အခန်း ၂၀၂
Vol. 21 Ch. 202
📗 Chapter 202
ကျောင်းတွင် တစ်ပတ်ခန့် နေထိုင်ပြီးနောက် ယဲ့ရှောင်ရှောင်သည် ကျောင်းပြင်ပတွင် နေထိုင်ဖို့အတွက် စတင် စီစဉ်လေတော့သည်။
အဆောင်အတွင်းရှိ သူမ၏ အိပ်ရာကို ထိန်းသိမ်းထားမည်ဖြစ်သော်လည်း အဆောင်တွင် ရှောင်တခွင် လူဝင်စစ်သည့်အခါမျိုး၌မူ သူမ၏ အမည်ကို စာရင်းတွင် ထည့်သွင်းတော့မည် မဟုတ်ချေ။
ယဲ့ရှောင်ရှောင်သည် သူမနည်းတူ ကျောင်းပြင်ပတွင် ထွက်နေမည့်လူမှာ ဝမ်ကျောင်းဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူမ အထုပ်အပိုးများ ပြင်ဆင်နေစဉ် ဝမ်ကျောင်းကလည်း အထုပ်အပိုးများ ပြင်ဆင်နေပါသည်။
“နင်တစ်ယောက်တည်း အပြင်မှာ သွားနေမလို့လား”
ဝမ်ကျောင်းက အဝတ်အစားများကို ခေါက်ရင်း ပြန်ဖြေလိုက်သည်။
“မဟုတ်ဘူး ဖန့်ခိုင်ရွှမ်နဲ့ ငါနဲ့ ပြန်တွဲနေကြပြီ”
ယဲ့ရှောင်ရှောင်: “…”
ဟယ်ကျင်းက ဝင်မေးသည်။
“ဘယ်တုန်းက ပြန်တွဲနေကြတာလဲ၊ ဟိုရက်ကမှ နင်တို့ မခေါ်နိုင်မပြောနိုင် ဖြစ်နေတာ မဟုတ်ဘူးလား”
ဝမ်ကျောင်း: “သူက ငါ့ကို ခွင့်လွှတ်ပေးဖို့ အကြိမ်ကြိမ်အခါခါ လာတောင်းပန်နေတော့လည်း အခွင့်အရေးတစ်ခါလောက် ထပ်ပေးဖို့ ဆုံးဖြတ်လိုက်တာလေ”
ဟယ်ကျင်းတစ်ယောက် ဝမ်ကျောင်းကို လုံးဝ နားမလည်နိုင်တော့ချေ။
ဖန့်ခိုင်ရွှမ်တစ်ယောက် အဆောင်အောက်တွင် ရက်ပေါင်းများစွာ လာရောက်စောင့်မျှော်စဉ်အခါကမူ သူမ လှုပ်ပင် မလှုပ်ခဲ့ပါ။ ယခု ဖန့်ခိုင်ရွှမ် ရောက်မလာတော့သည့် အခါကျမှ သူမကျေအေးပေးဖို့ ဆုံးဖြတ်လိုက်လေသည်။
လက်ရှိတွင် သူတို့နှစ်ဦးစလုံးသည် အလွန်ချိုမြိန်သော စုံတွဲလေးတစ်တွဲပမာ ကျောင်းပြင်ပသို့ အတူတူ ပြောင်းရွှေ့နေထိုင်ကြခြင်းဖြစ်ပြီး မကြာသေးခင်ကမှ လမ်းခွဲလုနီးပါး ပြဿနာဖြစ်ခဲ့ကြသော စုံတွဲတစ်တွဲနှင့် လုံးဝမတူလှပေ။
ယဲ့ရှောင်ရှောင်သည် အထုပ်အပိုးများကို ပြင်ဆင်ပြီးသောအခါ အားလုံးကို အသိပေးလိုက်သည်။
“ငါသွားတော့မယ်နော်၊ နင်တို့ စနေ၊ တနင်္ဂနွေ အားတဲ့အချိန်တွေကျရင် ငါ့အိမ်ကို အလည်လာလို့ရပါတယ်”
ဟယ်ကျင်းက ပြုံးလိုက်သည်။
“ဟုတ်ပါပြီ”
ထန်ရှို့ရှို့: “နင့်မှာ သယ်စရာပစ္စည်းတွေ များလား၊ ငါကူသယ်ပေးမယ်လေ”
ယဲ့ရှောင်ရှောင်: “မများပါဘူး၊ အရင်ကလည်း အဆောင်မှာ ဘာမှထားတာမှ မဟုတ်တာ”
