← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

📗 Chapter 198

ယဲ့ရှောင်ရှောင်သည် လက်ထဲမှ ကားသော့ကို ဆော့ကစားရင်း ထွက်ခွာသွားသည့် ရှုကျမ့်ဝမ်နှင့် ဟောက်ယန်ယန်တို့၏ ကားကို ငေးကြည့်နေခဲ့ပါသည်။

‘ဇာတ်လိုက်မင်းသမီးရဲ့ ဇာတ်ကောင်က မူရင်းဝတ္ထုထဲကနဲ့ ဘာလို့ အရမ်းခြားနားသွားတာလဲ’

မူရင်းဝတ္ထုအတိုင်းသာဆိုလျှင် ဇာတ်လိုက်မင်းသမီးသည် သတ္တိရှိသည်၊ သန်မာသည်၊ အရာရာကို အကောင်းမြင်တတ်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုလည်း အပြည့်အဝရှိသည်။

သို့သော် သူမ ယခု မြင်တွေ့နေရသည့် ဟောက်ယန်ယန်နှင့် စာအုပ်ထဲတွင် ဖော်ပြထားသည့် ဟောက်ယန်ယန်တို့မှာ မတူညီသည့် ဇာတ်ကောင်နှစ်ကောင်ဟုပင် ထင်မှတ်ရပါသည်။

သူမ၏ ပြန်လည်မွေးဖွားလာမှုကြောင့် လိပ်ပြာတောင်ပံခတ်သည့်ပမာ အရာရာပြောင်းလဲသွားခဲ့ခြင်း ဖြစ်နိုင်သည်။

ယဲ့ရှောင်ရှောင် အတွေးနွံထဲ နစ်နေစဉ် ခပ်လှမ်းလှမ်းမှ စူးစူးရှရှ ကားဘရိတ်အုပ်သံတစ်သံကြောင့် အသိစိတ်ပြန်ကပ်သွားရသည်။

ရှေ့တွင် ရှုကျမ့်ဝမ်‌တို့ မောင်းနှင်ထွက်ခွာသွားသည့်ကားသည် မျှော်လင့်မထားသည့် အတားအဆီးတစ်ခုကြောင့် ဘရိတ်ကို ရုတ်တရက် ဆောင့်အုပ်လိုက်ရပုံပေါ်သည်။

ရှောက်ကျီယုနှင့် ရှုကျမ့်လီတို့လည်း အံ့အားသင့်စွာ လှည့်ကြည့်လိုက်ကြပါသည်။

ရှောက်ကျီယု: “ကြည့်ရတာ မင်းအစ်ကို တစ်ယောက်ယောက်ကို ကားနဲ့တိုက်မိပြီထင်တယ်”

ရှုကျမ့်ဝမ်သည် မကြာသေးခင်က အကြီးအကျယ်ဒေါသထွက်နေခဲ့သော်လည်း ရှေ့တွင်ဖြစ်ပွားသွားသော မတော်တဆမှုကို မြင်သောအခါ ချက်ချင်းပင် အပြေးအလွှား သွားရောက်ကြည့်ရှုတော့သည်။

ထိုအချိန်တွင် ရှုကျမ့်ဝမ်တစ်ယောက်တော့ ဆွံ့အနေခဲ့ပါသည်။

အသက်ကြီးကြီး အမျိုးသမီးတစ်ဦးသည် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိဘဲ သူတို့၏ ကားရှေ့တည့်တည့်သို့ ရုတ်တရက် ဝင်တိုးကာ မြေပေါ်သို့ ပစ်လှဲချလိုက်ပြီး အလွန်နာကျင်နေသည့်ပုံစံဖြင့် အသည်းအသန် အော်ဟစ်နေလေသည်။

“ဘာဖြစ်သွားသေးလဲ အဒေါ်”

အမျိုးသမီးမှာ လက်တစ်ဖက် ဆန့်ထုတ်လျက် ပြောလိုက်သည်။

“ကောင်လေး၊ ငါ့ကို ထူပေးစမ်းပါ…”

ရှုကျမ့်ဝမ် သက်ပြင်းချလိုက်မိသည်။

“ကျွန်တော် ဆေးရုံလိုက်ပို့ပေးမယ်နော်”

