အခန်း ၁၉၇
Vol. 20 Ch. 197
📗 Chapter 197
ယဲ့ရှောင်ရှောင်သည် ကားစက်နှိုး၍ လုအိမ်တော်မှ ပြန်ထွက်လာခဲ့ပါသည်။
စစ်တပ်ဝင်းထဲမှာသာ ရှိနေသေးသဖြင့် ကားကို ဖြည်းဖြည်း မောင်းနှင်လာခဲ့သည်။
သို့သော် ထိုသို့ စည်းကမ်းတကျ မောင်းနှင်လာသည့်တိုင်အောင် လူတစ်ဦးက လမ်းကို သေချာမကြည့်ဘဲ သူမ၏ ကားရှေ့တည့်တည့်သို့ စက်ဘီးဖြင့် ဝင်လာခဲ့သေးသည်။
ယဲ့ရှောင်ရှောင် ဘရိတ်ဆောင့်အုပ်လိုက်သောအခါ သူမကားနှင့် စက်ဘီးသမားတို့၏ အကွာအဝေးမှာ ၅ စင်တီမီတာခန့်သာ ခြားတော့သည်။
အမှန်တကယ် တိုက်မိခြင်းမရှိပါဘဲ စက်ဘီးသမားက ဟန်ချက်ပျက်သွားပြီး မြေပေါ်သို့ လဲကျသွားခဲ့ပါသည်။
ယဲ့ရှောင်ရှောင်: “…”
ယဲ့ရှောင်ရှောင် ကားပေါ်မှဆင်းကာ အခြေအနေ သွားကြည့်လိုက်သည်။
“အဆင်…ပြေရဲ့…”
သူမ၏ အသံမှာ တိုးညှင်းသထက် တိုးညှင်းသွားပြီး နောက်ဆုံးတွင်တော့ လုံးဝ ဆွံ့အသွားရတော့သည်။
သူမကားရှေ့တွင် လဲကျနေသူက အခြားသူမဟုတ်ဘဲ ဟောက်ယန်ယန်ဖြစ်နေပါသည်။
ဟောက်ယန်ယန်တစ်ယောက် မြေပေါ်တွင် လဲကျနေပြီး သူမ၏ ခြေကျင်းဝတ်ကို လက်ဖြင့်ကိုင်ထားကာ မျက်ရည်များဝဲလျက် မော့ကြည့်လာခဲ့သည်။
‘ငါ့ကို ငွေညှစ်ဖို့ ကြံနေတာလား’
သူမကို ကမ်းပေးဖို့ ကြံထားသည့် ယဲ့ရှောင်ရှောင်၏ လက်မှာ အလိုလို နောက်ဆုတ်သွားရပြီး ခန္ဓာကိုယ်မှာလည်း ကျောက်ရုပ်ပမာ တောင့်တင်းသွားခဲ့ပါသည်။
“ရှောင်ရှောင်… ငါနင့်ကို အကွက်ဆင်နေတာမဟုတ်ပါဘူး… ငါ့ခြေထောက်… တကယ်အရမ်းနာနေလို့”
ယဲ့ရှောင်ရှောင်သည် မျက်မှောင်ကြုတ်လျက် ဟောက်ယန်ယန်အား ခေါင်းအစ ခြေအဆုံး သေချာ အကဲခတ်လိုက်ပါသည်။
ပြီးခဲ့သည့်အခေါက်ကလည်း သူမကို တွန်းပါသည်ဟုဆိုလျက် တစ်ခါလုပ်ကြံဖန်တီးဖူးရာ ယခုလည်း ထိုဇာတ်ကွက်ဟောင်းကြီးကို ပြန်လည်အသုံးချနေခြင်းဖြစ်နိုင်သဖြင့် ယဲ့ရှောင်ရှောင် သေသေချောချာ စစ်ဆေးဖို့ လိုအပ်ပါသည်။
သို့သော် ဟောက်ယန်ယန်၏ မျက်နှာမှာ သွေးမဲ့ဖြူရော်နေပြီး နဖူးပေါ်တွင်လည်း ချွေးများစိုရွှဲနေသည်။
စက်ဘီးလဲကျသွားစဉ်က သူမ၏ ခြေကျင်းဝတ်လိမ်သွားခဲ့ပြီး ‘ဂျွတ်’ခနဲမြည်သံတစ်ခုကိုလည်း ကြားခဲ့ရပါသည်။ ထို့ကြောင့် ယခုတစ်ခေါက်တော့ သူမ ဟန်ဆောင်နေခြင်း မဖြစ်နိုင်ပါ။
“ရှောင်ရှောင်… ငါ့ကို ဆေးရုံလိုက်ပို့ပေးပါလားဟင်၊ ငါတကယ် ဟန်ဆောင်နေတာ မဟုတ်ရပါဘူး၊ ငါ့ခြေကျင်းဝတ် တကယ်လိမ်သွားလို့…”
ယဲ့ရှောင်ရှောင်: “ငါသိပါတယ်၊ နင့်သရုပ်ဆောင်စွမ်းရည်က အဲ့လောက်ကောင်းမှာ မဟုတ်ဘူး”
