← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

📗 Chapter 195

“ဟုတ်ပါတယ်…”

ယဲ့ရှောင်ရှောင်သည် သူမ၏ အမြင်ကို ထုတ်ဖော်ပြောဆိုပြီးနောက် အစားအစာများကို ပါးစပ်ထဲသို့ အငန်းမရ ထိုးထည့်လိုက်တော့သည်။

လိမ္မာသည့် ကလေးများက အစားအသောက်မှန်မှန် စားသင့်သည် မဟုတ်ပါလား။

တစ်ဖက်တွင်မူ ချူးမြောင်သည် စားသောက်နေသည့် အချိန်အတွင်းမှာပင် အလွန်တည်ငြိမ်ကာ အေးတိအေးစက် ရှိနေဆဲပင်။

အစားအသောက်များက အတူတူပင်ဖြစ်သော်လည်း ယဲ့ရှောင်ရှောင်၏ ပန်းကန်ထဲရှိ ဟင်းလျာများမှာ အရသာ ပိုရှိနေသည်ဟု ခံစားရစေပါသည်။

ချူးမြောင်တစ်ယောက် အဘယ်ကြောင့် ဤမျှ ပိန်ပါးနေရမှန်း ယဲ့ရှောင်ရှောင်နားလည်သွားခဲ့သည်။ အစားကောင်းကောင်း မစားခြင်းကြောင့်ပင်။

သို့သော် ချူးမြောင်သည် မည်သည့်အစားအစာကိုမှ ဖြုန်းတီးနေခြင်း မဟုတ်ပါ။ လေးလေးပင်ပင် စားသောက်နေသည့် သူ၏ အမူအရာကြောင့် အရသာရှိသည့် အစားအသောက်များကို အရသာမဲ့သည်ဟု ထင်နေရခြင်းသာ။

ယဲ့ရှောင်ရှောင်သည် ဗလာကျင်းဖြစ်သွားသော သူမ၏ ပန်းကန်များနှင့် ဟင်းရွက်တစ်ဖက်ကို အသည်းအသန်တိုက်ပွဲဝင်၍ ဝါးမျိုနေရဆဲဖြစ်သော ချူးမြောင်ကို တစ်လှည့်စီကြည့်ကာ ပြောလိုက်သည်။

“ဖြည်းဖြည်းစားနော်၊ ငါသွားနှင့်တော့မယ်”

ချူးမြောင်သည် အေးစက်တည်ငြိမ်စွာဖြင့် ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်ပြီး သူ့ ‘မြက်ခြောက်’များကို ဆက်ဝါးနေလေတော့သည်။

ကျောင်းဖွင့်ဖို့ ရက်အနည်းငယ်သာ လိုတော့သည့်အချိန်တွင် လုဟန်ချွမ်သည် မအားလပ်သည့်ကြားမှ အချိန်အနည်းငယ်ဖဲ့ကာ ယဲ့ရှောင်ရှောင်ကို ကားတစ်စီး ဝယ်ယူပေးဖို့အတွက် လာရောက်ခေါ်ဆောင်သွားခဲ့ပါသည်။

ဤခေတ်တွင် ကားတစ်စီးဝယ်ယူဖို့ဟူသည်မှာ လွန်ကူသည့် အလုပ်မဟုတ်ပေ။ စိတ်မချရသည့်လူထံ သွားရောက် ဝယ်ယူမိပါက အလိမ်ခံရဖို့ များပါသည်။

သို့သော် လုဟန်ချွမ်အတွက်မူ ထိုကဲ့သို့ စိုးရိန်ပူပန်စရာများ မရှိပါ။ ပေကျင်းမြို့တွင် သူ့ကို လိမ်လည်လှည့်စားရဲသူဟူ၍ မွေးမလာလောက်သေးပေ။

“တို့ရှောင်ရှောင်က ဘယ်လိုကားမျိုးကြိုက်တာလဲ”

ယဲ့ရှောင်ရှောင် ချက်ချင်း ခေါင်းထောင်သွားခဲ့သည်။

“ကျွန်မတကယ် ရွေးလို့ရတာလား၊ အဲ့တာဆို Rolls-Royce Cullinan တစ်စီးလိုချင်တယ်”