သို့သော် အမျိုးသမီးကြီးက ခေါင်းကို အသည်းအသန် ခါယမ်းပစ်လိုက်သည်။

“ရဲခေါ်မယ်၊ ငါရဲခေါ်ချင်တယ်”

ရှုကျမ့်ဝမ်: “အဒေါ်ကြီးဖာသာ ကားကို ဝင်တိုးတာလေ”

အမျိုးသမီးကြီး၏ ညည်းတွားနေသောအသံမှာ စက္ကန့်ပိုင်းခန့် ရပ်တန့်သွားရသည်။

“ကောင်လေး၊ ငါ့ကို ယွမ် ၁၀၀ သာ ပေးလိုက်၊ အဲ့တာဆို ပြီးသွားပြီ၊ ငါဆေးရုံလည်း သွားစရာမလိုတော့ဘူး”

ရှုကျမ့်ဝမ် မျက်မှောင်ကြုတ်သွားလေသည်။

“ခင်ဗျားကျုပ်ကို ငွေလာညှစ်နေတာလား”

အမျိုးသမီးကြီးက တရားမျှတချင်ယောင် ဆောင်၍ ပြောလိုက်ပါသည်။

“ငါက နင့်အတွက် အဆင်ပြေအောင် အလျှော့ပေးနေတာလေ၊ ငါ့ကို ဆေးရုံလိုက်ပို့ပေးရင် ဒီ့ထက် ပိုမကုန်နိုင်ဘူးလား”

ရှုကျမ့်ဝမ်သည် ထိုအမျိုးသမီးကို ကားဖြင့် မတိုက်မိခဲ့မှန်း သေချာပေါက် ယုံကြည်နေပါသည်။

သို့သော် သူ့အတွက် သက်သေခံပေးမည့် မျက်မြင်သက်သေဟူ၍ မရှိပေ။ ထိုအမျိုးသမီးကြီးကလည်း ထိုအားသာချက်ကို အသုံးချကာ ငွေညှစ်နေခြင်းဖြစ်ပါလိမ့်မည်။

ထိုစဉ် ရှုကျမ့်လီ ရောက်ရှိလာပြီး အစ်ကိုဖြစ်သူနှင့် အဒေါ်ကြီးတို့၏ စကားများကို ကြားသွားကာ ဝင်ပြောလိုက်သည်။

“အစ်ကိုကြီး၊ ချက်ချင်းဝဋ်လည်တယ်ဆိုတာ ဒါမျိုးလား”

ရှုကျမ့်ဝမ်: “…”

ပြဿနာကို ဆက်မကြီးမားစေချင်တော့သဖြင့် ရှုကျမ့်ဝမ်တစ်ယောက် မတတ်သာတော့ဘဲ ယွမ် ၁၀၀ ထုတ်ပေးလိုက်ရတော့သည်။

အမျိုးသမီးကြီးက ထိုငွေကို ချက်ချင်းဖြတ်ယူလိုက်ပြီး မြေပေါ်မှ သုတ်သုတ်ပျာပျာ ထကာ ထွက်ပြေးသွားလေတော့သည်။ သူမ၏ လျင်မြန်သွက်လက်မှုမှာ လူငယ်တစ်ဦးထက်ပင် သာပါသေးသည်။

ယဲ့ရှောင်ရှောင်သည် ရှုကျမ့်ဝမ်တို့၏ ကားဘေးတွင် သူမ၏ ကားကို ထိုးရပ်လိုက်ပြီး ပြူတင်းမှန်ချလျက် လှမ်းပြောလိုက်သည်။

“ရဲဘော်ရှု၊ လူတစ်ယောက်ကို ကားနဲ့တိုက်မိရင် အရင်ဆုံး တောင်းပန်ရတယ်၊ ငွေပေးပြီး ပထုတ်လိုက်တာမျိုးကတော့ ဘယ်ကောင်းမလဲ”

သူမ၏ စကားလုံးများထဲတွင် အတိအကျ ထည့်မပြောသော်လည်း သူတစ်ပါး အခက်အခဲကြုံနေရသည်ကို လှောင်ပြောင် သရော်လိုသည့် အရိပ်အယောင်များ အထင်အရှားပေါ်လွင်နေခဲ့ပါသည်။