ယခင်ကတည်းက သူမ၏ ပစ္စည်းများကို တိုက်ခန်းသို့ ရွှေ့ပြောင်းထားပြီးသား ဖြစ်ပါသည်။
သို့သော်လည်း ထန်ရှို့ရှို့သည် ယဲ့ရှောင်ရှောင်ကို အဆောင်အောက်ထိ လိုက်ပို့ပေးခဲ့ပါသေးသည်။
ယဲ့ရှောင်ရှောင်သည် စက်ဘီးစီးလျက် တက္ကသိုလ်ကျောင်းဝင်းအနီးရှီ အိမ်ရာသို့ တစ်ဦးတည်း ထွက်လာခဲ့သည်။
ကျောင်းပြင်ပတွင် နေထိုင်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ နေအိမ်တွင် ဖုန်းလိုင်းတစ်လိုင်း သွယ်တန်း တပ်ဆင်ရန် ဖြစ်ပြီး ထိုသို့ တပ်ဆင်လိုက်ခြင်းအားဖြင့် အခြားသူများနှင့် ဆက်သွယ်ဖို့ အလွန်အဆင်ပြေချောမွေ့သွားပါလိမ့်မည်။
စက်ရုံနှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များစွာ ရှိနေသဖြင့် ကျောင်းအဆောင်တွင်သာ နေထိုင်ပါက ပြဿနာတစ်စုံတရာ တက်လာသည့်အခါ အချိန်မီ ဆက်သွယ်ဖြေရှင်းဖို့ ခက်ခဲနိုင်ပါသည်။
ယဲ့ရှောင်ရှောင်သည် သူမ၏ တိုက်ခန်းထဲသို့ ပရိဘောဂများစွာကို ထပ်မံထည့်သွင်းခဲ့သည်။
စက်ရုံ၏ ထုတ်ကုန် ပထမအသုတ် ၃ သုတ်မှ အသားတင်အမြတ်များကို ရရှိပြီးဖြစ်ရာ အရင်းအနှီးငွေကို ဖယ်ထုတ်ပြီးနောက် ယဲ့ရှောင်ရှောင် ရရှိလိုက်သော အမြတ်ငွေပမာဏမှာ အလွန်ပင် များပြားလှပါသည်။
ထိုငွေများကို အသုံးပြုလျက် ယဲ့ရှောင်ရှောင်သည် အိမ်ခြံမြေအနည်းငယ်ကို ဆက်လက်ဝယ်ယူခဲ့သည်။
ဝယ်ယူရန် သင့်တော်သည့် တရုတ်ရိုးရာ အိမ်ဝင်းကြီးများက ရှားပါးသဖြင့် တည်နေရာကောင်းသည့် အနောက်တိုင်းစတိုင် အိမ်များကိုသာ သူမ ဝယ်ယူခဲ့ပါသည်။
မည်သို့ပင်ဆိုစေကာမူ တစ်ချိန်ချိန်တွင် အကျိုးအမြတ်ရရှိလာမည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်မှာ သေချာသည်။
စက်တင်ဘာလအကုန်တွင် ယဲ့ရှောင်ရှောင်သည် ပိုင်ချွမ်ရွာမှ ကြေးနန်းစာတစ်စောင်ကို ရရှိခဲ့ပါသည်။
သူမ၏ မိသားစုက သူမထံသို့ ကြေးနန်းစာ ပို့လေ့ပို့ထမရှိသဖြင့် အကြောင်းအရာကို ဖတ်ရှုပြီးနောက် သူမ၏ သံသယများကို အတည်ပြုနိုင်ခဲ့ပါသည်။
ထိုကြေးနန်းစာကို သူမ၏ အစ်ကိုအကြီးဆုံး ယဲ့ချန်းချင့်က ပေးပို့လိုက်ခြင်းဖြစ်သည်။
ဆေးရုံတွင် မြောင်စွေ့ဖန်း ကျန်းမာရေး သွားရောက်စစ်ဆေးရာ၌ အနည်းငယ် စိုးရိမ်ရသည့် အခြေအနေတစ်ခုကို တွေ့ရှိခဲ့ရသည်ဟု ဆိုပါသည်။
