အခန်း ၂၀၁
Vol. 21 Ch. 201
📗 Chapter 201
သရဲတစ်ကောင် မြင်လိုက်ရသည့်အလား ထိတ်လန့်တုန်လှုပ်နေသည့် လီသဲ့ရှုကို မြင်သောအခါ ယဲ့ချန်းချင့် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
“မင်းဘာပြောချင်လို့လဲ”
ထိုကောင်လေးက သူ့အား ပြဿနာတစ်စုံတရာနှင့်ပတ်သတ်ပြီး အပြစ်လွှဲချဖို့ ကြံနေသည်ဟု ထင်မှတ်လျက် ယဲ့ချန်းချင့် ခပ်ပြတ်ပြတ်မေးလိုက်ပါသည်။
လီသဲ့ရှုသည် ဘေးပတ်လည်ရှိ လူများကို ဝေ့ကြည့်လိုက်သည်။
အားလုံးက အမှန်တကယ် ပိုင်ချွမ်ရွာသားများဖြစ်ကြသော်လည်း သူမှတ်မိသလောက်ဆိုလျှင် ထိုလူအများစုမှာ သေဆုံးသွားကြပါပြီ။
လီသဲ့ရှုတစ်ယောက် မြစ်ကမ်းနံဘေးသို့ လေးဘက်ကုန်းလျက် အသည်းအသန် ပြေးသွားကာ ကြည်လင်နေသည့် မြစ်ရေမျက်နှာပြင်ပေါ်ထင်ဟပ်နေသော သူ့မျက်နှာသူ ပြန်ကြည့်လိုက်သည်။
သူ့မျက်နှာမှာလည်း ငယ်ရွယ်နုပျိုနေဆဲပင်။
“ဟား… ဟားဟားဟား! ငါပြန်ရောက်လာပြီ! ငါပြန်ရောက်လာပြီကွ!”
လီသဲ့ရှု၏ စိတ္တဇပမာ အပြုအမူများကြောင့် ရွာသားများအားလုံး ထိတ်လန့်သွားကြသည်။
“ဒီကောင်သဲ့ရှု တကယ် ပလတ်ကျွတ်သွားပြီထင်တယ်”
“ငါတို့ဘာလုပ်ကြမလဲ၊ သဲ့ရှုရဲ့ အမေကို အမြန်သွားခေါ်ကြစမ်း”
အရူးတစ်ယောက်ပမာ ရယ်မောပြီးနောက် လီသဲ့ရှု ရုတ်တရက် တည်ငြိမ်သွားပြန်သည်။
“ကျွန်တော်ဘာမှမဖြစ်ဘူး၊ ကျွန်တော့်ကို ကယ်ပေးလို့ အားလုံးကို ကျေးဇူးတင်တယ်၊ နောက်ရက်ကျမှ ကျွန်တော့်အိမ်မှာ ညစာလေးဘာလေး လာစားကြပေါ့”
ထိုသို့ပြောပြီးနောက် လီသဲ့ရှုတစ်ယောက် အလျင်အမြန် လစ်ထွက်သွားလေတော့သည်။ သို့သော် တစ်ကိုယ်လုံး စိုရွှဲနေသဖြင့် အနောက်မှကြည့်လျှင် အရူးတစ်ယောက် ထွက်ပြေးသွားသည့်ပုံစံနှင့် တူနေပါသေးသည်။
လီသဲ့ရှုသည် ယဲ့ချန်းချင့်၏ ဘေးမှ ဖြတ်ကျော်သွားစဉ် သူ့အား ထူးထူးဆန်းဆန်းအကြည့်ဖြင့် တစ်ချက် ကြည့်ခဲ့ပါသေးသည်။
သူသည် ယခင်ဘဝက ဤယောက်ဖဟောင်းပေါ်တွင် မည်သည့်ခံစားချက်မျှ မရှိခဲ့ချေ။ အကြောင်းမှာ ယခင်ဘဝက သူနှင့်တွေ့ဆုံဖူးသည့်အကြိမ်အရေအတွက်ဟူ၍ လက်ချိုးရေ၍ပင် ရနေခြင်းကြောင့်ပင်။
အစောပိုင်းကာလများတွင် ယဲ့မိသားစုအပေါ် သူကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သော်လည်း နောက်ပိုင်းတွင်မူ အလွန် အရာရာပြောင်းလဲသွားခဲ့သည်။