“ငါကူညီပေးရဦးမလား”
ယောက်ျားလေးတစ်ဦး၏အသံကို သူတို့နှစ်ယောက် ရုတ်တရက်ကြားလိုက်ရသည်။
ဟောက်ယန်ယန် ဟန်ချက်ပျက်ပြီး လဲကျသွားသည့် ဖြစ်စဉ်တစ်ခုလုံးကို ရှောက်ကျီယု သေချာ မြင်ခဲ့ရပါသည်။
ပထမတော့ သူများကိစ္စတွင် ဝင်ပါဖို့ စိတ်ကူးမရှိခဲ့သော်လည်း ကားပေါ်မှ ဆင်းလာသူက ယဲ့ရှောင်ရှောင်ဖြစ်နေသည်ကို မြင်သွားပြီး ဤအတိုင်း ရပ်ကြည့်မနေနိုင်တော့ပေ။
ယဲ့ရှောင်ရှောင်ကလည်း ဟောက်ယန်ယန်ကို တစ်ယောက်တည်းထားခဲ့ဖို့ စိတ်ကူးမရှိပါ။
“ကျီယု! နင်ရောက်လာတာနဲ့အတော်ပဲ၊ သူ့ကို ဆေးရုံပို့ပေးဖို့ ကူညီပေးပါဦး”
ရှောက်ကျီယုက အေးအေးလူလူလမ်းလျှောက်လာပြီး မြေပြင်ပေါ်မှ လူနာကို မျက်လုံးဖြင့်တစ်ချက် ဝေ့ကြည့်ကာ ယဲ့ရှောင်ရှောင်အား မေးမြန်းလိုက်ပါသည်။
“စေတနာရှင်ကြီး လုပ်တော့မယ်ပေါ့ ရှောင်ရှောင်”
ယဲ့ရှောင်ရှောင် ပခုံးတွန့်ပြလိုက်သည်။
“ငါကိုယ်က ကံဆိုးတာပါ”
ရှောက်ကျီယုက အကြံပြုသည်။
“ရဲအရင်ခေါ်လိုက်ကြရအောင်လေ၊ ငါသက်သေလိုက်ပေးမယ်၊ နင့်အပြစ် မဟုတ်မှန်း ဒီလောက်သိသာနေတာကို”
ယဲ့ရှောင်ရှောင်လည်း သူမ၏ ကားကို လှည့်ကြည့်လိုက်ပါသည်။
ကားပေါ်တွင် ခြစ်ရာတစ်ခုပင် မရှိပေ။ ထို့ကြောင့် စက်ဘီးကို ကားနှင့် မတိုက်မိခဲ့မှန်း သက်သေပြနိုင်ပါသည်။
သူတို့နှစ်ဦး စကားဆက်မပြောနိုင်ခင် ဟောက်ယန်ယန်က ဝန်ခံလိုက်သည်။
“ငါ့အပြစ်ပါ၊ ငါ့ဖာသာငါ လဲကျသွားတာပါ၊ ရှောင်ရှောင်နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျေးဇူးပြုပြီး ငါ့ကို ဆေးရုံတော့ လိုက်ပို့ပေးကြပါ”
ထိုအခါမှ ရှောက်ကျီယု ခါးကိုင်းလိုက်ပြီး ဟောက်ယန်ယန်အား ပွေ့ချီပေးလိုက်ပါသည်။
စစ်တပ်အိမ်ရာဝင်းနှင့် တစ်လမ်းကျော်တွင် ဆေးရုံတစ်ခုရှိသဖြင့် ယဲ့ရှောင်ရှောင် ထိုနေရာသို့ ကားဖြင့် မောင်းသွားခဲ့သည်။
ဟောက်ယန်ယန်၏ ခြေထောက်အား ဓာတ်မှန်ရိုက်ဖို့အတွက် ရှောက်ကျီယု အဖော်ပြုပေးနေစဉ် ယဲ့ရှောင်ရှောင်က သခင်မဟောက်အား ဖုန်းဆက်လိုက်ပါသည်။
ဟယ်ချောင်းရှန့်မှာ ဆေးရုံသို့ အလျင်အမြန်ပဲ ရောက်ရှိလာသည်။
သူမနှင့်အတူ ကျောက်ဟုံရှား၊ ရှုကျမ့်ဝမ်၊ ရှုကျမ့်လီတို့လည်း ပါဝင်ခဲ့ပါသည်။ ဆေးရုံကို ရောက်လာသည့် ဟောက်မိသားစုထက် ရှုမိသားစုက ပိုများလို့နေပါသည်။
ဟောက်ယန်ယန်၏ ဒဏ်ရာမှာ အဆစ်လွဲသွားခြင်းသာဖြစ်သည်။ ဆရာဝန်က အဆစ်ကို ပြန်တည့်မတ်ပေးခဲ့ပြီး သောက်ဆေးအနည်းငယ်ပေးကာ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပါသည်။
