← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

📗 Chapter 191

တန့်ရွှယ်ဖုန်းသည် ရှုကျမ့်ဝမ်၏ သတိပေးစကားများကို ဂရုစိုက်ဟန်ပင်မပေါ်ပေ။

ထိုင်ခုံပေါ်တွင် ပျင်းရိပျင်းတွဲ မှီချလျက် တန့်ရွှယ်ဖုန်း ပေါ့ပျက်ပျက်လေသံဖြင့် ဆက်ပြောလိုက်ပါသည်။

“အခုယဲ့ရှောင်ရှောင် ဘယ်သူနဲ့ တွဲနေလဲ မင်းသိလား၊ မင်းနဲ့ လမ်းခွဲပြီးတော့ အသည်းကွဲချိန်တောင် မရလိုက်ဘူး ထင်ပါတယ်”

သူ့နှုတ်မှ ထိုစကားလုံးများ ထွက်လာသည်နှင့် ပွဲကြီးပွဲကောင်းကြည့်ရှုဖို့ လိုက်ပါလာသူများမှာ ရှုကျမ့်ဝမ်၏ တုံ့ပြန်မှုကို စိတ်ဝင်တစား ခိုးကြည့်နေကြတော့သည်။

ယခင်ကဆိုလျှင် ယဲ့ရှောင်ရှောင်အပေါ်ထားသည့် ရှုကျမ့်ဝမ်၏ သဘောထားမှာ အလွန်ပင် ဆိုးရွားလှသည်။

သို့သော် ယခုအချိန်တွင် သူမသည် အသစ်တစ်ယောက်ဆီသို့ အလွယ်တကူ ရောက်ရှိသွားခဲ့ခြင်းဖြစ်ရာ ရှုကျမ့်ဝမ်၏ မာနကို အနည်းငယ် ထိခိုက်သွားနိုင်ပါသည်။

မကြာသေးခင်က ရှုကျမ့်ဝမ်၏ ကာကွယ်ပြောဆိုပေးမှုကြောင့် ဟောက်ယန်ယန် ခေတ္တပျော်ရွှင်သွားခဲ့ရသော်လည်း ယခုအခါတွင်မူ တန့်ရွှယ်ဖုန်း၏ အဓိပ္ပာယ်နှစ်ခွပါသော မေးခွန်းကို ကြားရသောအခါ ရှုကျမ့်ဝမ်အား သူမ စိုးရိမ်တကြီး လှည့်ကြည့်လိုက်မိပါသည်။

“ဘယ်သူလဲ”

ရှုကျမ့်ဝမ်က တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သော်လည်း သူ့လက်ထဲက ဖန်ခွက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

တန့်ရွှယ်ဖုန်းက သရော်ပြုံးပြုံးလျက် ဆိုသည်။

“လုဟန်ချွမ်”

“မဖြစ်နိုင်တာ!”

ရှုကျမ့်ဝမ်၏အသံ အနည်းငယ် ကျယ်လောင်သွားခဲ့သည်။

“ယဲ့ရှောင်ရှောင်က လုဟန်ချွမ်နဲ့ သိစရာအကြောင်းကို လုံးဝ မရှိဘူး”

တန့်ရွှယ်ဖုန်းက ချေပသည်။

“ငါက အလကားလျှောက်ပြောနေတာမဟုတ်ဘူး၊ မင်းမယုံရင် ကျန်တဲ့ကောင်တွေကိုပါ မေးကြည့်လိုက်၊ သူတို့နှစ်ယောက် အဘိုးဟန်ရဲ့ မွေးနေ့ပွဲတုန်းက အတူတူ ရောက်လာကြတာ မဟုတ်ဘူးလား”

ရှုကျမ့်ဝမ်က အခြားသူများကို စိတ်မရှည်စွာ လှည့်ကြည့်လိုက်သည်။

အနီးနားတွင် ထိုင်နေသည့် ကောင်လေးတစ်ဦးက ခေါင်းညိတ်အတည်ပြုပေးလိုက်ပါသည်။

“အမှန်ပဲ ကျမ့်ဝမ်၊ လုဟန်ချွမ်ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ဝန်ခံထားတာ”

ဟောက်ယန်ယန်တစ်ယောက် အနည်းငယ် မှင်သက်သွားရသည်။

‘အဲ့ဒီလုဟန်ချွမ်ဆိုတာ ဘယ်သူလဲ၊ အရင်တစ်ခေါက်က ကျောင်းနားက စားသောက်ဆိုင်မှာ ယဲ့ရှောင်ရှောင်နဲ့အတူ တွေ့ခဲ့တဲ့ ဝတုတ်လား’

