← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

📗 Chapter 190

တွေ့ရင် သိပါလိမ့်မယ်တဲ့လား…

ထိုစကားလုံးများက ယဲ့ရှောင်ရှောင်အတွက် ကျိန်စာတစ်ခုလိုပင်ဖြစ်ခဲ့ကာ တစ်ညလုံး အိပ်မက်ဆိုးများပင် မက်စေခဲ့သည်။

နောက်တစ်နေ့မနက် ကားမောင်းသွားသင်သည့်အချိန်မှာပင် စိတ်ရွှင်လက်ရွှင် မရှိတော့ချေ။

ယနေ့သည် ယဲ့ရှောင်ရှောင်၏ ကားမောင်းသင်တန်း နောက်ဆုံးနေ့ဖြစ်ပါသည်။ မနက်ဖြန် သူမ၏ နည်းပြဆရာ ဝူရွှမ်သည် သူမကို ယာဉ်မောင်းလိုင်စင် စာမေးပွဲ ဖြေဆိုရန် ခေါ်ဆောင်သွားမည်ဖြစ်သည်။

အကယ်၍ စာမေးပွဲအောင်ခဲ့ပါက တစ်ပတ်အတွင်း ယာဉ်မောင်းလိုင်စင် ရရှိပါလိမ့်မည်။

မနက်ခင်း ကားမောင်းလေ့ကျင့်ပြီးနောက် နေ့လယ်ခင်းတွင် ပိုင်မုန့်အန်း၏ ပါတီပွဲသို့ သွားရောက်ဖို့ ပြင်ဆင်ရပါသည်။

ယဲ့ရှောင်ရှောင်သည် မူလက ပိုင်မုန့်အန်းကို စက်ဘီးတစ်စီးဖြင့်သာ ရောက်ရှိလာမည်ဟု ထင်မှတ်ထားသော်လည်း စုန့်အိမ်တော်ရှေ့သို့ အလွန်တောက်ပပြီး မျက်စိကျစရာကောင်းသော ဂျစ်ကားတစ်စီး ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။

ထိုဂျစ်ကား၏ ယာဉ်မောင်းမှာ ကလေးမျက်နှာလေးနှင့် ကောင်လေးတစ်ဦးဖြစ်ကာ ကားမောင်းဖို့ အသက်ပြည့်မပြည့်ကိုပင် ခန့်မှန်းရခက်လှပါသည်။

သို့သော် ကားမှန်ကျသွားသည်နှင့် ထိုကောင်လေးက ယဲ့ရှောင်ရှောင်ကို တောက်တောက်ပပ လှမ်းပြုံးပြပါသည်။

ယဲ့ရှောင်ရှောင်လည်း လာဘ်ခေါ်ကြောင်ရုပ်လေးတစ်ကောင်ပမာ တောင့်တောင့်တင်းတင်း လက်ယမ်းပြလိုက်သည်။

“မောနင်း!”

ကလေးမျက်နှာနှင့် ကောင်လေးက ရယ်ချင်သွားသည်။

“နေ့လယ်တောင်စောင်းနေပြီ မဟုတ်ဘူးလား”

ပိုင်မုန့်အန်းလည်း ကားပေါ်မှ ဆင်းလာပြီး ယဲ့ရှောင်ရှောင်ကို ကားပေါ်ဆွဲခေါ်သွားခဲ့သည်။

“ဘယ်လိုလဲ သဘောကျလား၊ နင့်ကို ကောင်းကောင်း ကြိုဆိုနိုင်ဖို့အတွက် လင်းကျစ်လူကို သူ့အိမ်ကကားနဲ့ လာခေါ်ခိုင်းလိုက်တာလေ”

ယဲ့ရှောင်ရှောင်က မယုံသင်္ကာနှင့် မေးသည်။

“သူ့မှာ ယာဉ်မောင်းလိုင်စင်ကော ရှိရဲ့လားဟင်”

လင်းကျစ်လူက မခံချင်စိတ်ဖြင့် ချေပလိုက်သည်။

“ရထားတာ မကြာသေးဘူးဟ!”

