← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

📗 Chapter 194

အတန်းခေါင်းဆောင်မှာ အလွန်အလုပ်များသည့်အပြင် ငွေရှားသူလည်း မဟုတ်သည့်အတွက် ရမ်သဲ့ထန်တွင် အချိန်ပိုင်း အလုပ်လုပ်ကိုင်ဖို့ မလိုအပ်သည်မှာ မထူးဆန်းလှပေ။

ရမ်သဲ့ထန်၌ ယဲ့ရှောင်ရှောင် လာရောက်ကူညီပေးသည့် ၃ ရက်မြောက်နေ့တွင် သားသမီး မထွန်းကားသည်ပြဿနာကို ကုသရန်အတွက် ခင်ပွန်းဖြစ်သူကို ခေါ်ဆောင်လာသော စစ်နင်နှင့် နောက်ဆုံးတွင် တွေ့ဆုံခွင့် ရခဲ့ပါသည်။

စစ်နင်၏ ခင်ပွန်းသည် အသက် ၃၀ ဝန်းကျင် ရှိပြီဖြစ်ပြီး ရုပ်ရည်သန့်ပြန့်ကာ ခန့်ညားထည်ဝါသော အရှိန်အဝါ ရှိပါသည်။

သို့သော် ရမ်သဲ့ထန်သို့ ဝင်ရောက်လာစဉ်ကတည်းက သူ့မျက်နှာပေါ်တွင် စိတ်မပါသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပါသည်။

စစ်နင်က သူ့လက်မောင်းကို အသာတို့ကာ သတိပေးလိုက်သည်။

“ရှင့်မျက်နှာက ဘာဖြစ်နေတာလဲ၊ ဆေးရုံမှာ သွားပြမယ်ဆိုတော့လည်း မကြိုက်ဘူး၊ အဲ့တာကြောင့် အခု တရုတ်တိုင်းရင်းဆေးခန်းတစ်ခုကိုလာတာ ဘာဖြစ်လဲ၊ ရှင်ကျွန်မကို ကတိပေးထားတယ်နော်၊ အခုမှ ပေးပြီးသားကတိကို ဖျက်ဖို့ မကြံနဲ့”

ခင်ပွန်းဖြစ်သူမှာ ခက်ထန်မည့်ပုံစံပေါက်သော်လည်း သူ၏ လေသံမှာ အလွန်နူးညံ့ပျော့ပြောင်းလွန်းပါသည်။

“မဟုတ်ပါဘူ၊ ဘာမှ မကြံရပါဘူး၊ ဒီမှာ လူတွေများလွန်းလို့ ငါမနေတတ်ဖြစ်နေတာပါ”

စစ်နင်သည် ခင်ပွန်းဖြစ်သူအကြောင်းကို သိနေဟန်ဖြင့် သရော်ပြုံးပြုံးလျက် ဆိုလိုက်သည်။

“အပိုတွေမပြောစမ်းပါနဲ့၊ ရှင့်အလုပ်ကိစ္စအတွက် အပြင်မှာ မိတ်ဆုံစားပွဲတွေ သွားတဲ့အချိန်တုန်းကျတော့ လူဘယ်လောက်များများ ဂရုမစိုက်ဘဲနဲ့၊ ကျွန်မအမြင်မှာတော့ ရှင်က သူများတွေထက်တောင် ပိုစကားများသေးတယ်”

စစ်နင်၏ စကားကြောင့် ခင်ပွန်းဖြစ်သူမှာ ဆွံ့အသွားရပြီး ပြုံးသာ ပြုံးနေနိုင်တော့သည်။

သူမရှေ့တွင် သွားဖြီးကာ ပြုံးပြနေသည့် အမျိုးသားကို ကြည့်ရင်း ယဲ့ရှောင်ရှောင် စိတ်ထဲမှ တွေးလိုက်မိပါသည်။

