အခန်း ၂၀၀
Vol. 20 Ch. 200
📗 Chapter 200
“ငါတို့မိသားစုက အရှက်ကွဲခဲ့ရတယ်ပေါ့ ဟုတ်လား၊ ဘာတွေက ရှက်စရာကောင်းနေလို့လဲ”
ဇနီးဖြစ်သူ၏ အတွေးအခေါ်များကို ဟောက်ချန်းပင် တစ်နေ့ထက်တစ်နေ့ ပိုပို နားမလည်နိုင် ဖြစ်လာခဲ့ပါသည်။
ဟpယ်ချောင်းရှန့်ကမူ သူမ၏ စကားကို မှားယွင်းသည်ဟု နည်းနည်းလေးမှ မခံစားမိပါ။
“ရှက်စရာကောင်းတာပေါ့! အခုလက်ရှိ စစ်တပ်ဝင်းထဲမှာ ပျံ့နှံ့နေတဲ့ ကောလဟာလတွေကိုပဲ နားထောင်ကြည့်စမ်းပါ၊ ကျွန်မတို့အကြောင်း ကောင်းကောင်းပြောတဲ့စကား ဘယ်နှခွန်းပါလဲ!”
ဟောက်ချန်းပင်က ချေပသည်။
“သူများတွေရဲ့ ပါးစပ်ကို ထိန်းချုပ်လို့ရတာမှ မဟုတ်တာကွာ၊ အကုန်လိုက်ခံစားနေတာ မပင်ပန်းဘူးလား”
ဟယ်ချောင်းရှန့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ရှင်ကတော့ ရှင့်တာဝန်တွေ ထမ်းဆောင်ဖို့ပဲသိပြီး အိမ်ကပ်နိုင်တဲ့လူမှ မဟုတ်တာ၊ အဲ့ဒီစကားတွေ ဘယ်ကြားရပါ့မလဲ! ဒါပေမယ့် ကျွန်မကတော့ ကျွန်မဂုဏ်သိက္ခာကို တန်ဖိုးထားတယ်!”
အောက်ထပ်မှ မိဘနှစ်ပါး၏ စကားသံများကြောင့် ဟောက်ယန်ယန်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရသည်။
ပိုင်ချွမ်ရွာမှ ယဲ့မိသားစုအကြောင်းကို ကြားလိုက်ရတိုင်း သူမ အလွန် စိတ်ဖိစီးရပါသည်။
ယဲ့မိသားစုထံမှထွက်လာစဉ်က ထိုအိမ်တွင်ရှိသမျှ ငွေအားလုံးကို ဟောက်ယန်ယန် ယူဆောင်လာခဲ့သည်။
သူမ၏ မူလအစီအစဉ်မှာ ပေကျင်းမြို့သို့ ရောက်ရှိသည်နှင့် ငွေကို အသည်းအသန် ရှာဖွေပြီး ယဲ့မိသားစုထံမှ ယူဆောင်လာသည့် ငွေအားလုံးကို ပြန်လည်ပို့ဆောင်ပေးဖို့ ဖြစ်ပါသည်။
သို့သော် မျှော်လင့်မထားသည့် ဖြစ်ရပ်များစွာတို့ကြောင့် သူမ၏ အကြံအစည်များ နှောင့်နှေးခဲ့ရသည်။
ယခုချိန် ယဲ့မိသားစုကိုသာ ဖိတ်ကြားလိုက်လျှင် သူမ ပြုလုပ်ခဲ့သည့် လုပ်ရပ်များကို လူသိရှင်ကြားဖြစ်အောင် ထုတ်ဖော်ကြလိမ့်မည်။
ထို့အပြင် ဟောက်ယန်ယန်သည် သူမ၏ ဘဝတစ်လျှောက်လုံး ‘ကျေးလက်တောသူ’ဟူသည့် အမည်ပြောင် ကပ်ငြိနေမည်ကို အလိုမရှိပေ။
သူမသည် သူမဘဝ၏ သိက္ခာမရှိသော အတိတ်ကာလများကို လုံးဝ မေ့ပျောက်ချင်နေပါသည်။