ယဲ့ရှောင်ရှောင် မျက်ခုံးပင့်လျက် တွေးလိုက်ပါသည်။

‘ဒါဆို သူ့ကားမောင်းစကေးက ငါနဲ့ မတိမ်းမယိမ်းလောက်ပဲပေါ့’

ယာဉ်မောင်းထိုင်ခုံဘေးတွင် ထိုင်နေသည့် ကောင်မလေးတစ်ဦးက ယဲ့ရှောင်ရှောင်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

“ငါ့ကို သတိရရဲ့လား ရှောင်ရှောင်”

ယဲ့ရှောင်ရှောင်သည် အလွန်ရှည်လျား ဖြောင့်စင်းကာ နက်မှောင်နေသော ဆံနွယ်များကို ပိုင်ဆိုင်ထားသည့် ထိုမိန်းမလှလေးအား သေသေချာချာ အကဲခတ်ကြည့်လိုက်ပါသည်။

သူမ ခန့်မှန်းချက်သာ မမှားလျှင် ထိုကောင်မလေးမှာ စုထုံဖြစ်ရမည်။

စုထုံသည် မူရင်းခန္ဓာကိုယ်ပိုင်ရှင်နှင့် အလွန်ရင်းနှီးသော သူငယ်ချင်းတစ်ဦးဖြစ်ခဲ့ပြီး ဇာတ်လမ်းအစပိုင်းများတွင် ဟောက်ယန်ယန်ကို ဆန့်ကျင်ဖို့ တက်တက်ကြွကြွ ကူညီပေးခဲ့သူ ဖြစ်ပါသည်။

သို့သော် နောက်ပိုင်း ဇာတ်လိုက်မင်းသမီးနှင့် ပတ်သတ်ဆက်ဆံမှုများ ရှိလာသည့်အပြင်၊ ရှုမိသားစုနှင့် ဟောက်မိသားစုတို့၏ ဖိအားပေးမှုများကြောင့် စုထုံနှင့် ဟောက်ယန်ယန်တို့ ရန်ငြှိုးများ ကျေအေးသွားကြပြီး ရန်သူများမှ မိတ်ဆွေများအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

ယဲ့ရှောင်ရှောင်က မေးပွတ်လျက် ဖြေလိုက်ပါသည်။

“အရမ်းအရမ်းကို သတိရတာပေါ့”

စုထုံက မကျေမနပ်ဖြင့် နှုတ်ခမ်းစူသွားသည်။

“နင့်လေသံက စိတ်မပါဘဲ အပေါ်ယံဆန်လိုက်တာ”

ထိုအခါ ယဲ့ရှောင်ရှောင်သည် ထိုမိန်းမလှလေး၏ ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ ပါးပြင်ပေါ်သို့ အားရပါးရ အနမ်းခြွေပစ်လိုက်ပါသည်။

“အရမ်းသတိရပါတယ်ဆို!”

“အား!!! ငါလည်းပါမယ်! ငါလည်း အနမ်းခံချင်တယ်!”

ယာဉ်မောင်းထိုင်ခုံပေါ်မှ လင်းကျစ်လူက ရှဉ့်တစ်ကောင်ပမာ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ယဲ့ရှောင်ရှောင်က ချက်ချင်းပင် ပြန်လည်အေးစက်သွားသည်။

“ကားကိုပဲ ဂရုစိုက်မောင်းစမ်းပါ”

လင်းကျစ်လူတစ်ယောက် ချက်ချင်းပင် ဝမ်းနည်းညှိုးငယ်သွားရတော့သည်။ သူဆိုသည်မှာ အရေးမပါသည့် လိုသုံးတစ်ယောက်ထက် မပိုပေ။

ထိုစဉ် ယဲ့ရှောင်ရှောင်၏ ရုတ်ခြည်းဆန်သော အနမ်းတစ်ပွင့်ကြောင့် စုထုံ၏ ပါးပြင်များ နီမြန်းသွားရသည်။

‘အား!!! ရှောင်ရှောင်က အရင်ကထက်တောင် ပိုလှလာသလိုပဲ! အလှလေးတွေ အတူစုနေတာ တကယ် အကောင်းဆုံးပဲ!’