ယဲ့မိသားစု အဖြစ်ဆိုးများ တစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရစဉ်က သူလုံးဝ ကူညီမပေးခဲ့ပါ။
ယဲ့မိသားစုတွင် မိသားစုဝင်များ တဖြည်းဖြည်း နည်းပါးလာခြင်းကြောင့်ပင် ဇနီးဖြစ်သူ ‘ယဲ့ယန်ယန်ကို’ သူအနိုင်ကျင့် အကြမ်းဖက်ရဲခဲ့ခြင်း ဖြစ်ပါသည်။
ယခုအခါ သူ့အဖေ အသက်ရှင်နေသေးသဖြင့် သူလည်း ‘ယဲ့ယန်ယန်’နှင့် လက်မထပ်ရသေးလောက်ဟု အိမ်အပြန်လမ်းတွင် လီသဲ့ရှု တွေးတောနေမိလေသည်။
ဆိုလိုသည်မှာ သူ့မိသားစုလည်း ဆင်းရဲမွဲတေမသွားလောက်သေးပါ။ အဖေဖြစ်သူ၏ ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းများကို ပြောင်းလဲပေးနိုင်ပါက သူလည်း သူဌေးသားတစ်ဦးအဖြစ် ဘဝကို သက်တောင့်သက်သာ ဆက်လက်နေထိုင်နိုင်ပါလိမ့်မည်။
လီသဲ့ရှုတစ်ယောက် စိတ်ရွှင်လက်ရွှင်ဖြင့် အိမ်ပြန်လာခဲ့သည်။ သူ့စိတ်ထဲတွင်လည်း သူ့ကိုယ်သူ ကံကြမ္မာ၏ ရွေးချယ်ခံသားတော်ဖြစ်သည်ဟူသော ခံယူချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော် နောက်တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့သော်ငြား သူ့ကံကြမ္မာ၏ ဦးတည်ရာလမ်းကြောင်းမှာ သူကိုယ်တိုင်ပင် မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားခဲ့ပြီဖြစ်မှန်းကိုတော့ လီသဲ့ရှု သတိမပြုမိခဲ့ချေ။
လီသဲ့ရှု၏ ထူးဆန်းသော အပြုအမူများကို ရွာသားများကလည်း ဆက်လက်စူးစမ်းခြင်း မရှိတော့ပေ။
ယဲ့ချန်းချင့်ပင် သူ့ကို ကယောင်ကတမ်းဖြစ်နေသည်ဟုသာ ယူဆခဲ့ပါသည်။ ရေထဲပြုတ်ကျ၍ ရှော့ခ်ရကာ အာရုံကြောများ အနည်းငယ် ထိခိုက်သွားခြင်းဖြစ်နိုင်သည်။
ယဲ့ချန်းချင့် ထိုကိစ္စကို ဆက်မစဉ်းစားတော့ဘဲ ကိုယ့်လမ်းကိုယ်သာ ဆက်လျှောက်လာခဲ့တော့သည်။
--- --- ---
စက်တင်ဘာလ တစ်ရက်နေ့တွင် ယဲ့ရှောင်ရှောင်၏ တက္ကသိုလ်စာသင်နှစ်သစ် တရားဝင်စတင်ခဲ့ပါပြီ။
ပုံမှန်ဆိုလျှင် လုဟန်ချွမ်ကိုယ်တိုင် လိုက်ပို့ပေးမည်ဖြစ်သော်လည်း ယခုအခါတွင် မြို့ပြင်သို့ တာဝန်ဖြင့် ထွက်ခွာသွားရခြင်းကြောင့် အချိန်မီ ပြန်လာနိုင်မည် မဟုတ်တော့ချေ။