‘လူနာတွေဘက်ကပါ ပြန်ပြုံးပြရတဲ့ ဝန်ဆောင်မှုမျိုး ဘယ်တုန်းက လိုအပ်သွားတာလဲ’

စစ်နင်က လေသံတိုးတိုးဖြင့် မေးမြန်းလိုက်ပါသည်။

“ဒေါက်တာယဲ့၊ ဒါအစ်မရဲ့ အမျိုးသားပါ၊ အစ်မတို့ရဲ့ ပြဿနာကို ဘာဆေးပစ္စည်း စက်ကိရိယာမှမပါဘဲ စစ်ဆေးပေးနိုင်တာ သေချာရဲ့လားဟင်”

ယဲ့ရှောင်ရှောင်က အမျိုးသားကို လက်ဟန်ပြ၍ ထိုင်ခိုင်းလိုက်သည်။

“သွေးခုန်နှုန်းစမ်းကြည့်ရုံနဲ့ လုံလောက်ပါပြီ”

ထို့နောက် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လူနာ၏ ဆေးမှတ်တမ်းစာအုပ်ကို ဖြည့်စွက်ခိုင်းလိုက်သည်။

‘ကျန်းကွေ့၊ ကျား၊ ၃၃ နှစ်’

ထို့နောက် သူ့လက်ကို ဆန့်ထုတ်ခိုင်းလိုက်ပြီး ယဲ့ရှောင်ရှောင် သေသေချာချာ စစ်ဆေးကြည့်ခဲ့သည်။

တရုတ်တိုင်းရင်းဆေးဆရာကြီးများ၏ ရှေ့မှောက်သို့ ရောက်ရှိလာလျှင် လူအချို့သည် လျှို့ဝှက်ချက်များ ဖော်ထုတ်ခံရသကဲ့သို့ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်တတ်ကြသည်ဟု ပြောစမှတ်ရှိခဲ့ဖူးသည်။

ယဲ့ရှောင်ရှောင်သည် ထိုကဲ့သို့ အမြင့်ဆုံးအဆင့်သို့ မရောက်ရှိသေးသော်ငြား ထိုအဆင့်နှင့် အတော်လေးနီးစပ်နေပြီဖြစ်ရာ အနည်းဆုံးတော့ ဤအမျိုးသားသည် တစ်လအတွင်း သံဝါသဘယ်နှကြိမ်ပြုခဲ့ကြောင်း သိရှိနိုင်ပါသည်။

ဤမျှလောက်အထိ ကြိုးစားအားထုတ်ခဲ့ပါလျက်နှင့် ယခုချိန်ထိ သားသမီးမထွန်းကားသေးသဖြင့် ပြဿနာတော့ အမှန်တကယ် ရှိနေသည်။

သူ့ရှေ့ရှိ ဆရာဝန်သည် ငယ်ရွယ်နုပျိုလွန်းသဖြင့် အသက်ပင် ပြည့်သေးရဲ့လား မသေချာနိုင်သော ကလေးမလေးတစ်ယောက်ဖြစ်ရာ ကျန်းကွေ့မှာ ဇနီးဖြစ်သူ၏ စကားများကို မယုံကြည်နိုင်ဖြစ်သွားခဲ့ရသည်။

သို့သော် အခန်းထဲဝင်လာစဉ်ကတည်းက ထိုမိန်းကလေးသည် စကားကို ပြတ်ပြတ်သားသားပြောဆိုပြီး အရာရာကို စနစ်တကျဆောင်ရွက်နေသဖြင့် ကျန်းကွေ့လည်း မည်သည့်ကန်ကွက်မှုမှ မပြုလုပ်နိုင်တော့ဘဲ အသာတကြည် လိုက်လျောရုံသာ ရှိတော့သည်။

ယဲ့ရှောင်ရှောင် မျက်လွှာချပြီး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကျန်းကွေ့တစ်ယောက် အလွန်ရင်တုန်သွားခဲ့သည်။

‘ငါ့မှာတကယ် ပြဿနာတစ်ခုခု ရှိနေတာများလား’