ယဲ့မိသားစုသာ သူမ၏ မင်္ဂလာပွဲသို့ တက်ရောက်လာခဲ့လျှင် သူမ၏ နိမ့်ကျသော အတိတ်နောက်ခံသမိုင်းကြောင်းကို ပြန်လည်ဖော်ထုတ်ကြပြီး အခြားလူများ၏ အဆုံးမရှိနှိုင်းယှဉ်ဝေဖန်ခြင်းများကို ထပ်မံ ကြုံတွေ့ရပေလိမ့်မည်။
ဟောက်ယန်ယန် အိပ်ရာပေါ်မှ ထလျက် ချိုင်းထောက်များဖြင့် အားပြုကာ လှေကားအစွန်းသို့ လျှောက်သွားလိုက်သည်။
“အဖေနဲ့အမေ၊ စကားမများကြပါနဲ့တော့”
ဟောက်ချန်းပင်ကလည်း နဂိုကတည်းက စကားများချင်စိတ် မရှိခဲ့ပါ။ ဟောက်ယန်ယန်ကို မြင်လိုက်ရသောအခါ သူအလွန် စိတ်ပူသွားခဲ့သည်။
“ယန်ယန်၊ အိပ်ရာထဲ နားနားနေနေ နေလေ၊ အဖေတို့ ရိုးရိုးတန်းတန်း စကားပြောနေကြတာပါ၊ ဘာမှ မဖြစ်ဘူးနော်”
သို့သော် ဟယ်ချောင်းရှန့်ကမူ သမီးဖြစ်သူကိုပါ ပြဿနာထဲဆွဲထည့်ဖို့ ကြိုးစားနေပါသည်။
“ယန်ယန်၊ နင်ပြောပြလိုက်စမ်း၊ ငါတို့ ယဲ့မိသားစုကို ဖိတ်သင့်လား မဖိတ်သင့်ဘူးလားဆိုတာ”
ဟောက်ယန်ယန် အလွန်စိတ်ဖိစီးသွားပြီး လက်ချောင်းများကို ပွတ်တိုက်နေမိသည်။
“သမီးစာတစ်စောင်ပဲ ရေးပို့ပြီး အကြောင်းကြားလိုက်မယ်လေ၊ ပေကျင်းနဲ့ သူတို့နေတဲ့နေရာက အရမ်းဝေးတော့ လာတောင် လာချင်ကြပါ့မလား မသိဘူး”
ဟောက်ချင်းပင်က ခေါင်းမာနေသေးသည်။
“အနည်းဆုံးတော့ သူတို့သဘောထားကို မေးကြည့်သင့်တယ်လေ သမီးရဲ့”
ပိုင်ချွမ်ရွာမှ ပေကျင်းမြို့သို့ လာရောက်ရမည့် ခရီးစရိတ်ကို ယဲ့မိသားစု တတ်နိုင်ပါ့မလားဟူသည်ကိုပင် ဟောက်ချင်းပင် မတွေးမိခဲ့ပေ။
ဟောက်ယန်ယန်ကလည်း အသိမပေးတော့ဘဲ လိမ်လိမ်မာမာဖြင့် ပြောလိုက်ပါသည်။
“သမီးစာတစ်စောင်ရေးပြီး မေးကြည့်လိုက်ပါ့မယ်”
ဟောက်ချင်းပင်က အကြံပြုသည်။
“ဖုန်းဆက်တာက ပိုမမြန်ဘူးလား”
ဟောက်ယန်ယန်: “ပိုင်ချွမ်ရွာမှာ လျှပ်စစ်မီးမရသေးတော့ ဖုန်းဆက်လို့ရမှာမဟုတ်ဘူး”
ဟယ်ချောင်းရှန့်က မကန့်ကွက်တော့သော်လည်း လှောင်ပြောင်သရော်ကာ ပြောလိုက်သည်။
“အဲ့တာဆိုလည်း စာရေးပြီး အသိပေးလိုက်ကြပေါ့၊ ငါတို့ယန်ယန်ကို ကျေးဇူးမသိတတ်တဲ့ သမီးလို့ လူတွေ ပါးစပ်မဖွာနိုင်အောင်လို့”
မိဘများ၏ ရန်ပွဲကို အဆုံးသတ်ပေးပြီးနောက် ဟောက်ယန်ယန် အခန်းထဲသို့ ပြန်ဝင်လာခဲ့ပါသည်။
ထို့နောက် စာရွက်တစ်ရွက်ထုတ်ကာ စကားလုံးများကို သေသေချာချာစဉ်းစားပြီးနောက် ဖောင်တိန်တစ်ချောင်းဖြင့် စတင် ရေးသားလေတော့သည်။
