← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

📗 Chapter 192

ယဲ့ရှောင်ရှောင်မှာ ဆွံ့အလျက်သား တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသည်။

ထိုစိတ်မမှန်သော လူနှစ်ယောက်ကို အာရုံထဲမှ ထုတ်ပစ်လိုက်ပြီးနောက် ပိုင်မုန့်အန်းအား ရှာဖွေရန် သန့်စင်ခန်းသို့ လိုက်လာခဲ့တော့သည်။

သူမတို့နှစ်ဦး အခန်းထဲသို့ ပြန်ရောက်လာသည့်အခါ ပိုင်မုန့်အန်းက ဟောက်ယန်ယန်တို့အကြောင်း ယဲ့ရှောင်ရှောင်အား မေးမြန်းခဲ့ပါသည်။

ယဲ့ရှောင်ရှောင်က တိုတိုတောင်းတောင်းပင် ရှင်းပြလိုက်သည်။

“သူတို့ ဆေးရုံသွားကြပြီ”

လင်းကျစ်လူသည် အစ်မကြီးနှစ်ယောက်အား မကျေမနပ် လှည့်ပြောလိုက်ပါသည်။

“နင်တို့ သန့်စင်ခန်းထဲမှာ အရမ်းကြာကြတယ်နော်”

ပိုင်မုန့်အန်း မျက်မှောင်ကြုတ်လျက် ငေါက်လိုက်သည်။

“နင်စကားကို ယဉ်ယဉ်ကျေးကျေးပြောလို့မရဘူးလား”

လင်းကျစ်လူကလည်း ချေပသည်။

“သန့်စင်ခန်းလို့ ပြောတာ ဘာရိုင်းတာပါလို့လဲ!”

စုထုံကလည်း ဝင်ထောက်ခံလိုက်ပါသည်။

“နင်တို့နှစ်ယောက် ထွက်သွားတာ တကယ်တော်တော်ကြာတယ်”

ပိုင်မုန့်အန်းက စိတ်ပျက်လက်ပျက် လက်ယမ်းပြကာဆိုလိုက်သည်။

“မပြောချင်တော့ပါဘူးဟယ်၊ လမ်းမှာ အရူးတစ်သိုက်နဲ့ တည့်တည့်တိုးခဲ့လို့လေ”

ပိုင်မု့န်အန်း၏ စကားကို ကြားလိုက်ရသည်နှင့် စကားလက်ဆုံကျနေသည့် အခြားသူများပါ ချက်ချင်းတိတ်ဆိတ်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်လာခဲ့က့ကြသည်။

ထိုအခါ ပိုင်မုန့်အန်းသည် အခန်းရှေ့တွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ကြောင်းကုန်စင်ကို ဒရမ်မာဆန်ဆန် ပုံကြီးချဲ့ကာ အားရပါးရ ဖောက်သည်ချလိုက်လေတော့သည်။

အဆုံးတွင် ယဲ့ရှောင်ရှောင်ကိုပင် သူမ လှည့်မေးခဲ့သေးသည်။

“နင်ကော ဘာပြောချင်တာရှိသေးလဲ”

ယဲ့ရှောင်ရှောင်: “တော်ပါပြီ၊ သတင်းထောက်တွေတောင် နင့်လောက်ပြည့်စုံအောင် တင်ပြနိုင်မှာ မဟုတ်ဘူး”

‘တစ်ဆိတ်ကို တစ်အိတ်လုပ်တယ်ဆိုတာ ဒါမျိုးပဲနေမှာ’

ယဲ့ရှောင်ရှောင်တို့ သူငယ်ချင်းအားလုံး တွေ့ဆုံပွဲကို ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ခဲ့ကြပြီး နောက်တစ်ကြိမ်လည်း ပြန်လည်တွေ့ဆုံကြဦးမည်ဟု ကတိကဝတ်ပြုနေကြသော်လည်း ဘေးချင်းကပ်လျက်အခန်းမှ အခြေအနေမှာမူ ထိုမျှလောက် ပေါ့ပေါ့ပါးပါး မရှိလှပေ။