ယဲ့ရှောင်ရှောင် အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ခေါင်းပြန်မော့ကာ ပြောလိုက်သည်။

“ခုတလော အရက်လျှော့သောက်ပါ၊ အသည်းကို ထိခိုက်စေတယ်”

ထိုစကားကြားသည်နှင့် စစ်နင်က ကျန်းကွေ့ကို ခပ်ဆတ်ဆတ် လှမ်းရိုက်ပစ်လိုက်ပါသည်။

“ကျွန်မရှင့်ကို အရင်ကတည်းက မပြောခဲ့ဘူးလား၊ ကလေးယူဖို့ ကြိုးစားနေတဲ့အချိန် အရက်တွေ၊ ဆေးလိပ်တွေ မသောက်ပါနဲ့လို့၊ ကျွန်မစကားကို တစ်ဖက်ကနားထောင်ပြီး နောက်တစ်ဖက်က ပြန်ထုတ်ပစ်တယ်ပေါ့ ဟုတ်လား”

ကျန်းကွေ့မှာ အနေခက်စွာဖြင့် ချောင်းဟပ်ရင်း ဆင်ခြေပေးလိုက်ပါသည်။

“အဟမ်း… ငါလည်း ဒီတလော ညစာစားပွဲတွေ တက်ရောက်ရလို့ နည်းနည်း သောက်ဖြစ်သွားတာပါ၊ ပုံမှန်ဆို မသောက်တတ်ဘူး၊ ကျုပ်တို့ ကလေးမရတာက ကျုပ်အရက်သောက်တာနဲ့တော့ မဆိုင်လောက်ဘူးမလား ဒေါက်တာ”

ယဲ့ရှောင်ရှောင်သည် တည်ငြိမ်နေသောမျက်နှာ၊ လေးနက်သော အသံဖြင့် ရှင်းပြလိုက်ပါသည်။

“ရှင့်ရဲ့ သုက်ပိုးပမာဏက အစကတည်းက နည်းနေတာ၊ သုက်ပိုးရဲ့အရည်အသွေးကလည်း သိပ်မကောင်းလှဘူး၊ အဲ့တာနဲ့ ဆက်စပ်မှု ရှိ၊ မရှိဆိုတာကတော့ ရှင့်ဖာသာရှင်ပဲ စဉ်းစားကြည့်ပါတော့”

ကျန်းကွေ့တစ်ယောက် ချက်ချင်း မျက်နှာနီရဲသွားရသည်။

သို့သော် စစ်နင်ကမူ အရက်သောက်သည့်ကိစ္စကြောင့် ခင်ပွန်းဖြစ်သူကို အပြစ်ဆက်တင်ဖို့ပင် စိတ်မပါတော့ဘဲ စိတ်ပူပန်စွာ မေးမြန်းလိုက်ပါသည်။

“အဲ့တာကို ပုံမှန်ဖြစ်အောင် ကုသလို့ရမယ့်နည်းလမ်းရှိမလားဟင်”

ယဲ့ရှောင်ရှောင်: “ကျွန်မ ဆေးညွှန်းရေးပေးလိုက်မယ်၊ အဲ့ဆေးညွှန်းအတိုင်း တစ်လလောက် အရင်မှီဝဲလိုက်၊ အဲ့ကာလအတွင်း အရက်သောက်တာ၊ ဆေးလိပ်သောက်တာတွေကိုလည်း ရှောင်”

“ကောင်းပါပြီ”

