အခန်း ၁၉၃
Vol. 20 Ch. 193
📗 Chapter 193
“အစ်မ သွားလိုက်ပါ့မယ်”
ယဲ့ရှောင်ရှောင်အတွက်လည်း မျှော်လင့်မထားသည့် အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသည်။ ယာဉ်မောင်းစာမေးပွဲ ဖြေဆိုနေစဉ် အချိန်အတွင်းမှာပင် ရမ်သဲ့ထန်အတွက် လူနာသစ်တစ်ယောက်ကိုပါ တစ်ပါတည်း စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။
ပြဿနာ ပြေလည်သွားသောအခါ စစ်ဆေးသူသည် ယဲ့ရှောင်ရှောင်အား ခေါ်ဆောင်လျက် ဒုတိယအစ်ကြိမ် မောင်းနှင်ဖြေဆိုစေခဲ့သည်။
ဒုတိယအကြိမ်တွင်တော့ အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ပြီး ယဲ့ရှောင်ရှောင်သည် သူမ၏ ယာဉ်မောင်းလိုင်စင် စာမေးပွဲကို ဂုဏ်ထူးများဖြင့် အောင်မြင်သွားခဲ့တော့သည်။
စာမေးပွဲအတွက် တစ်နေကုန်နီးပါး အချိန်ပေးခဲ့ရသော်လည်း လုပ်ငန်းစဉ်များမှာ အလွန်ပင် သွက်လက်မြန်ဆန်လှသည်။
စာမေးပွဲဖြေဆိုပြီးနောက် ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ကို ဖုန်းဆက်ခဲ့ပြီး သူမ ဘေးကင်းကြောင်း အကြောင်းကြားလိုက်ပါသည်။
“စာမေးပွဲမှာ အဆင်ပြေရဲ့လား”
“များသောအားဖြင့်တော့ အဆင်ပြေပါတယ်”
လုဟန်ချွမ်က သူမ၏ ဆိုလိုရင်းကို ချက်ချင်း ရိပ်စားမိကာ မေးမြန်းလိုက်သည်။
“အဆင်မပြေတာတွေ ရှိတယ်ဆိုပါတော့”
ယဲ့ရှောင်ရှောင်လည်း ကားမတော်တဆ တိုက်မိသည့်အကြောင်း ပြောပြလိုက်ရတော့သည်။
“ရှောင်ရှောင် ကြောက်မသွားဘူးမလား”
လုဟန်ချွမ် ဘာပြောရမှန်းပင် မသိတော့ချေ။ ဤမျှ ဖြစ်တောင့်ဖြစ်ခဲ မတော်တဆမှုမျိုးနှင့်ပင် ယဲ့ရှောင်ရှောင် တည့်တည့် တိုးခဲ့ရသေးသည်။
“မကြောက်ပါဘူး၊ ကားချင်း ပွတ်မိတယ်ဆိုရုံလေး”
ထိုအခါမှ လုဟန်ချွမ် စိတ်အေးနိုင်တော့သည်။ ထို့နောက် သူအားလပ်သည့်အခါ ယဲ့ရှောင်ရှောင်အား ကားလိုက်ဝယ်ပေးမည်ဟု ကတိပေးလိုက်ပါသည်။
ထိုကိစ္စကို ယခင်ကတည်းက သဘောတူညီထားခြင်းဖြစ်ကာ သူ့စကားသူပြန်ရုတ်သိမ်းဖို့ အစီအစဉ်မရှိပါ။ ဤရက်ပိုင်းအတွင်း သူ မအားလပ်သေးရုံသာ ရှိသည်။
ယဲ့ရှောင်ရှောင်လည်း သဘောတူလိုက်ပါသည်။
နွေရာသီကျောင်းပိတ်ရက် မကုန်ဆုံးမီ ယာဉ်မောင်းလိုင်စင် ရရှိမည်မှာ သေချာသဖြင့် ကားတစ်စီး ကြိုတင်ဝယ်ယူထားဖို့က အလွန်အရေးကြီးသည်။
လုဟန်ချွမ်ကို နှုတ်ဆက်ကာ ဖုန်းချလိုက်ပြီး ယဲ့ရှောင်ရှောင် အောက်သို့ ပြန်ဆင်းလာချိန်တွင် စုန့်ရှောင်းကွမ့်က လှမ်းပြောလိုက်ပါသည်။