ပိုင်မုန့်အန်းသည် ယဲ့ရှောင်ရှောင်၏ ပခုံးကို အရဲတဝံ့လှမ်းဖက်ကာ ဆိုလိုက်သည်။

“ငါတို့အိမ်ရာနားမှာရှိတဲ့ စားသောက်ဆိုင်မှာ ဘိုကင်တင်ထားတယ်၊ လုံးဝ ရှယ်အဆင့်မြင့်တဲ့ စားသောက်ဆိုင်ကြီးပဲ၊ နင့်ကို ကြိုဆိုဖို့အတွက် သေသေချာချာ ရွေးထားတာ”

ယဲ့ရှောင်ရှောင်၏ မျက်လုံးများ ကွေးညွှတ်သွားရသည်။

“ကျေးဇူးတင်ပါတယ်”

ပိုင်မုန့်အန်းက လက်ယမ်းပြကာ ပြောလိုက်သည်။

“ဘာတွေ ကျေးဇူးတင်နေတာလဲ၊ ငါတို့အဖွဲ့ထဲမှာ အလုပ်ခွင်ထဲ တရားဝင် ရောက်နေတဲ့လူဆိုလို့ ငါတစ်ယောက်ပဲ ရှိတာလေ”

အမှန်တွင်မူ ပိုင်မုန့်အန်း၏ သာမန် အလုပ်သင်လစာမှာ သူမ၏ နေ့စဉ်အသုံးစရိတ်များကို ကာမိရန်ပင် မလုံလောက်ပေ။

နောက်ဆုံးတွင်တော့ သူမသည်လည်း မိဘများ၏ ငွေကြေးအထောက်အပံ့ပေါ်တွင်သာ မှီခိုနေရဆဲဖြစ်ပါသည်။

မိဘများကလည်း သူမထံမှ ကြီးမားသော အောင်မြင်မှုများကို မျှော်လင့်မထားကြပေ။ ပြဿနာတစ်စုံတရာ မရှာဘဲ မိသားစု၏ စည်းစိမ်ချမ်းသာကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်မည်ဆိုလျှင်ပင် ကျေနပ်နိုင်ပါပြီ။

သို့သော် ထိုကဲ့သို့ မျှော်လင့်ချက်လေးတစ်ခုကိုပင် မူရင်းဝတ္ထုထဲ၌ အကောင်အထည် မဖော်နိုင်ခဲ့ကြပေ။

ယဲ့ရှောင်ရှောင်သည် ပေါ့ပါးသွက်လက်သော ပိုင်မုန့်အန်းအား တစ်ချက် လှည့်ကြည့်လိုက်ပါသည်။

“နင့်အလုပ်တွေ အဆင်ပြေရဲ့လား”

ပိုင်မုန့်အန်းက ရွှင်ရွှင်ပျပျ ပြန်ဖြေသည်။

“အဆင်ပြေလွန်းလို့ ချောမွတ်နေတာပဲ”

“တစ်နေ့တာဘဝကကော”

“အေးအေးဆေးဆေးပဲ”

“အချစ်ရေးကကော”

“အဲ့အကြောင်းတွေ ထည့်ပြောရင် စကားဝိုင်းက ဘယ်လိုလုပ်ပျော်စရာကောင်းတော့မှာလဲ”

လက်ရှိတွင် ပိုင်မုန့်အန်းသည် တစ်ကိုယ်တည်းသမား အပျိုကြီးအဖြစ် ရှိနေပါသေးသည်။

ယဲ့ရှောင်ရှောင်လည်း ဆက်ပြီး မစပ်စုတော့ပေ။

ပိုင်မုန့်အန်းကို လှည့်စားပြီး ဒုက္ခပေးမည့် လူလိမ်လူကောက်မှာ သူမ၏ ဘဝထဲသို့ ရောက်ရှိမလာသေးကြောင်း ယဲ့ရှောင်ရှောင် အတည်ပြုနိုင်ခဲ့ပါသည်။

ပိုင်ရွှမ်းစားသောက်ဆိုင်ကြီးသည် အထပ်သုံးထပ်ပါရှိသော ဧရာမ အဆောက်အအုံကြီးတစ်ခုဖြစ်ကာ ကျယ်ဝန်းသည့် ညစာခန်းမနှင့် သီးသန့် သုံးဆောင်ခန်းများစွာလည်း ပါရှိပါသည်။