စစ်နင် ချက်ချင်း သဘောတူလိုက်သည်။

“ရှို့တိဟွမ်း၊ ရှန်းကျူးယွီ၊ ကောချီကျစ်၊ ဟွိုက်နျို့ရှီတို့ကို ၁ လျန်စီ၊ ကျစ်ဟဲချီ၊ ရန်ရှန်းတို့ကို လျန်ဝက်စီ၊ တန်းကွေ့၊ လုရုန်၊ ပါ့ကျီထျန်း၊ ရှမ့်မောင်၊ ရွော်စုန့်ရုံနဲ့ ပုကူကျီတို့ကို ၁.၅ လျန်စီ၊ ချိုက်ဟူ၊ ဝူကုန်းနဲ့ ရှဲရှန့်တို့ကို ၅ ချမ့်စီ၊ ရေကို ဖန်ခွက် သုံးပုံပုံ နှစ်ပုံစာနဲ့ ဖျော်ပြီး တစ်ရက်ကို ၃ ချမ့်စီ သောက်ပါ”

“အအေးမိဖျားနာနေတဲ့အခါတွေမှာတော့ မသောက်ရဘူးနော်”

ဆေးညွှန်းရေးသားပေးပြီးနောက် ယဲ့ရှောင်ရှောင်သည် ဆောင်ရန် ရှောင်ရန်များကိုပါ ပြောကြားလိုက်ပြီး တစ်လအကြာတွင် ပြန်လာခဲ့ဖို့ မှာကြားလိုက်ပါသည်။ နောက်ဆက်တွဲ အခြေအနေကို စစ်ဆေးပြီးမှ ဆေးညွှန်းအချိုးအစား ပြောင်းလဲရနိုင်သည်။

စစ်နင် မပြန်မီ ယဲ့ရှောင်ရှောင်အား ကတိပေးစကား ပြောခဲ့သေးသည်။

“အစ်မတကယ် ကိုယ်ဝန်ရလာတဲ့အခါကျရင် ဒေါက်တာယဲ့ကို ဆုအကြီးကြီးချပါ့မယ်”

ယဲ့ရှောင်ရှောင်: “လူနာတွေဆီက လက်ဆောင်ငွေတွေ ယူလို့မရဘူးလို့ ကျွန်မတို့ ဆေးခန်းမှာ စည်းကမ်းသတ်မှတ်ထားပါတယ်၊ အစ်မတို့ တကယ်သားသမီးထွန်းကားလာခဲ့ရင် ရမ်သဲ့ထန်ဆီကို ကျေးဇူးတင်ဂုဏ်ပြုစာတန်းပါတဲ့ ပိုးထည်အလံလေး တစ်ခုသာ ပို့ပေးလိုက်ပါနော်”

ကြော်ငြာများက မည်သို့ပင် ကောင်းမွန်ပါစေဦးတော့၊ လူအချင်းချင်း တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ပြောကြားသည့် ဂုဏ်သတင်းကျော်စောမှုကို မည်သည့်အရာကမှ ယှဉ်နိုင်ဖွယ်မရှိပေ။

“ရတာပေါ့၊ အဲ့အချိန်ကျရင် အလံအကြီးကြီး ပို့ပေးလိုက်ပါ့မယ်”

စစ်နင်နှင့် ကျန်းကွေ့တို့ လှည့်ထွက်သွားကြစဉ် သူတို့၏ စကားသံများကို ယဲ့ရှောင်ရှောင် ကြားနေရပါသေးသည်။

“ဒီတိုင်းရင်းဆေးတွေအကြောင်း လူတွေမေးလာတဲ့အခါကျရင် မင်းသောက်နေတာလို့သာ ပြောလိုက်”

“ဘာလို့လဲ”

“ငါက ယောက်ျားရင့်မာကြီးလေ၊ တရုတ်တိုင်းရင်းဆေးတွေ သောက်နေရတော့ လူတွေက ဘယ်လိုထင်မလဲ”

“ဪ အဲ့တာဆိုရင် မိန်းမဖြစ်တဲ့ ကျွန်မသောက်တာတော့ ဘာမှမဖြစ်ဘူးပေါ့၊ ကျွန်မတို့ ကလေးမရတဲ့အခါကျရင် ရှင့်အမေကို ရှင်ပဲ ရှင်းပြလိုက်၊ ကျွန်မတော့ အပြစ်တင်မခံနိုင်ဘူး”

