← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

📗 Chapter 196

ယဲ့ရှောင်ရှောင်၏ မပြီးဆုံးနိုင်သော ပွစိပွစိ ပြောသံလေးများမှာ အလွန် ချစ်စရာကောင်းသည်ဟု လုဟန်ချွမ် ထင်မိပါသည်။

ယဲ့ရှောင်ရှောင်ကမူ အတွေးနွံထဲ နစ်မျောနေဆဲပင်။

ဤခေတ်တွင် သတင်းစာထဲ ဖော်ပြခံရခြင်းက ဆိုရှယ်မီဒီယာများ၏ ရေပန်းအစားဆုံး ရှာဖွေမှုစာရင်းထဲ ရောက်ရှိသွားခြင်းနှင့် ညီမျှသည်။

ထိုသို့ဖြစ်လာခဲ့လျှင် ငွေပေးပြီး ဖယ်ရှားခိုင်း၍ ရနိုင်မည်လားဟူသည်ကိုပင် ယဲ့ရှောင်ရှောင် စဉ်းစားနေမိပါပြီ။

“ဒါနဲ့၊ ရှောင်ရှောင်က အိမ်ဝင်းတွေဘာတွေကို အဲ့လောက်သဘောကျတာလား”

လုဟန်ချွမ် ရုတ်တရက် မေးမြန်းလိုက်လေသည်။

ယဲ့ရှောင်ရှောင်လည်း အသိစိတ်ပြန်ကပ်လာကာ ပြန်ဖြေလိုက်ပါသည်။

“အဲ့တာ ဘာမေးခွန်းကြီးလဲ၊ ငွေမကြိုက်တဲ့လူဆိုတာ ရှိလို့လား၊ သူဌေးတွေပဲ ငွေမရှိလည်းဖြစ်တယ်လို့ ပြောထွက်ကြမှာ၊ ဆင်းရဲတဲ့လူတွေက ငွေမကြိုက်လို့ ဆင်းရဲနေတယ်ထင်လို့လား”

လုဟန်ချွမ် နားလည်သွားခဲ့ပါသည်။

သူမသည် အိမ်ခြံမြေများ၊ ကားများကို စွဲလမ်းနေခြင်းကြောင့်မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းပင် ငွေကို သဘောကျခြင်းကြောင့် ဖြစ်သည်။

သူ့ရှောင်ရှောင်လေးမှာ ရည်ရွယ်ချက်တစ်ခုတည်းသာရှိပြီး အလွန်ပင် ရိုးရှင်းလှပါသည်။

“ဒါဆို ရှောင်ရှောင်က ငွေကြိုက်တယ်ပေါ့”

“ဒါပေါ့”

“အဲ့တာဆို လက်ထပ်ကြရအောင်လေ၊ လက်မထပ်ခင် ပိုင်ဆိုင်မှု သဘောတူစာချုပ်လည်း ချုပ်စရာမလိုဘူး၊ ပိုင်ဆိုင်မှု ခွဲဝေတာမျိုးတွေလည်း မလုပ်ဘူး၊ တကယ်လို့ မဖြစ်နိုင်တာတွေ ဖြစ်လာပြီး ကွာရှင်းရမယ်ဆိုရင်တောင် ကိုယ့်ပိုင်ဆိုင်မှု ထက်ဝက်က ရှောင်ရှောင့်အပိုင်ပဲ”

ယဲ့ရှောင်ရှောင်က သူ့ကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“ရှင်က အဲ့လောက် ချမ်းသာလို့လား၊ ရှင့်ငွေတွေအကုန်လုံးက ရှင့်မိဘတွေဆီက လာတာတော့ မဟုတ်လောက်ပါဘူးနော်၊ တကယ်အဲ့လိုသာဆိုရင် ကျွန်မဘက်က အရှုံးကြီး ရှုံးသွားမှာပေါ့၊ ဘာလို့လဲဆို ကျွန်မက နောက်ပိုင်း အရမ်းချမ်းသာသွားတော့မှာလေ”

လုဟန်ချွမ်က မျက်ခုံးပင့်လျက်ဆိုသည်။

“ကိုယ့်ကောင်လေးကို အဲ့လောက် အထင်သေးရလား၊ ကိုယ့်ကိုလက်ထပ်မယ်ဆိုရင် ရှောင်ရှောင့် ပိုင်ဆိုင်မှုတွေ ဘာမှထုတ်စရာမလိုဘူး၊ ကိုယ့်ဘက်ကပဲ ကိုယ့်ပိုင်ဆိုင်မှုတွေကို တစ်ဝက်ခွဲပေးမှာ”