ဤခေတ်အခါက အလွန်အဆင့်မြင်ပြီး ခမ်းနားလွန်းသော နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် စားသောက်ဆိုင်ကြီးတစ်ခုပင်။

“နင်က လူဘယ်နှယောက် ခေါ်ထားတာလဲဟင်”

စားသောက်ဆိုင်ထဲသို့ ဝင်လာရင်း ယဲ့ရှောင်ရှောင် မေးမြန်းလိုက်ပါသည်။

ပိုင်မုန့်အန်းက ဆိုသည်။

“ငါတို့ သူငယ်ချင်းအရင်းခေါက်ခေါက်တွေအပြင် အထက်တန်းတုန်းက အတန်းဖော်တချို့ကိုလည်း ဖိတ်ထားသေးတယ်၊ စစ်တပ်ဝင်းထဲမှာ ငါတို့နဲ့အတူတူ ကြီးပြင်းခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း ပါသေးတယ်”

ယဲ့ရှောင်ရှောင်: “…”

ပိုင်မုန့်အန်းမှာ ခြေသွက်လက်သွက်ရှိသည့် အစ်မကြီးတစ်ဦးဖြစ်ရုံသာမက အလွန်လူရာဝင် လူတောတိုးသူတစ်ဦးဖြစ်ကြောင်း ယဲ့ရှောင်ရှောင် ယခုမှ သတိရသွားခဲ့ပါသည်။

စာအုပ်တစ်အုပ်ကို အဖုံးကြည့်၍ အမှန်တကယ် တန်ဖိုးဖြတ်၍ မရပေ။

ပိုင်မုန့်အန်းက ဆက်ပြောသည်။

“ဒီနေ့ တော်တော်များများ ရောက်လာကြမယ်ထင်တယ်၊ ငါ့မျက်နှာကြောင့် မလာရင်တောင် နင့်ကို လေးစားသမှုနဲ့ ရောက်လာကြမှာပါ”

ယဲ့ရှောင်ရှောင် တိုးညှင်းစွာ ရယ်မောလိုက်ပါသည်။

“ငါ့မှာ ဘာအရှိန်အဝါတွေ ရှိနေလို့လဲ”

ဟောက်မိသားစုနှင့်လည်း သူမ အဆက်အသွယ် ဖြတ်တောက်လိုက်ပြီ မဟုတ်ပါလား။

“နင့်လက်ရှိကောင်လေးရဲ့ အဆင့်အတန်းကိုလည်း မမေ့နဲ့ဦးလေ၊ ပြီးတော့ လုဟန်ချွမ်နဲ့ တကယ် လက်ထပ်ဖြစ်တဲ့အခါကျရင် ဒီလို အသိုင်းအဝိုင်းကြီး တွေ့ဆုံပွဲမျိုးတွေက နင့်အတွက် သာမန်လို ဖြစ်လာမှာပဲ၊ အစောကြီးကတည်းက လူတွေနဲ့ ရင်းနှီးအောင်လုပ်ထားတာ အကျိုးမယုတ်ပါဘူး”

ဤသည်မှာ သာမန်စားသောက်ပွဲ အပြင်အဆင်မျိုးသာဖြစ်ပြီး ဈေးကြီးကြီး ဝိုင်အနည်းငယ် ဖွင့်ဖောက်ရုံသာရှိသဖြင့် ယဲ့ရှောင်ရှောင်အတွက် အဆင်ပြေလက်ခံနိုင်ပါသည်။

၂၁ ရာစု၏ ရှုပ်ထွေးဆူညံနေသော နိုက်ကလပ်များ၊ ဘားများနှင့် လုံးဝ မသက်ဆိုင်ပေ။

“ကျေးဇူးတင်ပါတယ်”

“လုပ်ပြန်ပြီ၊ သူငယ်ချင်းအချင်းချင်း ဘာတွေစည်းခြားနေတာလဲ၊ နင်က ဟောက်မိသားစုဝင်မဟုတ်တော့ဘူး ဆိုရင်တောင် ငါတို့တွေကတော့ သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေဦးမှာပဲ၊ ဟောက်ယန်ယန်ဆိုတဲ့ဟာကို ငါလုံးဝ ကြည့်မရဘူး၊ နင်သူတို့ထက်သာအောင် ကြိုးစားပြလိုက်စမ်းပါ ရှောင်ရှောင်၊ နင်ကဘယ်လိုလူမျိုးလဲဆိုတာ ထုတ်ပြလိုက်!”