ရှုကျမ့်ဝမ် ပြန်လည်ချေပရန် ပါးစပ်ဟလိုက်သော်လည်း ချက်ချင်း ပြန်ပိတ်သွားခဲ့ရသည်။ ထိုစကားအသွားအလာမျိုးကို သူကောင်းကောင်းကြီး ရင်းနှီးနေပါသည်။

ယဲ့ရှောင်ရှောင်ကမူ သူ့ထံမှ တုံ့ပြန်သံကြားရဖို့ စောင့်မနေပေ။ ရှုကျမ့်လီအား သူမ မေးမြန်းလိုက်ပါသည်။

“ကျမ့်လီ၊ နင်ဘယ်သွားမှာလဲ၊ ငါလိုက်ပို့ပေမးယ်လေ”

ရှုကျမ့်လီလည်း ယဲ့ရှောင်ရှောင်၏ ကားပေါ် ချက်ချင်း တက်လိုက်ပါသည်။ ယနေ့တော့ သူ့အဘိုးအဘွားများ၏ အိမ်တွင် သွားနေဖို့ စိတ်ကူထားသည်။

ယဲ့ရှောင်ရှောင်သည် ပြူတင်းမှန်ကို ပြန်တင်လျက် အငွေ့တထောင်းထောင်း ထနေသော ရှုကျမ့်ဝမ်အား တစ်ယောက်တည်း ထားရစ်ခဲ့တော့သည်။

ထိုစဉ် ရှုကျမ့်ဝမ်၏ ကားထဲရှိ ကျောက်ဟုံရှားသည် ယဲ့ရှောင်ရှောင် မောင်းနှင်သွားသော ကားကို စိုက်ကြည့်ကာ ရေရွတ်လိုက်မိလေသည်။

“အဲ့မော်ဒယ်က ဈေးမသေးဘူးနော်၊ အနည်းဆုံး ယွမ် ၂၀၀,၀၀၀ လောက်တန်လိမ့်မယ်”

ဟောက်ယန်ယန် မျက်လုံးပြူးကျယ်သွားလေသည်။

“အဲ့လောက်တောင် ဈေးကြီးတာလား!”

ကျောက်ဟုံရှားကမူ အထင်အမြင်သေးသည့်လေသံဖြင့် ပြောလိုက်သည်။

“သူက အဲ့လောက်ငွေပမာဏ ဘယ်ကရှာနိုင်မှာမို့လို့လဲ၊ ယောက်ျားတစ်ယောက် အားကိုးနဲ့ ဝယ်ထားမှန်း သိသာတယ်”

ရှုကျမ့်ဝမ်တစ်ယောက် ကားထဲ ပြန်ဝင်လာချိန်တွင် စိတ်တို့အလွန်ရှုပ်ထွေးနေပါပြီ။

ငွေညှစ်ခံရသည့် အခြေအနေနှင့် သူကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လိုက်ရသောအခါ ဆေးရုံတွင် ယဲ့ရှောင်ရှောင် မည်သို့ ခံစားခဲ့ရမည်ကို သူကိုယ်ချင်းစာ နားလည်သွားခဲ့ရသည်။

ဟောက်ယန်ယန်အား သူလှည့်ကြည့်ကာ ရုတ်တရက်မေးမြန်းလိုက်ပါသည်။

“ယန်ယန်၊ မင်းကို ရှောင်ရှောင် တကယ်တိုက်မိခဲ့တာလား”

ဟောက်ယန်ယန် အသက်ရှူသံများ မတည်မငြိမ်ဖြစ်သွားပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပါသည်။

ဟောက်ယန်ယန်၏ ဖြူရော်နေသော မျက်နှာလေးကို ကြည့်လျက် သားဖြစ်သူ၏ မေးခွန်းကို ကျောက်ဟုံရှား ဘဝင်မကျ ဖြစ်သွားလေသည်။

“အဲ့တာ မေးစရာ လိုသေးလို့လားဟဲ့၊ သူ့ကားနဲ့တိုက်မိလို့မဟုတ်ရင် ယန်ယန်နဲ့အတူ ဆေးရုံကို ဘာလို့ ရောက်နေမှာလဲ”