ယဲ့ရှောင်ရှောင်က မေးပွတ်လျက် ပြောလိုက်သည်။

“အင်း… အဲ့လိုဆိုရင်တော့ စိတ်ဝင်စားစရာပါပဲ”

အိမ်ရာထဲသို့ ရောက်ရှိသောအခါ လုဟန်ချွမ်က လေးလေးနက်နက် ပြောဆိုလိုက်ပါသည်။

“ခုနက ပြောတာကို အတည်စဉ်းစားပေးဦးနော်”

ယဲ့ရှောင်ရှောင်: “…”

--- --- ---

ကွမ်တုန်းပြည်နယ်၊ ရှန်းကျန့်မြို့တွင်…

ယဲ့ချန်းနင်သည် ဘဏ်ချေးငွေကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီးနောက် ထိုငွေအားလုံးကို စက်ရုံတည်ဆောက်ရေးထဲသို့ ပုံအော၍ ရင်းနှီးမြှုပ်နှံခဲ့ပါသည်။

ဤရက်ပိုင်းများအတွင်း သူသည် စက်ရုံဆောက်လုပ်ရေးနယ်မြေနှင့် လုပ်ငန်းမှတ်ပုံတင်ဖို့အတွက် အစိုးရရုံးများထံသို့ ခေါက်တုံ့ခေါက်ပြန် သွားလာနေရသည်။

ပင်ပန်းလွန်းသဖြင့် သူသာမက ယွီကန်းပါ အတော်အတန် ဝိတ်ကျသွားခဲ့ပါသည်။

ယခုအခါ စက်ရုံဆောက်လုပ်ဖို့တွက် အခြေခံလုပ်ငန်းစဉ်များ ပြီးစီးသွားခဲ့ပြီဖြစ်ရာ သူတို့နှစ်ဦး နောက်ဆုံးတွင် အသက်ဝဝ ရှူကာ အမောဖြေနိုင်ခဲ့ကြပြီဖြစ်သည်။

“ကန်းကျစ်၊ နောက်ရက်တွေ အနားယူလိုက်ဦး၊ ပြီးရင် ငါမြို့ပြင်ခဏထွက်ရမယ်၊ အဲ့တာကြောင့် စက်ရုံကို မင်းပဲ ခဏလောက်ကြီးကြပ်ပေးထားရမှာ”

ယွီကန်းက မေးသည်။

“မင်းဘယ်သွားမလို့လဲ”

ယဲ့ချန်းနင် ပြုံးလျက် ဖြေလိုက်ပါသည်။

“ငါတို့လုပ်ငန်းအတွက် အရည်အချင်းရှိတဲ့လူတွေ သွားရှာဖို့ပေါ့ကွ၊ အခုလောလောဆယ် ငါတို့ကုမ္ပဏီမှာ ဥပဒေအကြံပေးလည်း မရှိသေးဘူး၊ စာရင်းကိုင်နဲ့ အရောင်းပိုင်း ကျွမ်းကျင်သူတွေလည်း မရှိသေးဘူးလေ”

ယွီကန်းက ပို၍ပင် စပ်စုလိုစိတ်ပြင်းပြသွားခဲ့သည်။

“ရှန်းကျန့်မှာပဲ လိုက်ရှာလို့မရဘူးလား”

“သာမန်အလုပ်သမားတွေကိုတော့ ဒီမှာပဲ ရှာလို့ရတာမှန်ပေမယ့် ငါလိုချင်တာက အတွေ့အကြုံရှိပြီးသား ကျွမ်းကျင်သူတွေကို လိုချင်တာ၊ အထည်လုပ်ငန်းကို အတွင်းကျကျ နားလည်နေတဲ့လူမျိုးပေါ့၊ ရှန်းကျန့်မှာရှိတဲ့ အလုပ်သမားတွေကိုပဲ သိမ်းသွင်းလိုက်မယ်ဆိုရင် နောက်ပိုင်း ဒီဒေသက စီးပွားရေးလောကထဲ ငါဘယ်လို မျက်နှာ ပြရတော့မလဲ”