“အခု ယာဉ်မောင်းစာမေးပွဲလည်း အောင်သွားပြီဆိုတော့ မကြာခင် လိုင်စင်ရတော့မှာပေါ့ ဟုတ်လား၊ နင်ဘယ်လိုကားမျိုး သဘောကျလဲရှောင်ရှောင်၊ ဆရာတစ်စီး ဝယ်ပေးမယ်လေ”
စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်ကို သမီးအရင်းတစ်ဦးပမာ အလိုလိုက်ပြီး အိမ်သာမက ပထမဆုံး ကားကိုပါ ဝယ်ယူပေးချင်နေပါသည်။
“ဆရာကြီး ပိုက်ဆံထုတ်စရာ လုံးဝမလိုဘူးနော်၊ ပြီးတော့… ကားဝယ်ပေးမယ့်တာဝန်ကို တခြားတစ်ယောက် ယူထားပါတယ်”
လုဟန်ချွမ်သည် သူ၏ ယောက်ျားမာနကြောင့် သူမ၏ကိုယ်ပိုင်ငွေကို လုံးဝ သုံးစွဲခွင့်ပြုမှာမဟုတ်မှန်း ယဲ့ရှောင်ရှောင် မေးစရာပင်မလိုဘဲ နားလည်ထားပါသည်။ ထို့ကြောင့် အခြားသူသာဆိုလျှင် ပိုဆိုးလိမ့်မည်။
စုန့်ကွမ်းကျင့် မကျေမနပ် သက်ပြင်းချလိုက်ပါသည်။ ယဲ့ရှောင်ရှောင်မည်သူ့ကို ဆိုလိုနေမှန်း သူနားလည်သည်။
ထိုကောင်လေးကို ပိုက်ဆံအကုန်အကျခံခိုင်းသည်ကလည်း ဆိုးရွားသည့်ကိစ္စတော့မဟုတ်ပေ။
လုဟန်ချွမ်က တာဝန်ယူပေးမည်ဟု ကြားသိလိုက်ရသောအခါ စုန့်ကွမ်းကျင့်လည်း ငြင်းဆန်မနေတော့ပါ။
“နင်လက်ထပ်တဲ့အခါကျရင် ခန်းဝင်ပစ္စည်းအနေနဲ့ ပိုကောင်းတဲ့ကားတစ်စီး ဝယ်ပေးမယ်”
ယဲ့ရှောင်ရှောင်: “…”
ယဲ့ရှောင်ရှောင်သည် နေ့လယ်ခင်းတွင် ရမ်သဲ့ထန်သို့ သွားရောက်ခဲ့သည်။ ထိုစဉ် ကျန်းခိုင်နင်က သူမထံ ရောက်ရှိလာပါသည်။
“ရှောင်ရှောင်၊ ငါနင်နဲ့ တိုင်ပင်စရာရှိလို့”
“ဘာလဲ”
“ချူးမြောင်တို့၊ ကျန်းလီချွမ်တို့တွေက အခု ပေကျင်းမှာပဲရှိသေးတာ၊ သူတို့လည်း ဘာမှလုပ်စရာမရှိဘဲ အားနေကြတာဆိုတော့ ရမ်သဲ့ထန်ကို ခေါ်ပြီး ကူညီပေးခိုင်းလိုက်ရင် ကောင်းမလားလို့”
ယဲ့ရှောင်ရှောင် ထိုအကြောင်းကို မစဉ်းစားမိခဲ့ပါ။ ကျန်းခိုင်နင်၏ အကြံပြုချက်ကို ကြားသောအခါ သူမ ချက်ချင်းပင် သဘောတူလိုက်သည်။
“ရတာပေါ့၊ အခု ရမ်သဲ့ထန်မှာ လူအင်အား တကယ်လိုအပ်နေတာ”
အခြားသူများသာဆိုလျှင် ယဲ့ရှောင်ရှောင် ယုံကြည်ဖို့ တွန့်ဆုတ်နေမိမည်ဖြစ်သော်လည်း သူမ၏ အတန်းထဲမှ စာကြမ်းပိုးများကတော့ သာမန်အလုပ်သင်ဆရာဝန်များထက် စွမ်းရည်နိမ့်ကျနိုင်မည်မဟုတ်ဟု ယဲ့ရှောင်ရှောင် အပြည့်အဝ ယုံကြည်ထားပါသည်။
သာမန်အတန်းချိန်များတွင် ယဲ့ရှောင်ရှောင်ကိုယ်တိုင်ပင် မမြင်ဖူးသည့် ထူးထူးဆန်းဆန်း ဆေးညွှန်းများကို ဖော်စပ်ပြတတ်ကြသေးသည်။