“ခုနက ငါတို့ပြောလိုက်တဲ့ စကားတွေကြောင့် ကျမ့်ဝမ် တကယ်ကြီး စိတ်ဆိုးသွားတာတော့ မဟုတ်လောက်ဘူးနော်”

“အဲ့လောက်နဲ့ စိတ်ဆိုးနေရင်တော့ ဒီကောင် သဘောထားတော်တော် သေးသိမ်တာပဲ”

တန့်ရွှယ်ဖုန်းလည်း အစားအသောက်များက အရသာမရှိတော့သလို ခံစားရသဖြင့် မတ်တပ်ထရပ်လိုက်ပါသည်။

“ထားလိုက်စမ်းပါကွာ၊ သူပြန်မလာဘူးဆိုလည်း ဘာဖြစ်လဲ၊ ငါတို့ဖာသာငါတို့ ငွေရှင်းပြီးပြန်ကြစို့၊ တခြားနေရာမှာ သွားပျော်ကြရအောင်”

အခြားသူများလည်း မတ်တပ်ရပ်လိုက်ကြသည်။

သို့သော် သူတို့ အခန်းထဲမှထွက်လာသည်နှင့် ဘေးချင်းကပ်လျက်အခန်းမှ ထွက်လာသည့် အခြားအဖွဲ့နှင့် မျက်လုံးချင်း ဆုံသွားကြပါသည်။

“ဪ၊ စားသောက်လို့တောင်မပြီးသေးဘူး ကျမ့်ဝမ် ဘယ်ပျောက်သွားတာလဲလို့ ငါတို့စဉ်းစားနေတာ၊ ဧကန္တ နင်တို့အဖွဲ့ထဲ ရောက်သွားတာတော့ မဟုတ်လောက်ပါဘူးနော်”

ကောင်လေးတစ်ဦးက သရော်ပြုံးဖြင့် မေးလိုက်သည်။

သူတို့အားလုံးသည် စစ်တပ်ဝင်းတစ်ခုတည်းမှ ကြီးပြင်းလာသော ကလေးများဖြစ်ကြသော်လည်း အပေါင်းအသင်း အသိုင်းအဝိုင်းချင်း မတူညီဘဲ ပိုင်မုန့်အန်းကလည်း သူတို့နှင့် ပတ်သတ်မှုမရှိခဲ့ပါ။

သို့သော် ရှုကျမ့်ဝမ်၏ သူငယ်ချင်းများကမူ ယဲ့ရှောင်ရှောင်ကို ယခင်ကကဲ့သို့ ဆက်ဆံနေကြဆဲပင်။

သို့သော် ယဲ့ရှောင်ရှောင်သည် မူလခန္ဓာကိုယ်ပိုင်ရှင်မဟုတ်တော့ပေ။ ထိုသူများ၏ စကားကို ကြားသောအခါ သူမ အေးတိအေးစက် တုံ့ပြန်ခဲ့ပါသည်။

“ငါတို့ဆီမှာ ဘီယာနဲ့ ဝိုင်တွေရှိပေမယ့် လက်ဖက်စိမ်းတွေ၊ စိတ္တဇတွေကိုတော့ ဧည့်မခံနိုင်ဘူး”

ထိုကောင်လေးမှာ မျက်မှောင်ကြုတ်သွားရသည်။

“ဘာဖြစ်တယ်”

ပိုင်မုန့်အန်းကလည်း အကျောမခံဘဲ ဝင်ပြောလိုက်ပါသည်။

“ငါတို့က သူငယ်ချင်းတွေစုပြီး ကြိုဆိုပွဲကျင်းပနေတာ၊ အမှိုက်တွေလိုက်သိမ်းနေတာမဟုတ်ဘူး၊ နင်တို့အမှိုက်ရှာချင်တာဆိုရင် အမှိုက်ပုံးထဲမှာ သွားရှာလိုက်”

တစ်ဖက်အဖွဲ့မှာ ထိုစကား၏ အဓိပ္ပာယ်ကို ကျိန်းသေပေါက် နားလည်ပါသည်။

“နင်တို့ဆီမှာ မရှိဘူးဆိုလည်း မရှိဘူးပေါ့၊ စကားကို ဘာလို့ ရိုင်းရိုင်းစိုင်းစိုင်းပြောရတာလဲ”

“အဲ့တာလောက်ကို ရိုင်းစိုင်းတယ်လို့ သတ်မှတ်ရင် ငါတို့ဆီမှာ ရှုကျမ့်ဝမ်ရှိနေတယ်လို့ နင်ထင်နေတာကမှ တကယ် ရိုင်းစိုင်းတာ”

“နင်တော့လား!”