ရှုကျမ့်ဝမ် တိတ်ဆိတ်သွားခဲ့သည်။ သူ့မျက်နှာမှာလည်း မြင်မကောင်းအောင် အကျည်းတန်သွားခဲ့ပါသည်။

သူ့မျက်နှာကိုမြင်သောအခါ အခြားသော သူငယ်ချင်းများက နှစ်သိမ့်စကားများ အမြန်ဆိုလိုက်ကြသည်။

“မင်းသူနဲ့ မတွဲဖြစ်ခဲ့တာ ကံကောင်းသွားတာပေါ့၊ အရင်က မင်းကို ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ဆိုတာတွေ အကုန်လုံးက ဟန်ဆောင်မှုသက်သက်ပဲ၊ ငါထင်သလောက်တော့ သူတို့နှစ်ယောက် ဟိုးရင်ကတည်းက ကြိတ်တွဲနေကတာပဲဖြစ်မှာ”

“ဟုတ်တယ်၊ မင်းလည်း ယဲ့ရှောင်ရှောင်ကို အရင်ကတည်းက ကြိုက်ခဲ့တာမှ မဟုတ်တာ၊ အဲ့တော့ သူဘယ်သူနဲ့ပဲ တွဲတွဲ မင်းနဲ့ ဘာမှမဆိုင်ပါဘူး”

ဘေးနားမှ အတောမသတ်နိုင်သော အားပေးစကားသံများကြောင့် ရှုကျမ့်ဝမ်မှာ စိတ်မပြေသည့်အပြင် ပို၍ပင် ဒေါသထွက်လာရတော့သည်။

သူသည် လက်ထဲက ဝိုင်ခွက်ကို စားပွဲပေါ်သို့ အရှိန်ဖြင့် ဆောင့်ချက်ပစ်လိုက်သည်။

ဝုန်း!

“ကျမ့်ဝမ်…”

ဟောက်ယန်ယန် ထိတ်လန့်သွားပြီး သူ့ကို မော့ကြည့်လိုက်ပါသည်။

“ငါသန့်စင်ခန်းသွားလိုက်ဦးမယ်”

ရှုကျမ့်ဝမ် သုန်သုန်မှုန်မှုန်နှင့် ခပ်တိုးတိုးပြောကာ အခန်းထဲမှ ထွက်သွားလေတော့သည်။

ရှုကျမ့်ဝမ်ထွက်သွားသည်နှင့် သူငယ်ချင်းတစ်ဦးက မကျေမနပ် ညည်းတွားလိုက်ပါသည်။

“ဒီကောင်က ဘာဖြစ်တာလဲ၊ အားလုံးက အမှန်တရား ပြောပြတာကို”

“အေးလေ၊ ဘာလို့ငါတို့ပေါ် ဒေါသလာပုံချနေတာလဲ၊ အဲ့လောက် စိတ်ချဉ်ပေါက်နေရင်လည်း လုဟန်ချွမ်နဲ့ သွားရင်ဆိုင်လိုက်လေ”

ထိုစကားလုံးများကို ကြားသောအခါ ဟောက်ယန်ယန်မှာ မျက်နှာ ဘယ်နားထားရမှန်းပင် မသိတော့ဘဲ အလွန် နေရခက်သွားပါသည်။

ရှုကျမ့်ဝမ်ကိုယ်စား သူမ ဝင်ရှင်းပြပေးရုံသာ ရှိတော့သည်။

“ကျမ့်ဝမ်က အဲ့လိုသဘောမျိုးမဟုတ်ပါဘူးရှင်၊ ကျေးဇူးပြုပြီး သူ့ကို အထင်မလွဲကြနဲ့”

ဟောက်ယန်ယန်လည်း သူတို့နှင့်အတူ ရှိနေသေးသဖြင့် ထိုကိစ္စကို ဆက်ပြော၍ မကောင်းတော့ပေ။

ထို့ကြောင့် စကားလမ်းကြောင်းလွှဲလိုက်ရသော်လည်း သူငယ်ချင်းများအကြားမှ အခြေအနေမှာ ပွဲအစကကဲ့သို့ ပျော်ရွှင်စရာတော့ မကောင်းတော့ပါ။

