နင်ကို အမိုးအကာအောက်တွင် ထိုင်နိုင်ရန် အားလုံး တွဲကူပေးလိုက်ကြသည်။

“ဒီက ညီမနာမည်ကို မမေးရသေးဘူးနော်”

“ကျွန်မနာမည် ယဲ့ရှောင်ရှောင်ပါ”

“ရှောင်ရှောင်… ညီမက ဆရာဝန်လား”

“ဆေးကျောင်းသားတစ်ယောက်ပါ”

စစ်နင်မှာ အံ့အားသင့်မှုဖြင့် မျက်လုံးများ အရောင်လက်သွားရသည်။

“ဒါဆို အရမ်းထူးချွန်တဲ့ ဆေးကျောင်းသားပဲဖြစ်ရမယ်၊ ခုနက အစ်မကို အပ်စိုက်ကုသပေးလိုက်တာ အများကြီး ပိုသက်သာသွားသလို ခံစားရတယ်၊ ညီမရဲ့ပညာက သာမန်ဆေးရုံဆရာဝန်တွေထက်တောင် ပိုသာနေသလိုပဲ”

ယဲ့ရှောင်ရှောင် ကျိုးနွံစွာသာ တုံ့ပြန်ခဲ့သည်။

“အခုမှ အခြေခံပညာအဆင့်တွေလောက်ပဲ တတ်မြောက်ပါသေးတယ်”

သို့သော် စစ်နင်သည် ယဲ့ရှောင်ရှောင်၏ လက်ကို အားကိုးတကြီး ဆုပ်ကိုင်လိုက်ပါသည်။

“ညီမက တရုတ်တိုင်းရင်းဆေးပညာကို လေ့လာနေတာမလား၊ ဒါဆို အစ်မရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပေးလို့ ရမလားဟင်”

ဤကဲ့သို့ စိတ်အားထက်သန်မှုရှိသည့် လူနာတစ်ဦးကို ယဲ့ရှောင်ရှောင် ပထမဆုံးအကြိမ်အဖြစ် ဆုံဖူးခြင်း ဖြစ်ပါလိမ့်မည်။

ယဲ့ရှောင်ရှောင်လည်း အချိန်အားလပ်နေသဖြင့် စစ်နင်ကို လက်ကောက်ဝတ်ဆန့်ခိုင်းလိုက်သည်။

အချိန်အတန်ကြာအောင် စစ်ဆေးပြီးနောက် ယဲ့ရှောင်ရှောင် သုံးသပ်လိုက်ပါသည်။

“အစ်မရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက နည်းနည်း အားပျော့တယ်ဆိုပေမယ့် ပြဿနာကြီးကြီးမားမားတော့ မရှိပါဘူး၊ အစားအသောက်ကုထုံးနဲ့ လိုအပ်တဲ့အာဟာရတွေကို ဖြည့်တင်းနိုင်မယ်ဆိုရင် လုံလောက်တယ်၊ ဆေးတွေ တကူးတက သောက်ဖို့လိုမယ် မထင်ဘူး”

ထိုစကားကို ကြားသောအခါ စစ်နင်၏ မျက်နှာမှာ အနည်းငယ်စိတ်ပျက်အားလျော့သွားသည့်ပုံစံ ပေါက်သွားသည်။

“ဟုတ်လား…”

“အစ်မစိုးရိမ်မိတဲ့ ပြဿနာတွေဘာတွေ ရှိလို့လား”

ယဲ့ရှောင်ရှောင်၏ ငယ်ရွယ်နုပျိုသော မျက်နှာလေးကို ကြည့်ပြီး စစ်နင် ပြောရကောင်း မပြောရကောင်း ဝေခွဲရ ခက်သွားပါသည်။

သို့သော် အတန်ကြာအောင် တွန့်ဆုတ်သွားပြီးနောက် သူမ၏ အခက်အခဲများကို ထုတ်ပြောဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်လေ… အစ်မ အိမ်ထောင်ကျတာ ၃ နှစ်တောင်ရှိပါပြီ၊ အခုချိန်ထိ သားသမီးမထွန်းကားသေးဘူး၊ အဲ့တာကြောင့် အစ်မရဲ့ ခန္ဓာကိုယ်မှာ ပြဿနာတစ်ခုခုများရှိနေမလားလို့ အမြဲတမ်း သံသယဝင်နေမိတာ”

ယဲ့ရှောင်ရှောင်ကလည်း ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။

“အစ်မရဲ့ ခင်ပွန်းမှာ ပြဿနာရှိနေတာလည်း ဖြစ်နိုင်တာပဲလေ”