တန့်ရွှယ်ဖုန်းက သူ့သူငယ်ချင်းကို ဝင်ဆွဲလိုက်ပါသည်။

“နားလည်မှုလွဲနေကြတာပါကွာ၊ ဒေါသတွေ အဲ့လောက် ထွက်မနေစမ်းပါနဲ့”

ထို့နောက် ရှောင်ရှောင်အားလှည့်ကြည့်ကာ သူမေးလိုက်သည်။

“ရှောင်ရှောင်၊ နင်ကျမ့်ဝမ်ကို တကယ်မတွေ့ခဲ့ဘူးလား”

ယဲ့ရှောင်ရှောင်: “ကျွန်မစကားနားထောင်ပြီး ဆေးရုံမှာ မျက်စိသွားစစ်တာနေမှာပေါ့၊ သူအရင်တုန်းက အမြင်မကြည်ရုံပဲ ရှိခဲ့တာ၊ အခုတော့ စုံလုံးပါ ကန်းသွားပြီထင်တယ်”

ယဲ့ရှောင်ရှောင်၏ စကားကိုကြားသောအခါ တန့်ရွှယ်ဖုန်းမှအပ အခြားသူများအားလုံး ထူးထူးဆန်းဆန်း မျက်နှာများ ဖြစ်သွားကြလေသည်။

ရှုကျမ့်ဝမ်ကို သူမ အမှန်တကယ် စိတ်မဝင်စားတော့သည့် ပုံစံပင်။ သူမ၏ စကားလုံးများက အလွန်ပင် ကြမ်းတမ်းလွန်းပါသည်။

ယခင်ကဆိုလျှင် ရှုကျမ့်ဝမ်ကို သဘောကျခဲ့သဖြင့် ယဲ့‌ရှောင်ရှောင်သည် သူ့သူငယ်ချင်း အသိုင်းအဝိုင်းတစ်ခုလုံးအပေါ် အမြဲရိုသေကိုင်းညွတ်ပြီး မျက်နှာလိုမျက်နှာရပြုခဲ့ဖူးသည်ကို မည်သူမှ မမေ့ကြသေးပါ။

သူတို့နှင့် ဆုံလိုက်သည့်အချိန်တိုင်း ရှုကျမ့်ဝမ်၏အကြောင်းကို သူမ မဆိုင်းမတွ မေးမြန်းခဲ့လေ့ရှိပါသည်။

ယခုအခါတွင်မူ သူမသည် အလွန်တည်တည်ငြိမ်ငြိမ်ရှိနေပြီး ရှုကျမ့်ဝမ်၏ အမည်ကိုပင် ထုတ်ဖော်ပြောဆိုခြင်း မရှိသဖြင့် အတိတ်ကို အမှန်တကယ် စွန့်လွှတ်နိုင်ခဲ့သည့် သဘောပင်။

မျက်မြင်ကြုံတွေ့လိုက်ရသောအခါ ရှုကျမ့်ဝမ်၏ သူငယ်ချင်းများလည်း ယုံကြည်ရုံမှတပါး အခြားမရှိတော့ပေ။

သို့သော် တန့်ရွှယ်ဖုန်းကမူ ယဲ့ရှောင်ရှောင် ပြောင်းလဲသွားသည့်အကြောင်းကို အစောကြီးကတည်းက ကြိုသိနေခဲ့ကာ ပြုံးလျက် ပြောလိုက်သည်။

“ရှုကျမ့်ဝမ်က ဆေးရုံသွားတာပေါ့၊ ငါတို့ နားလည်မှုလွဲသွားတာထင်ပါတယ်”

“သူက ဘာလို့ ဆေးရုံသွားတာလဲ၊ လိုက်သွားကြည့်ကြရအောင်!”