သို့သော် ယဲ့ရှောင်ရှောင်တို့ဘက်တွင်မူ အလွန်ပျော်စရာ ကောင်းနေဆဲပင်။

ပိုင်မုန့်အန်းက အသံအကျယ်ကြီးဖြင့် ဆိုသည်။

“အဲ့ဒီကောင် သွမ်လဲ့ အိမ်ပြန်လာချင်လွန်းလို့ တစ်ပိုင်းကိုသေနေတာ၊ ဒါပေမယ့် အခုစခန်းမှာတာဝန်ကျနေတာမို့လို့ ဒီတစ်ခေါက်တော့ ပြန်မလာနိုင်တော့ဘူးတဲ့၊ သူပြန်လာတဲ့အခါကျရင် ငါတို့ ထပ်တွေ့ကြရအောင်၊ ဒီတစ်ခါက ယဲ့ရှောင်ရှောင်ကို ကြိုဆိုတဲ့ပွဲ၊ နောက်တစ်ခါဆိုရင်တော့ သွမ်လဲ့ကို ကြိုဆိုတဲ့ပွဲပေါ့”

ယဲ့ရှောင်ရှောင်ပြုံးသွားသည်။

“ကောင်းတာပေါ့၊ နောက်တစ်ခါကျရင် ငါတကာခံပါ့မယ်”

ပိုင်မုန့်အန်းက ခေါင်းမော့ရင်ကော့လျက်ဆိုသည်။

“မလိုဘူး၊ နင့်မမ ငါ့မှာ ပိုက်ဆံတွေ များကြီးရှိပြီးသား!”

ယဲ့ရှောင်ရှောင် သူမကို မျက်လုံးမှေးလျက်ကြည့်ကာ မေးလိုက်သည်။

“နင်မူးနေပြီမလား”

ပိုင်မုန့်အန်းက ခေါင်းကို အသည်းအသန် ခါလိုက်ပါသည်။

“ဘာလို့မူးရမှာလဲ၊ ငါက ဘယ်လောက်သောက်သောက် မမူးတဲ့နေရာမှာ ချန်ပီယံပဲ၊ သန့်စင်ခန်းတော့ ခဏသွားလိုက်ဦးမယ်… ခဏနေ ငါပြန်လာရင် ဆက်သောက်ကြမယ်နော်!”

ပိုင်မုန့်အန်း မတ်တပ်ထရပ်လိုက်ရာ ဘယ်ညာယိမ်းထိုးသွားလေသည်။

ယဲ့ရှောင်ရှောင်က ဘေးမှ ဝင်ထိန်းပေးရင်း ဆိုလိုက်ပါသည်။

“ငါလည်း လိုက်ခဲ့ပါ့မယ်”

“ဪ နင်လည်း သန့်စင်ခန်းသွားချင်လို့လား၊ တူတူသွားကြတာပေါ့”

ဤသို့ဖြင့် ကောင်မလေးနှစ်ယောက် အခန်းထဲမှ အတူတူ ထွက်လာကြပါသည်။

သန့်စင်ခန်းသည် ကော်ရစ်ဒါ၏ အစွန်းဘက်ဆုံးတွင် တည်ရှိသည်။

ပိုင်မုန့်အန်း အခန်းထဲမှ ထွက်လိုက်သည်နှင့် ဟန်ချက်ပျက်သွားပြီး ရှေ့တည့်တည့်သို့ ထိုးကျသွားပါသည်။

ယဲ့ရှောင်ရှောင်က အချိန်မီ ဝင်ထိန်းပေးနိုင်ခဲ့သော်လည်း ကော်ရစ်ဒါတွင် လမ်းလျှောက်နေသည့် လူတစ်ဦးကို မတော်တဆ တိုက်မိသွားကြသည်။

“အား! ဘယ်သူလဲဟ! မျက်လုံးကို အိမ်မှာထားခဲ့လို့ လူလာတာကို မမြင်တာလား!”

ဟောက်ယန်ယန်တစ်ယောက် အခန်းထဲမှ ထွက်လာစဉ် သူမကို မူးယစ်နေသည့် အမျိုးသမီးတစ်ဦးက အရှိန်ဖြင့် ဝင်တိုက်လိုက်ပါသည်။

ဟောက်ယန်ယန် မကျေမနပ် ညည်းညူပြောဆိုလိုက်သော်လည်း ခေါင်းမော့ကြည့်လိုက်သည့်အခါတွင်မူ သူမ၏ မျက်လုံးများမှာ ယဲ့ရှောင်ရှောင်ထံသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့လေသည်။

ပိုင်မုန့်အန်းကလည်း ဟောက်ယန်ယန်ကို ချက်ချင်း မှတ်မိသွားပြီး အမူးပင်ပြေသွားသလို ခံစားလိုက်ရပါသည်။

“ဟောက်ယန်ယန်! နင်ကဒီမှာ ဘာလုပ်နေတာလဲ!”