ယွီကန်းကမူ စီးပွားရေးအရှုပ်အထွေးများအကြောင်း သိပ်နားမလည်လှပါ။ သို့သော် ချန်းနင်၏ ဦးဆောင်မှုနောက်ကို လိုက်ခြင်းက မည်သည့်အခါမှ မမှားယွင်းနိုင်မှန်း သူသိနေပါသည်။

ယဲ့ချန်နင်းက ယွီကန်း၏ ပခုံးကိုပုတ်လျက် ပြောလိုက်သည်။

“အခုလို အပင်ပန်းခံ ကြိုးစားပေးလို့ ကျေးဇူးပါကွာ”

ယွီကန်း: “ငါက ဘာမှ မပင်ပန်းဘူး၊ မင်းသာ ကျန်းမာရေးကို ဂရုစိုက်ရမှာ ချန်းနင်၊ မင်းအနားမယူတာ ရက်တော်တော် ကြာနေပြီနော်”

“အေး၊ ဒီနေ့ညလည်း ဘော့စ်လီနဲ့ ညစာစားဖို့ ချိန်းထားသေးတယ်၊ စက်ရုံဆောက်လုပ်ရေးကိစ္စကို စိတ်ချရပြီဆိုတာနဲ့ ငါနားနိုင်ပါပြီ”

ဘော့စ်လီဟူသည်မှာ ရှန်းကျန့်သို့ ယဲ့ချန်းနင် ရောက်ရှိလာပြီးနောက် ပထမဦးဆုံး ဆုံခဲ့ရသည့် သူဌေးပင် ဖြစ်သည်။

ဘော့စ်လီသည် ယဲ့ချန်းနင်ကို နေ့စဉ်အခက်အခဲများအတွက်သာမက လုပ်ငန်းများအတွက်ပါ ကူညီပေးခဲ့ဖူးပါသည်။ ထို့ကြောင့် ယဲ့ချန်းနင်ဘက်မှ ဤညစာစားပွဲကို ငြင်းဆန်၍ မကောင်းပေ။

ယွီကန်း: “အဲ့တာဆို ငါလည်း လိုက်ခဲ့မယ်၊ မင်းက ဘော့စ်ကြီးဖြစ်တော့မှာဆိုတော့ မင်းဖာသာမင်း ကားမောင်းစရာ မလိုတော့ဘူး၊ ငါ့ကို မင်းရဲ့ ယာဉ်မောင်းလို့ သဘောထားလိုက်ပေါ့”

ယဲ့ချန်းနင် အားရပါးရ ရယ်မောလိုက်ပါသည်။

“မင်းက ငါ့ထက်တောင် ရှေ့ရေးကို ကြိုတွေးနေပါလား”

ယွီကန်းလည်း သွားဖြီးကာ ပြုံးလိုက်သည်။

“သူများတွေရှေ့မှာ ငါတို့ဘော့စ်ရဲ့ အရှိန်အဝါကို သေချာပေါက် ထုတ်ပြသင့်တာပေါ့”

“အေးပါကွာ၊ လိုက်ခဲ့ပါ လိုက်ခဲ့ပါ”

ထိုနေ့ညနေခင်းက ညစာစားပွဲမှာ သာမန်ပေါ့ပေါ့ပါးပါး စားသောက်ရုံသက်သက် မဟုတ်ပေ။

ဘော့စ်လီသည် ယခင်က ယဲ့ချန်းနင်အပေါ် စေတနာထား၍ ကူညီစောင့်ရှောက်ပေးခဲ့ဖူးသော်လည်း လျှောက်လှမ်းသည့် လမ်းချင်း တူညီသွားခဲ့လျှင် သဘာဝအရ ပြိုင်ဘက်များ ဖြစ်လာကြစမြဲပင်။

ဘော့စ်လီသည် သူတို့၏ စက်ရုံငယ်အား ကြီးကြီးမားမားပြိုင်ဘက်ဖြစ်သည်ဟု သတ်မှတ်မထားရုံသာ ရှိပါသေးသည်။

“ငါ့ညီချန်းနင်၊ မင်းအခု ကိုယ်ပိုင်စက်ရုံထောင်နေတယ်ဆို”

ယဲ့ချန်းနင်သည် ယခင်ကလို ရမ်းကားသည့် စရိုက်မျိုးမရှိတော့ဘဲ ကျိုးနွံစွာ ပြန်ဖြေလိုက်ပါသည်။

