← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

📗 Chapter 199

ရှောက်ကျီယုက ရယ်ရယ်မောမောနှင့် ဆိုသည်။

“ကျောင်းတောင်မပြီးသေးဘူး သူဌေးမကြီးတစ်ယောက်ရဲ့ အလုပ်ကမ်းလှမ်းမှုကို ခံရတာ ဂုဏ်ယူစရာပဲနော်”

ယဲ့ရှောင်ရှောင်လည်း ရယ်ချင်သွားပါသည်။

‘ငါက ဘယ်လို သူဌေးမျိုးမို့လို့လဲ’

“ငါနင့်ကို ကျောင်းလိုက်ပို့ပေးမယ်၊ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းတော့ ပြောထားမယ်၊ ငါလမ်းတွေ သိပ်မကျွမ်းသေးဘူးနော်”

ယဲ့ရှောင်ရှောင်၏ စကားကိုကြားသောအခါ ရှောက်ကျီယုမှာ လိုက်ပို့ခိုင်းဖို့ပင် အားနာသွားခဲ့ရသည်။

“အဲ့တာဆို နင်နေတဲ့နေရာကိုကော တစ်ယောက်တည်း ပြန်တတ်ပါ့မလား”

ယဲ့ရှောင်ရှောင်က လမ်းညွှန်မြေပုံတစ်ခုကို ထုတ်လျက် ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။

“မြေပုံကို တစ်ချက်ကြည့်လိုက်ရင်တော့ ကျွမ်းသွားလိမ့်မယ်၊ ငါ့ကို ယုံကြည်လိုက်စမ်းပါ”

မြေပုံကို ကြည့်ရှုပြီးသည်နှင့် ယဲ့ရှောင်ရှောင် ကားစက်နှိုးလိုက်ပါသည်။

ရှောက်ကျီယုမှာ သူမ၏ ကားမောင်းစွမ်းရည်ကို အလွန်သံသယဖြစ်နေသည့်အပြင် သူ့ဘေးကင်းလုံခြုံမှုအတွက်လည်း စိတ်ထဲမှ တိတ်တဆိတ် ပူပန်နေမိသည်။

ယဲ့ရှောင်ရှောင်ကမူ လမ်းများနှင့် မရင်းနှီးသော်လည်း မှတ်ဉာဏ်အလွန်ကောင်းပါသည်။ မြေပုံကို တစ်ကြိမ်ကြည့်လိုက်ရုံနှင့် ရှောက်ကျီယုတို့ တက္ကသိုလ်ကျောင်းဝင်းဆီသို့ တိကျမှန်ကန်စွာ မောင်းနှင် ပို့ဆောင်ပေးနိုင်ခဲ့သည်။

ကားပေါ်မှ ဆင်းပြီးနောက် ရှောက်ကျီယု စိတ်မချနိုင်ဟန်ဖြင့် နောက်တစ်ဖန် မေးမြန်းလိုက်ပါသည်။

“နင့်ဖာသာနင်တစ်ယောက်တည်း ပြန်လို့ဖြစ်တာ သေချာရဲ့လား”

“သေချာတာပေါ့၊ လမ်းတွေ မမှတ်မိရုံပဲ ရှိသေးတာ၊ ငါ့ကားမောင်းစွမ်းရည်ကို အထင်မသေးပါနဲ့”

ရှောက်ကျီယုက ဂဏန်းအချို့ ရေရွတ်ပြကာ ပြောလိုက်သည်။

“အဲ့တာဆို အိမ်ပြန်ရောက်ရင် ငါ့ကို ဖုန်းဆက်ဦး၊ ငါဖုန်းနားမှာ စောင့်နေမယ်”

ယဲ့ရှောင်ရှောင်: “… ဟုတ်ပါပြီ”

မိနစ် ၄၀ ခန့်ကြာသောအခါ ယဲ့ရှောင်ရှောင် အမှန်တကယ် ဖုန်းဆက်ခဲ့ပါသည်။

အချိန်အနည်းငယ် ကြန့်ကြာခဲ့သော်လည်း ဆရာကြီးစုန့်၏အိမ်သို့ သူမ ဘေးကင်းကင်းနှင့် ပြန်ရောက်လာခဲ့သည်။ ထိုအခါမှသာ ရှောက်ကျီယုလည်း စိတ်ချနိုင်ပြီး အဆောင်သို့ စိတ်အေးလက်အေး ပြန်သွားခဲ့တော့သည်။