စစ်နင် မှင်သက်သွားသည်။

“ဟင်၊ တကယ်ကြီးလား၊ ယောက်ျားတွေမှာလည်း အဲ့လိုမျိုးပွားပြဿနာတွေ ရှိတတ်တယ်ပေါ့”

ယဲ့ရှောင်ရှောင် အခိုင်အမာခေါင်းညိတ်လိုက်သည်။

“အစ်မတို့နှစ်ယောက်စလုံး ဆေးရုံမှာ သေသေချာချာ စစ်ဆေးကြည့်သင့်တယ်”

သို့သော် စစ်နင်ကမူ အနည်းငယ် ပဋိပက္ခဖြစ်နေပါသည်။

“သူက စစ်ချင်မှာမဟုတ်လောက်ဘူးထင်တယ်”

ယဲ့ရှောင်ရှောင်: “အစ်မတို့နှစ်ယောက် ကလေးမယူဖို့ အတိအလင်း ဆုံးဖြတ်ထားတာ မဟုတ်ရင်တော့ ခင်ပွန်းဖြစ်သူကော ဇနီးဖြစ်သူကော ကျန်းမာရေးကို အလေးထားသင့်တယ်၊ တကယ့်ပြဿနာက သူ့မှာရှိနေတာဆိုရင် အစ်မ ဘက်က ဘယ်လိုကုသမှုမျိုးပဲခံယူခံယူ ဘာအကျိုးထူးနိုင်မှာလဲ”

ဤကဲ့သို့ ဆုံးဖြတ်ရခက်ခဲနေသည့် လူနာတစ်ဦးအဖို့ အမှန်တရားများကို ရှင်းရှင်းလင်းလင်း ချပြခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်မည်ဟု ယဲ့ရှောင်ရှောင် ခံစားမိပါသည်။

စစ်နင်လည်း နောက်ဆုံးတော့ သတ္တိမွေးနိုင်ခဲ့သည်။

“ဟုတ်ပါပြီ၊ အစ်မ အိမ်ပြန်ရောက်ရင် အစ်မအမျိုးသားနဲ့ သေချာတိုင်ပင်ကြည့်လိုက်ပါ့မယ်”

ယဲ့ရှောင်ရှောင်က အသိပေးလိုက်သေးသည်။

“အစ်မတို့နှစ်ယောက် တိုင်းရင်းဆေးပညာနဲ့ကုချင်တယ်ဆိုရင် စက်တင်ဘာလမတိုင်ခင် ရမ်သဲ့ထန်မှာ ကျွန်မကို အချိန်မရွေး လာတွေ့လို့ရပါတယ်၊ ကျွန်မ မရှိရင်တောင် အစ်မတို့ကို သေချာစစ်ဆေးပေးမယ့် ဆရာဝန်ကောင်း‌တွေ အဲ့မှာ အများကြီး ရှိတယ်”

စစ်နင် နွေးနွေးထွေးထွေး ပြုံးလိုက်သည်။

“အစ်မ မှတ်ထားလိုက်ပါ့မယ်”

ကျန်းမာရေးအခြေအနေကြောင့် စစ်နင်သည် နေ့လယ်ခင်း ကားမောင်းဆက်သင်ဖို့ကို ဖျက်သိမ်းလိုက်ရတော့သည်။

ယဲ့ရှောင်ရှောင်ကမူ အနီးနားတွင် နေ့လယ်စာသွားစားခဲ့ပြီး အပူချိန်လျော့ကျသွားသည့်အချိန်အထိ အနားယူကာ အနည်းငယ် ဆက်လေ့ကျင့်ခဲ့ပါသည်။

ယခုဆိုလျှင် ယဲ့ရှောင်ရှောင်သည် လမ်းမပေါ်သို့ ထွက်မောင်းရန် ယုံကြည်မှုအပြည့်အဝ ရှိနေပြီဖြစ်သော်လည်း ကားနောက်ဆုတ်ခြင်းနှင့် ဘေးတိုက် ကားပါကင်ထိုးခြင်းတို့တွင်မူ အနည်းငယ် ရုန်းကန်နေရဆဲပင်။

ကံကောင်းစွာဖြင့် ဤခေတ်ကာလတွင် ကားပါကင်များမှာ ၂၁ ရာစုကဲ့သို့ ပြည့်ကျပ်နေခြင်း မရှိသလောက် ရှားပါသည်။