သို့သော် ပိုင်ချွမ်ကောင်တီရှိ ဆေးရုံများက အနည်းငယ် ခေတ်နောက်ကျနေသဖြင့် ဆရာဝန်များက သူတို့ကို မြို့ကြီးပြကြီးများတွင် သွားရောက်စစ်ဆေးဖို့သာ အကြံပြုခဲ့သည်။
ယဲ့ရှောင်ရှောင်လည်း အစ်ကိုဖြစ်သူထံသို့ ကြေးနန်းစာပြန်ပို့လိုက်သည်။ စာထဲတွင် မြောင်စွေ့ဖန်းအား ပေကျင်းမြို့သို့ ခေါ်ဆောင်လာဖို့ မှာကြားထားပါသည်။
ပေကျင်းသို့ရောက်ခါမှ နောက်ဆက်တွဲ ဆေးကုသမှုအစီအစဉ်များကို သေသေချာချာဆွေးနွေးကြဖို့ စီစဉ်ထားပါသည်။
ယဲ့ရှောင်ရှောင်သည် ကြေးနန်းစာထဲတွင် ဖုန်းနံပါတ်တစ်လုံးကိုပါ ထည့်သွင်းပေးလိုက်ပြီး ယဲ့ချန်းချင့်အား ဖုန်းဆက်ကာ အသေးစိတ်ပြောကြားဖို့ မှာလိုက်ပါသည်။
“ရှောင်ရှောင်၊ ငါနင့်ကို ဆက်သွယ်နေတာ အဖေနဲ့အမေတို့ မသိဘူး၊ ဆေးစစ်ချက်အဖြေတွေ ထွက်လာကတည်းက အမေ့ကို ဘာမှမပြောရသေးဘူး၊ သူစိတ်ပူသွားမှာစိုးလို့လေ”
ယဲ့ချန်းချင့်က ဖုန်းထဲမှ ပြောလိုက်ပါသည်။
ယဲ့ရှောင်ရှောင်က အစ်ကိုဖြစ်သူ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည်။
“အစ်ကိုကြီး မမှားပါဘူး၊ သမီးတို့ ကောင်တီမြို့မှာ ဆေးပစ္စည်းကိရိယာတွေက ခေတ်နောက်ကျတယ်၊ အဲ့တာကြောင့် အဖြေကို တိတိကျကျ ပေးနိုင်မှာမဟုတ်ဘူး၊ အဖေနဲ့ အမေ့ကို ပေကျင်းမြို့ဆီ ခေါ်လာလိုက်တာ ပိုကောင်းပါတယ်၊ ဒီက ဆေးရုံကြီးတွေမှာဆို အထူးကုပေါင်းစုံရှိတယ်၊ ဘယ်လိုပြဿနာပဲဖြစ်ဖြစ် သေချာကုသပေးနိုင်လိမ့်မယ်”
ယဲ့ချန်းချင့်က စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
“လောလောဆယ်တော့ အမေ ပေကျင်းကို သွားချင်ပါ့မလားဆိုတာပဲ ငါစိတ်ပူနေတာ”
ယဲ့ရှောင်ရှောင် ခေတ္တစဉ်းစားလိုက်သည်။
“အစ်ကိုကြီးခုတလော အလုပ်များနေလို့လား”
ယဲ့ချန်းချင့်က တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါသည်။
“အစ်ကိုလျို့အတွက် တာဝန်ယူပေးထားရတဲ့အလုပ်တွေက အရေးအကြီးဆုံးအဆင့်ကို ရောက်နေပြီ၊ ဒါပေမယ့် အဖေနဲ့ အမေတို့ ပေကျင်းကိုသွားရမယ်ဆိုရင်တော့ ငါလိုက်ခဲ့ပေးမှာပါ”
ယဲ့ရှောင်ရှောင်က လက်မခံပေ။
“အစ်ကိုကြီးရဲ့ အလုပ်ကိစ္စတွေကိုပဲ အရင်အာရုံစိုက်ပါ၊ အဖေနဲ့ အမေ့ကို လာကြိုဖို့ သမီးလူတစ်ယောက် လွှတ်လိုက်မယ်၊ ဒါပေမယ့် ကျန်းမာရေးကြောင့် ပေကျင်းကိုခေါ်တာလို့ ပြောရင် သူတို့ကျိန်းသေပေါက် လာမှာ မဟုတ်ဘူး”