ယဲ့ရှောင်ရှောင်နှင့် ရှောက်ကျီယုတို့နှစ်ဦး ကော်ရစ်ဒါတွင် စောင့်နေကြသည်။
ရှုမိသားစုဝင်များနှင့်တကွ ဟယ်ချောင်းရှန့် ရောက်ရှိလာချိန်တွင် ယဲ့ရှောင်ရှောင်အား သံသယမျက်လုံးများဖြင့် ချက်ချင်းကြည့်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်ကမူ ဆေးကုသမှု ကုန်ကျစရိတ်ပြေစာကို သူမထံသို့ ကမ်းပေးလိုက်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ငွေသွားရှင်းလိုက်ဦး”
ဟယ်ချောင်းရှန့်က မလှုပ်ပေ။
“ယန်ယန်ဘာလို့ ဆေးရုံရောက်လာတာလဲ”
ယဲ့ရှောင်ရှောင်က ချောချောမွေ့မွေ့ပင် ရှင်းပြလိုက်သည်။
“လမ်းကိုသေချာမကြည့်ဘဲ စက်ဘီးစီးလို့လေ”
‘ဒီအသိုင်းအဝိုင်းမှာ မျက်စိမကောင်းတာက ကူးစက်ရောဂါတစ်ခုနဲ့တူတယ်…’
ရှောက်ကျီယုကလည်း ပေါ့ပေါ့တန်တန် ဝင်ပြောလိုက်ပါသည်။
“ဟောက်ယန်ယန်က လမ်းတဆစ်ချိုးမှာ တည့်တည့်မောင်းလာတဲ့ကားနဲ့ တိုက်မိမလိုဖြစ်သွားတာ၊ ကားကို ဖြည်းဖြည်းမောင်းလာတာကြောင့်သာမဟုတ်ရင် အခြေအနေတွေ ဒီ့ထက်ပိုဆိုးသွားနိုင်မှာ”
ရှုကျမ့်ဝမ်က ပြေစာကို ကိုယ်စားလှမ်းယူလိုက်သည်။
“ကျွန်တော် ငွေအရင်သွားရှင်းလိုက်မယ်”
ဟယ်ချောင်းရှန့်သည် ယဲ့ရှောင်ရှောင်နှင့် စကားမများချင်သေးသဖြင့် ဟောက်ယန်ယန်၏ အခြေအနေကိုသာ သွားရောက်ကြည့်ရှုခဲ့ပါသည်။
တစ်ဖက်တွင် ကျောက်ဟုံရှားကလည်း ယဲ့ရှောင်ရှောင်နှင့် တွေ့သောအခါ အလွန်နေရခက်သွားခဲ့သည်။
ယခင်တစ်ခေါက် အဘိုးဟန်၏ မွေးနေ့ပွဲတွင် တွေ့ဆုံပြီးကတည်းက ဤကောင်မလေးမှာ မည်သူ့ကိုမှ မျက်နှာသာပေးတော့မှာမဟုတ်ကြောင်း သူမ နားလည်ခဲ့ရပါသည်။
ထို့ကြောင့် ကျောက်ဟုံရှားလည်း လူနာခန်းထဲဝင်ပြီး ဟောက်ယန်ယန်ကိုသာ သွားတွေ့ခဲ့တော့သည်။
“အစ်မရှောင်ရှောင်၊ အစ်မနဲ့ ဟောက်ယန်ယန်တို့ ဘာတွေဖြစ်နေကြတာလဲ၊ သူ ကားတိုက်ခံရမလိုဖြစ်တာဆို ဟုတ်လား”
“ဟုတ်တယ်၊ ကားပိုင်ရှင်က ငါပဲ”
ရှုကျမ့်လီ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
“ဟင်”
ဆေးဖိုးဝါးခများ ရှင်းပြီး၍ ပြန်ရောက်လာသော ရှုကျမ့်ဝမ်မှာ ထိုစကားကို ကြားသွားခဲ့ပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်ပါသည်။
“အဲ့တာဆို မင်းတမင်တကာ လုပ်တာပေါ့”
ယဲ့ရှောင်ရှောင်ကမူ သူ့ကို လေကုန်ခံပြီးပင် စကားမပြောချင်သဖြင့် ရှုကျမ့်လီကိုသာ လှည့်ပြောလိုက်ပါသည်။