ယဲ့ရှောင်ရှောင်က တိုးညှင်းစွာ သတိပေးလိုက်သည်။

“ဒီနေ့ ဟောက်ယန်ယန်အကြောင်း မပြောဘူးလို့ သဘောတူထားတယ် မဟုတ်ဘူးလား၊ ငါတို့ လျှောက်ရမယ့်လမ်းတွေက မတူပါဘူး၊ အဲ့တာကြောင့် တစ်ယောက်ကိုတစ်ယောက် အနှောင့်ယှက်မပေးတာ အကောင်းဆုံးပဲ”

ပိုင်မုန့်အန်း ခေါင်းအမြန် ညိတ်လိုက်ပါသည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ သူ့အကြောင်း မေ့ထားလိုက်ကြမယ်”

ပိုင်မုန့်အန်းသည် ယဲ့ရှောင်ရှောင်အား ဘိုကင်တင်ထားသော သီးသန့်အခန်းထဲသို့ ခေါ်လာခဲ့ပါသည်။ ထိုအခန်းမှာ အလွန်ကျယ်ဝန်းပြီး မင်္ဂလာဧည့်ခံပွဲခန်းမကြီးတစ်ခုပမာ ခမ်းနားလှသည်။

အခန်းထဲတွင် လူအများအပြား ရောက်ရှိနေကြပြီဖြစ်ရာ ပိုင်မုန့်အန်း၏ အဆက်အသွယ်ကျယ်ပြန့်မှုကို ယဲ့ရှောင်ရှောင် မျက်မြင်ကိုယ်တွေ့ နားလည်ခဲ့ရတော့သည်။

အားလုံးက သက်တူရွယ်တူများသာ ဖြစ်ကြသဖြင့် ကြိုဆိုပွဲမှာ လွတ်လွတ်လပ်လပ်ရှိကာ ပျော်စရာကောင်းလှပါသည်။

“ကဲကဲ! ငါတို့ရှောင်ရှောင်လေး ပြန်ရောက်လာတာကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ရအောင်”

ပိုင်မုန့်အန်းသည် ယဲ့ရှောင်ရှောင်ကို အခန်း၏ ရှေ့ဆုံးသို့ သွားဖို့ တိုက်တွန်းလိုက်ပြီး အားလုံးနှင့်အတူ လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုလိုက်ပါသည်။

အခန်းထဲမှ ဧည့်သည်များကလည်း ယဲ့ရှောင်ရှောင်ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြသည်။

ယဲ့ရှောင်ရှောင်က ဖော်ရွေစွာ ပြုံးလိုက်သည်။

“အဲ့လောက်ကြီး အလေးအနက် လုပ်စရာမလိုပါဘူး၊ အားလုံးက သူငယ်ချင်းတွေပဲဥစ္စာ”

“ရှောင်ရှောင် ဒီမှာ လာထိုင်ဦး! တို့တွေ မတွေ့တာ တော်တော်ကြာပြီ”

ရင်းနှီးပြီးသား မျက်နှာများသာရှိသည့် တွေ့ဆုံပွဲဖြစ်၍ အားလုံးက လွတ်လပ်ပေါ့ပါးစွာ ပြောဆိုဆက်ဆံကြပါသည်။

ကြိုဆိုပွဲကို တရားဝင် မစတင်ရသေးမီမှာပင် ယဲ့ရှောင်ရှောင်၏ အနားသို့ လူများ စုပြုံကာ ရောက်ရှိလာကြတော့သည်။

ယဲ့ရှောင်ရှောင်ကလည်း မည်သူက မည်သူဖြစ်ကြောင်း သေသေချာချာ လိုက်လံစဉ်းစားနေစရာ မလိုခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် မည်သူကမှ သူမထံလာရောက်ပြီး သူတို့ကို မှတ်မိသလားဟု မေးမြန်းခြင်းမရှိဘဲ အားလုံးက ပေါ့ပေါ့ပါးပါး စကားများသာ ပြောခဲ့ကြသောကြောင့် ဖြစ်ပါသည်။