ယဲ့ချန်းချင့်: “အဲ့တာဆို ဘယ်လိုဆင်ခြေပေးဖို့ စဉ်းစားထားလဲ”
ယဲ့ရှောင်ရှောင်: “ပေကျင်းမှာ သမီးဖြေရှင်းစရာ အရေးကြီးကိစ္စရှိလို့၊ သူတို့အကူအညီကို လိုနေပါတယ်လို့သာ ပြောလိုက်မယ်”
ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ လင်မယားနှစ်ဦးသည် ယဲ့ရှောင်ရှောင်အပေါ်တွင် အမြဲတမ်း ကျေးဇူးကြွေးများစွာ တင်ရှိသည်ဟု ခံစားနေကြရသူများဖြစ်သည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင်ဘက်မှ တောင်းဆိုလာသည့်ကိစ္စမျိုးဆိုလျှင် သူတို့အနေဖြင့် လုံးဝ ငြင်းဆန်စရာအကြောင်း မရှိပေ။
ထိုနည်းလမ်းက အဆင်ပြေနိုင်သော်လည်း ယဲ့ရှောင်ရှောင် လူတစ်ယောက်စေလွှတ်ပြီး လာခေါ်ခိုင်းခြင်းက အလုပ်ရှုပ်ရာ ကျနိုင်မလားဟူ၍ ယဲ့ချန်းချင့် စိတ်ပူနေမိပါသည်။
“သမီးဘက်မှာတော့ အားလုံး အဆင်ပြေတယ် အစ်ကုကြီး၊ အရှေ့မြောက်ပိုင်းကို အလုပ်ကိစ္စနဲ့ လူတစ်ယောက် လွှတ်ဖို့လည်း နဂိုကတည်းက အစီအစဉ်ရှိပြီးသားမို့လို့ပါ”
ထိုအခါမှသာ ယဲ့ချန်းချင့် သဘောတူလိုက်ပါသည်။
ထို့နောက် ယဲ့ချန်းချင့်သည် အရေးကြီးသော အချက်တစ်ချက်ကို သတိရကာ အသိပေးလိုက်သည်။
“ငါပြောစရာရှိသေးတယ်၊ ဟိုတလောက အဖေခြေထောက်ဒဏ်ရာရခဲ့တာ သိလား၊ အခုတော့ တော်တော်လေး ပြန်ကောင်းနေပါပြီ၊ သူ့ခြေထောက်ကို သွားပြရင်းနဲ့ အမေ့ကိုပါ ဆေးစစ်ပေးလိုက်တာလေ”
ယခုချိန်တွင် ယဲ့ရှောင်ရှောင်ကို အသိပေးမထားလျှင် ပေကျင်းမြို့သို့ ရောက်ရှိသည့်အခါကျမှ သူမ သိရတော့မည် ဖြစ်သည်။
ယဲ့ရှောင်ရှောင်လည်း ထိုကိစ္စကို အမှန်တကယ် မသိခဲ့ပေ။
“ဘယ်လိုဖြစ်ရတာလဲ”
ယဲ့ချန်းချင့်က ရှင်းပြသည်။
“တောင်နောက်ဘက်မှာ လိမ့်ကျတာ၊ အရမ်းကြီးတော့ အန္တရာယ်မရှိပါဘူး၊ အဲ့တာကြောင့် နင်တို့ကို အသိမပေးခဲ့တာ”
ယဲ့ရှောင်ရှောင် သက်ပြင်းချလိုက်မိသည်။
“ဟုတ်ပါပြီ အစ်ကိုကြီး၊ အဖေနဲ့ အမေ့အတွက် ဘာမှစိတ်မပူနဲ့နော်၊ သူတို့ ဒီရောက်တာနဲ့ နှစ်ယောက်စလုံးရဲ့ ကျန်းမာရေးကို သေသေချာချာ စစ်ပေးလိုက်ပါ့မယ်”
ယဲ့ချန်းချင့် ပြောစရာရှိသည်များကို ပြောပြီးနောက် ဖုန်းချလိုက်ပါသည်။
မြောင်စွေ့ဖန်းကို ပေကျင်းသို့ ပို့ဆောင်ပေးဖို့ သူစဉ်းစားခဲ့စဉ်က ယခုအလုပ်ကိုလည်း ဆုံးရှုံးရတော့မည်ဟု ယဲ့ချန်းချင့် ထင်မှတ်ခဲ့ပါသည်။