ရှုကျမ့်ဝမ် ဆေးရုံသို့ ထွက်ခွာသွားသည်ဟု ကြားသိရသောအခါ အပေါင်းအသင်းများက အနည်းငယ် စိတ်ပူသွားကြပြီး သတင်းသွားမေးရန် အတူတူထွက်ခွာသွားကြတော့သည်။

ယဲ့ရှောင်ရှောင်ကမူ ဟောက်ယန်ယန်၏ ‘ဒဏ်ရာဒဏ်ချက်’များအကြောင်းကို တွေးနေမိပါသည်။

သူတို့နှစ်ဦး ဆေးရုံသို့ ရောက်ရှိသွားချိန်တွင် ထိုပွန်းရာပဲ့ရာအသေးစားလေးများမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလောက်ပါပြီ။

ယဲ့ရှောင်ရှောင်ကို ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် တန့်ရွှယ်ဖုန်းလည်း ထွက်ခွာသွားလေတော့သည်။

ပိုင်မုန့်အန်းက ယဲ့ရှောင်ရှောင်အား သတိပေးလိုက်ပါသည်။

“အဲ့ဒီ တန့်ရွှယ်ဖုန်းဆိုတဲ့ကောင်က လူကောင်းသူကောင်း မဟုတ်ဘူးနော်၊ အဲ့ကောင်နဲ့ ဝေးဝေးမှာနေ”

ယဲ့ရှောင်ရှောင်: ‘စိတ်လျှော့ပါဦး အစ်မကြီးရဲ့၊ ဒီဇာတ်လမ်းမှာ ကျွန်မတို့ကမှ ဗီလိန်တွေပါ’

ယဲ့ရှောင်ရှောင်၏ ရင်ထဲတွင် မည်သူ့ကိုမှ မျှဝေလို့မရနိုင်သည့် အတွေးပေါင်းများစွာ ရှိနေခဲ့ပါသည်။

“သွားကြမယ်၊ ငါ့အိမ် ခဏလောက်လိုက်ခဲ့၊ ငါအမူးနည်းနည်းပြေသွားရင် ပြန်လိုက်ပို့ပေးမယ်”

ပိုင်မုန့်အန်းသည် ယဲ့ရှောင်ရှောင်၏ ပခုံးကိုဖက်ကာ အောက်သို့ ဆင်းလာခဲ့ပါသည်။

မတွေ့ဆုံချင်သည့် လူနှစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်မှအပ သူငယ်ချင်းများ၏ တွေ့ဆုံပွဲလေးမှာ အကြွင်းမဲ့ ပြီးပြည့်စုံခဲ့ပါသည်။

နောက်တစ်နေ့သည် ယဲ့ရှောင်ရှောင် ယာဉ်မောင်းလိုင်စင် စာမေးပွဲဖြေဆိုရမည့် နေ့ပင် ဖြစ်သည်။

သူမ မထွက်ခွာခင် လုဟန်ချွမ်က ဖုန်းဆက်လာခဲ့ပါသည်။

“ကိုယ်အဖော်လိုက်ပေးနိုင်မှာ မဟုတ်ဘူး၊ စာမေးပွဲမှာ ဂရုစိုက်နော်”

ယဲ့ရှောင်ရှောင်: “စိတ်မပူပါနဲ့၊ ကျွန်မက အရမ်းကျွမ်းကျင်နေပြီ”

သို့သော် ကားမောင်းသည့်အခါ မိမိကိုယ်တိုင် ကျွမ်းကျင်နေရုံဖြင့် မလုံလောက်ကြောင်း ယဲ့ရှောင်ရှောင် သင်ခန်းစာ ရခဲ့ပါသည်။

စာမေးပွဲဖြေဆိုနေစဉ်အချိန်အတွင်း အခြားကားတစ်စီးနှင့် ယဲ့ရှောင်ရှောင် မတော်တဆ တိုက်မိခဲံသည်။