“ငါသွားတော့မယ်နော်”
ထို့နောက် ရှောက်ကျီယုကို သူမ လှည့်မေးလိုက်သည်။
“ငါနဲ့လိုက်ခဲ့မှာလား ကျီယု”
ရှောက်ကျီယု ခေါင်းညိတ်လိုက်ပါသည်။ ဆေးရုံမှ မထွက်ခင် ရှုကျမ့်ဝမ်အား သူလှည့်ကြည့်ကာ အခိုင်အမာ ပြောလိုက်သည်။
“ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ၊ ရှောင်ရှောင်နဲ့ ဘာမှမဆိုင်ဘူး၊ ဟောက်ယန်ယန်က စက်ဘီးနဲ့ သူ့ဖာသာသူ ဟန်ချက်ပျက်ပြီး လဲကျသွားတာ”
ရှုကျမ့်ဝမ်ကလည်း ရှောက်ကျီယု၏ သက်သေခံစကားကို စိုးစင်းမျှ မယုံကြည်ပေ။ ထိုကောင်က ယဲ့ရှောင်ရှောင်ဘက်တော်သားဖြစ်မှန်း သိသာသဖြင့် သူ့စကားတိုင်းကို ယုံကြည်၍ မရနိုင်ပါ။
“မင်းတို့ကြောင့်ဖြစ်တာကို ပြန်တောင်းပန်ဖို့တောင် စိတ်ကူးမရှိကြဘူးလား”
ထိုစဉ် လူနာခန်းတံခါးပွင့်သွားပြီး ခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေသည့် ဟောက်ယန်ယန်ကို တွဲလျက် ကျောက်ဟုံရှားနှင့် ဟယ်ချောင်းရှန့်တို့ ပြန်ထွက်လာခဲ့ကြသည်။
ဟယ်ချောင်းရှန့်က အပြစ်တင်သည့်လေသံဖြင့် ဆိုလိုက်သည်။
“ရှောင်ရှောင်၊ ယန်ယန့်ကို ဒီလိုဖြစ်အောင် နင်လုပ်ခဲ့တာဆိုရင်တောင် နင့်အမှားနင် ဝန်ခံမယ်ဆိုရင် ငါဘာအငြှိုးမှ မထားဘူး၊ ဒါပေမယ့် အခုလို တာဝန်ကို ရှောင်လွှဲဖို့ ကြိုးစားနေတာကိုမြင်ရတာ ငါအရမ်းစိတ်ပျက်မိတယ်”
ယဲ့ရှောင်ရှောင် ပခုံးတွန့်ပြလိုက်သည်။
“ကျွန်မလည်း အရမ်းစိတ်ပျက်မိပါတယ်၊ နောက်ဆို သူများကို စေတနာနဲ့ ကူညီပေးဖို့ နှစ်ခါပြန်စဉ်းစားရတော့မယ်ထင်တယ်”
ခြေထောက်က ထော့နဲ့ထော့နဲ့ဖြစ်နေသော်လည်း ဟောက်ယန်ယန်မှာ သူမ၏ ဖြူစင်ရိုးသားမှုကို ထုတ်ပြနိုင်မည့် အခွင့်အရေးအား လက်လွှတ်မခံခဲ့ပါ။
“အမေ၊ လမ်းကို သေချာမကြည့်မိခဲ့တာ သမီးပါ၊ ရှောင်ရှောင်က ကားမောင်းလာတာဆိုပေမယ့် အချိန်မီ ဘရိတ်အုတ်ခဲ့တယ်၊ မဟုတ်ရင် ခြေကျင်းဝတ်လိမ်ရုံလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး”
သူမ ပြောလိုက်သည့် စကားမှာ ယဲ့ရှောင်ရှောင်က သူမကို အမှန်တကယ် တိုက်မိခဲ့သယောင် ဖြစ်နေပါသည်။
ဟယ်ချောင်းရှန့်သည် သတ္တိမဲ့လှသော သမီးဖြစ်သူကို စိတ်ပျက်လက်ပျက် ကြည့်ကာ ပြောလိုက်သည်။
“သူသာ ဘရိတ်မအုပ်ဘူးဆိုရင် နင့်ကို သေအောင်တိုက်သတ်မယ့် သဘောလား၊ လမ်းပေါ်မှာ လူတွေအများကြီး ရှိနေတာကို နင့်ကျမှ ဘာလို့တိုက်မိတာလဲ၊ နင်ကတော့လေ၊ သတ္တိနည်းနည်းပါးပါး မွေးစမ်းပါ!”