--- --- ---
ပိုင်ချွမ်ရွာတွင်…
ယဲ့ချန်းချင့်နှင့် ကျန်းရွှယ်တို့ လင်မယားနှစ်ဦး အိမ်သို့ ရှားရှားပါးပါး ပြန်လာကြပါသည်။
အထူးသဖြင့် ယဲ့ချန်းချင့်အတွက် အိမ်ပြန်လာဖို့ဟူသည်မှာ ပို၍ပင် ရှားပါးသေးသည်။ လျို့ကျင်းယာနှင့်အတူတူ အလုပ်စလုပ်စဉ်ကတည်းက တစ်လလုံးနီးပါး တောင်ပေါ်တွင်သာ အချိန်ကုန်ဆုံးခဲ့ရပါသည်။
သို့သော် ကြိုးစားမှုနှင့်ထိုက်တန်သည့် ရလဒ်များကို သူရရှိခဲ့သည်။
ယခင်တစ်ခေါက်က သတ္တုတူးဖော်ရေးနေရာမှ ရလဒ်ကောင်းများထွက်ရှိလာခဲ့ပြီး အောက်ဘက်တွင် ဧရာမ သံရိုင်းသတ္တုကြောကြီးတစ်ခု ရှိနေလိမ့်မည်ဟု ယဲ့ချန်းချင့် အခိုင်အမာ အတည်ပြုနိုင်ခဲ့ပါသည်။
ယခုဆိုလျှင် ထိုသတ္တုတွင်းစီမံကိန်းမှာ အလွန်အဆင်ပြေချောမွေ့လျက်ရှိပါသည်။
ယခုအခါ မူလတန်းကျောင်းများလည်း နွေရာသီကျောင်းပိတ်ထားသဖြင့် ယဲ့ချန်းချင့်သည် နောက်ဆုံးတော့ မိသားစုကို ခေါ်ဆောင်ကာ အိမ်သို့ ပြန်လာနိုင်ခဲ့ပါသည်။
ဝယ်ယူထားသည့် လက်ဆောင်ပစ္စည်းအမြောက်အများနှင့်အတူတူ ယဲ့ချန်းချင့်တို့မိသားစု ပိုင်ချွမ်ရွာသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
“ပေါင်ချန်းလေးက ကျောင်းမဖွင့်သေးဘူးဆိုတော့ ကျန်းရွှယ်နဲ့ ကလေးနှစ်ယောက်ကို ဒီမှာ ရက်နည်းနည်းလောက် နေခိုင်းလို့ရတယ်၊ ကျွန်တော်ကတော့ မနက်ဖြန် ပြန်သွားရမယ်”
မြောင်စွေ့ဖန်းသည် ယဲ့ပေါင်ယွမ်လေးကို ပွေ့ချီထားရင်း သားဖြစ်သူကို သတိပေးလိုက်ပါသည်။
“တောင်တွေပေါ်မှာ သတိထားနော်၊ ခုတလော မိုးတွေလည်း မကြာခဏရွာနေတာဆိုတော့ အလုပ်လုပ်တဲ့အခါ အစစအရာရာ သတိထားပါ”
ယဲ့ချန်းချင့်: “စိတ်ချပါ အမေရဲ့၊ အခုက အရင်တုန်းကအခြေအနေတွေနဲ့ မတူတော့ပါဘူး၊ ကျွန်တော်က သတ္တုတွင်းတစ်ခုလုံးကို တာဝန်ယူရတဲ့လူ ဖြစ်နေပြီ၊ ဘာပဲဖြစ်ဖြစ် သတိတော့ ကပ်ထားပါ့မယ်”
မြောင်စွေ့ဖန်း ခေါင်းညိတ်လိုက်သည်။
“နင့်အဖေနဲ့ စကားနည်းနည်း သွားပြောလိုက်ဦး၊ ခဏနေရင် အားလုံးအတွက် အမေညစာချက်ပေးမယ်”
ကျန်းရွှယ်က မီးဖိုချောင်ထဲတွင် ကူညီပေးမည်ဟု ဆိုသော်လည်း မြောင်စွေ့ဖန်းက ကန့်ကွက်ခဲ့ပါသည်။