“အဲ့တာကို စက်ရုံလို့တောင် ခေါ်လို့မရသေးပါဘူးဗျာ၊ အလုပ်သမား ၁၀၀ တောင်မပြည့်တဲ့ အလုပ်ရုံအဆင့်သာသာပါ”

ဘော့စ်လီက ဆိုသည်။

“စာကလေးတစ်ကောင်က သေးငယ်ပေမယ့် သူ့အတွက်လိုအပ်တဲ့ ကိုယ်တွင်းအင်္ဂါအစုံအလင်ကို ပိုင်ဆိုင်ထားတယ်၊ မင်းရဲ့ စက်ရုံကလည်း သေးငယ်တယ်ဆိုပေမယ့် ပြီးပြည့်စုံဖို့ ပြင်ဆင်ရမယ့်အရာတွေ အများကြီး ရှိလိမ့်မယ်၊ ကိုယ်ပိုင် လုပ်ငန်းတစ်ခုတည်ထောင်ပြီး အလုပ်ရှင်တစ်ယောက်ဖြစ်လာတာက ကောင်းပေမယ့် အရင်ကထက် ပိုပြီး ပင်ပန်းရလိမ့်မယ်နော်”

ယဲ့ချန်းနင်က ပြုံးလျက် ပြောလိုက်သည်။

“ဘော့စ်လီပြောတာမှန်ပါတယ်၊ ကျွန်တော် ဘော့စ်လီဆီက သင်ယူစရာတွေအများကြီး ရှိလာဦးမယ်”

ဘော့စ်လီသည် အလုပ်ကြိုးစားသည့် ယဲ့ချန်းနင်အား ယခင်ကတည်းက အထင်ကြီးလေးစားခဲ့ပါသည်။

ထို့အပြင် ယခုကာလတွင် ကွမ်တုန်းပြည်နယ်၌ စက်ရုံများအကြား ပြိုင်ဆိုင်မှု ပြင်းထန်လာသဖြင့် ရန်သူတစ်ဦးထက် မိတ်ဆွေတစ်ဦး ရရှိထားခြင်းက ပို၍ ကောင်းမွန်ပါလိမ့်မည်။

“စိတ်မပူပါနဲ့၊ ဘာအခက်အခဲပဲရှိရှိ ငါ့ကို လာတွေ့လို့ရတယ်၊ ငါကူညီပေးနိုင်တာရှိရင် ကျိန်းသေပေါက် ကူညီပေးမှာပါ”

“အောင်ပွဲခံတဲ့အနေနဲ့ သောက်ကြရအောင်ဗျာ”

ညစာစားပွဲမှ ပြန်လာသောအခါ ယဲ့ချန်းနင်တစ်ယောက် အမူးလွန်သွားခဲ့သဖြင့် ယွီကန်းက ကုန်းပိုးပြီး ပြန်လည် ခေါ်ဆောင်လာခဲ့ရတော့သည်။

--- --- ---

တစ်ဖက်တွင် ယဲ့ရှောင်ရှောင်လည်း သူမ၏ ယာဉ်မောင်းလိုင်စင်ကို ရရှိသွားခဲ့ပါပြီ။

ထို့ကြောင့် သူမ၏ အလွန်လန်း၊ အလွန်မိုက်သော Santana ကလည်း အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည်။

ယွမ် ၂၀၀,၀၀၀ တန်သော ဇိမ်ခံကားကြီးကို ကြည့်ရင်း စုန့်ကွမ်းကျင့်တစ်ယောက် ယဲ့ရှောင်ရှောင်ကို ပေးဖို့ ကြံထားသည့် ခန်းဝင်ပစ္စည်းတန်ဖိုးထဲ နောက်ထပ် ၂၀ ရာခိုင်နှုန်းခန့် တိတ်တဆိတ် ထပ်ပေါင်းလိုက်လေတော့သည်။

သူ့တပည့်ဖြစ်သည့်အလျောက် မည်သူ့ထက်မှ အောက်မကျစေရပါ။

စုန့်ရှောင်းကွမ်ကမူ ထိုကားကို စိုက်ကြည့်ရင်း စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်ပါသည်။

“နင်က ဟွာရုန်ကို ဦးစီးတဲ့လူဆိုတော့ ဒီလိုကားမျိုး အပြင်မှာ မောင်းတာ ကိစ္စမရှိပေမယ့် ကျောင်းကို ယူသွားဖို့ သင့်တော်ပါ့မလား”