သူမ ကျီစယ်နေခြင်းသာဖြစ်သော်လည်း လုဟန်ချွမ်က မျက်လုံးမှေးလျက် အတည်ပေါက် စတင်စဉ်းစားလေတော့သည်။

ယဲ့ရှောင်ရှောင် အမြန်ထပ်ပြောလိုက်ရသည်။

“အဲ… ကျွန်မ အလကားပြောတာပါ”

လုဟန်ချွမ်: “Cullinan က ဘာလဲ၊ ကိုယ်တော့ Rolls-Royce Silver Spur ပဲ ကြားဖူးတယ်၊ အဲ့လိုကားမျိုးက ရဖို့နည်းနည်းခက်ပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ပြည်တွင်းမှာ တစ်စီးမှ မရှိသေးလို့ ခဏတော့ စောင့်ရမယ်ထင်တယ်”

ယဲ့ရှောင်ရှောင်မှာ သူ့ရှေ့တွင် ဒူးထောက်လုနီးပါးပင် ဖြစ်သွားခဲ့သည်။

သူမအမှန်တကယ် ကျီစယ်နောက်ပြောင်နေခြင်းသာဖြစ်သော်လည်း လုဟန်ချွမ်က ကားအကြောင်း အတော်လေး နားလည်ထားပုံရပါသည်။

သူပြောသည့် Rolls-Royce Silver Spur ဟူသည်မှာ တစ်ကမ္ဘာလုံးတွင် အစီး ၅၀ သာ ထုတ်လုပ်ထားပြီး စတာလင်ပေါင် ၃၀၀,၀၀၀ ခန့် တန်ဖိုးရှိသော ကားကြီးဖြစ်သည်။

ဤအခြေအနေသည် သူမ ‘ခဏစောင့်ရုံနှင့်’ အဆင်ပြေသွားမည့် အခြေအနေမဟုတ်ပေ။

ကားရှေ့ခန်းတွင် အခိုင်အမာနေရာယူလိုက်ပြီးနောက် လုဟန်ချွမ်တစ်ယောက် တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ ယဲ့ရှောင်ရှောင်က ကားမောင်းရန် အလျင်အမြန် တိုက်တွန်းလိုက်ပါသည်။

“အရောင်းပြခန်းကိုပဲ အရင်သွားကြည့်ကြရအောင်လေ၊ မြန်မြန်မောင်းပါတော့!”

လုဟန်ချွမ်လည်း ကားစက်နှိုးကာ ထွက်ခွာလာခဲ့ရတော့သည်။

လုဟန်ချွမ် ဆက်သွယ်ထားသော သူငယ်ချင်းဖြစ်သူမှာ အမျိုးအစားစုံလင်လှသည့် တန်ဖိုးကြီးကားဘရန်းများစွာကို အရောင်းကိုယ်စားလှယ်အဖြစ် အဓိကထား ရောင်းချပေးနေသူဖြစ်ပြီး၊ သူ၏အမည်အောက်ရှိ မော်တော်ကား အရောင်းပြခန်းမှာ ပေကျင်းမြို့၌ အကြီဂမားဆုံးသော ကားအရောင်းဆိုင်ကြီး ဖြစ်ပေသည်။

လုဟန်ချွမ်သည် သူ့ကို ကြိုတင်အကြောင်းကြားထားပြီးသားဖြစ်ပုံရကာ သူတို့နှစ်ဦး ကားပေါ်မှ ဆင်းပြီးနောက် ဆိုင်ထဲသို့ ချက်ချင်း ဝင်ရောက်ခွင့် ရခဲ့ကြပါသည်။

အရောင်းပြခန်းထဲတွင် အလွန်ရုပ်ဖြောင့်သည့် ကောင်လေးတစ်ဦး စောင့်နေသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် စီးပွားရေးသမားတစ်ယောက်ဖြစ်မှန်း သိနိုင်ပြီး လုဟန်ချွမ်တို့ကဲ့သို့ စစ်တပ်နောက်ခံ ရှိသူများနှင့် အရှိန်အဝါချင်း ခြားနားနေပါသည်။

ယဲ့ရှောင်ရှောင် သူ့ကို အကဲခတ်ကြည့်လိုက်ပြီး ယခင်က တွေ့ဆုံဖူးခြင်း ရှိ၊ မရှိ စဉ်းစားလိုက်မိသည်။