ကျန်းခိုင်နင်: “ဒါဆို ငါသူတို့ကို ခေါ်လိုက်မယ်နော်”
ထိုသူအားလုံးသည် ကျန်းခိုင်နင်၏ အခန်းဖော်များသာဖြစ်ကြပြီး ယခုချိန်ထိ တက္ကသိုလ်အဆောင်တွင် နေထိုင်နေကြဆဲ ဖြစ်ပါသည်။
“ဟုတ်ပြီ၊ တက္ကသိုလ်က နည်းနည်းဝေးတော့ ရမ်သဲ့ထန် ဝန်ထမ်းအဆောင်မှာလည်း လာနေလို့ရတယ်၊ မန်နေဂျာမာကို ငါအသိပေးထားလိုက်မယ်”
ကျန်းခိုင်နင်သည် ယဲ့ရှောင်ရှောင်ကို ကျေးဇူးတင်လိုက်ပြီး သူငယ်ချင်းများအား သတင်းကောင်းပြောပြဖို့ ပြန်သွားခဲ့သည်။
ယဲ့ရှောင်ရှောင်ကမူ မန်နေဂျာမာနှင့် ထိုကိစ္စသွားတိုင်ပင်ခဲ့လေသည်။
မာကွမ်းယောင်က နွေးနွေးထွေးထွေးပင် သဘောတူခဲ့ပါသည်။
“သိပ်ကောင်းတာပေါ့! ငါတို့လည်းအခု ဝန်ထမ်းအင်အားနည်းနေတာ၊ နင့်အတန်းဖော်တွေ လာကူညီပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့၊ သူတို့လစာကိုလည်း အလုပ်သင်တစ်ယောက်ရဲ့ လစာနဲ့ ကိုက်ညီအောင် စီစဉ်ပေးမယ်၊ ငါတို့ရမ်သဲ့ထန်က တကယ့်ဆေးရုံကြီးတွေနဲ့ မယှဉ်နိုင်သေးတာတော့ နှမြောစရာပဲ၊ ငါတို့ဆီ ပညာရှင်တွေ ထပ်ရောက်လာရင် ပိုကောင်းမယ်”
ယဲ့ရှောင်ရှောင်: “လစာသာ လုံလုံလောက်လောက်ပေးမယ်ဆိုရင် ကျွန်မတို့နေရာက ဆေးရုံကြီးတွေထက် ဘာမှပိုမညံ့ပါဘူး”
ဤခေတ်အခါတွင် တက္ကသိုလ်ကျောင်းသားများသည် အရည်အချင်းအစစ်အမှန် ရှိကြသော ပါရမီရှင်များ ဖြစ်ကြပါသည်။ နောင်နှစ် ၃၀ ခန့်ကြာသောအခါတွင်မူ ဘွဲ့တစ်ခုသည် ဤမျှလောက် တန်ဖိုးရှိတော့မည် မဟုတ်ပေ။
မန်နေဂျာမာက မှတ်ချက်ပြုသည်။
“အဲ့ကိစ္စ ဆရာကြီးနဲ့ ဆွေးနွေးဖို့ ငါကြံထားတယ်၊ ငါတို့ရမ်သဲ့ထန်လည်း တခြားအဖွဲ့အစည်းတွေနဲ့ ပြိုင်ပြီး ပါရမီရှင်တွေ ခေါ်ယူဖို့ လိုအပ်နေပြီ၊ မဟုတ်ရင် မျိုးဆက်တစ်ဆက် ကွာခြားသွားပြီး မျိုးရိုးစဉ်ဆက် ဂုဏ်ရှိခဲ့တဲ့ ရမ်သဲ့ထန်ရဲ့ နာမည်ကို ဆက်ထိန်းသိမ်းထားနိုင်မှာ မဟုတ်လောက်ဘူး”
မန်နေဂျာမာသည် အရာအားလုံးကို ထင်ထင်ရှားရှား ကြိုမြင်နေပါသည်။
ယခင်က ရမ်သဲ့ထန်သည် ဆရာကြီးစုန့်အပေါ်တွင်သာ မှီခိုအားထားခဲ့ရသော်ငြား နောင်လာမည့် အနာဂတ်တွင် ယဲ့ရှောင်ရှောင်ကိုသာ အားကိုးအားထား ပြုရပါတော့မည်။
ထို့ကြောင့် မန်နေဂျာမာသည် ယဲ့ရှောင်ရှောင်ကို ဘော့စ်ငယ်လေးတစ်ယောက်ပမာ အမြဲတမ်း တလေးတစားနှင့် ဆက်ဆံခဲ့သည်။ ဆရာကြီးစုန့်ကလည်း ဤသို့ ဖြစ်စေချင်မှာ သေချာပါသည်။