ယဲ့ရှောင်ရှောင်: “ကျွန်မ ကျောင်းကိုတော့ ယူမသွားပါဘူး”

သူမ၏ကားကို တက္ကသိုလ်အနီးရှိ တိုက်ခန်းအိမ်ရာထဲတွင် ထားခဲ့ပြီး စက်ဘီးဖြင့်သာ ကျောင်းသို့သွားဖို့ စဉ်းစားထားပါသည်။

စုန့်ကွမ်းကျင့်က လက်နှစ်ဖက်နောက်ပစ်လျက် အိမ်ထဲသို့ ဖြည်းညှင်းစွာ ဝင်သွားခဲ့သည်။

“ဝယ်နိုင်လို့ ဝယ်ထားတာ ဘာဖြစ်လဲ၊ ဒီကားကို အကျင့်ပျက်ခြစားပြီး ဝယ်ထားတာလည်း မဟုတ်ဘူး၊ လာဘ်စားပြီး ဝယ်ထားတာလည်း မဟုတ်ဘူး၊ အဲ့တာဘာကြောက်စရာလိုလို့လဲ”

အိမ်ထဲဝင်သွားသည့် ဆရာကြီးကို ငေးကြည့်ရင်း စုန့်ရှောင်းကွမ်အား ယဲ့ရှောင်ရှောင် တီးတိုး မေးမြန်းလိုက်ပါသည်။

“ဆရာကြီးရဲ့လေသံက နည်းန်ညးထူးဆန်းနေသလိုပဲနော်”

စုန့်ရှောင်းကွမ်: “မထူးဆန်းပါဘူး၊ ဆရာကြီးက ဗိုလ်မှူးလုကို ကြည့်မရလို့ မနာလိုဖြစ်နေတာနေမှာပါ”

ယဲ့ရှောင်ရှောင်: “…”

‘ရှင်ကကော ဘာလို့ တဲ့တိုးကြိး ပြောရတာလဲ’

--- --- ---

နွေရာသီကျောင်းပိတ်ရက်များ အဆုံးသတ်ခါနီးတွင် ယဲ့ရှောင်ရှောင်သည် လက်ဆောင်အနည်းငယ် ဝယ်ယူလျက် အဘိုးလုနှင့် အဘွားလုတို့ထံသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။

လုဟန်ချွမ်နှင့် ပတ်သတ်မှုကို ထည့်မတွက်လျှင်ပင် အဘိုးလုနှင့် အဘွားလုတို့က သူမအပေါ် အလွန်ကောင်းကြသဖြင့် ယခုလို မကြာခဏ သွားရောက်လည်ပတ်သင့်ပေသည်။

ယဲ့ရှောင်ရှောင် ရောက်ရှိလာသည်ကိုမြင်သောအခါ အဘိုးလုနှင့် အဘွားလုတို့ကလည်း ပြောမပြတတ်အောင် ဝမ်းသာသွားခဲ့ကြပါသည်။

“အဘိုးနဲ့ အဘွား၊ သမီးလာလည်တာပါ”

“ရှောင်ရှောင်၊ အိမ်ထဲ မြန်မြန်ဝင် မြန်မြန်ဝင်! ဘာလို့ လက်ဆောင်တွေ အများကြီး ဝယ်လာတာလဲ”

ယဲ့ရှောင်ရှောင်သည် သူမ၏ ကားအသစ်လေးနှင့် စစ်တပ်ဝင်းထဲသို့ တစ်ယောက်တည်း ရောက်လာခဲ့ခြင်း ဖြစ်သည်။

ခြံထဲတွင်ရှိနေသော အဘွားလုက သူမကို ဦးစွာ ကြိုဆိုခဲ့ပြီး ကားကို မြင်လိုက်သည်နှင့် မျက်လုံးများ အရောင်လက်သွားခဲ့ရသည်။

“ရှောင်ရှောင်၊ အဲ့တာ သမီးရဲ့ကားလား၊ အဘွားကို သည်းထိပ်ရင်ဖို ဖြစ်ရအောင် တင်မောင်းပေးစမ်းပါဦး!”