အိမ်သို့ ပြန်ရောက်သည်နှင့် ဖုန်းပြောနေသည့် ယဲ့ရှောင်ရှောင်ကို စုန့်ကွမ်းကျင့် မြင်သွားပြီး လုဟန်ချွမ်နှင့် စကားပြောနေခြင်းဖြစ်မည်ဟု ယူဆကာ မေးမြန်းလိုက်ပါသည်။

ယဲ့ရှောင်ရှောင် ဖုန်းချပြီးနောက် ရှင်းပြလိုက်သည်။

“လုဟန်ချွမ်နဲ့ စကားပြောနေတာ မဟုတ်ဘူး ဆရာကြီး၊ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေတာပါ”

စုန့်ကွမ်းကျင့် နားလည်သွားပါသည်။ ထို့ကြောင့်လည်း ဖုန်းပြောချိန်က သိပ်မကြာမြင့်ခြင်း ဖြစ်လိမ့်မည်။

“ဒီနေ့ အပြင်မှာ ဘာလို့ကြာနေတာလဲ၊ မိုးတောင် ချုပ်တော့မယ်”

နွေရာသီတွင် နေ့တာရှည်သော်လည်း လုမိသားစုက ရှောင်ရှောင့်ကို မိုးချုပ်မှ ပြန်လွှတ်လိမ့်မည်မဟုတ်ဟု စုန့်ကွမ်းကျင့် ယုံကြည်ပါသည်။

သူမ လမ်းတွင် တစ်ခုခုဖြစ်နေမည်ကို စုန့်ကွမ်းကျင့် စိတ်ပူနေခြင်းဖြစ်သည်။ လုမိသားစုသာ သူမ၏ ဘေးကင်းလုံခြုံမှုအတွက် အမှန်တကယ် ဂရုစိုက်ခဲ့လျှင် ဤကဲ့သို့ နောက်ကျသည်အထိ ခေါ်ထားကြလိမ့်မည် မဟုတ်ချေ။

ယဲ့ရှောင်ရှောင်သည် ယနေ့ အဖြစ်အပျက်များစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း သူမကို စိတ်ပျော်ရွှင်စေသည့်အရာများက နည်းပါးလွန်းပါသည်။

ဆရာဖြစ်သူ၏ မေးခွန်းကို ကြားသောအခါ သူမ စိတ်ပျက်လက်ပျက် ပြန်ဖြေလိုက်သည်။

“သမီးရဲ့ မွေးစားအမေနဲ့ တွေ့ပြီး ပြဿနာနည်းနည်း တက်ခဲ့လို့ပါ”

စုန့်ကွမ်းကျင့်သည် မူလက တပည့်ဖြစ်သူနှင့် စကားအနည်းငယ်သာ ပြောပြီး အိပ်ရာဝင်ဖို့ ကြံရွယ်ထားခဲ့သော်လည်း ထိုစကားကို ကြားသောအခါ ဆိုဖာပေါ်တွင် ချက်ချင်း ပြန်ထိုင်ကာ ယဲ့ရှောင်ရှောင်ကိုလည်း သူ့ဘေးတွင် လာထိုင်ခိုင်းလိုက်ပါသည်။

“ဘာဖြစ်လို့လဲ၊ အရင်တစ်ခေါက်က ဟောက်မိသားစုကို ပေးစရာရှိတဲ့ငွေတွေ သွားပေးပြီးပြီမဟုတ်ဘူးလား၊ မေတ္တာကို ငွေနဲ့ အလျော်အစားပေးလို့ မရဘူးဆိုပေမယ့် သူတို့ဘက်က အရင်ဆုံး အဆက်အသွယ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာလေ၊ သူတို့ကို နင်ဘာအကြွေးမှ ဆပ်စရာမလိုတော့ဘူး၊ လမ်းမှာတွေ့ရင်တော့ ဒီတိုင်းနှုတ်ဆက်လိုက်ပေါ့၊ အဆုံးသတ်ပြီးသား ဆက်ဆံရေးတစ်ခုအတွက် ဘာမှ ဝမ်းနည်းနေစရာမလိုပါဘူး”

ယဲ့ရှောင်ရှောင်: “သမီး ဝမ်းနည်းနေတာ မဟုတ်ပါဘူး ဆရာကြီးရဲ့”

ဟောက်မိသားစုအပေါ်တွင် ယဲ့ရှောင်ရှောင် မည်သည့်ခံစားချက်မှ မထားရှိတော့ပါ။ ထို့ကြောင့် ပထမဆုံးတွေ့ဆုံစဉ်ကတည်းက သူမကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ကြသည့် လူကြီးသူမများအား သူမဘက်မှ ရိုရိုသေသေဆက်ဆံပေးဖို့ လုံးဝ မဖြစ်နိုင်ပေ။