ဟောက်ယန်ယန်မှာ ဒဏ်ရာကြောင့် နာကျင်ချင်ယောင်ဆောင်လျက် ခေါင်းငုံ့သွားခဲ့ပါသည်။

ဤတစ်ခါတော့ သူမကို ရှုကျမ့်ဝမ် ချက်ချင်း နှစ်သိမ့်မပေးခဲ့တော့ပါ။

အမျိုးသမီးကြီးနှင့် ကြုံခဲ့ရသည့် အဖြစ်အပျက်ကြောင့် မိမိဘက်တွင် ကာကွယ်ပေးမည့်သူမရှိဘဲ မဟုတ်မမှန်စွပ်စွဲခံရသည့် ခံစားချက်အား ရှုကျမ့်ဝမ် ကောင်းကောင်းကြီး နားလည်သွားခဲ့ပါသည်။

ထို့ကြောင့် အမှန်တရားကို သိလိုစိတ် ပိုမိုပြင်းပြလာခဲ့သည်။

ဟယ်ချောင်းရှန့်လည်း မျက်မှောင်ကြုတ်သွားခဲ့ပါသည်။ အမှန်တရားက မည်သို့ပင် ဆိုစေကာမူ လက်ရှိအချိန်တွင် ဒဏ်ရာ ရရှိထားသူက ယန်ယန်သာ ဖြစ်သည်။

စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားရင်း သူမ ပြောလိုက်ပါသည်။

“အစကတော့ နင်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို အမြန်ဆုံး ကျင်းပပေးမလို့ပဲ၊ အခုတော့ ထပ်ပြီး နောက်ဆုတ်ရဦးမယ် ထင်ပါတယ်”

ရှုကျမ့်ဝမ် အသက်ဝဝရှူလိုက်သည်။ ဟယ်ချောင်းရှန့် ရှိနေလျှင် အဖြစ်မှန်သိရအောင် စစ်ဆေးမေးမြန်းဖို့ ခဲယဉ်းပါလိမ့်မည်။

“စိတ်မပူပါနဲ့ ဒေါ်လေး၊ ယန်ယန်ရဲ့ ခြေထောက် သက်သာတာနဲ့ ကျွန်တော်တို့ အမြန်ဆုံး စီစဉ်ပါ့မယ်”

ဟယ်ချောင်းရှန့်ကလည်း ထိုစကားကို ကြားချင်နေခြင်းပင်။

“နင်တို့နှစ်ယောက် လက်ထပ်စာချုပ်အရင်ချုပ်ထားကြတာ ပိုကောင်းမလားလို့ ဒေါ်လေးတွေးနေတာ”

လူငယ်နှစ်ဦး အဖြေမပေးနိုင်သေးခင် ‌ကျောက်ဟုံရှားက စိတ်အားထက်သန်စွာ ဝင်ထောက်ခံလိုက်ပါသည်။

“အဲ့လိုလုပ်လည်းဖြစ်တာပဲ! အရင်ဆုံး လက်ထပ်ထားလိုက်တော့ မိဘတွေအနေနဲ့လည်း စိတ်အေးရတာပေါ့ကွယ်”

ကျောက်ဟုံရှားက ဟောက်ယန်ယန်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“ယန်ယန်၊ သမီး လက်ထပ်စာချုပ်ချုပ်ပြီးတာနဲ့ ဒေါ်လေးတို့အိမ်မှာ ပြောင်းနေလိုက်တော့၊ အဲ့တာမှ သမီးကို သေချာ စောင့်ရှောက်ပေးနိုင်မှာ”

အမေဖြစ်သူ၏ အလွန်စိတ်အားထက်သန်နေမှုကြောင့် ရှုကျမ့်ဝမ် မှင်သက်သွားမိပါသည်။

“ကျွန်တော် အလုပ်အကိုင် အခြေတကျဖြစ်တဲ့အထိ အရင်စောင့်ကြရအောင်လေ၊ လက်ထပ်စာချုပ်ချုပ်ပြီးရင် ကျွန်တော်တို့ဖာသာ သီးသန့် အိမ်ခွဲနေမှာပါ”