ယဲ့ရှောင်ရှောင်က ဝင်ပြောသည်။
“တခြားသူတွေက မျက်လုံးပါလို့ မတိုက်မိတာပေါ့”
ရှောက်ကျီယုကလည်း ဟောက်ယန်ယန်အား မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
“နင်ရှင်းပြတာ ဒီလိုကြီးလား၊ အခုတော့ နင့်ကို ရှောင်ရှောင်တကယ်တိုက်မိခဲ့တာမှ ပိုကောင်းဦးမယ်လို့ ငါတွေးနေမိပြီ”
ရှုကျမ့်ဝမ်က ဒေါသတကြီး သတိပေးလိုက်သည်။
“ကျီယု၊ မင်းစကာတွေ လွန်မလာနဲ့နော်”
ဆေးရုံကော်ရစ်ဒါတွင် ဗြောင်းဆန်နေသော အခြေအနေကိုကြည့်ရင်း ရှုကျမ့်လီသည် အမှန်တရားကို မသိရသေးသော်လည်း ယဲ့ရှောင်ရှောင်ကို မျက်စိစုံမှိတ် ယုံကြည်လိုက်ဖို့သာ ဆုံးဖြတ်ခဲ့ပါသည်။
“ကျွန်တော်ကတော့ အစ်မရှောင်ရှောင်ကိုပဲ ယုံတယ်”
ကျောက်ဟုံရှားက သားငယ်ဖြစ်သူကို ဘဝင်မကျစွာ စိုက်ကြည့်လိုက်သည်။
“အမှန်တရားက မျက်စိရှေ့ရောက်နေရင် နင့်ယုံကြည်မှုက ဘာအသုံးဝင်တော့မှာလဲ”
ဤအခြေအနေတွင် ကျိုးသင့်ကြောင်းသင့် ရှင်းပြခြင်းက သက်ရောက်မှုရှိမည်မဟုတ်မှန်း ရှောက်ကျီယု နားလည်ပါသည်။ သို့သော် ဤအတိုင်း လှည့်ထွက်သွားလိုက်လျှင်လည်း ခံပြင်းစရာကောင်းလိမ့်မည်။
“အဒေါ်တို့နှစ်ယောက်မှာ သံသယတွေရှိတယ်ဆိုရင် ဒီကိစ္စကို ရဲတိုင်လိုက်ဖို့ပဲ အကြံပြုချင်တယ်၊ စစ်ဆေးမေးမြန်းခန်းထဲမှာ နှစ်ခေါက်လောက် မေးမြန်းလိုက်ရင်တော့ ဘယ်သူက အမှန်တရားကို ပြောနေတာလဲဆိုတာ ရှင်းလင်းသွားမှာပါ”
ရှောက်ကျီယုက ထိုသို့ ကမ်းလှမ်းလိုက်သည်နှင့် အလွန်ဖြောင့်မတ်မှန်ကန်ချင်နေသော ကျောက်ဟုံရှားမှာ ချက်ချင်းဆိုသလိုပင် နောက်ဆုတ်သွားခဲ့ရတော့သည်။
သူမတို့အားလုံးသည် အသိုင်းအဝိုင်းကြီးများမှ အဆင့်အတန်းမြင့်မားကြသူများဖြစ်၍ ဤကဲ့သို့ အသေးအဖွဲကိစ္စလေးတစ်ခုအတွက် ရဲစခန်းရောက်သွားလျှင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပါလိမ့်မည်။
“ထားလိုက်ပါတော့၊ တရားမျှတမှုအစစ်အမှန်ဆိုတာ လူတွေရဲ့ ရင်ထဲမှာပဲ ရှိတယ်၊ ဘယ်သူက လိမ်ညာနေတာလဲဆိုတာ အချိန်က ဖော်ထုတ်ပေးသွားလိမ့်မယ်”