--- --- ---

နေ့လယ်စာစားချိန်သို့ ရောက်ရှိသောအခါ ဆရာကြီးဟယ်၏ လူနာစစ်ဆေးခန်းမှ ကျယ်လောင်သော စကားသံများ ထွက်ပေါ်လာသည်ကို ယဲ့ရှောင်ရှောင် ကြားခဲ့ရပါသည်။

လူအချို့ ရန်ဖြစ်နေကြခြင်းဖြစ်မည်ဟု ယဲ့ရှောင်ရှောင်ထင်လိုက်သော်လည်း အခန်းထဲဝင်လာသောခါ ဆရာကြီးဟယ်နှင့် ချူမြောင်တို့အဖွဲ့ ဆေးပညာဖြစ်စဉ်တစ်ခုအကြောင်း တိုင်ပင်နေကြခြင်းသာဖြစ်မှန်း သိခဲ့ရပါသည်။

ဆရာကြီးဟယ်သည် ရမ်သဲ့ထန်၏ အလွန်ထူးချွန်သော ဆရာဝန်ကြီးတစ်ဦးဖြစ်ကာ စိတ်ထားလည်း အလွန်နူးညံ့သိမ်မွေ့မှုရှိပါသည်။ ဤကဲ့သို့ လူမျိုးက အခြားသူများနှင့် ခိုက်ရန်ဖြစ်ပွားဖို့ဟူသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

ယဲ့ရှောင်ရှောင် အတွေးလွန်သွားခဲ့ခြင်းသာ။

သို့သော် သူမ လစ်ထွက်ဖို့ ပြင်လိုက်စဉ်မှာပင် ချူးမြောင်က လှမ်းခေါ်လိုက်လေသည်။

“ရှောင်ရှောင်၊ နင်ရောက်လာတာနဲ့ အတော်ပဲ၊ နင့်အမြင်မှာ ဘယ်ဆေးညွှန်းက ပိုကောင်းတယ်လို့ ထင်လဲ”

ယဲ့ရှောင်ရှောင်က တံခါးဘောင်တွင်မှီရင်း ပြန်ဖြေလိုက်ပါသည်။

“နင်တို့ ဒိုင်လူကြီးရှာနေတာဆိုရင်တော့ ငါ့ဆရာကြီးဆီသွား၊ ဒါမှမဟုတ် ဆရာကြီးခုန်းဆီ သွားလိုက်၊ ငါက ဘယ်လိုလုပ် အကဲဖြတ်ပေးနိုင်မှာလဲ”

ဆရာကြီးဟယ်က တည်တည်ငြိမ်ငြိမ်ဖြင့် ဝင်ပြောလိုက်သည်။

“အထူးပြုပညာရပ်တွေက ကဏ္ဍအသီးသီးမှာ ကွဲပြားခြားနားကြသလို ဆေးပညာဗဟုသုတကလည်း ထိုနည်းလည်းကောင်းပါပဲ၊ ငါက ကလေးသူငယ်ကုသရေးအပိုင်းမှာ သိပ်မကျွမ်းကျင်လို့ အခုလို ဝေခွဲမရဖြစ်နေရတာ”

ချူးမြောင်က မာနအနည်းငယ်ဖြင့် ဝင်ပြောသည်။

“ငါတို့ရွာထဲက ကလေးတွေ နေမကောင်းဖြစ်ပြီဆိုရင် ငါ့အဘွားကိုပဲ အားကိုးကြတာ၊ ငါ့ဆေးညွှန်းမှာ ဘာမှ မှားနိုင်စရာအကြောင်းမရှိဘူး”

ယဲ့ရှောင်ရှောင်လည်း အနည်းငယ် စိတ်ပါဝင်စားသွားခဲ့သည်။ သူတို့နားသို့ လျှောက်သွားကာ ရောဂါဖြစ်စဉ်ကို သေချာ စစ်ဆေးကြည့်လိုက်တော့သည်။