ပိုင်မုန့်အန်းသည် နဂိုကတည်းက ဟောက်ယန်ယန်ကို ကြည့်မရခဲ့သဖြင့် ယခုလို စကားဖြင့်ရန်တွေ့ခံရသည့်အခါ ချက်ချင်း ပြေးရိုက်တော့မည်ပုံစံပင် ဖြစ်သွားခဲ့သည်။

ယဲ့ရှောင်ရှောင်က သူမကို ဆွဲထားလိုက်ရပါသည်။

“နင်သန့်စင်ခန်းသွားချင်လို့ဆို၊ မြန်မြန်သွားကြရအောင်”

ပိုင်မုန့်အန်း မကျေမနပ်နှင့် ပွစိပွစိ ပြောလိုက်သည်။

“ပျော်နေတာတွေတောင် ပျက်သွားတယ်၊ အဖျက်မ”

ယဲ့ရှောင်ရှောင်လည်း စိတ်ထဲမှ တွေးလိုက်မိသည်။

‘မွေးကတည်းက ဟောက်ယန်ယန်နဲ့ ကလေးချင်းမှားသွားတာ ငါမဟုတ်ဘဲ နင်ဖြစ်နေသလိုပဲ၊ စိတ်လေးနည်းနည်း လျှော့ပါ့ဦး’

ဤသည်မှာ ‘ဇာတ်လိုက်မင်းသမီး ရောင်ဝါ’၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်မှန်း ယဲ့ရှောင်ရှာင် ရိပ်စားမိပါသည်။

သူမကိုယ်တိုင်က ပြဿနာများမှ ဖယ်ခွာနေခဲ့လျှင်ပင် အခြားသော အရံဖာတ်ကောင်များကမူ ဇာတ်လိုက်မင်းသမီးနှင့် အချေအတင်ဖြစ်ပွားဖို့ အကြောင်းဖန်လာခဲ့သည်။

သူတို့သည် ဇာတ်လိုက်မင်းသမီး အဆင့်တက်လှမ်းနိုင်ဖို့အတွက် အနင်းခံရမည့် ခြေနင်းခုံများသာ။

ယခင်က ဟောက်ယန်ယန်နှင့် ပိုင်မုန့်အန်းတို့ မည်သည့်ပြဿနာများ ဖြစ်ခဲ့ကြဖူးကြောင်းကို ယဲ့ရှောင်ရှောင် မသိ‌သော်လည်း သူမတို့နှစ်ဦးသည် တွေ့ဆုံလိုက်သည်နှင့် တစ်ယောက်မျက်နှာတစ်ယောက် ကုတ်ဖဲ့ပစ်တော့မည့် ပုံစံမျိုး ပေါက်နေကြပါသည်။

သူမ၏ သူငယ်ချင်းကို ထိန်းထားဖို့ ယဲ့ရှောင်ရှောင် မနည်းကြိုးစားနေရသည်။

ပေကျင်းမြို့သို့ ရောက်လာခါစကဆိုလျှင်တော့ ပိုင်မုန့်အန်းအား ဟောက်ယန်ယန် အနည်းငယ် ကြောက်ရွံ့နိုင်ပါသေးသည်။ သို့သော် ယခု သူမဘက်တွင် ရှုကျမ့်ဝမ်လည်း ရှိနေသည့်အပြင် သူမသည် ဟောက်မိသားစု၏ တရားဝင်သမီးဖြစ်နေပါပြီ။

ထို့ကြောင့် ပိုင်မုန့်အန်း၏ မောက်မာသော စကားများကို ကြားသောအခါ ဟောက်ယန်ယန်ကလည်း ခေါင်းငုံ့မခံခဲ့ပေ။

“ငါက ငါ့ဖာသာငါ အေးအေးဆေးဆေး လာစားသောက်တာ၊ သူများတွေလို မူးရူးပြီး လူတိုင်းကို လိုက်ရစ်နေတာ မဟုတ်ဘူး”