စုန့်ကွမ်းကျင့်က မေးသည်။

“အဲ့တာဆို ဘာတွေစိတ်ညစ်နေတာလဲ၊ သူတို့ နင့်ကို အနိုင်ကျင့်ကြလို့လား”

ယဲ့ရှောင်ရှောင်: “အနိုင်ကျင့်တယ်လို့တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် သမီးစဉ်းစားလို့မရတဲ့ အကြောင်းအရာတွေ ရှိနေလို့၊ လူကောင်းတစ်ယောက်ဖြစ်ဖို့ ကံပါလာတဲ့ လူတစ်ယောက်က လုံးဝ မမှတ်မိနိုင်တော့လောက်အောင် တခြားတစ်ယောက်လို ပြောင်းလဲသွားခဲ့တာ ဘာကြောင့်လဲလို့ ဆရာကြီးထင်လဲဟင်”

စုန့်ကွမ်းကျင့်သည် ဘဝအတွေ့အကြုံရင့်ကျက်သူပီပီ အဓိပ္ပာယ်ပါပါ ဖြေကြားလိုက်ပါသည်။

“လောကကြီးမှာ လူကောင်းဖြစ်ဖို့ ကံပါလာတယ်ဆိုတာမျိုး မရှိပါဘူး၊ နင်အခုမြင်နေရတာက သူတို့ရဲ့ စိတ်ဓာတ်အစစ်အမှန်တွေဖြစ်နိုင်တယ်”

ယဲ့ရှောင်ရှောင် သူ့ကို မော့ကြည့်လိုက်သည်။

စုန့်ကွမ်းကျင့်က ဆက်ရှင်းပြလိုက်ပါသည်။

“လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တကို လွှမ်းမိုးနိုင်တဲ့အချက်တွေက အများကြီးရှိနေတာ၊ အဲ့တာတွေကို အသေးစိတ် လေ့လာနေဖို့ မလိုဘူး၊ အခုလက်ရှိ လူ့အဖွဲ့အစည်းရဲ့ အခြေအနေက လွန်ခဲ့တဲ့ နှစ်တွေတုန်းကထက် စာရင်တော့ အများကြီး ပိုသာယာနေပါပြီ၊ အဲ့ဒီ ၁၀ နှစ်တာတုန်းကဆိုရင် မကောင်းဆိုးဝါးတွေ၊ မိစ္ဆာတွေ ပေါင်းစုံ ပေါ်ထွက်လာခဲ့တာ၊ တပည့်တွေက ဆရာတွေကို သစ္စာပြန်ဖောက်၊ သားတွေက အဖေတွေကို ထောင်ထဲပြန်ပို့နဲ့… ကိုယ်ကျိုးစီးပွားတစ်ခုတည်းအတွက်နဲ့ လူသားတွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေ အထင်အရှား ပေါ်လာတဲ့ ကာလတွေပေါ့”

ယဲ့ရှောင်ရှောင်သည် ဆရာကြီးစုန့်ကွမ်းကျင့်တွင် အလွန်လေးလံသည့် အတိတ်ရာဇဝင်တစ်ခုခု ရှိနေလိမ့်မည်ဟု အမြဲတမ်း သံသယဖြစ်ခဲ့ဖူးပါသည်။

ယနေ့ သူပြောကြားခဲ့သော စကားလုံးများတွင်လည်း လောကကြီးအား ငြီးငွေ့စိတ်ကုန်နေသည့် ပညာရှိကြီးတစ်ဦး၏ နက်ရှိုင်းလှသော အတွေးအခေါ် အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

တပည့်ဖြစ်သူ၏ စူးစမ်းအကဲခတ်သော အကြည့်ကိုမြင်သောအခါ စုန့်ကွမ်းကျင့်လည်း အတိတ်မှ အကြောင်းအရာများကို ပြန်မပြောတော့ဖို့ ဆုံးဖြတ်လိုက်ပါသည်။

“ဘာပဲဖြစ်ဖြစ် နင့်ကိုအနိုင်ကျင့်ရဲတဲ့လူရှိရင် နင့်ဆရာက ကျိန်းသေပေါက် ကလဲ့စားချေပေးမယ်၊ ငါတို့က ပေကျင်းမှာ အချမ်းသာဆုံး အာဏာရှိဆုံး မဟုတ်ပေမယ့် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး”