ယဲ့ရှောင်ရှောင်သည် သူ့ကို ဖုန်းဆက်ကာ အသိပေးလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပါ၊ ကျွန်ဖာသာ ကျောင်းသွားလို့ရတယ်၊ ပစ္စည်းတွေလည်း အဲ့လောက်များတာ မဟုတ်ဘူး၊ ပြီးတော့ ကားလည်းရှိနေပြီလေ”
လုဟန်ချွမ် မှာကြားလိုက်သည်။
“ကားကို ဖြည်းဖြည်းမောင်းနော်”
ယဲ့ရှောင်ရှောင်: “အင်းပါ အင်းပါ”
ကျောင်းဖွင့်စရက်ဖြစ်၍ ကျောင်းဝင်းထဲတွင် လူများနှင့် ပြည့်ကျပ်နေမည်မှာ သေချာပါသည်။ ထို့ကြောင့် စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်ကို တစ်ယောက်တည်း ပြန်လွှတ်ဖို့ စိတ်မချပေ။
“ရှောင်းကွမ်ကို လိုက်ပို့ခိုင်းလိုက်ပါလား”
“ဟုတ်ကဲ့ပါ”
ယဲ့ရှောင်ရှောင်ကလည်း အလွယ်တကူပင် သဘောတူလိုက်သည်။ သူမကိုယ်တိုင်လည်း လမ်းများကို သေသေချာချာ မကျွမ်းကျင်သေးသဖြင့် စိတ်ထဲတွင် အနည်းငယ် မရေမရာဖြစ်နေသောကြောင့်ပင်။
စုန့်ရှောင်းကွမ်က ဘေးမှထိုင်၍ လမ်းညွှန်ပြသပေးနေသဖြင့် ယဲ့ရှောင်ရှောင်သည် တက္ကသိုလ်ကျောင်းဝင်းအနီးရှိ တိုက်ခန်းအိမ်ရာသို့ ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့ပါသည်။
ထိုတိုက်ခန်းကို စုန့်ရှောင်းကွမ်လည်း ယခင်က ရောက်ဖူးသည်။ တိုက်အမှတ်(၃) အခန်း(၃၀၁)အတွင်းသို့ ယဲ့ရှောင်ရှောင် ဝင်သွားပြီး ကျောင်းအတွက်လိုအပ်မည့် ပစ္စည်းအချို့ကို သေသေချာချာ ထုပ်ပိုးခဲ့ပါသည်။
သူမတွင် အထုပ်အပိုးများများစားစားမရှိဘဲ အထုပ်ငယ်တစ်ထုပ်သာ ပါသဖြင့် စုန့်ရှောင်းကွမ်သည် ကျောင်းဝင်းထဲအထိ လိုက်မပို့တော့ဘဲ ဂိတ်ဝထိသာ လိုက်ပို့ပေးခဲ့ပါသည်။
ယဲ့ရှောင်ရှောင် အဆောင်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် ဝမ်ကျောင်းတစ်ယောက် သူမနှင့် ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာခဲ့သည်။
အခန်းထဲကို ရောက်သည်နှင့် ဝမ်ကျောင်းက ကြေညာသည်။
“ငါအားလုံးကို သတင်းကောင်းပြောစရာရှိတယ်၊ ဖန့်ခိုင်ရွှမ်နဲ့ငါ လမ်းခွဲလိုက်ကြပြီ”
ယဲ့ရှောင်ရှောင်တို့အားလုံး ခေါင်းထောင်သွားကြလေသည်။
ဟယ်ကျင်းကမေးသည်။
“ဘာလို့လဲ၊ နင့်ဘက်ကလမ်းခွဲတာလား၊ ဖန့်ခိုင်ရွှမ်ဘက်က လမ်းခွဲတာလား”
ဝမ်ကျောင်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။
“ငါ့ဘက်က ခွဲတာပေါ့! ဖန့်ခိုင်ရွှမ်က ငါနဲ့လမ်းခွဲဖို့ သတ္တိရှိမှာတဲ့လား!”