ယဲ့ရှောင်ရှောင်သည် မနက်ပိုင်း ရေးဖြေ စာမေးပွဲများကို ချောချောမွေ့မွေ့ ဖြေဆိုနိုင်ခဲ့ပြီး နေ့လယ်ခင်းတွင်မူ လမ်းမပေါ်သို့ထွက်ကာ လက်တွေ့မောင်းနှင်ဖြေဆိုရပါသည်။

ဤခေတ်အခါက ခရီးသည်တင်ကားများစွာ မရှိသေးသည့်အပြင် စာမေးပွဲစစ်ဖို့ ရွေးချယ်ထားသည့်နေရာမှာလည်း အလွန်ချောင်ကျသည့်နေရာတစ်ခုဖြစ်၍ အခြားကားများ ရောက်ရှိလာဖို့ဟူသည်မှာ အလွန်ပင် ရှားပါးလှပေသည်။

သို့သော် မတော်တဆမှုဟူသည် ထင်မှတ်မထားသည့် အချိန်မျိုးတွင်သာ ဖြစ်ပေါ်လာတတ်ပါသည်။

မည်သည့်နေရာကမှန်းမသိ ပေါ်လာသည့် ကားတစ်စီးသည် စည်းမဲ့ကမ်းမဲ့ ကျော်တက်ဖို့ ကြိုးစားရင်း ယဲ့ရှောင်ရှောင် မောင်းနှင့်နေသည့်ကားနှင့် ဝင်တိုက်မိခဲ့သည်။

ယဲ့ရှောင်ရှောင်၏ ကားထဲမှ စစ်ဆေးသူမှာ အလွန်တရာမှ မှင်သက်သွားခဲ့ရသည်။

ယဲ့ရှောင်ရှောင်ကို ကားပေါ်မှအရင်ဆင်းရန် ပြောလိုက်ပြီး ကားကိုဝင်တိုက်ခဲ့သည့် ယာဉ်မောင်းနှင့် ညှိနှိုင်းဆွေးနွေးရန် သူထွက်သွားခဲ့ပါသည်။

တိုက်မိခဲ့သည့်ကားမှာ Volga Sedan ကားအမျိုးအစားဖြစ်ပြီး ကားပေါ်မှ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးဆင်းလာကာ မချေမငံလေသံဖြင့် ပြောလိုက်သည်။

“နင်တို့ကားမမောင်းတတ်ကြဘူးလား၊ ဘာလို့ လိပ်လို သွားနေကြတာလဲ”

“ဒီက အမျိုးသမီး၊ ဒါယာဉ်မောင်းလိုင်စင် စာမေးပွဲ စစ်ဆေးဖို့အတွက် သတ်မှတ်ထားတဲ့နေရာပါ၊ ဒါက သင်တန်းသားတွေကို စာမေးပွဲစစ်ဖို့ သုံးတဲ့ကားပဲ၊ ပြီးတော့ ကျုပ်တို့ကားကို ခင်ဗျားက အနောက်က ဝင်တိုက်တာမို့လို့ ခင်ဗျားမှာ တာဝန် အပြည့်အဝ ရှိတယ်”

စစ်ဆေးသူသည် ထိုအမျိုးသမီးအား သေချာရှင်းပြလိုက်ပြီး လမ်းဆုံတွင်တာဝန်ကျသည့် ယာဉ်ထိန်းရဲအား စကားပြောစက်ဖြင့် ဆက်သွယ်လိုက်ပါသည်။

အမျိုးသမီးမှာ ရှေ့က ကားနှင့် စစ်ဆေးသူတို့ကို တစ်လှည့်စီ ကြည့်လိုက်ပြီး သူမ၏ ကံဆိုးမှုကိုသာ အပြစ်တင်နိုင်တော့သည်။

“စာမေးပွဲစစ်တဲ့လမ်းဆိုတာ မသိလိုက်မိဘူး၊ ဘယ်လောက် ပြန်လျော်ပေးရမလဲဆိုတာသာပြော”

ပြည်ပမှတင်သွင်းသည့် ကားတစ်စီးကို စီးနိုင်သူဖြစ်သည့်အလျောက် သူမတွင် ငွေရှားပါးမည် မဟုတ်ပေ။