၎င်းမှာ ကလေးငယ်တစ်ဦး၏ ညဘက်အဖျားကြီးခြင်း ရောဂါဝေဒနာတစ်ခုဖြစ်သည်။

အခြေအနေမှာ အနည်းငယ်တော့ ထူးဆန်းလှပါသည်။

အသက် ၁၅ လသာ ရှိသေးသည့် ကလေးငယ်တစ်ဦးသည် ည ၈ နာရီထိုးတိုင်း ကိုယ်အပူချိန် အနည်းငယ် တက်လာတတ်သည့် အဖျားရောဂါကို ခံစားနေရသည်။

မိသားစုဝင်များက ညသန်းခေါင်ယံအချိန်အထိ ထိုကလေးကို ပြုစုစောင့်ရှောက်ပေးကြပြီး လိုအပ်သလို ဆေးဝါးများ တိုက်ကျွေးခြင်းနှင့် ဆရာဝန်များနှင့် ပြသခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။

မနက် ၅ နာရီ၊ သို့မဟုတ် ၆ နာရီ ထိုးသည့်အခါတွင်မူ ထိုကလေးငယ်၏ ကိုယ်အပူချိန်မှာ ပုံမှန်အတိုင်း ပြန်လည် ကျဆင်းသွားတတ်သည်။ သို့သော် ညမိုးချုပ်သည်နှင့် ထိုအဖျားရောဂါက ပြန်ဝင်လာတတ်ပါသည်။

ထိုအခြေအနေမှာ ၇ ရက်တိုင်တိုင် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကလေးငယ်၏ ဝေဒနာမှာ သက်သာ ပျောက်ကင်းသွားခြင်း မရှိသဖြင့် မိဘများလည်း ရွေးချယ်စရာမရှိတော့ဘဲ ရမ်သဲ့ထန်သို့ ခေါ်ဆောာင်လာခဲ့ရပါသည်။

လူနာအတွက် ဆရာကြီးဟယ် ဆေးညွှန်းရေးပေးနေစဉ် ချူးမြောင်မြင်သွားသောအခါ သူ့အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့လေသည်။

“ကလေးတစ်ယောက် ညဘက်မှာ အဖျားတက်တယ်ဆိုတာ ကိုယ်တွင်းအပူရှိန်ကြောင့် ဖြစ်နိုင်တယ်၊ ညဘက်မှာ ခန္ဓာကိုယ်ထဲက ယန်စွမ်းအင်တွေ ကျုံ့သွားတဲ့အခါ အပူက အပူကို အားဖြည့်ပေးလိုက်သလို ဖြစ်သွားတာ၊ ဆရာကြီးဟယ်ရဲ့ ဝမ်ချွမ်ဆေးညွှန်းက ဘေးကင်းလုံခြုံတယ်ဆိုပေမယ့် အာနိသင်က အရမ်းနှေးလိမ့်မယ်၊ အဲ့တာကြောင့် ဆေးရဲ့အာနိသင်ကို အားဖြည့်နိုင်ဖို့အတွက် ရှစ်ကောက်နည်းနည်းလောက် ဖြည့်သင့်တယ်လို့ အကြံပြုခဲ့တာ”

ထိုဆေးညွှန်းကို စစ်ဆေးပြီးနောက် ယဲ့ရှောင်ရှောင် ခေါင်းညိတ်ထောက်ခံလိုက်သည်။

“အခုက နွေရာသီဆိုတော့ အပူချိန်ကလည်း မြင့်တယ်၊ ရှစ်ကောက်က အဆုတ်နဲ့ အစာအိမ်တွေထဲက အပူတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိတယ်၊ ချွေးထွက်တာကိုလည်း သက်သာစေတယ်၊ ဝမ်ချွမ်ဆေးညွှန်းနဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင် အာနိသင်က ပိုကောင်းသွားမှာပါ”