သူတို့ စကားပြောဆိုနေကြစဉ် ယဲ့ရှောင်ရှောင်၏ ညွှန်းဆိုပေးမှုကြောင့် ကျန်းမာရေးစစ်ဆေးဖို့ အမျိုးသမီးတစ်ဦး ရောက်ရှိလာသည်ဟု အောက်ထပ်မှ အသိပေးခဲ့ပါသည်။
မကြာသေးခင်က ယဲ့ရှောင်ရှောင် အမျိုးသမီးနှစ်ဦးကို ရမ်သဲ့ထန်နှင့် မိတ်ဆက်ပေးခဲ့သည်။
တစ်ဦးက အရေပြား ပြဿနာ ကြုံတွေ့နေရသူဖြစ်ကာ အခြားတစ်ဦးမှာမူ သားသမီးမထွန်းကားသည့် ပြဿနာကို ကြုံတွေ့နေရသူဖြစ်ပါသည်။
ယခုရောက်ရှိလာသူက မည်သူဖြစ်နိုင်မှန်း သူမ မသိပေ။
“ကျွန်မ အောက်ဆင်းပြီး သွားကြည့်လိုက်ဦးမယ်နော်”
မန်နေဂျာမာက ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ရှောင်ရှောင် အောက်ထပ်သို့ ဆင်းလာသောအခါ အရေပြားပြဿနာ ခံစားနေရသည့် အမျိုးသမီးဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။
“ဒီမှာ ရောဂါပြဖို့ တိုကင်နံပါတ်ကြိုယူထားရမှန်း မသိခဲ့ဘူး၊ ဒီနေ့ တိုကင်နံပါတ်တွေ ကုန်နေပြီဆိုတော့ အစ်မ အချိန်ကုန်လူပင်ပန်းခံပြီးလာရတာ အလကားဖြစ်သွားပြီပေါ့”
ယဲ့ရှောင်ရှောင်က အပြုံးဖြင့် ရှင်းပြလိုက်ပါသည်။
“ဝါရင့်ဆရာဝန်ကြီးတွေကတော့ လူနာတွေနဲ့ ပြည့်နေပါပြီ၊ ဒါပေမယ့် ကျွန်မမှာတော့ နံပါတ်တွေ ကျန်နေသေးတယ်၊ အစ်မ စမ်းသပ်ကြည့်ချင်လား”
“မင်းက အလုပ်သင်မဟုတ်ဘူးလား”
“အလုပ်သင်ဖြစ်တော့ကော ဘာဖြစ်လို့လဲ၊ အစ်မရဲ့ ရောဂါကို ကျွန်မတစ်ချက်ကြည့်လိုက်ရုံနဲ့ ခန့်မှန်းပြနိုင်ခဲ့တာပဲ မဟုတ်ဘူးလား၊ ပြီးတော့ အစ်မရဲ့ ရောဂါက ကုဖို့ အဲ့လောက်မခက်ပါဘူး”
အမျိုးသမီးမှာ ယုံတစ်ဝက် မယုံတစ်ဝက်နှင့် ဆိုလိုက်ပါသည်။
“ကုဖို့ မခက်ဘူးဟုတ်လား၊ ဆေးရုံကြီးတွေ တစ်ခုပြီးတစ်ခုမှာ သွားပြသပြီး ဆေးတွေလည်း အများကြီးသောက်ခဲ့တာပဲ၊ ဒါပေမယ့် ရောဂါက ထပ်ခါတလဲလဲ ပြန်ထလာတာ၊ ဘာဆိုဘာမှ အသုံးမဝင်ဘူး”
ယဲ့ရှောင်ရှောင်က အာမခံလိုက်သည်။
“ကျွန်မကိုယုံကြည်ပြီး ကျွန်မညွှန်းတဲ့ဆေးတွေကို မှီဝဲမယ်ဆိုရင် တစ်ပတ်အတွင်း သိသိသာသာ တိုးတက်လာတာကို မြင်ရလိမ့်မယ်”
အမျိုးသမီးမှာ ခေတ္တ အတွေးများသွားခဲ့သည်။
“အင်းလေ… ဒီတောင်ရောက်လာပြီဆိုမှတော့လည်း စစ်ကြည့်လိုက်တာပေါ့”
ယဲ့ရှောင်ရှောင်သည် ထိုအမျိုးသမီးကို သီးသန့်လူနာစစ်ဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ လူနာအား ပထမဆုံးအနေဖြင့် ဆေးမှတ်တမ်းစာအုပ်ထဲ အချက်အလက် ဖြည့်သွင်းခိုင်းခဲ့သည်။