လုဟန်ချွမ်က မိတ်ဆက်ပေးလိုက်လေသည်။

“သူက ရှန်းချင့်တဲ့”

ရှန်းချင့်က နှစ်ယောက်စလုံးကို နှုတ်ဆက်လိုက်ပါသည်။

“အစ်ကိုလုနဲ့ မရီးတို့”

ယဲ့ရှောင်ရှောင်မှာ အသက်ထပ်ကြီးသွားသလို ခံစားလိုက်ရသည်။

“မရီးသဘောကျတဲ့ ကားရှိရင် ဝင်စမ်းကြည့်လို့ရပါတယ်၊ ကျွန်တော်တို့ အရောင်းပြခန်းမှာက မော်ဒယ်အမျိုးအစား စုံစုံလင်လင်ရှိတယ်”

ယဲ့ရှောင်ရှောင်က မေးသည်။

“ဒီမှာ ကားတွေအရောင်းသွက်ရဲ့လား”

ရှန်းချင့်က ပြန်ဖြေသည်။

“ကျွန်တော့် ညီအစ်ကိုတွေရဲ့ မျက်နှာကြောင့် အရောင်းသွက်ပါတယ်”

ဤခေတ်ကာလတွင် ကားတစ်စီး ဝယ်ယူနိုင်သူဦးရေမှာ အလွန်ပင် နည်းပါးလှပါသေးသည်။

ရှန်းချင့်၏ လုပ်ငန်း ဤမျှ ကြီးမားတိုးတက်လာနိုင်ခြင်းမှာ ပထမအချက်အနေဖြင့် သူငယ်ချင်းမိတ်ဆွေများ၏ ပံ့ပိုးကူညီပေးမှုကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ သူတို့၏ တစ်ဆင့်စကားဖြင့် ညွှန်းဆိုပေးခြင်းများကြောင့် ဖြစ်ပါသည်။

ယဲ့ရှောင်ရှောင်လည်း နားလည်သွားသော မျက်နှာဟန်ပန်မျိုး လုပ်ပြလိုက်သည်။

ဤခေတ်တွင် ပြည်တွင်းဖြစ် ခရီးသည်တင် ကားအများစုမှာ ပုံစံချင်း အလွန်ဆင်တူညီကြသဖြင့် ဆိုင်အတွင်း၌ ပြသထားသော ကားအများစုမှာ ပြည်ပမှ ထင်သွားထားသည့် အဆင့်မြင့် မော်ဒယ်များသာ ဖြစ်ကြမှန်း သိသာသည်။

ရှန်းချင့်သည် အလွန်ထူးချွန်သည့် အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်သည့်အလျောက် သူ့ကားများအကြောင်းကို အသေးစိတ် သိရှိနေပါသည်။

၁၉၈၀ ပြည့်နှစ်များက ထုတ်လုပ်ခဲ့သော Santana တစ်စီးကိုပင် ယဲ့ရှောင်ရှောင် တွေ့ခဲ့သေးသည်။ ထိုကားမှာ လက်ရှိခေတ်အခါတွင် အလွန်အဖိုးတန်သော ကားတစ်စီးဖြစ်ကာ ယွမ် ၂၀၀,၀၀၀ ကျော် တန်ဖိုးရှိပါသည်။

ယဲ့ရှောင်ရှောင်၏ အမြင်အာရုံများ ခေတ္တဝေဝါးသွားရသည်။

‘အဲ့ဈေးနဲ့ဆိုရင် အိမ်ခြံမြေတွေ ဘယ်လောက်တောင် ဝယ်နိုင်လိမ့်မလဲ…’

ယဲ့ရှောင်ရှောင်၏ အိမ်ခြံမြေစွဲလမ်းမှု ရောဂါက မည်သည့်နေရာမှ စွဲကပ်လာခြင်းဖြစ်ကြောင်း လုဟန်ချွမ် မသိပါ။

လုဟန်ချွမ်သည် ရှန်းချင့်၏ အဆုံးမရှိသော ရှင်းပြချက်များကို နားမထောင်တော့ဘဲ အဖြူရောင် Santana တစ်စီးထံသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

ထို့နောက် ယဲ့ရှောင်ရှောင်ကို ဒရိုင်ဘာခုံတွင် ဝင်ထိုင်စေကာ ပြောလိုက်သည်။

“တစ်ပတ်လောက် စမ်းမောင်းကြည့်လိုက်”