သူမစကားဆုံးပြီး သိပ်မကြာမီမှာပင် ထန်ရှို့ရှို့ ရောက်လာသည်။
“ဝမ်ကျောင်း၊ နင့်ကို ဖန့်ခိုင်ရွှမ် အောက်မှာ စောင့်နေတယ်”
ဝမ်ကျောင်း: “ငါမသွားဘူး၊ သူ့ဖာသာသူ စောင့်ပါလေ့စေ”
ထန်ရှို့ရှို့ အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
“နင်တို့ ရန်ဖြစ်ထားကြတာလား”
ဝမ်ကျောင်း: “လမ်းခွဲလိုက်တာ၊ ဒီနေ့ကစပြီး နင်တို့တွေလည်း ဖန့်ခိုင်ရွှမ်အကြောင်း မပြောကြနဲ့တော့၊ မဟုတ်ရင် ငါစိတ်ဆိုးမိလိမ့်မယ်”
ထန်ရှို့ရှို့ ပခုံးတွန့်ပြလိုက်သည်။
“နင့်သဘောပဲလေ၊ ဘာပဲဖြစ်ဖြစ် ငါက လာအကြောင်းကြားပေးတာပါ”
အခြားအခန်းဖော်များလည်း ဝမ်ကျောင်းနှင့် ဖန့်ခိုင်ရွှမ်တို့ကိစ္စတွင် ဝင်မပါတော့ပေ။ ဝမ်ကျောင်း၏ စရိုက်မှာ ဘေးလူများက အကြံပြုလေလေ ဆန့်ကျင်ဘက်ကို ပိုလုပ်ချင်လေလေဖြစ်နေခြင်းကြောင့်ပင်။
စာသင်နှစ်အသစ် စတင်သောအခါ သူမတို့သည် တရားဝင် ဒုတိယနှစ်ကျောင်းသားများ ဖြစ်သွားခဲ့ကြပါပြီ။
ယဲ့ရှောင်ရှောင်သည် ရက်အနည်းငယ်အတွင်း ကျောင်းအဆောင်မှထွက်ခွာကာ အပြင်တွင် ပြောင်းရွှေ့နေထိုင်မည် ဖြစ်ကြောင်းကို အတိုင်ပင်ခံဆရာနှင့် ဆွေးနွေးရန် စဉ်းစားထားပါသည်။
ကျောင်းဖွင့်စရက်တွင် အားလုံးသည် အထုပ်အပိုးများ နေရာချဖို့သာ အချိန်ကုန်ခဲ့ကြရပြီး ညနေစောင်းသောအခါ စာသင်ဆောင်များသို့ သွား၍ စာအုပ်များ ထုတ်ယူကြရသည်။
ယဲ့ရှောင်ရှောင် စာသင်ခန်းထဲသို့ ရောက်ရှိလာသောအခါ ချူးယွင်ရှောင်သည် အတန်းဖော်များအတွက် စာအုပ်များကို ဝေငှပေးနေခဲ့ပါပြီ။
ဒုတိယနှစ်သင်ရိုးများမှာ ပထမနှစ်ထက် များစွာ ပိုအဆင့်မြင့်ပြီး ဖတ်စာအုပ်များ ရရှိသောအခါ မည်သူမှ ချက်ချင်း မပြန်ကြသေးဘဲ စာရွက်များကို အသည်းအသန် လှန်ဖတ်ကြည့်ခဲ့ကြသည်။
ချူးမြောင်နှင့် အခြားအတန်းဖော်များလည်း ယနေ့မနက်တွင် ရမ်သဲ့ထန် ဝန်ထမ်းအဆောင်များမှ ထွက်ခွာကာ တက္ကသိုလ်အဆောင်များသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ရပါသည်။
နွေရာသီကျောင်းပိတ်ရက်တွင် သူတို့၏ ဆေးပညာစွမ်းရည်ကို တိုးမြှင့်နိုင်ခဲ့ရုံသာမက ငွေအမြောက်အများလည်း စုမိဆောင်းမိ ရှိခဲ့ကြသည်။