ဆရာကြီးဟယ်သည် အသက် ၄၀ ဝန်းကျင်ရှိပြီဖြစ်သော်လည်း တက္ကသိုလ်ကျောင်းသား ၂ ဦးထံမှ အကြံဉာဏ် ရယူရခြင်းအား သိက္ခာကျသည်ဟု မထင်မှတ်မိပါ။

ထို့အစား ယဲ့ရှောင်ရှောင်တို့၏ အကြံပြုချက်များကို အားတက်သရော မှတ်သားထားလိုက်ပြီး ပညာအသစ်အဆန်းတစ်ခုကို သိရှိလိုက်ရသကဲ့သို့ အလွန်စိတ်လှုပ်ရှား ပျော်ရွှင်သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် အသံမြည်နေသော သူမ၏ ဝမ်းဗိုက်လေးကို ကိုင်ကာ ပြောလိုက်သည်။

“တစ်ခုခု သွားစားကြရအောင်လေ၊ အဲ့လောက်ကြီး အလုပ်မကြိုးစားကြပါနဲ့”

ထိုအခါမှသာ ချူးမြောင်နှင့် ဆရာကြီးဟယ်တို့ မတ်တပ်ထရပ်လိုက်ပြီး ထမင်းစားဆောင်ဘက်သို့ ထွက်လာခဲ့ကြတော့သည်။

ရမ်သဲ့ထန်၏ ထမင်းစားဆောင်မှာ အစိုးရလုပ်ငန်းများရှိ ထမင်းစားဆောင်များထက်ပင် အရည်အသွေး ပိုမို မြင့်မားပါသေးသည်။

အသီးအရွက်နှင့် အသားငါးများကို မျှမျှတတ ပေါင်းစပ်ထားကာ ဟင်းလျာများ၏ အရောင်အဆင်း၊ အနံ့အရသာတို့မှာလည်း အထူးပင် ကောင်းမွန်လှပေသည်။

အရေးအကြီးဆုံးမှာ ရမ်သဲ့ထန်၏ ဝန်ထမ်းများအတွက် အခမဲ့ သုံးဆောင်နိုင်ခြင်းပင်။

လစဉ်ထမင်းစားလက်မှတ်များကိုလည်း လစာထဲမှ လုံးဝ ဖြတ်တောက်ခြင်း မရှိဘဲ ဝန်ထမ်းများ အလုပ်ဆင်းချိန် မပြည့်မှီခဲ့လျှင်ပင် အကျိုးခံစားခွင့်ကို အပြည့်အဝ ရရှိကြပါသည်။

ကျန်းခိုင်နင်ပင် မကြာခဏ ကုန်းလာဆင်းတတ်သဖြင့် မီးဖိုချောင် စားဖိုမှူးများ၏ လက်ရာ မည်မျှအထိ ကောင်းမွန်ကြောင်း သက်သေပြနေပါသည်။

ယဲ့‌ရှောင်ရှောင်သည် ဝက်နံရိုးပေါင်းဟင်းနှင့် ဂေါ်ဖီချဉ်စပ်ကြော်တို့ထည့်ထားသည့် သူမ၏ နေ့လယ်စာဗန်းကို ကိုင်ကာ စားပွဲတွင် ထိုင်လိုက်သည်။

“ရမ်သဲ့ထန်က တကယ်ကောင်းတာပဲနော်၊ ဟင်းထည့်ပေးတဲ့ အဒေါ်ကြီးရဲ့လက်က ဟင်းခပ်တဲ့အချိန်ကျရင် လုံးဝ တုန်မနေဘူး”

ထိုစကားကို ကြားသောအခါ ချူးမြောင်သည် နားမလည်နိုင်သည့် အမူအရာဖြင့် အံ့အားသင့်စွာ ပြောလိုက်လေသည်။

“လက်တုန်တယ်ဆိုတာ ရောဂါလက္ခဏာတစ်ခုနော်၊ အပ်စိုက်ကုသပေးဖို့ လိုအပ်လိမ့်မယ်”

All Chapters