“ဟင်”

“မပူပါနဲ့၊ ကိုယ်လိုက်လာမှာပါ”

ယဲ့ရှောင်ရှောင်သည် စတီယာရင်ကို လက်နှစ်ဖက်ဖြင့် မြဲမြဲဆုပ်ကိုင်လျက် မေးလိုက်ပါသည်။

“ဒီကားကို ရွေးမှာ သေချာရဲ့လား”

ဤသည်မှာ လက်တွေ့ကျကျ ရွေးချယ်ခြင်းမဟုတ်ဘဲ ဈေးအကြီးဆုံးကို ရွေးချယ်နေသည့် သဘောမျိုး သက်ရောက်နေပါသည်။

လုဟန်ချွမ်က ရွှင်ပျစွာ ပြောလိုက်သည်။

“ကိုယ်တို့တွေ ရှန်းချင့်ကို မျက်နှာသာနည်းနည်းပေးကြရအောင်လေ၊ အခုလို ဘော့စ်ကြီးကိုယ်တိုင်ရောက်လာပြီး ကိုယ်တို့ကို ကားတွေမိတ်ဆက်ပေးနေတာဆိုတော့ ဈေးကြီးတာပဲ အားပေးသင့်တာပေါ့”

ထိုစကားကြားခါမှ ယဲ့ရှောင်ရှောင်၏ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများလည်း ပျောက်ကွယ်သွားပါသည်။

“အဲ့တာတော့ ဟုတ်တယ်”

ကားကို အပြင်သို့ထုတ်ပြီး စမ်းသပ် မောင်းနှင်လိုက်သည့်အချိန်တွင်မူ ကားမောင်းရသည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားချက်ကြောင့် ကား၏ ဈေးနှုန်းကြီးမြင့်မှုကိုပါ မေ့လျော့သွားခဲ့ရပါသည်။

ဇိမ်ခံကားအကောင်းစားကြီးများမှာ အမှန်တကယ်ပင် စတိုင်ကျပြီး လှပလွန်းပါသည်။

ဆိုင်ထဲရှိ အရောင်းဝန်ထမ်းတစ်ဦးမှာ ယဲ့ရှောင်ရှောင်တို့ ထွက်သွားသည်ကို ငေးကြည့်ရင်း ချွေးစေးများပင် ပြန်လာသည်။

“ဘော့စ်၊ ကျွန်တော်တို့ သူတို့နောက်က လိုက်မသွားသင့်ဘူးလား၊ ကားတစ်ခုခုဖြစ်သွားရင်…”

ရှန်းချင့်က ပြုံးလျက် ပြောသည်။

“ဗိုလ်မှူးလုက အားလုံးရှင်းပေးလိမ့်မယ်၊ ဘာမှ မပူနဲ့”

ဤသည်မှာ ယာဉ်မောင်းသင်တန်းအပြင်ဘက်၌ ယဲ့ရှောင်ရှောင် ကားမောင်းဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သည်။

သို့သော် သင်ကြားထားသည်များကို မမေ့လျော့သေးဘဲ သူမ၏ မောင်းနှင်မှုမှာ အလွန်ပင် ချောမွေ့လှပါသည်။

လုဟန်ချွမ်က အားပေးသည်။

“ရှောင်ရှောင် ကားမောင်းတာ ဘယ်ဆိုးလို့လဲ၊ အိမ်ပြန်ရောက်ရင်လည်း ဆက်ပြီးလေ့ကျင့်ဦးနော်”

ယဲ့ရှောင်ရှောင်: “ယွမ် ၂၀၀,၀၀၀ တန် ကားကြီးနဲ့ လေ့ကျင့်ရတာ ဂုဏ်ယူစရာပဲ”

လုဟန်ချွမ်က ထိုင်ခုံတွင် ကျောမှီလျက် သက်တောင့်သက်သာ ပြောလိုက်သည်။

“အဲ့လောက်လည်း ဈေးမကြီးပါဘူး၊ ကိုယ်တို့ ဝယ်နိုင်တယ်”

အရောင်းပြခန်းသို့ ပြန်ရောက်သောအခါ လုဟန်ချွမ်သည် စာရွက်စာတန်းကိစ္စ အပြီးသတ်ဆောင်ရွက်ဖို့ ရှန်းချင့်အား ပြောကြားလိုက်ပါသည်။