ယခုဆိုလျှင် ချူးမြောင်တို့အဖွဲ့မှာ ကျန်းခိုင်နင်၏ ဓာတ်ခွဲခန်းသို့ပင် သွားရောက်လေ့လာနေကြပါပြီ။
ယဲ့ရှောင်ရှောင်: “နင်တို့ ပြန်ရောက်ကြပြီလား၊ ငါမန်နေဂျာမာနဲ့ စကားပြောထားတယ်၊ ကျောင်းပိတ်ရက် မဟုတ်ရင်တောင် နင်တို့အားရင် ရမ်သဲ့ထန်မှာ သွားကူညီပေးလို့ရသေးတယ်၊ လစာကို နေ့တွက်အလိုက် သေသေချာချာ ရှင်းပေးမှာ၊ အဆောင်ခန်းတွေကိုလည်း နင်တို့ နားလို့ရအောင် အရင်တိုင်း ထိန်းသိမ်းပေးထားပါတယ်”
ကျန်းလီချွမ်က ပြောလိုက်သည်။
“မန်နေဂျာမာက ငါတို့အပေါ် ကောင်းလွန်းလို့ ရှက်တောင်ရှက်လာပြီ”
ဤမျှကောင်းမွန်သည့် ဝန်ထမ်းအကျိုးခံစားခွင့်များကို သူတစ်ခါမှ မမြင်ဖူးချေ။
ယဲ့ရှောင်ရှောင်က ပြုံးကာ ဆိုသည်။
“နင်တို့ အလုပ်မကြိုးစားရင် မန်နေဂျာမာကလည်း အခုလောက် သဘောကောင်းနေမှာ မဟုတ်ဘူး၊ နင်တို့နဲ့ ထိုက်တာကို နင်တို့ရတာပါ”
ချူးယွင်ရှောင်က သူတို့၏ စကားဝိုင်းကို နားထောင်ရင်း ဝင်ပြောလိုက်သည်။
“နွေရာသီတုန်းက မင်းတို့တွေ တော်တော်အောင်မြင်နေကြတဲ့ပုံပဲနော်”
ကျန်းခိုင်နင်မှာ တစ်နွေလုံး ခွေးတစ်ကောင်ပမာ အလုပ်ကြိုးစားနေခဲ့ရသဖြင့် ထိုစကားကို ကြားသောအခါ ချက်ချင်း ဝင်ပြောလိုက်ပါသည်။
“ဒါပေါ့ အတန်းခေါင်းဆောင်ကြီးရ! ငါတို့ နွေရာသီမှာ အရမ်း အရမ်း အကျိုးရှိတာတွေပဲ လုပ်ခဲ့တာ၊ မင်းကော ဘာတွေ လုပ်နေတာလဲ၊ မင်းကို ပေကျင်းမှာမြင်တောင် မမြင်မိဘူးနော်”
ချူးယွင်ရှောင် တိုးညှင်းစွာ ရယ်မောလိုက်သည်။
“မိသားစုကိစ္စလေးနည်းနည်းရှိလို့ အလုပ်များနေတာပါ”
သူတို့ စကားဆက်ပြောဖို့ အစီအစဉ်ရှိသည်ကို မြင်ပြီး ယဲ့ရှောင်ရှောင်သည် စာအုပ်များကို လွယ်အိတ်ထဲ ထည့်ကာ ပြောလိုက်သည်။
“ငါအဆောင်ပြန်ပြီး စာအုပ်တွေ ဖတ်ကြည့်လိုက်ဦးမယ်နော်၊ နင်တို့ စကားဆက်ပြောကြပါ”
“မနက်ဖြန်မှ တွေ့မယ် ရှောင်ရှောင်”
ယဲ့ရှောင်ရှောင် အဆောင်ရှေ့သို့ ပြန်ရောက်လာသောအခါ ဖန့်ခိုင်ရွှမ်တစ်ယောက် ဝင်ပေါက်နားတွင် စောင့်နေဆဲဖြစ်မှန်း တွေ့လိုက်ရပါသည်။