‘အမည် - လျို့ရွှယ့်လျန်
လိင် - မ
အသက် - ၃၂ နှစ်’
ထို့နောက် ယဲ့ရှောင်ရှောင်သည် ရောဂါလက္ခဏာများ မည်သည့်အချိန်မှ စတင်၍ ပြသခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုစဉ်က မည်သည့်ဆေးကုသမှုများ ခံယူခဲ့ကြောင်းတို့ကို မေးမြန်းခဲ့ပါသည်။
လျို့ရွှယ့်လျန်က အသေးစိတ် ဖြေကြားပေးပြီးနောက် ယဲ့ရှောင်ရှောင်သည် သူမကို အဝတ်အစားချွတ်ခိုင်းလိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ အဖြူကွက်များကို စစ်ဆေးကြည့်လိုက်ပါသည်။
လူနာ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် သူမကြုံတွေ့နေရသည့် ရောဂါ၏ အသေးစိတ်အကြောင်းအရာများကို စတင်ရှင်းပြခဲ့လေသည်။
သူမ၏ အရေပြားပေါ်တွင် အဖြူကွက်များဖြစ်ပေါ်နေသည်မှာ သုံးနှစ်ခန့်ရှိပါပြီ။ လူနာသည် ယခင်က ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားဖွံ့ဖြိုးမှု အားနည်းခြင်းကြောင့် နှစ်ကြိမ်တိုင်တိုင် ခွဲစိတ်မှုဖြင့် ဖျက်ချခဲ့ရဖူးသည်။
ခွဲစိတ်မှုများအပြီးတွင် သူမ၏ ခြေထောက်အောက်ပိုင်းများ၌ အဖြူကွက်များဖြစ်ပေါ်လာသည်ကို သတိပြုမိခဲ့ပြီး နောက်ပိုင်းတွင် နောက်ကျောနှင့် ရင်ဘတ်များပေါ်တွင်ပါ ဆင်တူညီသော အဖြူကွက်များ ဖြစ်ပေါ်လာခဲ့ပါသည်။
အဖြူကွက်များသည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး နောက်ဆုံးတွင် တစ်ကွက်နှင့်တစ်ကွက် ပေါင်းစည်းကာ ပိုမိုကြီးမားသည့်အကွက်များအဖြစ် အသွင်ပြောင်းလဲသွားတော့သည်။
ဤနှစ် နွေရာသီတွင် လျို့ရွှယ့်လျန်၏ လက်များပေါ်တွင်ပါ အဖြူကွက်များ စတင်ဖြစ်ပေါ်လာခဲ့ပြီး သူမ၏ အခြေအနေမှာ ဆိုးရွားသထက် ဆိုးရွားလာခဲ့ပါသည်။
လက်ရှိလက္ခဏာများမှာ - လက်ဖမိုးနှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ပေါ်တွင် အဖြူရောင်အကွက်ငယ်များ ဖြစ်ပေါ်နေပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်များပေါ်တွင် ကြီးမားသည့် အဖြူကွက်များဖြစ်ပေါ်နေသည်။
စိတ်ဓာတ်ကျခြင်း၊ ရင်ထဲတွင် တစ်စုံတစ်ခု လေးလံနေသလိုခံစားရကာ မကြာခဏ သက်ပြင်းချနေမိခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ မျက်စိကြောင်၍ အိပ်မပျော်နိုင်ခြင်း၊ အိပ်မက်ဆိုးများ မြင်မက်ခြင်းနှင့် ရာသီသွေးမမှန်ကန်ခြင်းတို့ကို ကြုံတွေ့နေရသည်။