ထိုစကားကို ကြားပြီး ပိုင်မုန့်အန်း လုံးဝ သည်းမခံနိုင်တော့ဘဲ ဟောက်ယန်ယန်အား ပြေးတွန်းဖို့ ကြံလိုက်သည်။

သို့သော် ယဲ့ရှောင်ရှောင်က ပိုင်မုန့်အန်း၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသဖြင့် တွန်းချက်မှာ အားသိပ်မပါခဲ့ပေ။

သို့သော် ဟောက်ယန်ယန်ကမူ ချက်ချင်းပင် ဘေးသို့ ယိုင်လဲသွားခဲ့ပြီး ဒုတိယထပ် ကော်ရစ်ဒါလက်ရန်းတန်းကို တိုက်မိကာ ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ဒရမ်မာဆန်ဆန် ပြုတ်ကျသွားလေတော့သည်။

“အား!!!”

ဟောက်ယန်ယန် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ပိုင်မုန့်အန်းမှာ ကြက်သေသေသွားရလေသည်။

“ငါအတွင်းအားတွေဘာတွေများ ထုတ်သုံးလိုက်မိလို့လား”

ယဲ့ရှောင်ရှောင်လည်း နားလည်ရခက်သွားခဲ့ပါသည်။ ပိုင်မုန့်အန်းကို သူမ ဆွဲထားသဖြင့် ဟောက်ယန်ယန်၏ ပခုံးကိုပင် ထိမိခဲ့ပုံမပေါ်ပါ။

သို့သော် သူမတို့နှစ်ဦး အခြေအနေကို ချက်ချင်းပင် နားလည်သွားကြသည်။

ထိုစဉ် အနောက်ဘက်မှ ရှုကျမ့်ဝမ် အပြေးအလွှားရောက်လာပြီး ဟောက်ယန်ယန်အား ထူပေးလိုက်ပါသည်။

“ယန်ယန်၊ အဆင်ပြေရဲ့လား”

ဟောက်ယန်ယန်က ငိုမဲ့မဲ့နှင့် ဆိုသည်။

“ကျွန်မ ဘာမှမဖြစ်ပါဘူး၊ ရှောင်ရှောင့်ကို အပြစ်မတင်ပါနဲ့”

ယဲ့ရှောင်ရှောင်၏ ခေါင်းပေါ်၌ မေးခွန်းသင်္ကေတများစွာ ပေါ်လာလေသည်။

‘ငါနဲ့ဘာဆိုင်လို့လဲ’

ပိုင်မုန့်အန်းကလည်း မကျေမနပ် အော်ပြောလိုက်ပါသည်။

“ဟောက်ယန်ယန်! နင့်ကို တွန်းလိုက်တာငါလေ! နင့်ကို ကြည့်လို့မရလို့ လုပ်တာ! ရှောင်ရှောင်နဲ့ ဘာမှမဆိုင်ဘူး”

ကံမကောင်းစွာဖြင့် ရှုကျမ့်ဝမ်မှာ ရုတ်တရက် နားပင်းဝေဒနာကို ခံစားလိုက်ရသကဲ့သို့ တစ်ဖက်မိန်းကလေး၏ စကားသံများကို မကြားနိုင်တော့ပေ။

“ရှောင်ရှောင်… မင်းပြောင်းလဲသွားလောက်ပြီလို့ ငါထင်ခဲ့တာ၊ အရင်ကလို မောက်မာပြီး ရိုင်းစိုင်းနေဦးလိမ့်မယ်လို့ ထင်မထားဘူး၊ ငါမင်းကို အရမ်းစိတ်ပျက်မိတယ်”

ယဲ့ရှောင်ရှောင် တွေးလိုက်သည်။

‘နားပင်းနေကြတာ… အကုန်လုံး နားပင်းနေကြတာ…’

“မင်းအခုချက်ချင်း ပြန်တောင်းပန်စမ်း!”

ရှုကျမ့်ဝမ်က အာဏာဆန်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

ပိုင်မုန့်အန်းကလည်း ပြန်အော်သည်။

“ရှင်ကဘယ်သူ့ကို လာတောင်းပန်ခိုင်းနေတာလဲ!”