ကျောက်ဟုံရှားက အခြေအနေကို ဟန်မပျက် ထိန်းသိမ်းလိုက်ရင်း ဟယ်ချောင်းရှန့်ကိုလည်း ဖျောင်းဖျလိုက်သည်။
“အခုလောလောဆယ် အရေးအကြီးဆုံးက ယန်ယန့်ကို အိမ်ပြန်ခေါ်ပြီး နားခိုင်းဖို့ပဲ သခင်မဟောက်”
ဟယ်ချောင်းရှန့်သည် ယဲ့ရှောင်ရှောင်အား ‘သတိကြီးကြီးထားနေ’ဟူသော အကြည့်မျိုးဖြင့် ကြည့်လျက် ပြောလိုက်ပါသည်။
“သွားကြစို့”
ကံကောင်းစွာဖြင့် ရှုကျမ့်ဝမ်က ကားယူဆောင်လာခဲ့ခြင်းကြောင့် ဟောက်ယန်ယန်အား အိမ်ပြန်ခေါ်သွားဖို့ အဆင်ပြေခဲ့ပါသည်။
ဆေးရုံဝင်ပေါက်တွင် ကျောက်ဟုံရှားက ရှုကျမ့်လီအား အိမ်ပြန်ဖို့ လှမ်းခေါ်လိုက်သည်။
ရှုကျမ့်လီ: “ကျွန်တော် မပြန်သေးဘူး”
ကျောက်ဟုံရှားလည်း စိတ်ပင်ပန်းနေပြီဖြစ်၍ သားဖြစ်သူနှင့် စကားမများချင်တော့ပေ။
“အဲ့တာဆိုလည်း နင့်ဖာသာနင် တစ်ယောက်တည်း နေခဲ့တော့”
ယဲ့ရှောင်ရှောင်က သူမလက်ထဲရှိ ကားသော့ကို လှုပ်ခါပြလိုက်သည်။
“သွားကြမယ်၊ နင်တို့ဘယ်ပဲသွားသွား ငါလိုက်ပို့ပေးမယ်”
ရှုကျမ့်လီသည် ဆေးရုံအပြင်ဘက်တွင် ပါကင်ထိုးထားသည့် Santana အသစ်စက်စက်ကြီးကို မျက်လုံးပြူး မျက်ဆံပြူး စိုက်ကြည့်နေပါသည်။
“အစ်မရှောင်ရှောင် ကားဝယ်လိုက်ပြီပဲ!”
ယဲ့ရှောင်ရှောင်: “ငါ့ကောင်လေး ဝယ်ပေးထားတာ”
ရှုကျမ့်လီ သွားဖြီးကာ ပြုံးလိုက်သည်။
“အစ်ကိုလုက တော်တော် ရက်ရောတာပဲနော်!”
တစ်ဖက်တွင်မူ ရှုကျမ့်ဝမ်သည် သူတို့၏ ကားတံခါးကို ဝုန်းခနဲမြည်အောင် ဆွဲပိတ်ပစ်လိုက်ပါသည်။
ယနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ရှောက်ကျီယု ဘဝင်မကျ ဖြစ်နေသေးသည်။
“မင်းရဲ့ မရီးလောင်းကတော့ မလွယ်ကြောပဲနော် ကျမ့်လီ”
ရှုကျမ့်လီက မကျေမနပ်ဖြင့် ဆန့်ကျင်လိုက်သည်။
“သူ့ကို ငါ့မရီးအဖြစ် အသိအမှတ်မပြုဘူး”
ရှောက်ကျီယုက အနာကိုဆားပက်သည့်အလား ကျီစယ်လိုက်ပါသည်။
“မင်းအစ်ကိုက ဇနီးအဖြစ် အသိအမှတ်ပြုထားရင်တော့ မင်းဘာတတ်နိုင်မှာလဲ”