ယဲ့ရှောင်ရှောင်ရင်ထဲ အလွန်နွေးထွေးသွားခဲ့သည်။ ပုံမှန်ဆို ပေါ့ပေါ့ပါးပါးနှင့် ပျော်ပျော်နေတတ်သည့် ဆရာကြီးမှာ သူမနှင့် ပတ်သတ်လာလျှင် ဤမျှလောက်ထိ လေးလေးနက်နက် ကာကွယ်ပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါ။

“ကျေးဇူးတင်ပါတယ် ဆရာကြီး၊ သမီးအဆင်ပြေသွားပါပြီ၊ ဆရာကြီးလည်း စိတ်မညစ်ပါနဲ့”

စုန့်ကွမ်းကျင့် ပြုံးသွားသည်။

“နင်ပျော်ရင် ငါလည်း ပျော်ပါတယ်၊ သွားသွား၊ အပေါ်ထပ်တက်ပြီး စောစော နားတော့”

ယဲ့ရှောင်ရှောင်လည်း အပေါ်ထပ်သို့ တက်ကာ သူမအခန်းထဲ ဝင်သွားခဲ့တော့သည်။ အလွန် ပင်ပန်းခဲ့ရသော နေ့လေးတစ်နေ့ဖြစ်၍ ကုတင်ပေါ် လှဲလျောင်းလိုက်သည်နှင့် အလျင်အမြန်ပင် အိပ်မောကျသွားခဲ့တော့သည်။

ထိုနေ့ညက ယဲ့ရှောင်ရှောင် အိပ်မက်တစ်ခု မြင်မက်ခဲ့သည်။

အိပ်မက်ထဲတွင် မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်အစိတ်အပိုင်းအချို့ကို သူမ တွေ့မြင်နေရပါသည်။

ငယ်ရွယ်သည့် ယဲ့ရှောင်ရှောင်လေးအား ဟောက်ချန်းပင်က ပွေ့ချီကာ ရထားတစ်စင်းပေါ်မှ ဆင်းလာသည်။

ငယ်ရွယ်နုပျိုသည့် ဟယ်ချောင်းရှန့်ကလည်း အထုပ်တစ်ခုကို သယ်ဆောင်ကာ ဘေးမှအတူတူ လျှောက်လှမ်းလာပြီး ယဲ့ရှောင်ရှောင်လေးအား နူးညံ့သိမ်မွေ့စွာ ငေးကြည့်နေခဲ့သည်။

ယခုလက်ရှိ ကြုံတွေ့နေရသည့် မုန်းတီးစက်ဆုပ်မှု၊ နာကြည်းမှုတို့ အလျင်းမရှိဘဲ ထိုမိသားစုဝင်သုံးဦးစလုံးမှာ အလွန် ပျော်ရွှင်အေးချမ်းနေပုံရပါသည်။

“ဒီတစ်ခေါက်ပြီးရင် ကျွန်မတို့တွေ ပေကျင်းကနေထွက်သွားစရာမလိုတော့ဘူးမလား”

ဟယ်ချောင်းရှန့်က ရုတ်တရက် မေးလိုက်ပါသည်။

ဟောက်ချန်းပင်က ပြန်ဖြေသည်။

“မလိုတော့ပါဘူး၊ ဒီလိုနေ့မျိုးရောက်လာဖို့ ကိုယ်တို့တွေ ဘယ်လောက်စောင့်ခဲ့ရလဲ၊ နောက်ဆုံးကျတော့လည်း အစ်ကိုကြီးယဲ့ရဲ့ ကျေးဇူးတွေကြောင့်ပဲ”

ဟယ်ချောင်းရှန့် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

“သူက စစ်တပ်ကနေ အနားတောင်ယူသွားပြီ မဟုတ်ဘူးလား၊ ပြီးတော့ ကျွန်မတို့ကို နှုတ်ဆက်စကား တစ်ခွန်းတောင် မပြောဘဲ ထွက်သွားတာ၊ သူ့အကြောင်းတွေ မပြောစမ်းပါနဲ့တော့ရှင်”

ဟောက်ချန်းပင် အနည်းငယ် တွန့်ဆုတ်သွားခဲ့သော်လည်း ဇနီးဖြစ်သူ၏ စကားလုံးများကို မဆန့်ကျင်ခဲ့ပေ။

မနက်မိုးလင်း၍ ယဲ့ရှောင်ရှောင်နိုးလာသောအခါ ဦးနှောက်တစ်ခုလုံး ရီဝေထိုင်းမှိုင်းနေခဲ့ပါသည်။