ထိုစကားများမှတဆင့် ယဲ့ရှောင်ရှောင်သည် တက်ရောက်လာသူများ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် နောက်ခံအကြောင်းအရာများကို အလွယ်တကူ ခန့်မှန်းနိုင်ခဲ့သည်။

ဤအသိုင်းအဝိုင်း၏ ဆက်နွယ်မှုကွန်ယက်များကို အောင်အောင်မြင်မြင် ချိတ်ဆက်နိုင်ခဲ့ပြီဟု ယဲ့ရှောင်ရှောင် အပြည့်အဝ ယုံကြည်သွားခဲ့သည်။

အားလုံးက သူမ၏ အထက်တန်း အတန်းဖော်ဟောင်းများသာ ဖြစ်ကြသဖြင့် အများစုသည် ပေကျင်းမြို့ခံများ ဖြစ်ကြကာ စစ်တပ်အိမ်ရာဝင်းတွင် နေထိုင်ကြသူများဖြစ်ကြပါသည်။

ယဲ့ရှောင်ရှောင်က ထိုအိမ်ရာတွင် မနေထိုင်တော့သော်လည်း သူမ၏ အမည်က ယခုချိန်ထိ ထင်ကျန်ရစ်နေဆဲပင်။

ယဲ့ရှောင်ရှောင်နားတွင် ဝန်းရံနေသည့် လူအများစု အသိချင်ဆုံးကိစ္စမှာ လုဟန်ချွမ်နှင့် သူမတို့ အမှန်တကယ် တွဲနေကြခြင်း ဟုတ်မဟုတ်ကိုပင်။

အားလုံး၏ စူးစူးစမ်းစမ်း မေးခွန်းများနှင့် ရင်ဆိုင်လာရသောအခါ ယဲ့ရှောင်ရှောင်လည်း ခေါင်းညိတ်အတည်ပြုပေးလိုက်ရုံသာ ရှိတော့သည်။

“ဝါး… နင်ကတော့ တကယ်ပါပဲ၊ အခက်ခဲဆုံး စိန်ခေါ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်ရဲတာ နင်တစ်ယောက်ပဲ ရှိလောက်တယ်”

ထိုစကားလုံးများကို ကြားရသောအခါ ယဲ့ရှောင်ရှောင် ပြုံးသာပြုံးနေမိတော့သည်။

အခြားတစ်ယောက်က အနားသို့ကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

“ငါကောလဟာလတွေ ကြားဖူးတာတော့ လုမိသားစုက အဲ့ဒီလူရဲ့ စိတ်က အရမ်းကြောက်စရာကောင်းတာတဲ့”

ယဲ့ရှောင်ရှောင် ခပ်ပါးပါး ပြုံးလိုက်သည်။

“သူက သဘောကောင်းပါတယ်”

သူမ၏ ကာကွယ်ပြောဆိုမှုကြောင့် ဘေးပတ်လည်ရှိ လူများ၏ အကြည့်မှာ လေးစားအားကျမှုများဖြင့် ပို၍ပင် ပြည့်နှက်သွားခဲ့ရတော့သည်။

လုဟန်ချွမ်၏ ဂုဏ်သတင်းသည် အမှန်တကယ်ပင် မတရား အပုပ်ချခံထားရလေသည်။

စုထုံသည် ယဲ့ရှောင်ရှောင်နှင့် ဘေးချင်းကပ်လျက်တွင် ဝင်ထိုင်လျက် သေချာ မှာကြားလိုက်ပါသည်။

“သူနင့်ကို အနိုင်ကျင့်တာပဲဖြစ်ဖြစ် နှိပ်စက်တာပဲဖြစ်ဖြစ် ငါတို့ကို ချက်ချင်းပြောနော်!”