သို့သော် ရှောင်ရှောင်က တာဝန်အပြည့်အဝ ယူပေးမည်ဟု ဆိုသဖြင့် ယခုအချိန်တွင် ငွေရှာဖို့ကသာ သူ့အတွက် ပိုအရေးကြီးသည်ဟု ယဲ့ချန်းချင့် ခံစားလိုက်ရသည်။
ဆေးစစ်ချက်အဖြေကို သေချာသိုဝှက် သိမ်းဆည်းပြီးနောက် ယဲ့ချန်းချင့်သည် မိဘနှစ်ပါးကို ဆေးရုံမှခေါ်ဆောင်ဖို့ ပြန်လာခဲ့တော့သည်။
--- --- ---
အစ်ကိုဖြစ်သူနှင့် ဖုန်းပြောပြီးနောက် ယဲ့ရှောင်ရှောင်သည် စုန့်ရှောင်းကွမ်အား ဆက်သွယ်ခဲ့ပါသည်။
ယဲ့ရှောင်ရှောင်၏ တောင်းဆိုချက်ကိုကြားပြီးနောက် စုန့်ရှောင်းကွမ် ချက်ချင်းသဘောတူလိုက်သည်။
“ကိစ္စမရှိဘူး၊ ပိုင်ချွမ်ရွာကို သွားဖို့ ငါလူလွှတ်လိုက်ပါ့မယ်”
ယဲ့ရှောင်ရှောင်က ဆက်ပြောသည်။
“ဒါနဲ့ အနောက်မြောက်ပိုင်းက သမဝါယမအရောင်းဆိုင်တွေနဲ့ ဆက်သွယ်လို့ရမလား စုံစမ်းကြည့်ပေးပါဦး၊ ကျွန်မတို့ရဲ့ အသားဖြူခရင်မ်ကို အဲ့ဘက်တွေမှာလည်း ရောင်းလို့ရနိုင်တယ်”
စုန့်ရှောင်းကွမ်: “အဲ့အတွက်က လောစရာမလိုပါဘူး၊ နင့်မိဘတွေကိုပဲ အရင်ခေါ်လိုက်ရအောင်”
ယဲ့ရှောင်ရှောင်သည် သူ့ကို ကျေးဇူးတင်လိုက်ပြီး ပိုင်ချွမ်ကောင်တီရှိ အစ်ကိုဖြစ်သူ၏ လိပ်စာအား ပေးလိုက်ပါသည်။
ထို့နောက် ထိုလိပ်စာသို့ ရောက်ရှိသည်နှင့် ယဲ့ကျန်းကော်နှင့် မြောင်စွေ့ဖန်းတို့ကို စီစဉ်ထားသည့်အတိုင်း ခေါ်ဆောင်လာဖို့ သွားခေါ်မည့်လူအား ညွှန်ကြားလိုက်သည်။
ယဲ့ချန်းချင့်သည်လည်း မြောင်စွေ့ဖန်းကို ခေါ်ဖို့ ဆေးရုံသို့ ရောက်ရှိလာခဲ့ပါသည်။
“အဖြေကဘာတဲ့လဲ၊ ငါဘာမှ မဖြစ်ဘူးတဲ့လား”
ယဲ့ချန်းချင့်က ပြုံးကာ ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ ဒီတိုင်း အလုပ်နည်းနည်းပင်ပန်းသွားတာတဲ့၊ ဆရာဝန်က နားနားနေနေ နေဖို့တော့ မှာလိုက်တယ်၊ အဲ့တာကြောင့် အဖေနဲ့ အမေတို့ ကျွန်တော့်အိမ်မှာပဲ ရက်နည်းနည်းလောက် ဆက်နေလိုက်ကြဦး”
မြောင်စွေ့ဖန်းက တီးတိုး ရေရွတ်သည်။
“ငါက အိမ်မှာ ဘာမှမလုပ်ရဘဲနဲ့ ဘာလို့ အလုပ်ပင်ပန်းရမှာလဲ”
ယဲ့ချန်းချင့်က တိုက်တွန်းသည်။
“ဘာပဲဖြစ်ဖြစ် ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကို နားထောင်လိုက်ပါအမေရဲ့၊ ပြီးတော့ အဖေ့ ဆေးစစ်ချက် အဖြေကလည်း ထွက်မလာသေးဘူး၊ အဲ့တာကြောင့် ရက်နည်းနည်းလောက်ကြာရင် ပြန်လာယူရဦးမယ်”
မြောင်စွေ့ဖန်း ညည်းတွားလိုက်သည်။
“ဒီဆေးရုံက တော်တော်ကြန့်ကြာတာပဲ”