ခေါင်းလည်း အနည်းငယ်ကိုက်ခဲနေပြီး ညကမြင်မက်ခဲ့သည့် အိပ်မက်မှာ အိပ်မက်စင်စစ်တစ်ခုလား သို့မဟုတ် မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များပဲလားဟူသည်ကို ဝေခွဲမရ‌တော့ပေ။

သူမရင်ထဲ အလွန်ထူးဆန်းနေခဲ့ပါသည်။

‘မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေက အခုချိန်မှ ဘာလို့ ရုတ်တရက်ကြီး ပေါ်လာတာလဲ’

မှတ်ဉာဏ်များ ပြန်လည်ပေါ်ထွက်လာမည်ဆိုလျှင်ပင် အသုံးဝင်သည့် အချက်အလက်များကိုသာ သိရဖို့ ယဲ့ရှောင်ရှောင် မျှော်လင့်မိသည်။

ကလေးငယ်တစ်ဦးဖြစ်သည့်အလျောက် ဟောက်ချန်းပင်တို့ လင်မယား ပြောဆိုခဲ့သည့် စကားအနည်းငယ်ကိုသာ ယဲ့ရှောင်ရှောင် ဉာဏ်မီခဲ့ပါသည်။ ထိုစကားလုံးများမှာပင် သူမ အိပ်ရာနိုးလာချိန်တွင် ပြန်လည် ပျောက်ကွယ်စ ပြုနေလေပြီ။

--- --- ---

ဟောက်အိမ်တော်၌…

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဟောက်ယန်ယန်တစ်ယောက် အိမ်တွင်သာ အနားယူနေခဲ့ရရှာသည်။

မူလက ကြံစဉ်ထားခဲ့သော ပိုက်ဆံအမြောက်အများ ရှာဖွေမည့် မဟာစီမံကိန်းကြီးမှာလည်း နောက်တစ်ကြိမ် ရပ်တန့်သွားခဲ့ရပြန်သည်။

သမီးဖြစ်သူ၏ ဖူးယောင်နေသော ခြေကျင်းဝတ်ကိုမြင်သေအာခါ ဟောက်ချန်းပင် အလွန်ရင်နာသွားခဲ့ရသည်။ သို့သော် ဟယ်ချောင်းရှန့် ပြောပြခဲ့သည့် ဇာတ်လမ်းကိုမူ စုံလုံးကန်း မယုံကြည်ချင်သေးပေ။

ယခုအချိန်တွင် ရှောင်ရှောင်တစ်ယောက် မည်မျှပြောင်းလဲသွားခဲ့ပါစေ ယန်ယန့်အား ရည်ရွယ်ချက်ရှိရှိ ကားဖြင့် ဝင်တိုက်မည့် လုပ်ရပ်မျိုးကိုတော့ လုပ်လိမ့်မည်မဟုတ်ဟု ဟောက်ချန်းပင် ယုံကြည်နေခဲ့သည်။

ဟယ်ချောင်းရှန့်ကလည်း ယခင်တစ်ခေါက်က လင်မယားအချင်းချင်း အချေအတင် ဖြစ်ပွားထားသည့်ကိစ္စနှင့်ပတ်သတ်၍ စိတ်မကြည်လင်သေးပေ။

“အခုအချိန် ရှင့်ဆီမှာ သမီးတစ်ယောက်ပဲ ရှိတယ်ဆိုတာသာ ကောင်းကောင်းနားလည်ထားလိုက်၊ ယန်ယန့်အတွက် ရှင်တရားမျှတမှု ထွက်ရှာပေးလိမ့်မယ်လို့လည်း ကျွန်မ မျှော်လင့်မထားဘူး”

ဟောက်ချန်းပင် သက်ပြင်းချလိုက်သည်။

“ငါ့ကို အဲ့လိုစကားမျိုး မပြောစမ်းပါနဲ့၊ ယန်ယန်က ငါ့သမီးလေ ငါဂရုမစိုက်ဘဲ နေပါ့မလား၊ ဒါပေမယ့် ရှုမိသားစုက ကောင်လေးနဲ့ လက်ထပ်ဖို့ကိစ္စကို သူတကယ် စိတ်ပိုင်းဖြတ်ပြီးပြီလား”