“ခရီးဝေးလာခဲ့ရတာ ပင်ပန်းနေမှာပေါ့၊ သွားနားနေစမ်းပါ၊ ညစာချက်တာလောက်တော့ ငါ့ဖာသာငါ လုပ်နိုင်ပါတယ်”
ကျန်းရွှယ် ပြုံးကာ ပြောလိုက်သည်။
“သမီးမပင်ပန်းပါဘူး အမေရဲ့”
“ဘာပဲဖြစ်ဖြစ် နားမှာသာ သွားနားစမ်းပါ၊ ခဏနေရင် ညစာအသင့်ဖြစ်စေရမယ်”
ယဲ့ချန်းချင့်သည် ဧည့်ခန်းထဲသို့ ဝင်လာကာ ယဲ့ကျန်းကော်၏ ခြေထောက်အခြေအနေကို မေးမြန်းလိုက်ပါသည်။
“အဖေ့ခြေထောက် ဘယ်လိုနေလဲ”
ယဲ့ကျန်းကော်: “ဘာမှမဖြစ်တော့ပါဘူးကွာ၊ ပြန်ကောင်းနေပြီ”
ယဲ့ချန်းချင့်: “ဘယ်လောက်ထိ ပြန်ကောင်းနေပြီလဲဆိုတာ သေချာသိဖို့ ဆေးရုံတော့ တစ်ခါက်လောက် သွားသင့်တယ်နော်”
ယဲ့ကျန်းကော်က ငြင်းဆန်သည်။
“ငွေကုန်ခံပြီး ဘာလုပ်မှာလဲကွာ”
အဖေဖြစ်သူကို သူတစ်ယောက်တည်း ဖျောင်းဖျ၍ မရနိုင်မှန်း သိသဖြင့် ယဲ့ချန်းချင့်သည် ယဲ့ပေါင်ချန်းလေးအား စစ်ကူခေါ်လိုက်ရပါသည်။
ဝတုတ်ကလေး ယဲ့ပေါင်ချန်းက ကျောင်းတွင် ရရှိထားသည့် ဆုတံဆိပ်လေးတစ်ခုကို ယဲ့ကျန်းကော်၏ ရှေ့တွင် ကိုင်မြှောက်ပြလိုက်သည်။
“ဘိုးဘိုး ဒီမှာကြည့်! သားဆုရထားတာ! ကျောင်းမှာဆို လိမ္မာတဲ့ကလေးတွေပဲ ဆုရတာ၊ ဘိုးဘိုးလိမ္မာရင် ဘိုးဘိုးကို သားဆုပေးမယ်!”
ယဲ့ကျန်းကော်က မေးလိုက်သည်။
“အဲ့တာဆို ဘိုးဘိုး ဆေးရုံမသွားရင် ဆုမရတော့ဘူးပေါ့ ဟုတ်လား”
ယဲ့ပေါင်ချန်းလေးက မျက်တောင်တဖျပ်ဖျပ် ခတ်လျက် ပြောလိုက်သည်။
“မရဘူး! ပြောစကားနားထောင်ပြီး လိမ္မာတဲ့ကလေးတွေပဲ ဆုရတာ! ဘိုးဘိုးခြေထောက်ကို ဆေးရုံသွားပြရမယ်!”
ချစ်စရာကောင်းသည့် သူ့အမူအရာလေးကြောင့် ယဲ့ကျန်းကော် အားရပါးရ ရယ်မောလိုက်မိပါသည်။
“ဟုတ်ပါပြီဗျာ၊ ဘိုးဘိုးသွားပါ့မယ်၊ အခုဘိုးဘိုးတို့ရွာမှာ လျှပ်စစ်မီးတွေ စသွယ်နေပြီ၊ တို့အိမ်ကို လျှပ်စစ်ရောက်တာနဲ့ ဘိုးဘိုး ဆေးရုံကို သွားလိုက်မယ်နော်”
ဆေးရုံသွားဖို့ ယဲ့ကျန်းကော် သဘောတူလိုက်သည်ကို ကြားခါမှ ယဲ့ချန်းချင့်လည်း စိတ်အေးနိုင်တော့သည်။
မြောင်စွေ့ဖန်းသည် ချက်ပြုတ်ထားသည့် ဟင်းလျာများကို ဧည့်ခန်းထဲတွင် စတင် တည်ခင်းခဲ့သည်။
သို့သော် မီးဖိုချောင်ထဲမှ ထွက်လိုက်သည်နှင့် သူမ တစ်ကိုယ်လုံး ယိုင်သွားပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့ပါသည်။
“အမေ ဘာဖြစ်တာလဲ!”