ရှန်းချင့်က ချိုသာစွာ ပြောလိုက်သည်။

“ဒီကားလေးက မရီးနဲ့တော်တော်လိုက်ဖက်တယ်နော်”

ယဲ့ရှောင်ရှောင်က မျက်ခုံးပင့်လျက် မေးသည်။

“ဘာလို့လဲ”

“အဆင့်မြင့်ပြီး လှပကျော့ရှင်းတယ်လေ”

ထိုအခါ လုဟန်ချွမ်က ယဲ့ရှောင်ရှောင်၏ ပခုံးကို ပွေ့ဖက်လျက် ပြောလိုက်သည်။

“ကဲပါ၊ ကဗျာတွေစာတွေ စပ်မနေနဲ့တော့၊ တစ်ခုခု သွားစားကြရအောင်”

ရှန်းချင့်တစ်ယောက် ခေါင်းတခါခါနှင့်သာ ကျန်ခဲ့ရတော့သည်။

‘ဥစ္စာခြောက်လိုက်တာ ကြည့်စမ်းပါဦး…’

ရှန်းချင့်သည် စားသောက်ဆိုင်ကို ကိုယ်တိုင်ကိုယ်ကျ သေချာ ရွေးချယ်ပေးခဲ့ပြီး ကုန်ကျစရိတ်များကိုလည်း တကာခံ ရှင်းလင်းပေးခဲ့ပါသည်။

ယနေ့ လုဟန်ချွမ်က သူ့စီးပွားရေးအတွက် အကြီးအကျယ် အကျိုးပြုခဲ့သဖြင့် ဧည့်သည်ကို ငွေရှင်းခိုင်းစရာအကြောင်း လုံးဝ မရှိပေ။

ရှန်းချင့်ကဲ့သို့ ဉာဏ်သွက်သော စီးပွားရေးသမားတစ်ဦးသည် ငွေရှင်းရမည့် ကိစ္စရပ်များတွင် အမြဲတမ်း ဦးဆောင်တတ်ပါသည်။

“စာရွက်စာတမ်းကိစ္စတွေ အပြီးသတ်ဖို့က တစ်ပတ်လောက် အချိန်ယူရလိမ့်မယ်၊ အားလုံး အဆင်သင့်ဖြစ်ပြီ ဆိုတာနဲ့ မရီးရဲ့ကားကို ကျွန်တော်ကိုယ်တိုင် လာပို့ပေးလိုက်ပါ့မယ်”

ယဲ့ရှောင်ရှောင်: “လောဖို့မလိုပါဘူး၊ ကျွန်မ ယာဉ်မောင်းလိုင်စင်တောင် မရသေးဘူး”

ထိုစကားကြားသောအခါ လုဟန်ချွမ်အား ရှန်းချင့် အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

လုဟန်ချွမ်သည် ဤကားဝယ်ယူမည့်ကိစ္စကို လွန်ခဲ့သည့် လဝက်ခန့်ကတည်းက သူ့ကို ကြိုတင် အသိပေးထားခဲ့ပါသည်။

အစပိုင်းတွင် လုဟန်ချွမ်သည် မိန်းကလေးတစ်ဦးကို ပိုးပန်းနေခြင်းသာ ဖြစ်နိုင်၍ အိမ်ခြံမြေနှင့် ကားများ လက်ဆောင်ပေးခြင်းက မထူးဆန်းလှဟု ရှန်းချင့် မှတ်ယူခဲ့သော်လည်း ယနေ့ သူတို့နှစ်ဦးကို အတူတူ မြင်လိုက်ရသောအခါ အခြေအနေမှာ သူထင်ထားသည်ထက် များစွာ ပိုလေးနက်ကြောင်း နားလည်ခဲ့ရပါသည်။

အစ်ကိုလုတစ်ယောက် ထိုမိန်းကလေးကို အရူးအမူး စွဲလမ်းနေပြီ ထင်ပါသည်။

စားသောက်နေစဉ်အတွင်း လုဟန်ချွမ်က အရက်သောက်ဖို့ ငြင်းဆန်ခဲ့သည်။

“ငါခဏနေ ကားမောင်းရဦးမယ်”