ယဲ့ရှောင်ရှောင်ကမူ အဘွားလု၏ လျှို့ဝှက်ဆန္ဒများကို ဖောက်ထွင်းမြင်နိုင်သည့်အလား ပြောလိုက်ပါသည်။

“အဘွားသွားချင်တဲ့နေရာ လိုက်ပို့ပေးလို့တော့ရတယ်၊ ဒါပေမယ့် ကားမောင်းပြိုင်တာတွေဘာတွေတော့ လုပ်မှာ မဟုတ်ဘူးနော်”

အဘွားလုမှာ ချက်ချင်းပင် စိတ်ဓာတ်ကျသွားရတော့သည်။

‘ခုခေတ်လူငယ်တွေများ သတ္တိနည်းလိုက်ကြတာ’

“အဲ့တာဆိုလည်း အဘွားမစီးချင်တော့ပါဘူး”

ယဲ့ရှောင်ရှောင်က လေသံအနည်းငယ် တိုးကာ‌ ပြောလိုက်သည်။

“ဒီကားကို လုဟန်ချွမ် ဝယ်ပေးထားတာလေ အဘွား”

အဘွားလုကလည်း လေသံတိုးတိုးဖြင့် ပြန်ပြောသည်။

“သူ့မှာ စုထားတဲ့ငွေတွေအများကြီးရှိတယ်၊ သမီးလိုချင်တာရှိရင် ဝယ်သာ ဝယ်ခိုင်း”

အဘွားလုသည် မြေးအရင်းဘက်မှ ကာကွယ်ပေးခြင်း လုံးဝ မရှိပေ။

အချိန်တစ်လအတွင်း ထိုမြေးစုတ်မှာ အိမ်သို့ တစ်ခေါက်မျှပင် ပြန်မလာခဲ့ပါ။ နောက်ဆုံးတွင် သူတို့နှစ်ဦးကို သတိရပြီး မအားလပ်သည့်ကြားမှ ရောက်လာပေးခဲ့သူမှာ ရှောင်ရှောင်လေးသာဖြစ်သည်။

ထို့ကြောင့် နောင်တစ်ချိန်တွင် မည်သူ့ကို ပို၍ အားကိုးရမှန်း အဘွားလုကောင်းစွာ သဘောပေါက် နားလည်ထားပြီးပါပြီ။

ယဲ့ရှောင်ရှောင်ကလည်း ချစ်စဖွယ်ခွေးပေါက်လေးတစ်ကောင်ပမာ ခေါင်းကို အသာအယာညိတ်ပြလိုက်သည်။

“ဟုတ်ကဲ့ပါအဘွား”

အဘွားအိုသည် ယဲ့ရှောင်ရှောင်၏ အပြုအမူများအား ဥစ္စာမက်မောသည့် အပြုအမူဟု လုံးဝ သတ်မှတ်မထားပါ။

ဇနီးမောင်နှံနှစ်ဦး ရေရှည်လက်တွဲနေထိုင်ကြရမည့် အိမ်ထောင်ရေးတစ်ခုတွင် တစ်ဦးပေါ်တစ်ဦး မျှော်လင့်ချက်များ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ရှိနေမှသာ ထိုအိမ်ထောင်ရေးက ခိုင်မြဲနိုင်မည် ဖြစ်ပါသည်။

တစ်ဦးပေါ်တစ်ဦး မည်သည့်မျှော်လင့်ချက်မှမထားကြလျှင် ထိုအိမ်ထောင်ရေးသည် လမ်းခွဲခြင်းဖြင့်သာ အဆုံးသတ်သွားရလိမ့်မည်။

ယဲ့ရှောင်ရှောင်သည် အဘိုးအဘွားနှစ်ဦးစလုံးနှင့်အတူ ညစာအတူ စားသုံးပြီးမှပြန်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

အဘိုးလုက မှာကြားခဲ့သည်။

“လမ်းမှာ ကားကို ဂရုစိုက်ပြီး သေသေချာချာမောင်းနော် ရှောင်ရှောင်”

“ဟုတ်ကဲ့ပါအဘိုး၊ နောက်လည်း သမီးလာလည်ပါဦးမယ်”

အဘွားလုက ဆိုသည်။

“မကြာခဏ လာလည်ရမယ်နော် ရှောင်ရှောင်”

နောင်အခါများတွင် သူမကို သည်းထိတ်ရင်ဖို ကားစီးဖို့အတွက် ခေါ်ဆောင်သွားနိုင်လျှင် ပို၍ပင် ပျော်စရာကောင်းပါလိမ့်မည်။

All Chapters