မီးဖိုချောင်တွင် ကူညီပေးဖို့ ရောက်လာသည့် ကျန်းရွှယ်တစ်ယောက် ထိုမြင်ကွင်းကိုမြင်သွားပြီး မြောင်စွေ့ဖန်းအား အလျင်အမြန် ပြေးတွဲပေးလိုက်ရသည်။
“ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ဘူး၊ ရုတ်တရက်ကြီး ခေါင်းနည်းနည်း မူးသွားလို့”
ကျန်းရွှယ်သည် သူမလက်ထဲမှ ဟင်းပန်းကန်များကို လှမ်းယူရင်း အကြံပေးလိုက်ပါသည်။
“အဖေ့ ခြေထောက်သွားပြတဲ့နေ့ကျရင် အမေလည်း ကျန်းမာရေးတစ်ခါတည်း စစ်ခဲ့ပါလား၊ အခုဆို အိမ်မှာ အဖေနဲ့ အမေတို့ နှစ်ယောက်တည်းနေကြရတာဆိုတော့ သမီးတို့ အဝေးရောက်နေတဲ့အခါ စိတ်ပူရတယ်”
မြောင်စွေ့ဖန်းသည် မူလက ငြင်းဆန်ဖို့ ကြံရွယ်ခဲ့သော်လည်း ချွေးမဖြစ်သူ၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားရသဖြင့် ခေါင်းညိတ်သဘောတူလိုက်ပါသည်။
“ဟုတ်ပါပြီ၊ ဘာမှတော့ မဖြစ်လောက်ပါဘူး၊ ဒီတိုင်း ခေါင်းမူးသွားရုံပဲ၊ ဆောင့်ကြောင့်ထိုင်တာ ကြာသွားလို့နဲ့တူတယ်”
ကျန်းရွှယ်: “ဘာပဲဖြစ်ဖြစ် စစ်ကြည့်လိုက်ပါ၊ အဲ့တာမှ ချန်းချင့်နဲ့ သမီးတို့ စိတ်အေးနိုင်မှာ”
ထိုနေ့ ညနေခင်းတွင် ကျန်းရွှယ်သည် မြောင်စွေ့ဖန်း၏ အခြေအနေကို ယဲ့ချန်းချင့်အား ပြောပြခဲ့ပါသည်။
“မင်းတို့သားအမိတွေကို ကိုယ်ပြန်လာခေါ်တဲ့နေ့ကျရင် အဖေနဲ့ အမေတို့ကိုပါခေါ်သွားပြီး ကိုယ်တို့နဲ့ ရက်နည်းနည်းလောက် အတူတူ နေခိုင်းလိုက်ရအောင်”
ယဲ့ချန်းချင့်သည် ယခင်အလုပ်မှ နှုတ်ထွက်ခဲ့ပြီဖြစ်၍ အလုပ်မှ ချပေးထားသော ဝန်ထမ်းအိမ်ရာတွင် ဆက်လက်နေထိုင်၍ မရတော့ပေ။
ထို့ကြောင့် သူသည် အိမ်ဝင်းကျယ်ကြီးတစ်လုံးကို ငှားရမ်းခဲ့ပါသည်။ အိမ်ဝင်းမှာ အလွန်ကျယ်ဝန်းသဖြင့် မိသားစုဝင် လေးဦးအတွက် လုံလောက်သည်ထက် ပိုသည်။
အိမ်ဝင်းထဲတွင် အခန်းပေါင်းများစွာ ရှိသဖြင့် မိဘနှစ်ပါးကို ခေါ်ဆောင်လာဖို့ အခက်အခဲမရှိနိုင်ပေ။
ကျန်းရွှယ်က အပြည့်အဝ ထောက်ခံသည်။
“ဟုတ်ပြီ၊ အဲ့လိုပဲ လုပ်ကြရအောင်”
ယဲ့ချန်းချင့်သည် အိမ်တွင် တစ်ညတာ အိပ်စက်ပြီးနောက် မနက်စောစော မနက်စာစား၍ ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်ပါသည်။
ရွာလမ်းအတိုင်း လျှောက်လှမ်းလာစဉ် မြစ်ကမ်းပါးဆီသို့ အသည်းအသန် ပြေးလွှားနေကြသည့် ရွာသားများစွာအား ယဲ့ချန်းချင့် သတိပြုမိသွားသည်။
“မြစ်ထဲမှာ လူတစ်ယောက် ရေနစ်လို့တဲ့ဟေ့!”