လျှာအရောင်မှာ အနည်းငယ် နီမြန်းနေပြီး သွေးခုန်နှုန်းများမှာ သေးငယ်ပြီး တင်းအားပြည့်နေသည်။
တရုတ်တိုင်းရင်းဆေးပညာ၏ ရောဂါရှာဖွေခြင်း နည်းလမ်းလေးသွယ်ဖြစ်သော ကြည့်ရှုခြင်း၊ နားထောင်ခြင်း၊ မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်းတို့ကို သေချာဆောင်ရွက်ပြီးနောက် ယဲ့ရှောင်ရှောင်သည် သူမ၏ ကနဦး ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့လေသည်။
ထို့နောက် လူနာအတွက် ဆေးညွှန်းတစ်ခု ကျကျနန ရေးပေးလိုက်ပါသည်။
“ချိုက်ဟူ၊ ပိုဟဲ၊ တန်းကွေ့၊ ပိုင်ရှောက်၊ ဖူလင်း၊ ပိုင်ကျူး၊ တန်းပီ၊ ကျီစောင်၊ ပိုင်ကျစ်လီ၊ တိဖူကျီး၊ ပိုင်ရှမ့်ပီ၊ စန်းပိုင်ပီ၊ အားလုံး ၁၀ ဂရမ်စီ၊ တန့်ရှန်းက ၃၀ ဂရမ်၊ ကန်းစောင်က ၆ ဂရမ်”
“နောက်တစ်ပတ်နေရင် ရောဂါပြန်စစ်ဖို့ ပြန်လာခဲ့ပါ”
လျို့ရွှယ့်လျန်သည် အခြားနည်းလမ်းလည်းမရှိတော့သဖြင့် နောက်ဆုံးမျှော်လင့်ချက်အဖြစ် သဘောထားကာ ရမ်သဲ့ထန်တွင် စမ်းသပ် ကုသကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူမ၏ လက်ရှိအသွင်အပြင်ကြောင့် အိမ်တွင် ခင်ပွန်းဖြစ်သူ၏ ငြိုငြင်မှုကို ခံနေရရုံသာမက၊ မိမိကိုယ်ကိုမိမိ မှန်ထဲ ပြန်ကြည့်လျှင်ပင် စိတ်ပျက်နေရသည့် အခြေအနေဖြစ်နေပါသည်။
အကယ်၍ သူမ၏ ရောဂါကိုသာ အမှန်တကယ် ပျောက်ကင်းအောင် ကုသပေးနိုင်မည်ဆိုလျှင် ဤဆရာဝန်မလေးကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်မိမည်မှာ အမှန်ပင်။
လျို့ရွှယ့်လျန်အား နှုတ်ဆက်ပြီးနောက် ယဲ့ရှောင်ရှောင်သည် အခြားသော လူနာများကိုလည်း ဆက်လက် စစ်ဆေးပေးခဲ့ပါသည်။
လူနာ ၁၀ ယောက်ကျော်ကို ဆက်တိုက်ကြည့်ရှုပေးပြီးနောက် ယဲ့ရှောင်ရှောင် အနားယူပြီး အိမ်သို့ ပြန်လာခဲ့ပါသည်။
ယဲ့ရှောင်ရှောင်သည် အခြားသူများကို ‘စာကြမ်းပိုး’၊ ‘အလုပ်ကြမ်းပိုး’ဟု တတွတ်တွတ် ခေါ်ဆိုလေ့ရှိသော်လည်း လက်တွေ့တွင်မူ သူမကိုယ်တိုင်က ဝါရင့်အလုပ်ကြမ်းပိုးကြီးဖြစ်နေခဲ့ပါပြီ။
နောက်ရက်များတွင်လည်း ရမ်သဲ့ထန်သို့ ယဲ့ရှောင်ရှောင်သွားရောက်ခဲ့သည်။
ချူးယွင်ရှောင်မှအပ ပေကျင်းမြို့တွင်ရှိနေသည့် သူမ၏ အတန်းဖော်များလည်း ရမ်သဲ့ထန်သို့ လာရောက် ကူညီပေးခဲ့ကြပါသည်။