ရှုပ်ထွေးလှသော ကားပါကင်နေရာကျဉ်းကျဉ်းလေးများထဲသို့ အတင်းတိုးဝင်ရခြင်းမျိုး မဟုတ်သရွေ့ ယဲ့ရှောင်ရှောင်အတွက် ပြဿနာ မရှိနိုင်ပေ။

ပထမဆုံးနေ့ လေ့ကျင့်မှု ပြီးဆုံးသွားသောအခါ ယဲ့ရှောင်ရှောင်၏ ယုံကြည်မှုများလည်း အဆုံးစွန်ထိ မြင့်တက်သွားခဲ့ရသည်။

ထိုနေ့ ညနေခင်းတွင် ဟန်ရှင်းပြန်ရောက်လာပြီး ယဲ့ရှောင်ရှောင်အား လာကြိုခဲ့ပါသည်။

“မနက်ဖြန်မနက်ကျရင် စောစောလာခဲ့၊ မွန်းတည့်ချိန်လောက်ပြန်ကြမယ်၊ နေ့လယ်ပိုင်းကျရင် ဒီကွင်းပြင်တွေက ခြစ်ခြစ်တောက်အောင် ပူတာ”

ယနေ့မနက်က ဟန်ရှင်းမပြန်ခင် ယဲ့ရှောင်ရှောင်ကို စောစောပြန်ဖို့ မှာကြားခဲ့သော်လည်း ယဲ့ရှောင်ရှောင်မှာ အလွန်စိတ်အားထက်သန်နေခဲ့သဖြင့် နေ့လယ်ခင်းထိတိုင်အောင် ဆက်လက်လေ့ကျင့်ခဲ့ပါသည်။

သို့သော် တစ်နေကုန် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ လေ့ကျင့်ပြီးနောက်တွင် ပူပြင်းလှသော နေရောင်ခြည်အောက် လွန်လွန်ကျူးကျူး နေထိုင်ရန် မသင့်တော်မှန်း ယဲ့ရှောင်ရှောင် သဘောတူ လက်ခံခဲ့ရတော့သည်။

“အဲ့အစီအစဉ် ကောင်းပါတယ်”

ထို့ကြောင့် ယဲ့ရှောင်ရှောင်၏ တစ်နေ့တာ အချိန်ဇယားများ အနည်းငယ် ပြောင်းလဲခဲ့ရသည်။

မနက်အစောပိုင်းများတွင် ကားမောင်းသင်ခဲ့ပြီး မွန်းလွဲပိုင်းတွင် အိမ်သို့ပြန်ကာအနားယူခဲ့သည်။ ထို့နောက် ကိုယ်ရေးကိုယ်တာကိစ္စများကို ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။

ထိုကာလအတွင်း ယခင်တစ်ခေါက်က ပိုင်မုန့်အန်း ပြောထားသည့် နွေရာသီတွေ့ဆုံပွဲကို တရားဝင် အချိန်သတ်မှတ်ပြီးပြီ ဖြစ်၍ ယဲ့ရှောင်ရှောင်အား ကြိုတင် အသိပေးခဲ့ပါသည်။

“နင်အခုဘယ်မှာနေနေတာလဲ၊ ငါကားနဲ့ လာခေါ်မယ်”

ပိုင်မုန့်အန်းက ဖုန်းထဲမှနေ၍ မေးလိုက်ပါသည်။

ယဲ့ရှောင်ရှောင်က လိပ်စာပေးရင်း ပြောလိုက်သည်။

“အဲ့ကို ငါ့ဖာသာငါလည်း သွားလို့ရပါတယ်”

“အဲ့နေရာက ငါတို့အိမ်ရာဝင်းနဲ့ နည်းနည်းဝေးတယ်ဟဲ့၊ ငါပဲ လမ်းကြုံဝင်ခေါ်ပေးပါ့မယ်၊ ပြီးတော့ သူငယ်ချင်းတွေလည်း ပါလာဦးမှာပဲဥစ္စာ”

ယဲ့ရှောင်ရှောင်က စိတ်ဝင်တစား မေးသည်။

“ဘယ်သူတွေကို ခေါ်လာမှာလဲ”

“မပူပါနဲ့၊ နင်နဲ့သိပြီးသားလူတွေချည့်ပဲ၊ ငါတို့သူငယ်ချင်းဟောင်းတွေလေ၊ တွေ့ရင် သိပါလိမ့်မယ်”

ယဲ့ရှောင်ရှောင် “…”

All Chapters