ယဲ့ရှောင်ရှောင်က ပိုင်မုန့်အန်းအား တည်တည်ငြိမ်ငြိမ်ကြည့်ကာ မေးလိုက်သည်။

“နင်သန့်စင်ခန်း မသွားချင်တော့ဘူးလား”

ပိုင်မုန့်အန်း: “ဘာမှမဖြစ်ဘူး… ငါအောင့်နိုင်သေးတယ်”

ယဲ့ရှောင်ရှောင်က သူမကို တံတောင်ဖြင့် အသာအယာတို့လိုက်သည်။

“အောင့်ထားစရာမလိုပါဘူး၊ နင်သွားနှင့်လိုက်”

ပိုင်မုန့်အန်းက လက်မခံပေ။

“အဲ့လုပ်လို့ဖြစ်မလား၊ ငါထွက်သွားလို့ ဒီခွေးနှစ်ကောင် နင့်ကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ”

ယဲ့ရှောင်ရှောင် လေးလေးနက်နက် ပြောလိုက်ပါသည်။

“ငါ့ကို ဘယ်သူမှ အနိုင်မကျင့်ဘူး၊ နင်သွားနှင့်လိုက်နော်၊ ငါခဏနေ လိုက်လာခဲ့မယ်”

ပိုင်မုန့်အန်းသည် ယဲ့ရှောင်ရှောင်၏ မျက်ဝန်းများထဲ စက္ကန့်အနည်းငယ်ခန့် ငေးကြည့်ပြီးနောက် အနည်းငယ် တည်ငြိမ်သွားခဲ့ပါသည်။

ထို့နောက် ရှုကျမ့်ဝမ်နှင့် ဟောက်ယန်ယန်တို့ကို မကျေမနပ် မျက်စောင်းထိုး စိုက်ကြည့်လျက် သန့်စင်ခန်းဘက်သို့ လေးလေးပင်ပင် ထွက်သွားလေတော့သည်။

ယဲ့ရှောင်ရှောင်သည် ဒေါသထွက်နေသည့် ရှုကျမ့်ဝမ်နှင့် အလွန်နူးညံ့ပျော့ပြောင်းပြီး သနားစရာကောင်းနေသည့် ဟောက်ယန်ယန်တို့အား ပြန်လှည့်ကြည့်လိုက်သည်။

“ကျွန်မတွန်းတာ မဟုတ်လို့ ကျွန်မဘက်က ဘာမှတောင်းပန်စရာမလိုဘူး၊ ဒီနေရာမှာ ကျွန်မကို အပြစ်တင်ဖို့ကြိုးစားပြီး အချိန်ဖြုန်းမယ့်အစား ရှင့်ကောင်မလေးကို ဆေးရုံအရင်လိုက်ပို့ပေးလိုက်သင့်တယ်၊ သူ့ရဲ့ ပျော့တိပျော့ညံ့ပုံစံနဲ့ဆို တစ်ခုခုတကယ်ကျိုးပဲ့သွားရင် ဘယ်လိုလုပ်မလဲ”

“ပြီးတော့ ကျွန်မက မတွန်းခဲ့ပေမယ့် သနားစရာကောင်းတဲ့သူ့ပုံစံလေးကြောင့် ဆေးဖိုးဝါးခတော့ ရှင်းပေးနိုင်ပါတယ်၊ ဆေးရုံကို ရောက်လက်စနဲ့ ရှင့်မျက်လုံးတွေကိုပါ သေချာစစ်ဆေးခဲ့သင့်တယ် ရှုကျမ့်ဝမ်”

ယဲ့ရှောင်ရှောင်၏ ရင့်ကျက်တည်ငြိမ်မှုကြောင့် ရှုကျမ့်ဝမ် လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။

သို့သော် သူ၏ စဉ်းစားဆင်ခြင်ဉာဏ်အား ဒေါသစိတ်က ဖုံးလွှမ်းနေခဲ့ပါသည်။

အခန်းထဲတွင် တန့်ရွှယ်ဖုန်းပြောခဲ့သည့် စကားများကလည်း မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ်နေသည်။

နောက်ဆုံးတွင်တော့ ရှုကျမ့်ဝမ်တစ်ယောက် ခါးသီးသည့်စကားတစ်ခွန်းကိုသာ ခပ်ပြတ်ပြတ် ပြောခဲ့တော့သည်။

“မင်းရဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ မပြင်ဘူးဆိုရင် နောင်တစ်ချိန် အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်”

ထိုသို့ပြောပြီးနောက် သူသည် ဟောက်ယန်ယန်ကို ပွေ့ချီကာ ထိုနေရာမှ ခြေလှမ်းကျယ်ကြီးများဖြင့် ထွက်ခွာသွားလေတော့သည်။

All Chapters