ယဲ့ကျန်းကော်က ဇနီးဖြစ်သူ၏ ကျန်းမာရေးအတွက် အနည်းငယ် စိတ်ပူနေပါသည်။
“အလုပ်ပင်ပန်းရုံဆိုတာ သေချာရဲ့လား”
ယဲ့ချန်းချင့်က ခေါင်းညိတ်သည်။
“ဟုတ်တယ်”
ယဲ့ကျန်းကော်: “အဲ့တာဆိုလည်း နည်းနည်းလောက် နားလိုက်ပေါ့၊ လဲသွားတဲ့အထိ ကိုယ့်ကိုယ်ကိုယ် ဖိအား မပေးနဲ့လေ”
မြောင်စွေ့ဖန်းက ချေပသည်။
“ရှင်ကပဲ ပြောရတယ်ရှိသေးတယ်! ရှင်သာ ရှင့်ခြေထောက်တွေပြန်ကောင်းအောင် အာရုံစိုက်ထားစမ်းပါ”
ယဲ့ချန်းကော: “အရိုးနဲ့အကြောတွေ ပြန်ကောင်းဖို့က ရက် ၁၀၀ အချိန်ယူရတယ်တဲ့၊ ငါ့အတွက်တော့ ရက် ၁၀၀ ပြည့်သွားပြီလေ”
မြောင်စွေ့ဖန်း: “ရှင့်ဒဏ်ရာက သာမန်ဒဏ်ရာမှမဟုတ်တာ၊ အရိုးကျိုးသွားတာလေ၊ ခြေထောက်က အကောင်းအတိုင်း ပြန်မဖြစ်ဘဲ ဒုက္ခိတဖြစ်သွားရင်တော့ ရှင့်ကို ကျွန်မ ဆက်မပေါင်းဘူးနော်”
ယဲ့ကျန်းကော်ကမူ ဇနီးဖြစ်သူ၏ စကားများကို မမှုပေ။
သူတို့က သက်ကြီးရွယ်အို လင်မယားများဖြစ်ကြသဖြင့် ဤအရွယ်ကျမှ ဇနီးဖြစ်သူသည် မိမိကိုစွန့်ခွာပြီး မည်သည့်နေရာသို့ ထွက်ပြေးနိုင်မည်နည်း။
သို့သော်လည်း သူပြန်မငြင်းရဲပါ။ အိမ်တွင် သားဖြစ်သူများကို ဆုံးမရဲသော်လည်း ဇနီးဖြစ်သူကိုတော့ မဆုံးမရဲပေ။
စကားနိုင်လုနေသည့် မိဘနှစ်ပါးကို ကြည့်ရင်း ယဲ့ချန်းချင့်သည် သူ့ရင်ထဲရှိ စိုးရိမ်ပူပန်မှုများကို ဖိသိပ်ထားလိုက်ပြီး အတတ်နိုင်ဆုံး သဘာဝကျကျ ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်တော့သည်။
ကျန်းရွှယ်က ယဲ့ချန်းချင့်ကို ကြည့်ရင်း တိုးညှင်းစွာ မေးလိုက်ပါသည်။
“တကယ် ဘာမှမဖြစ်ဘူးလား”
ယဲ့ချန်းချင့် ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ပြီး အိမ်ပြန်ရောက်မှ အသေးစိတ်ပြောပြမည်ဟု အချက်ပြလိုက်ပါသည်။
မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့အား ပေကျင်းမြို့သို့ လာရောက်ပြီး ဆေးကုသမှုခံယူရန် ဖျောင်းဖျဖို့အတွက် ယဲ့ရှောင်ရှောင်သည် ပေကျင်းမြို့ ပင်မဆေးရုံကြီး၏ အနီးနားတွင် တိုက်ခန်းတစ်ခန်းကို တကူးတက ကြိုတင် ဝယ်ယူထားခဲ့ပါသည်။
တိုက်ခန်း၏ ဈေးနှုန်းက အလွန်အမင်း မြင့်မားခြင်းမရှိဘဲ လွန်ခဲ့သည့် ၂ နှစ်ဝန်းကျင်ကမှ အသစ်ဆောက်လုပ်ထားသည့် အိမ်ရာတစ်ခုဖြစ်ကာ ပတ်ဝန်းကျင်ကလည်း အေးချမ်းသာယာမှုရှိပါသည်။