“ဝမ်ကျောင်း ဆင်းလာမှာ မဟုတ်ဘူး၊ နင်ဆက်စောင့်နေလည်း ဘာမှမထူးဘူး၊ အရင်တစ်ခေါက်က ကိစ္စကြောင့် နင်တို့ စကားများနေကြတုန်းလား”
ဖန့်ခိုင်ရွှမ် လေးလေးလံလံ သက်ပြင်းချလိုက်မိပါသည်။
“အဲ့ကိစ္စကပြီးသွားတာ ကြာပါပြီ၊ အခုလမ်းခွဲတာက အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို သွားမိလို့တဲ့လေ၊ သူက ငါ့ကို ရည်းစားဟောင်းနဲ့ သွားတွေ့တာဆိုပြီး စွပ်စွဲနေတာ၊ ငါမတရားခံရတာပါဟာ၊ သူ့ကိုလည်း လိုက်ခဲ့ဖို့ ငါခေါ်သားပဲ၊ သူမှ မလိုက်တာ၊ သူ့မှာသူငယ်ချင်းမရှိလို့ နေရခက်လိမ့်မယ်ဆိုပြီး သူ့သဘောနဲ့သူ မလိုက်ခဲ့တာလေ”
ယဲ့ရှောင်ရှောင်: “…”
ဤအတွဲ၏ အတွေးအခေါ်များကို သူမ နားမလည်နိုင်တော့ပေ။
“ဟူး… မနက်ဖြန်ကျမှ ပြန်လာပြီး ကြိုးစားကြည့်ပါဦးမယ်”
ထိုသို့ဆိုလျက် ဖန့်ခိုင်ရွှမ်တစ်ယောက် စိတ်ဓာတ်ကျနေသော မျက်နှာဖြင့် ပြန်သွားလေတော့သည်။
နောက် ၃ ရက်တိုင်တိုင် ဝမ်ကျောင်းကို လာစောင့်နေသော ဖန့်ခိုင်ရွှမ်အား အဆောင်အောက်တွင် လူတိုင်း မြင်ခဲ့ရပါသည်။ သို့သော် ဝမ်ကျောင်းက ကျေအေးပေးဖို့ စိတ်ကူးရှိပုံမပေါ်ပါ။
၄ ရက်မြောက်နေ့တွင် ဖန့်ခိုင်ရွှမ် ရောက်မလာတော့ချေ။
ဝမ်ကျောင်းတစ်ယောက် ဝရန်တာတွင် မတ်တပ်ရပ်ရင်း ဆူဆူပုပ်ပုပ် ပြောလိုက်ပါသည်။
“ယောကျ်ားတွေအကုန် အတူတူပဲ၊ တစ်ယောက်မှ မကောင်းဘူး၊ တစ်ရက်နှစ်ရက်လောက် ကြိုးစားရတာနဲ့ လမ်းလျှော့သွားကြတာပဲ”
ဝရန်တာတွင် အဝတ်လှမ်းနေသော ဟယ်ကျင်းမှာ ထိုစကားကိုကြားပြီး မှင်သက်သွားရသည်။
“နင်သူ့ကို လာစေချင်တာလား မလာစေချင်တာလား”
ဝမ်ကျောင်း နှုတ်ခမ်းစူလျက် အထက်စီးဆန်စွာ ပြောလိုက်ပါသည်။
“ဘာပဲဖြစ်ဖြစ် ငါသူ့ကို ခွင့်မလွှတ်နိုင်ဘူး”
သူမ၏ ခံစားချက်အစစ်မှန်ကိုနားလည်သဖြင့် ဟယ်ကျင်းက အကြံပြုလိုက်ပါသည်။
“နင်သူနဲ့ လမ်းမခွဲချင်သေးဘူးဆိုရင် အဲ့လောက်ကြီးတော့ မာနတွေ မထားပါနဲ့၊ သူ့ဘက်ကိုလည်း နည်းနည်းလောက် ငဲ့ကြည့်ပေးမှပေါ့”
ဝမ်ကျောင်းမှာ အကြံဉာဏ်ကို လုံးဝ စိတ်မဝင်စားသည့် မျက်နှာမျိုး လုပ်ပြနေသဖြင့် ဟယ်ကျောင်းလည်း ခေါင်းတခါခါနှင့်သာ လက်လျှော့လိုက်ရတော့သည်။