စစ်ဆေးသူသည် ယာဉ်ထိန်းရဲကို ဆက်သွယ်လိုက်ပြီး မတော်တဆမှုအား တင်ပြကာ ယဲ့ရှောင်ရှောင်အား ဘေးတွင် စောင့်နေခိုင်းလိုက်သည်။

“ခဏနေရင် နောက်ကားတစ်စီးပြောင်းပြီး ထပ်မောင်းကြမယ်”

စာမေးပွဲနေ့မှ မတော်တဆကြုံခဲ့ရသည့် ယဲ့ရှောင်ရှောင်တစ်ယောက် ထိုစကားကို ကြားသောအခါ မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။

“ကျေးဇူးတင်ပါတယ်!”

‘ဒါဆို ခုချက်ချင်း ပြန်ဖြေရတော့မှာပေါ့’

ထိုအတွေးဖြင့် သူမ၏ ဝမ်းနည်းညှိုးငယ်မှုများ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။

စာရွက်စာတမ်းကိစ္စများကို စစ်ဆေးသူက စီစစ်ဆောင်ရွက်နေစဉ် ယဲ့ရှောင်ရှောင်ကမူ အနားတွင် မတ်တပ်ရပ်နေပြီး လျော်ကြေးပေးဖို့ ပြင်နေသည့် အမျိုးသမီးအား အကဲခတ်ကြည့်နေခဲ့ပါသည်။

ထိုအမျိုးသမီးသည် နွေရာသီခေါင်ခေါင်မှာပင် အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားပြီး မြင်နေရသည့် လက်များပေါ်တွင်လည်း ခရုသင်းကဲ့သို့ အဖြူကွက်ကြီးများစွာ ဖြစ်ပေါ်နေလေသည်။

ထိုအမျိုးသမီး ထွက်သွားဖို့ ပြင်လိုက်စဉ် ယဲ့ရှောင်ရှောင်က လှမ်းမေးလိုက်ပါသည်။

“အစ်မ၊ ခုတလော စိတ်ဓာတ်ကျတာတွေ၊ ဒေါသထွက်လွယ်တာတွေ၊ အိပ်မက်ဆိုးအမက်များတာတွေ ကြုံနေရလား၊ ပြီးတော့ ရာသီသွေးမမှန်တာတွေဘာတွေကော ရှိလား”

ထိုအခါ အမျိုးသမီးက ယဲ့ရှောင်ရှောင်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပါသည်။

“မင်းဘယ်လိုသိလဲ”

ယဲ့ရှောင်ရှောင်က ရှင်းပြသည်။

“အစ်မရဲ့ အရေပြားအခြေအနေက အသည်းချို့ယွင်းတာ၊ သွေးအားနည်းတာနဲ့၊ လေထုအပြောင်းအလဲတွေကြောင့် ဖြစ်ပါလိမ့်မယ်”

ထိုအမျိုးသမီးသည် အလျင်စလို ထွက်ခွာလိုခြင်းမရှိတော့ဘဲ လမ်းဘေးတွင် မတ်တပ်ရပ်လျက် ယဲ့ရှောင်ရှောင်အား မေးလိုက်ပါသည်။

“မင်းက ဘယ်ဆေးရုံကလဲ ကလေးမ၊ မင်းပညာက ဘယ်သေးလို့လဲ”

ယဲ့ရှောင်ရှောင်: “ကျွန်မက ရမ်သဲ့ထန်က အလုပ်သင်ဆရာဝန်ပါ၊ အစ်မ အချိန်ရတဲ့အခါ ရမ်သဲ့ထန်မှာ ကျန်းမာရေး လာစစ်ဆေးနိုင်ပါတယ်”

အမျိုးသမီးသည် ထိုအရေပြားပြဿနာကို ခံစားနေရသည်မှာ အချိန်အတော်ကြာခဲ့ပါပြီ။

ရုတ်တရက် ကြုံတွေ့လိုက်ရသော ယာဉ်မတော်တဆမှုတစ်ခုက သူမအတွက် မျှော်လင့်ချက်အလင်းရောင်လေးတစ်ခု ဆောင်ကျဉ်းပေးနိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

All Chapters