ကျောက်ဟုံရှား၏ မျက်နှာပေါ်မှအပြုံး ချက်ချင်းပျောက်ကွယ်သွားပြီး စိတ်အခြေအနေလည်း မကောင်းတော့ပေ။

သို့သော် ဟယ်ချောင်းရှန့်ကမူ ရှုကျမ့်ဝမ်၏ အစီအစဉ်ကို အဓိပ္ပာယ်ရှိသည်ဟု ထင်မြင်မိပါသည်။

ရှုမိသားစုဘက်မှ မည်သည့်ပိုင်ဆိုင်မှုမှ ထုတ်မပေးဘဲ ချွေးမတစ်ဦးကို ရယူဖို့ဟူသည်မှာ မဖြစ်နိုင်ပါ။ ကလေးနှစ်ဦးအတွက် သီးသန့်အိမ်တစ်လုံးကို မဖြစ်မနေ ဝယ်ယူရပါမည်။

မိသားစုနှစ်စုစလုံးသည် ကလေးများကို အမြန်ဆုံး လက်ဆက်ပေးချင်နေသော်လည်း အချို့ကိစ္စရပ်များတွင် သဘောထားချင်း မတိုက်ဆိုင်မှုများ ရှိနေပါသေးသည်။

--- --- ---

ယဲ့ရှောင်ရှောင်သည် ရှုကျမ့်လီကို သူ့အဘိုးအဘွားများအိမ်သို့ လိုက်ပို့ပေးခဲ့ပြီး ကားပေါ်မှ ဆင်းချိန်တွင် အကြံပြုခဲ့သည်။

“အထဲဝင်တော့၊ ဒီနေ့ဖြစ်ခဲ့တာတွေကို စိတ်ထဲသိပ်မထားနဲ့၊ နင့်အစ်ကိုနဲ့ ငါနဲ့က ဘာမှမသက်ဆိုင်တော့ဘူး”

ရှုကျမ့်လီ ခေါင်းအမြန်ညိတ်လိုက်သည်။

“ဒါမေပယ့် အစ်မရှောင်ရှောင်ကို ကျွန်တော် တောင်းပန်ချင်သေးတယ်”

ယဲ့ရှောင်ရှောင် မျက်ခုံးပင့်လျက် ပြုံးလိုက်ပါသည်။

“နင်နဲ့ ဘာဆိုင်လို့လဲ၊ ငါနင့်အပေါ် ဒေါသပုံမချပါဘူး”

ထိုအခါမှသာ ရှုကျမ့်လီ အိမ်ထဲလှည့်ဝင်သွားခဲ့ပါသည်။ သို့သော် ခြေလှမ်းသုံးလှမ်း လှမ်းပြီးတိုင်း သူမကို လှည့်ကြည့်ခဲ့သေးသည်။

ထို့နောက် ရှောက်ကျီယုအား ယဲ့ရှောင်ရှောင် လှည့်မေးလိုက်သည်။

“နင်ကော ဘယ်သွားမှာလဲ”

ရှောက်ကျီယုကမူ ထွက်သွားဖို့ အလျင်စလို ရှိနေပုံမရပေ။

“ကျောင်းပိတ်ရက်ကြီးမှာ မိသားစုဆီမပြန်ဘဲ ဘယ်မှာနေနေတာလဲ”

ယဲ့ရှောင်ရှောင်က အဖြေမပေးဘဲ ချေပလိုက်သည်။

“နင်က ငါ့ကိစ္စတွေကို အရမ်းစိတ်ဝင်စားနေသလိုပဲနော်”

“ငါတို့က သူငယ်ချင်းတွေပဲလေ၊ အချင်းချင်းစိတ်ပူပေးတာ ဘာဖြစ်လို့လဲ”

ရှောက်ကျီယုက လိပ်ပြာမလုံမဖြစ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါသည်။

“ငါအခု ရမ်သဲ့ထန်မှာ တပည့်ခံပြီး ပညာသင်နေတယ်၊ နင်နေမကောင်းဖြစ်ခဲ့သည်ရှိသော် ငါ့ဆီလာပြလို့ရတယ်”

“နေမကောင်းဖြစ်မှ နင့်ကို လာတွေ့လို့ရမှာလား”

“တခြားဘာအကြောင်းနဲ့ တွေ့ချင်သေးလို့လဲ”