ယဲ့ချန်းချင့်ရင်ထဲ အနည်းငယ် ထူးဆန်းသွားခဲ့သည်။
ပိုင်ချွမ်ရွာရှိ ရွာသူရွာသားများသည် ငယ်စဉ်ကတည်းက တောင်ပေါ်တွင် အမဲလိုက်၊ မြစ်ထဲတွင် ငါးဖမ်းရင်း ကြီးပြင်းလာကြသူများဖြစ်ကြပြီး ယခုအခါတွင် မြစ်ရေကြီးခြင်းမျိုးလည်း လုံးဝ မရှိသဖြင့် လူတစ်ဦး ရေနစ်ဖို့ဟူသည်မှာ မဖြစ်နိုင်လှပါ။
ယဲ့ချန်းချင့် စူးစမ်းလိုစိတ်ဖြင့် ရွာသားများနောက်သို့ လိုက်သွားခဲ့လေသည်။
အမှန်တကယ်ပင် ရွာသားများ မြစ်ထဲမှ ဆွဲတင်ထားသော လူတစ်ဦးသည် မြစ်ကမ်းနံဘေးပေါ်တွင် လဲလျောင်းလျက်သား ရှိနေပါသည်။
“အဲ့တာ လီသဲ့ရှုမလား! သူက ရေနစ်မယ့်ကောင်မျိုးမှ မဟုတ်တာ၊ ကွာရှင်းတဲ့ကိစ္စကို လက်မခံနိုင်လို့ မြစ်ထဲခုန်ချပြီး သတ်သေတာများလား”
“ဖြစ်နိုင်တယ်၊ ဒီကောင် ခုတလော သုန်သုန်မှုန်မှုန်နဲ့ ရွာထဲ လျှောက်သွားနေတာ၊ တစ်ခုခုတော့ဖြစ်တော့မယ်လို့ ငါထင်နေတယ်”
ရွာသားများ၏ ဆူညံသံများအကြား လီသဲ့ရှုတစ်ယောက် ရုတ်တရက် ပြင်းပြင်းထန်ထန် ချောင်းထဆိုးလိုက်လေသည်။
“အဟွတ် အဟွတ် အဟွတ်!”
“သူသတိရလာပြီဟေ့!”
လီသဲ့ရှု သတိပြန်လည်လာပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူ့ကို ဝိုင်းကြည့်နေကြသည့် လူအုပ်ကြီးကို မြင်လိုက်ရသည်။
လီသဲ့ရှုတစ်ယောက် အလွန်ထိတ်လန့်သွားပြီး သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်လျက် အော်ဟစ်လိုက်ပါသည်။
“သွားကြ! ဖယ်ကြစမ်း! ငါ့မှာ မင်းတို့ကိုပေးစရာပိုက်ဆံမရှိဘူး!”
“သဲ့ရှု၊ မင်းဘာဖြစ်နေတာလဲ”
“စိတ်ရူးပေါက်ပြီး လျှောက်ပြောနေတာများလား”
လီသဲ့ရှု ဘေးကင်းကင်းနှင့် သတိပြန်လည်လာသည်ကိုမြင်ပြီး ယဲ့ချန်းချင့်လည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်ဖို့ ပြန်လှည့်သွားခဲ့ပါသည်။
သို့သော် လီသဲ့ရှုက ယဲ့ချန်းချင့်ကို လှမ်းမြင်လိုက်သည်။
စိတ်ချောက်ချားမှုကြောင့် သူ့မျက်လုံးများ ကျွတ်ကျမတတ် ပြူးကျယ်သွားခဲ့ရသည်။
“မင်း… မင်း… မင်း…”
လီသဲ့ရှု မြေပေါ်တွင် အသည်းအသန် ငုတ်တုပ်ထထိုင်လိုက်သည်။
ယဲ့ချန်းချင့်ကို သူကောင်းကောင်းကြီး မှတ်မိနေပါသေးသည်။ သို့သော်…
‘ယဲ့ချန်းချင့်က သေသွားတာ ကြာပြီမဟုတ်ဘူးလား၊ ငါသရဲတစ္ဆေတွေပါ မြင်နေရပြီလား!’