ယဲ့ရှောင်ရှောင်က အာမခံသည်။

“စိတ်ချပါ အဲ့လို ဘယ်တော့မှ မဖြစ်စေရဘူး”

စုထုံက ဝန်ခံသည်။

“ဒါပေမယ့် သူက ရုပ်ရည်သန့်ပြီး ဆွဲဆောင်မှုရှိတာတော့ မှန်ပါတယ်၊ နင်တို့နှစ်ယောက် အရမ်းလိုက်ဖက်ကြတယ်၊”

ထိုစကားကို ကြားသောအခါ ယဲ့ရှောင်ရှောင်က စိတ်ဝင်တစား မေးလိုက်ပါသည်။

“နင်လုဟန်ချွမ်နဲ့ ဆုံဖူးလို့လား”

စုထုံ: “ပွဲတချို့မှာ အဝေးကပဲ မြင်ဖူးတာပါ၊ စကားတွေဘာတွေတော့ မပြောဖူးဘူး”

ယဲ့ရှောင်ရှောင်: “သူက ကောလဟာလတွေထဲကလို ကြောက်စရာကောင်းတဲ့လူ မဟုတ်ပါဘူး၊ နောက်တစ်ခါ နင်တို့အားလုံးနဲ့ မိတ်ဆက်ပေးဖို့ ငါခေါ်လာခဲ့မယ်”

စုထုံက ခေါင်းကို အသည်းအသန် ခါပစ်လိုက်သည်။

“နေပါစေတော့ နေပါစေတော့၊ ငါတို့လို သာမန်လူတွေက သူနဲ့ ညစာအတူတူစားဖို့ မသင့်တော်ဘူးထင်ပါတယ်”

ယဲ့ရှောင်ရှောင်: “…”

တစ်ချိန်တည်းမှာပင် ယဲ့ရှောင်ရှောင်တို့၏ သီးသန့်အခန်းနှင့် ဘေးချင်းကပ်လျက်အခန်းတွင် အခြားသော ကြိုဆိုပွဲတစ်ခုကိုလည်း ကျင်းပလျက် ရှိနေပါသည်။

နင်အန်းကောင်တီတွင် အလုပ်သင်ကာလပြီးဆုံးသွားပြီဖြစ်၍ ရှုကျမ့်ဝမ် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် သူနှင့်ရင်းနှီးသည့် အသိုင်းအဝိုင်းတူ ညီအစ်ကိုအချို့သည် ဤနေရာတွင် သူ့အတွက် ကြိုဆိုပွဲလေးတစ်ခု စီစဉ်ပေးခဲ့ပါသည်။

ရှုကျမ့်ဝမ်သည် ကြိုဆိုပွဲသို့ ဟောက်ယန်ယန်ကိုလည်း ခေါ်ဆောင်လာခဲ့သည်။

သို့သော် ရှုကျမ့်ဝမ်နှင့် ရင်းနှီးသော ညီအစ်ကိုများကမူ ဟောက်ယန်ယန်ကို ထူးဆန်းသော အကြည့်များဖြင့် မကြာခဏ ခိုးကြည့်နေကြပါသည်။

နဂိုကတည်းက နှုတ်စည်းမစောင့်တတ်သည့် တန့်ရွှယ်ဖုန်းမှာ ရှေ့နောက်မကြည့်ဘဲ ဝင်ပြောလေတော့သည်။

“ကျမ့်ဝမ်၊ အရင်က ရှောင်ရှောင့်ကို စိတ်မဝင်စားခဲ့ဘူးဆိုတာ မင်းအကြိုက်က ဒီလိုပုံစံမျိုးဖြစ်နေလို့ပေါ့ ဟုတ်လားကွ၊ ထင်မထားဘူးဟေ့!”

ဤကဲ့သို့ ပွင့်လင်းလှသော စကားမျိုးကြောင့် ဟောက်ယန်ယန်၏ မျက်နှာမှာ ချက်ချင်းပင် ရှက်သွေးဖြာ နီမြန်းသွားရတော့သည်။

ရှုကျမ့်ဝမ်ကမူ တန့်ရွှယ်ဖုန်းကို သတိပေးသည့်အကြည့်မျိုးဖြင့် စူးစူးရှရှ ကြည့်ကာ ပြောလိုက်သည်။

“မင်းစကားကို ဆင်ခြင်နော်၊ မဟုတ်တာတွေ လာမပြောနဲ့၊ ယန်ယန်က အခု ငါ့ရဲ့တရားဝင် ဇနီးလောင်းဖြစ်နေပြီ”

All Chapters