“ပုံမှန် ကျန်းမာရေး စစ်ဆေးပေးရတဲ့ အလေ့အထလည်း ရှိတာပဲလေ”

သူ၏ ရဲတင်းလှသော စကားကြောင့် ယဲ့ရှောင်ရှောင် အံ့အားသင့်သွားခဲ့ရသည်။

“နင့်ကိုယ်နင် ဧကရာဇ်မင်းကြီးတစ်ပါးလို့ ထင်နေတာလား”

ရှောက်ကျီယုက ဆက်မကျီစယ်တော့ဘဲ အတည်ပေါက်ပြောလိုက်ပါသည်။

“အဆင်ပြေရင်တော့ ငါ့ကို နိုင်ငံရေးနဲ့ ဥပဒေရေးရာ တက္ကသိုလ်နားမှာပဲ ချပေးခဲ့၊ ငါကျောင်းဝင်းထဲ ပြန်ရဦးမှာမို့လို့”

“နင်က ဘာမေဂျာလဲ”

“ဥပဒေမေဂျာလေ”

ယဲ့ရှောင်ရှောင် စိတ်ဝင်တစား မေးမြန်းလိုက်သည်။

“နင့်ကို ငါ့ရှေ့နေအဖြစ် ငှားမယ်ဆိုရင် ဒီနေ့ဖြစ်ခဲ့တဲ့ ပြဿနာကို ဘယ်လိုကူညီဖြေရှင်းပေးမယ်လို့ စဉ်းစားထားလဲ”

ရှောက်ကျီယု၏ ရွှေရောင်ကိုင်းမျက်မှန်များ နောက်ကွယ်မှ မျက်ဝန်းတို့ အရောင်လက်သွားခဲ့လေသည်။

“ငါသာ နင့်ရှေ့နေဆိုရင် ဟောက်ယန်ယန်ကို ဆေးရုံပို့ပေးဖို့ နင်ကြံနေကတည်းက ဝင်တားခဲ့မှာ၊ အခင်းဖြစ်တဲ့နေရာကို ပုံစံမပျက် ထိန်းသိမ်းထားပြီး ရဲကို အရင်ဆက်သွယ်လိုက်မယ်၊ သူ့ကို ဆေးရုံခေါ်သွားမှ ဖြစ်မယ့် အခြေအနေဆိုရင်တောင် ကင်မရာတစ်လုံးနဲ့ သက်သေတွေကို အရင် ရိုက်ယူထားလိုက်မယ်”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“သင်ခန်းစာတွေ ရပါတယ်”

ရှောက်ကျီယု၏ အစီအစဉ်မှာ တစ်ဖက်လူ၏ ဘေးကင်းလုံခြုံမှုထက် ဥပဒေကြောင်းအရ မိမိကိုယ်ကိုယ်မိမိ ကာကွယ်နိုင်ဖို့ ဦးစားပေးထားခြင်းဖြစ်သည်။

ကင်မရာရှာဖို့ ကြိုးစားနေသည့် အချိန်အတွင်း ဟောက်ယန်ယန်၏ ဒဏ်ရာမှာ ပိုမိုဆိုးရွားသွားနိုင်ပါသည်။

ရှောက်ကျီယုက မေးသည်။

“ဘာလဲ၊ ငါ့ကို‌ သွေးအေးရက်စက်တယ်လို့ ထင်နေတာလား”

ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။

“မထင်ပါဘူး၊ တကယ်တော့ နင့်ရဲ့ အစွန်းရောက်တဲ့ စဉ်းစားဆင်ခြင်ဉာဏ်မျိုးကိုပဲ ငါသဘောကျတယ်၊ လောလောဆယ် နင့်ကို ရှေ့နေအဖြစ်ငှားရင် ဘယ်လောက်ကုန်မလဲ စဉ်းစားနေတာ”

ရှောက်ကျီယု: “ငါ့ကို တရားဝင် ဖိတ်ခေါ်ကမ်းလှမ်းမှုမျိုး လုပ်လို့ရတာပဲလေ”

“ခုနက စကားနဲ့ ကမ်းလှမ်းလိုက်ရုံနဲ့ မလုံလောက်သေးဘူးလား”

All Chapters