ထိုအခါ ရှန်းချင့်က ယဲ့ရှောင်ရှောင်အား လှည့်ကြည့်လိုက်သည်။

အမှန်တွင် ယဲ့ရှောင်ရှောင်သည် ယခင်ဘဝက သူငယ်ချင်းများနှင့်အတူ အနည်းငယ် သောက်တတ်စားတတ်သူ ဖြစ်ပါသည်။

သို့သော် လုဟန်ချွမ်က သူမကိုယ်စားဝင်ငြင်းပေးလိုက်သည်။

“သူ မသောက်တတ်ဘူး”

ရှန်းချင့်လည်း အရင်တစ်ပုလင်းထုတ်ယူဖို့ အကြံကို စွန့်လွှတ်လိုက်ရတော့သည်။

စားသောက်ပြီးနောက် လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို ဆရာကြီးစုန့်၏ အိမ်သို့ ပြန်လည်ပို့ဆောင်မပေးခဲ့ပေ။

အပြင်ဘက်ရှိ လမ်းမများကို ငေးကြည့်ရင်း ယဲ့ရှောင်ရှောင် မေးမြန်းလိုက်ပါသည်။

“ဒီနေ့ ရှင်စခန်းကို ပြန်သွားစရာမလိုဘူးလား”

“ဒီနေ့ ခွင့်ယူထားတယ်၊ မနက်ဖြန်မှ ပြန်သွားရမှာ”

“ဒါဆို အခု ဘယ်သွားနေကြတာလဲ”

ကျောင်းသူယဲ့လေးတစ်ယောက် ကားတစ်စီး ဝယ်ယူလိုက်သော်လည်း လမ်းများကို ကျွမ်းကျွမ်းကျင်ကျင် ရှာဖွေနိုင်ပါ့မလားဟူ၍ လုဟန်ချွမ် စိတ်ပူနေခဲ့ပါသည်။

“ရှောင်ရှောင်၊ လမ်းညွှန်မြေပုံတစ်ခု အရင်သွားဝယ်ကြရအောင်”

“ဟင် ဘာလို့လဲ”

“ဒီလမ်းက တက္ကသိုလ်ကို ပြန်တဲ့လမ်းလေ…”

ထိုအခါမှသာ ယဲ့ရှောင်ရှောင် မှတ်မိသွားခဲ့ပါသည်။

“ဪ ကျောင်းနားက တိုက်ခန်းဆီကို ပြန်နေတာပဲ၊ ကောင်းပါတယ်၊ ကျွန်မလည်း မနက်ဖြန် တက္ကသိုလ်ထဲ ဝင်ရဦးမယ်”

ထိုတိုက်ခန်းလေးသည် အခြားနေရာများထက် ပိုမိုနွေးထွေးပြီး သက်တောင့်သက်သာ ရှိသည်ဟု လုဟန်ချွမ် ခံစားရပါသည်။

ထို့အပြင် သူတို့နှစ်ဦးစလုံး၏ ပစ္စည်းများလည်း ရှိနေပြီးသားဖြစ်၍ ထိုနေရာတွင် နေထိုင်ခြင်းက ပိုအဆင်ပြေပါသည်။

“ကျောင်းမှာ ဘာလုပ်စရာရှိသေးလို့လဲ”

“စက်ဘီးသွားယူမလို့လဲ”

လုဟန်ချွမ်က ကျီစယ်သည်။

“ရောင်းစားမလို့လား”

“မရောင်းပါဘူး! ကျောင်းဝင်းထဲမှာတော့ စက်ဘီးနဲ့ပဲ သွားရဦးမှာလေ”

ထိုသို့ပြောပြီးနောက် ယဲ့ရှောင်ရှောင် စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်။

“ကျွန်မမောင်းမယ့်ကားက ကျောင်းအုပ်ကြီးရဲ့ ကားထက်တောင် ပိုကောင်းနေသေးတယ်နော်… သင့်တော်ပါ့မလားဟင်”

လုဟန်ချွမ်: “ဘာမသင့်တော်စရာအကြောင်း ရှိလို့လဲ၊ လုံးဝ သင့်တော်တယ်”

“ကျွန်မပုံကြီး သတင်းစာထဲမှာတော့ ပါမလာလောက်ပါဘူးနော်”

All Chapters