ဟယ်ချောင်းရှန့်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ရှုကျမ့်ဝမ်တို့ အဖေက ဘဏ္ဍာရေးအပိုင်းမှာ အဆက်အသွယ်တွေ အရမ်းကျယ်ပြန့်တာ၊ စစ်တပ်ထဲမှာ ရှင့်ရာထူးတိုးမယ့် အစီအစဉ်ကလည်း အခြေအနေကောင်းတာမှ မဟုတ်တာ၊ သူတို့မိသားစုနဲ့ လက်တွဲလိုက်တာက အကောင်းဆုံး ရွေးချယ်မှုပဲ”

ဟောက်ချန်းပင်သည် စစ်တပ်ထဲတွင် အမြဲတစေ ကြိုးစားအားထုတ်ကာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ပြင်ပအကူအညီ ရရှိခြင်း၊ မရရှိခြင်းမှာ သူ့အတွက် အရေးမကြီးလှပါ။

ထိုနယ်ပယ်တွင် ရာထူးတိုးဖို့ဟူသည်မှာ လုပ်သက်ကြာမြင့်ခြင်း သို့မဟုတ် ထူးခြားပြောင်မြောက်သော စွမ်းဆောင်ရည်ရှိခြင်း၊ မရှိခြင်းတို့အပေါ်တွင်သာ အဓိက အခြေခံလေ့ရှိပါသည်။

အဆက်အသွယ်များက ကူညီပေးနိုင်သည် ဆိုလျှင်ပင် ရာနှုန်းပြည့်အဆင်ပြေနိုင်သည်ဟု မဆိုလိုပေ။

သို့သော် ဟယ်ချောင်းရှန့်၏ စကားကို ကြားပြီးနောက် အခြေအနေကို သူကောင်းကောင်း နားလည်သွားခဲ့ပါသည်။

ရှုမိသားစုနှင့် အသည်းအသန် လက်တွဲဖို့ လိုအပ်နေသည်မှာ ဟယ်မိသားစုသာ ဖြစ်သည်။ ဤမျှလောက်အထိ အလောတကြီး ဖြစ်နေရသည်မှာ တစ်စုံတစ်ဦး၏ အာဏာပါဝါကို အသုံးချပြီး ပြဿနာအချို့မှ ရုန်းထွက်ဖို့ ကြံစည်နေကြခြင်း ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် ဟောက်ချန်းပင် သတိပေးလိုက်သည်။

“မင်းလည်း တရားမဝင်တဲ့ကိစ္စတွေ၊ ဥပဒေနဲ့ မကိုက်ညီတဲ့အလုပ်တွေကို မလုပ်နဲ့နော်၊ ပြဿနာတွေ ဖြစ်လာတဲ့အခါကျမှ ရှုမိသားစုကိုပါ ဆွဲချသွားရင် ယန်ယန်က ဘယ်လိုမျက်နှာမျိုးနဲ့ ဆက်အသက်ရှင်ရမှာလဲ”

ထိုစကားကိုကြားသောအခါ ဟယ်ချောင်းရှန့်၏ မျက်နှာ အေးစက်သွားခဲ့သည်။

“ရှင့်မျက်လုံးထဲမှာ ကျွန်မကို အဲ့‌လောက်ထိ ကိုယ်ကျိုးစီးပွားပဲကြည့်တတ်တဲ့၊ အဆင့်အတန်းမရှိတဲ့ လူစားမျိုးလို့ မြင်နေတာလား”

ဟောက်ချန်းပင် တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

“မဟုတ်ရင်တော့ အကောင်းဆုံးပေါ့ကွာ”

ဟောက်ချန်းပင်သည် မူလက ယန်ယန်၏ ခန်းဝင်ပစ္စည်းကိစ္စအတွက် ဆွေးနွေးတိုင်ပင်ဖို့ ရည်ရွယ်ထားခဲ့သော်လည်း ယခုတော့ စိတ်မပါတော့ပေ။

ဟောက်ချန်းပင် ထွက်မသွားမီ ဇနီးဖြစ်သူအား အသိပေးလိုက်သည်။

“ယန်ယန်တို့ မင်္ဂလာဆောင်တဲ့အခါကျရင် အစ်ကိုကြီးယဲ့တို့ မိသားစုကို ဖိတ်ကြရအောင်”

ဟယ်ချောင်းရှန့် ချက်ချင်းပင် ခါးခါးသီးသီး ကန့်ကွက်လိုက်သည်။

“စိတ်တောင်မကူးနဲ့နော်! ကျွန်မတို့မိသားစု အရှက်ကွဲခဲ့ရတာတွေ မလုံလောက်သေးလို့လား”

All Chapters